no

Font
Theme

အပိုင်း ၉

"အဆုံးထိ လူကို စိတ်ကုန်အောင်လုပ်တာပဲ၊ အီဒါဟီး။"

"...."

"မင်းကို အဲ့ဒါကြောင့် မုန်းတာ။ သိပ်ရက်စက်လို့၊ အေးစက်လွန်းလို့။ လူလို့တောင်မထင်ရဘူး။"

ဒါဟီးက နာကျင်နေရလျှင်တောင်၊ ပင်ပန်းနေရလျှင်တောင် တစ်ခါမှထုတ်မပြခဲ့။ အရာအားလုံးကို သူ့ဘာသာသူ ဖြေရှင်းပြီး၊ တစ်ခါမှ တိုင်ပင်ခြင်းပင်မလုပ်ခဲ့ချေ။ ဒါဟီးဘေးတွင်ရှိနေသည့်အခါ ကိုယ့်ကိုယ်ကိုယ် အဖြစ်မရှိသလို၊ သိမ်ငယ်သလို ခံစားရ၏။ တစ်သက်လုံး တစ်ဖက်သတ်အချစ်ဖြင့်သာ ဆက်သွားနေရမလားဟူသော စိုးရိမ်စိတ်တို့ ဆက်တိုက်ဖြစ်ပေါ်လာသည့် တစ်ရက်တွင်တော့ ဒေါသပေါက်ကွဲခဲ့မိသည်။ မိမိခံစားခဲ့ရသော နာကျင်မှုကို ပြန်ပေးချင်၍ ဟယ်ယောင်းကို ချစ်သည်ဟု ပြောခဲ့သောနေ့၌လည်း ဒါဟီးက မျက်နှာသေနှင့်ပင်။ တည်ငြိမ်စွာ ရေတစ်ငုံသောက်ပြီး 'ဟုတ်လား' ဟု မေးခဲ့၏။ 'ဘာလို့ ဖောက်ပြန်ရတာလဲ၊ ဘာလို့ ဟယ်ယောင်းဖြစ်နေရတာလဲလို့ မမေးတော့ဘူးလား' ဟု ဂန်းဟိုက ဒေါသတကြီး မေးလိုက်တော့ ဒါဟီးက 'အဲ့ဒီလို ဖြစ်သင့်လို့ပေါ့' ဟုသာ ပြန်ဖြေခဲ့သည်။ နောက်ဆုံးတော့ ဂန်းဟိုက 'မင်း ငါ့ကို မချစ်ဘူး' ဟုအော်ဟစ်ပြီး ထိုနေရာမှ ထွက်သွားခဲ့သော်လည်း ဒါဟီးကတော့ ဆွဲမထားခဲ့ပေ။

"ရှင်တို့အတွက် လူတစ်ယောက်လိုပုံစံပေါက်အောင်နေဖို့လည်း စိတ်ကူးမရှိဘူး။"

ဒါဟီးက ဂန်းဟိုကို အေးစက်စွာ စိုက်ကြည့်ရင်း ပြန်ဖြေခဲ့သည်။

"မင်း၊ အဆုံးအထိကို......."

"ချစ်လှပါချည်ရဲ့ဆိုတဲ့ ရှင့်ရဲ့ ဟယ်ယောင်းကိုပဲ မေးကြည့်ပါလား။ ကျွန်မ ဘာကြောင့် ဒီအထိ လာခဲ့ရတာလဲဆိုတာ။ အာ...မင်္ဂလာပွဲအတွက် ပြင်ဆင်နေရတာနဲ့ ပင်ပန်းနေလောက်ပြီဆိုတော့ ကျွန်မပဲ ပြောပြပေးရမလား။"

"ဒါဟီးရယ်။"

"ရှင်ရဲ့သတို့သမီးက ဒီမင်္ဂလာပွဲကို ဖိတ်ခဲ့တာ။"

ဟယ်ယောင်း၏ အော်သံလိုအသံနှင့် ဒါဟီး၏အသံတို့ တစ်ပြိုင်တည်း ထွက်သွားသည်။ ဂန်းဟို၏မျက်နှာ တင်းမာသွား၏။

