အပိုင်း ၈
"နင် ငါ့ကို ဖိတ်ရတဲ့ အကြောင်းရင်းကို ငါသိတယ်။ နင် ဂန်းဟိုနဲ့ တွဲတုန်းက လူတွေလည်း အများကြီး ပြောကြမှာပဲ။ ငါနဲ့ ဂန်းဟိုရဲ့ ပတ်သက်မှုအကြောင်း အကုန်လုံးသိနေကြတာကိုး။ အဲ့ဒီအပြင် ငါက အလုပ်ပါထွက်ပြီး ပျောက်သွားလိုက်တော့ အတင်းအဖျင်းစကားတွေက တော်တော်ဆိုးခဲ့မှာပေါ့။ အတင်းပြောရတာကြိုက်တဲ့လူတွေဆိုတော့လေ။ နင် ငါ့ဆီကနေ လိုချင်တာက အဲ့ဒီအတင်းစကားတွေကို ရပ်သွားအောင်လုပ်ပေးခိုင်းဖို့ပဲမဟုတ်လား။ အရင်က ငါသာဆိုရင်တော့ အဲ့ဒီလို လုပ်ပေးမိလောက်မှာပဲ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဆိုရင် သဲသဲလှုပ်ချစ်တတ်တဲ့ ငါကိုး။ အရင်က ငါသာဆိုရင် လူတွေကို 'ဘာမှမဖြစ်ပါဘူး၊ အထင်မလွဲကြပါနဲ့၊ အကုန်ပြီးသွားတဲ့ကိစ္စတွေပါ' ဆိုပြီး ပြောပေးလောက်တာပေါ့။ နင်လည်း အဲ့ဒါကို ကောင်းကောင်းသိမှာပဲ။ အဲ့ဒီလိုနည်းနဲ့ နင့်ရဲ့ပျက်စီးသွားတဲ့ပုံရိပ်ကို ပြန်ပြင်ချင်နေတာမဟုတ်လား။"
"ဒါဟီးရယ်။ အဲ့ဒီလိုသဘောမျိုး မဟုတ်ပါဘူး။ ငါက နင့်ဆီကနေ ခွင့်လွှတ်မှုရချင်ရုံသက်သက်ပါ..."
ဟယ်ယောင်းက ဒါဟီး၏ စကားကို တားဆီးဖို့ ကြိုးစားပြီးခေါ်လိုက်သည်။ သို့သော် ဒါဟီးက မတုန်မလှုပ်သော မျက်နှာဖြင့် ဟယ်ယောင်းကို ကြည့်နေခဲ့သည်။
"နင်က အခုအထိလည်း ဇွတ်ဖြူစင်လေးဖြစ်ချင်နေတုန်းပဲနော်။ ငါ့ကိုတောင်မှလေ။"
ဒါဟီးက ဟယ်ယောင်းကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။ တက္ကသိုလ် ပထမနှစ်ကျောင်းသားသစ် မိတ်ဆက်ပွဲကတည်းကစ၍ ဟယ်ယောင်းက ဘာကြောင့်မှန်းမသိ ဒါဟီးအပါးမှ မခွာခဲ့ပေ။ ထိုအချိန်ကတော့ ဒါဟီးက ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့သော်လည်း အလုပ်ထွက်ခါနီးမှ အကြောင်းရင်းကို သိလိုက်ရသည်။ ပြောစရာရှိတာ အကုန်ပြောတတ်သည့် သူ့ဘေးတွင်ရှိနေလျှင် ဟယ်ယောင်းက မကြိုက်သည့်စကားကို ပြောစရာလိုမည်မဟုတ်ပေ။ ထို့အပြင် လူတွေက သူနှင့် ဆန့်ကျင်ဘက်စရိုက်ရှိသော ဟယ်ယောင်းကို ပို၍သဘောကောင်းသည်ဟု ထင်မြင်ခဲ့ကြသည်။ ဟယ်ယောင်းတစ်ယောက် နဂိုကတည်းက ထိုအချက်ကို ကောက်ကျစ်စွာ အသုံးချခဲ့ခြင်းပင်။
"မဟုတ်ပါဘူး၊ ဒါဟီးရယ်...."
"ငါ ဘယ်လိုလူစားလဲဆိုတာကို ဘယ်သူ့ထက်မဆို နင်က ပိုသိမှာပါ။"
ဒါဟီးက ရင်းနှီးသူတွေအပေါ် မည်မျှစိတ်ရင်းမှန်မှန်ထားပြီး၊ မရင်းနှီးသူတွေအပေါ် မည်မျှအထိ အေးစက်ခက်ထန်တတ်ကြောင်း၊ မုန်းတီးသူများအပေါ် မည်မျှရက်စက်တတ်ကြောင်းကို သိနေသော ဟယ်ယောင်း၏မျက်နှာက နာကျင်စွာရှုံ့မဲ့သွား၏။
"လူတွေကို အကုန်ပြောခဲ့ပြီ။ နင်နဲ့ ဂန်းဟိုက ငါ့ကို မင်္ဂလာဆောင်ဖိတ်ခဲ့ကြတာဆိုပြီး။"
ဒါဟီး၏ စကားကြောင့် ချက်ချင်းငိုတော့မလိုဖြစ်နေသော ဟယ်ယောင်း၏ မျက်နှာက ယုံနိုင်စရာမရှိလောက်အောင် တင်းမာသွားတော့သည်။
"ဒါဟီး၊ နင်..."