"ကျွန်မက ဖိတ်ကြားမှုကို လက်ခံခဲ့ရုံပဲလေ၊ အဲ့ဒါ ကျွန်မအမှားလား။ ဒါမှမဟုတ် ဖောက်ပြန်ထားပြီးတာတောင် အရှက်မရှိမျက်နှာပြောင်ပြောင်နဲ့ မင်္ဂလာပွဲပါ ဖိတ်ရဲတဲ့ ဟယ်ယောင်းရဲ့အမှားလား။ ကျွန်မရဲ့စရိုက်ကို မသိဘူးလား။"

ဂန်းဟို၏ စူးစူးရဲရဲအကြည့်က ဟယ်ယောင်းထံသို့ ရောက်သွားတော့သည်။ ဟယ်ယောင်းက ငိုနေချေပြီ။ ဒါဟီးကတော့ ထိုသို့သော ဂန်းဟိုနှင့် ဟယ်ယောင်းကို ဖြည်းဖြည်းချင်း တစ်လှည့်စီ ကြည့်နေသည်။

"အီဂန်းဟို။"

ဒါဟီး၏ခေါ်သံကြောင့် ဂန်းဟိုက ခေါင်းလှည့်လာသည်။ ထိုလှုပ်ရှားမှုက သဘာဝမကျလွန်းသဖြင့် လည်ပင်းမှ 'ကျွီ' ဟူသောအသံပါ ထွက်လာမတတ်ပင်။

"ရှင့်ရဲ့ချစ်ပုံချစ်နည်းနဲ့ ကျွန်မရဲ့ချစ်ပုံချစ်နည်းချင်း မတူဘူးဆိုရုံလေးနဲ့ ရှင့်ဆီကနေ အပြစ်တင်ခံရစရာအကြောင်းမရှိဘူး။"

"..."

"ကျွန်မရဲ့စရိုက်မျိုးနဲ့ အစွဲအလမ်းကြီးပြီး ပိုင်စိုးပိုင်နင်းလုပ်ရုံပဲတတ်တဲ့ ရှင့်ကို သည်းခံခဲ့တာနဲ့တင် လုံလုံလောက်လောက် ချစ်ပေးခဲ့ပြီးပြီဆိုတာ သက်သေပဲ။"

"..."

"အဲ့ဒါကြောင့် စိတ်ကုန်တယ်တို့ ဘာတို့လို စကားမျိုးတွေ ပါးစပ်ကထွက်မလာနဲ့။ တကယ်စိတ်ကုန်ရတာ ကျွန်မဘက်ကမို့လို့။"

ဒါဟီးစကားဆုံးသည်နှင့် ကြေညာသံထွက်လာသည်။ မင်္ဂလာပွဲကျင်းပရာ အဆောက်အအုံရှေ့တွင် စည်းကမ်းမဲ့ ရပ်ထားသော ဖာရာရီကားပိုင်ရှင်အား ကားကိုလာရောက်နေရာရွှေ့ပြောင်းပေးရန် ကြေညာချက်ဖြစ်၏။ ဒါဟီး၏မျက်လုံးများက အနောက်သို့ ရောက်သွားတော့သည်။

သူတို့အနောက်သို့ ဘယ်အချိန်က ရောက်လာသည်မသိသော ဝူဟျွန်းက ဒါဟီးကို ကြည့်ကာ 'ကားရွှေ့ခိုင်းနေပြီ' ဟု ခပ်တည်တည် ပြောခဲ့သည်။

ဒါဟီးတောင်မသိလိုက်ခင် သူက တရင်းတနှီးစကားကိုသုံးနှုန်း၍ ပြောနေချေပြီ။

“ဘယ်လိုရပ်ထားလို့လဲ။”

ဖာရာရီပိုင်ရှင်ဟုမထင်ရလောက်အောင် ခပ်တည်တည်ပြောနေသော ဝူဟျွန်းကိုကြည့်ပြီး ဒါဟီးက မေးလိုက်သည်။

“သူများတွေက တန်းစီပြီးရပ်ထားကြတော့ ကိုယ်က ထောင့်ဖြတ်ရပ်ထားခဲ့တာပေါ့။”

“ဘာဖြစ်လို့လဲ။”

သူများတွေက တန်းစီရပ်ထားလျှင် ကိုယ်လည်း တန်းစီရပ်ရမည် မဟုတ်ပေဘူးလား။

ဒါဟီးက ထိုသို့တွေးနေဟန်မျက်နှာဖြင့် ဝူဟျွန်းကို ကြည့်လိုက်သည်။

“မြန်မြန်ပြန်ချင်လို့။”

“...”