"ရှင်းပြဖို့လည်း စိတ်ကူးမရှိဘူး။ အမှန်တရားပဲလေ။ လူတွေကတော့ မေးမှာပဲ။ နင်နဲ့ ပြန်အဆင်ပြေသွားပြီလားလို့။ အဲ့ဒါဆို ငါကလည်း ပြောလိုက်မှာပေါ့။ ပြန်အဆင်ပြေတာမျိုး မရှိပါဘူးလို့၊ နင်က ဂန်းဟိုနဲ့ စတွဲကတည်းက ဒါကိုပဲစောင့်နေသလိုမျိုး ငါ့ကို အဆက်အသွယ်ဖြတ်သွားတယ်ဆိုပြီးတော့။"
"ဒါဟီး၊ ခဏလေး။"
ဟယ်ယောင်း၏ မျက်နှာလည်း ဖြူဖျော့သွားတော့သည်။ ဒါဟီးက လက်ပိုက်ပြီး မလှုပ်မယှက်ရပ်နေ၏။
"နင်က အဲ့ဒီ ဖြူစင်သလို မျက်နှာလေးနဲ့ 'တောင်းပန်ပါတယ်' လို့ ပြောလိုက်တာနဲ့ပဲ အကုန်ခွင့်လွှတ်ပေးမဲ့ အရူးလို့ အခုအထိ ငါ့ကို ထင်နေတုန်းပဲလား။"
"ဒါဟီးရယ်။"
"နင် တကယ်ပဲ ငါ့ဆီက ခွင့်လွှတ်မှု လိုချင်တယ်ဆိုရင် မင်္ဂလာဆောင်ဖိတ်စာ ပို့တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်လာတွေ့ခဲ့ရမှာပေါ့။"
"ငါက နင် ဘယ်မှာရှိမှန်းမသိလို့ပါ..."
"ဒါဆို မင်္ဂလာဆောင်ဖိတ်စာကျတော့ ဘယ်လိုများပို့ခဲ့တာလဲ။"
ဒါဟီး၏ မေးခွန်းကြောင့် ဟယ်ယောင်းက ပြောစရာစကားမရှိတော့သည့် မျက်နှာဖြင့် ပါးစပ်ပိတ်သွားသည်။ ဒါဟီးက ခပ်ပြုံးပြုံးဖြင့် အေးစက်စွာ ရယ်လိုက်၏။
"ဖြူစင်သူလေးဖြစ်အောင် ဇွတ်တွေကြိုးစားမနေစမ်းပါနဲ့။ အခု အဲ့ဒီမျက်နှာဖုံးက ငါ့အတွက် အရာမဝင်တော့ဘူး။"
ဒါဟီး၏ စကားကြောင့် ဟယ်ယောင်း၏ မျက်နှာလည်း တဖြည်းဖြည်း ရှုံ့မဲ့လာတော့သည်။ ခဏကြာ၍ ကြေမွနေသောစာရွက်လို မျက်နှာမျိုးဖြစ်နေသည့် ဟယ်ယောင်း တစ်ခုခုပြောရန် ပြင်လိုက်ချိန်၌။
"ဟယ်ယောင်း။"
ကျောဘက်မှ ကြားလိုက်ရသည့် ရင်းနှီးသောအသံကြောင့် ဒါဟီးက ခေါင်းလှည့်ကြည့်လိုက်၏။ ဂန်းဟိုပင်။ ဟယ်ယောင်းက တစ်စုံတစ်ယောက်နှင့် စကားများနေသည်ဟု ကြား၍ အပြေးအလွှားလာခဲ့ခြင်းဖြစ်သည်။
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ။"
ဂန်းဟိုက တင်းမာသောမျက်နှာထားဖြင့် မေးလာသည်။
"ဖိတ်ထားတဲ့လူက သိမှာပေါ့။"
ဒါဟီးက အေးစက်စွာ ပြန်ဖြေလိုက်၏။
"ဘယ်သူက မင်းကို ဖိတ်တာလဲ။"
ဒါဟီး ခေါင်းတစ်ချက်ငဲ့လိုက်သည်။
"အိုး... ရှင့်လက်ချက်မဟုတ်ဘူးလား။"
"ငါက။ မင်းကိုလား။ ဘာလို့လဲ။"
ဂန်းဟို၏ မျက်နှာက အပြင်းအထန် ရှုံ့မဲ့နေ၏။ သူနှင့်ယှဉ်လိုက်လျှင် ဒါဟီး၏ မျက်နှာက ပုံမှန်အတိုင်းဖြစ်နေသည်။
ဂန်းဟိုအတွက်တော့ ဒါဟီးက သူ့ဘဝတစ်လျှောက်လုံးတွင် အချစ်ရဆုံးသောမိန်းမပင်။ ထို့ကြောင့်ပင် အကြီးမားဆုံးသောဒဏ်ရာကို ချန်ရစ်ခဲ့သော မိန်းမလည်းဖြစ်၏။ မည်မျှပင် ကြိုးစားသော်လည်း နှလုံးသားတစ်ခုလုံးကို မပေးခဲ့သော မိန်းမကြောင့် သူ နာကျင်ခံစားခဲ့ရသည်။ ထိုသို့သော သူ့ကို ဟယ်ယောင်းက အပါးမှနေ၍ မပြောင်းလဲသောပုံစံဖြင့် ဂရုစိုက်ပေးခဲ့၏။ ယခုတော့ ဟယ်ယောင်းကို ချစ်နေပြီဟု ထင်ခဲ့သော်လည်း ယင်းကား မှားယွင်းသောအထင်ပင်။ ဒါဟီး၏ ကျောပြင်ကို မြင်လိုက်ရသည့်အခိုက်အတန့်၌ သူ့နှလုံးသားက ခုန်လာပြီး၊ မျက်နှာချင်းဆိုင်လိုက်ရသည့်အခိုက်အတန့်တွင် နှလုံးက ပို၍ပြင်းထန်စွာ ခုန်လာသဖြင့် ဤအခြေအနေက အိပ်မက်တစ်ခုလို ခံစားနေရသည်။ ဂန်းဟိုတစ်ယောက် ဤသို့သော သူ့ပုံစံကို မပြချင်သောကြောင့် ဒေါသထွက်နေခြင်းပင်။
"ဒါဆို နင်ပေါ့။"
ဒါဟီးက နားမလည်နိုင်စရာစကားကိုပြောရင်း ဟယ်ယောင်းကို ကြည့်လိုက်သည်။ မက်ဆေ့ဂ်ျနှစ်စောင်။ တစ်စောင်က ဂန်းဟို၏ ဖုန်းနံပါတ်မှ လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဂန်းဟိုက ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း ဒေါသတကြီးပြောနေ၏။ ယင်းကား မက်ဆေ့ဂ်ျနှစ်စောင်စလုံး ဟယ်ယောင်းထံမှ လာသည်ဟူသောသဘောပင်။
"နင်ကတော့ တကယ့်ကို ထင်မှတ်မထားတဲ့နေရာတွေမှာ ထူးဆန်းတဲ့ပုံစံကို ပြတတ်တာပဲ။"
လက်ပိုက်ပြီး ကိုယ်တစ်ဖက်စောင်းကာရပ်နေသော ဒါဟီးက ဟယ်ယောင်းကိုကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ ဟယ်ယောင်း၏ မျက်လုံးများ တုန်ရီသွား၏။ 'မဖြစ်ဘူး၊ ကျေးဇူးပြုပြီး အဲ့ဒါကိုတော့ မပြောလိုက်ပါနဲ့။' ဟယ်ယောင်း၏ မျက်လုံးများက ထိုသို့ အော်ဟစ်နေသလိုပင်။ ဂန်းဟိုသာ ဤအဖြစ်မှန်ကို သိသွားခဲ့လျှင် သူ့ကို စိတ်ကုန်သွားနိုင်ပေသည်။ ဟယ်ယောင်းတစ်ယောက် မျှော်လင့်တကြီးဖြစ်နေ၏။
"တော်လိုက်တော့၊ အီဒါဟီး။"
ဂန်းဟိုက အေးစက်စွာပြောပြီး ဟယ်ယောင်းရှေ့တွင် ပိတ်ရပ်ခဲ့သည်။
"ကျွန်မက ဟယ်ယောင်းကို သေနတ်နဲ့ပစ်မှာကျနေရော။ ဘာဖြစ်လို့ အရှေ့ကနေပါ ပိတ်ရပ်တာလဲ။"
မုန်းတီးသူကို ဆက်ဆံသည့်အခါမှသာ ပေါ်လာတတ်သည့် ဒါဟီး၏ အေးစက်သော မျက်နှာကြောင့် ဂန်းဟို၏မျက်နှာ မဲ့သွားသည်။
"အဆုံးအထိ ငါတို့ကို ဒီလိုပဲ ဆက်လုပ်နေမှာလား။"
ဂန်းဟို၏ စကားကြောင့် ဒါဟီး၏ မျက်နှာထား သိသိသာသာ တင်းမာသွားတော့သည်။
"သူများကြားရင် မင်္ဂလာပွဲကို လာရှုပ်တယ်ထင်ကုန်ပါဦးမယ်။"
"လုံလောက်အောင်ကို လုပ်ပြီးနေပြီလေ။"
"အဝေးကြီးလိုပါသေးတယ်။"
ဒါဟီး၏ အေးစက်မှုကြောင့် ဂန်းဟိုမျက်မှောင်ကြုတ်သွား၏။ သူက တုန်လှုပ်ခြင်းမရှိဘဲ သူ့အား စူးစိုက်ကြည့်နေသော ဒါဟီးကိုကြည့်ရင်း အေးစက်စွာပြောလိုက်တော့သည်။
~~~~~
Miel's Translations