“ဒိတ်လုပ်နေရမှာကို ဒီလိုနေရာမျိုးမှာ အချိန်ဖြုန်းနေရတာက နှမြောစရာကြီးလေ။”

ဒိတ်လုပ်သည်ဟူသော စကားကြောင့် ဂန်းဟိုနှင့် ဟယ်ယောင်းသာမက ဒါဟီးပါ မျက်နှာပျက်သွားကြသည်။

“သွားကြတော့မလား။”

“မသွားရင် ဘယ်လိုဖြစ်မှာလဲ။”

“ဒီအဆောက်အအုံရဲ့ လုံခြုံရေးဦးလေးကြီးက သေမတတ်အော်နေမှာပေါ့။”

ဝူဟျွန်းက ဘယ်တုန်းကနှင့်မှမတူအောင် ညင်သာသောအသံဖြင့် ပြောခဲ့သည်။ စောစောလေးကအထိ ရင်ထဲတွင် မွန်းကျပ်နေခဲ့ရာမှ ဝူဟျွန်း၏အသံကို ကြားလိုက်ရသည်နှင့် ရင်ထဲတွင် ပွင့်သွားသလို သက်သာရာရသွား၏။ ဝူဟျွန်းက လက်ကမ်းပေးလာသည်။

“သွားရအောင်။”

ဒါဟီးက ဝူဟျွန်း၏လက်ကိုကြည့်ပြီး ခပ်တိုးတိုးရယ်လိုက်သည်။

“ဟုတ်ပါပြီ။”

ဒါဟီးလည်း သူ့လက်ကိုဆုပ်ကိုင်ကာ သတို့သမီးစောင့်ဆိုင်းခန်းထဲမှ ထွက်လာခဲ့၏။

ဒါဟီး ပြုံးခဲ့သည်။ ထိုအချက်ကို ပြန်တွေးနေသည့် ဂန်းဟိုတစ်ယောက် နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ သူနှင့်အတူရှိခဲ့စဉ်က တစ်ခါမှ ပြသခဲ့ဖူးခြင်းမရှိသည့် အပြုံးမျိုးပင်။ ဘာမှန်းမသိနိုင်သော သံသယများနှင့် ရှုံးနိမ့်သွားသလိုခံစားချက်တို့ တရကြမ်းတိုးဝင်လာတော့သည်။ ဂန်းဟို ခေါင်းငုံ့လိုက်မိ၏။ ထိုသို့သော ဂန်းဟို၏ကျောပြင်ကိုကြည့်ရင်း ဟယ်ယောင်းက နှုတ်ခမ်းကို ဖိကိုက်ထားခဲ့သည်။

ဒါဟီးပြောသွားသည့် စကားများက အကုန်အမှန်တွေပင်။ သူက အတင်းအဖျင်း စကားများမှ ကင်းဝေးလွတ်မြောက်ချင်ခဲ့သည်။ 'ဒါဟီးက ဂန်းဟိုနဲ့ ပိုလိုက်တယ်' ၊ 'ဒါဟီး တော်တော်လေး စိတ်ထိခိုက်ခဲ့ရမှာပဲ' ဟူသောအတင်းအဖျင်းများကို ထပ်မံ၍ မကြားလိုတော့ပေ။ သို့သော် အခက်ခဲဆုံးအပိုင်းက ဒါဟီး ဘယ်အချိန်မှာပေါ်လာပြီး ဂန်းဟိုကို ခေါ်သွားမလဲမသိဘူး ဟူသည့် စိတ်မလုံခြုံမှုပင်။ ထို့ကြောင့် နောက်ဆုံးတွင် ဤယောက်ျားကို ပိုင်ဆိုင်သူမှာ သူပင်ဖြစ်သည့်အကြောင်း ဒါဟီးအား သံမှိုရိုက်ကာ အခိုင်အမာသက်သေပြချင်ခဲ့သည်။

သို့သော် ထိုသံမှိုက သူ့ရင်ထဲသို့သာ စိုက်ဝင်ခဲ့လေ၏။

အလှဆုံးဖြစ်နေရမည့် သူ၏ မင်္ဂလာပွဲနေ့၌...

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment