no

Font
Theme

အပိုင်း ၁၃

ဖုန်းပြောပြီး၍ ဒါဟီး ဖုန်းကိုချထားရန်ပြင်လိုက်ချိန်တွင်။

တံခါးပွင့်သွားပြီး လေနုအေးလေးတစ်ဝှေ့က ဟူးခနဲတိုက်ခတ်လာသည်။ နေရောင်ခြည်က  အထူးတလည် တောက်ပလွန်းလှသဖြင့် တစ်လောကလုံးကို ပြာလဲ့လဲ့ရောင်စဉ်သမ်းနေစေ၏။ ဝူဟျွန်းက ထိုမြင်ကွင်းကို နောက်ခံထားကာ ရပ်နေခဲ့သည်။ အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားသောကြောင့် ရောင်ပြန်ဟပ်ကာ ပို၍လင်းလက်တောက်ပနေသလိုပင်။

"ကြိုဆိုပါတယ်။"

ဒါဟီးက နှုတ်ဆက်လိုက်သည်။ ဝူဟျွန်းက ကောင်တာသို့ လျှောက်လာကာ မီနူးကိုကြည့်လေ၏။ ဒါဟီးကတော့ ထိုသို့သော ဝူဟျွန်း၏မျက်နှာကို စေ့စေ့စပ်စပ် စိုက်ကြည့်နေခဲ့သည်။

ယောကျ်ားတစ်ယောက်အနေနှင့် သူ့မျက်တောင်များက အတော်လေး ရှည်လျားလှ၏။ အရပ်လည်းရှည်သည်။ လက်ဖဝါးများလည်းကြီးသည်။ ထို့အပြင် ပခုံးကလည်း ကျယ်ပြန်သေး၏။

ညက နမ်းခဲ့ကြပြီးနောက် ယနေ့တွင် ဘာမှမဖြစ်ခဲ့သည့်နှယ် ပြန်တွေ့နိုင်ရန်ဆိုသည်မှာ...

ဤသို့သော ဆက်ဆံရေးမျိုးကား ကောင်းကင်ဘုံကပင် ဖန်တီးပေးရန်ခက်ခဲသော ဆက်ဆံရေးမျိုး ဖြစ်ပေမည်ဟု ဒါဟီးတွေးလိုက်မိ၏။

ဒါဟီးက ဝူဟျွန်းကိုကြည့်ကာ စကားစလိုက်သည်။

"အမေရိကာနို၊ အပူ။"

ဦးအောင်ပြောလိုက်သော စကားကြောင့် ဝူဟျွန်းက ပခုံးတွန့်ကာ ပြုံးခဲ့သည်။

"ဟုတ်တယ်၊ အဲ့ဒါ။"

"ထိုင်ပါဦး။"

ဒါဟီး၏ စကားကြောင့် ဝူဟျွန်းက ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ အမြဲတမ်း လက်ဗလာဖြင့် လာတတ်သူက ဘယ်ကနေ ပြန်လာသည်မသိ၊ Tablet PC နှင့် စာရွက်စာတမ်းများကို ယူဆောင်လာ၏။ ကားပါကင်ဘက်သို့ ကြည့်လိုက်တော့ ဝူဟွန်း၏ကား ရပ်ထားသည်ကိုတွေ့လိုက်ရသည်။ Tablet PC နှင့် စာရွက်စာတမ်းများကို တစ်လှည့်စီကြည့်ကာ အလုပ်လုပ်နေသော ဝူဟျွန်းက အလုပ်ရှုပ်နေပုံရသဖြင့် ဒါဟီးလည်း အမေရိကာနိုအပူ ထည့်ထားသော လင်ပန်းကို သူ့ဘေးတွင်ချပေးပြီး လှည့်ထွက်ရန်ပြင်လိုက်ချိန်၌။

"ထိုင်။"

သူက စာရွက်စာတမ်းများဆီမှ အကြည့်မခွာဘဲ ပြောလာသည်။

"ကျွန်မက အလုပ်မရှိတဲ့ပုံပေါ်နေလို့လား။"

"ထိုင်တာက အလုပ်ပဲလေ။"

"ကောင်တာကို ဒီအတိုင်းထားခဲ့လို့မှမရတာ။"

"ဧည့်သည်လည်းမရှိဘဲနဲ့။"

ပထမဆုံးအကြိမ်အဖြစ် ဝူဟွန်းက ခေါင်းမော့ကာ ဒါဟီးကို ကြည့်ခဲ့သည်။ ဒါဟီးလည်း ထိုလူ၏အတွေးကို နားမလည်နိုင်တော့ပေ။

"ရှင်အလုပ်လုပ်နေတုန်း ကျွန်မက ဘာလုပ်နေရမှာလဲ။"

"ဒီအတိုင်းပဲ ရှိနေပေးလို့။"

ဝူဟျွန်း၏ စကားကြောင့် ဒါဟီးလည်း သူ့ဘေးတွင် ခြေချင်းချိတ်ထိုင်ကာ သူအလုပ်လုပ်နေသည်ကို စူးစိုက်ကြည့်နေလိုက်သည်။ သူယူလာသော စာရွက်စာတမ်းများမှာ စတော့ခ် ရှယ်ယာတို့၊ အိမ်ခြံမြေတို့နှင့် သက်ဆိုင်သော စာရွက်စာတမ်းများပင်။

"အလုပ်က ရုံးမှာလုပ်ရမှာမဟုတ်ဘူးလား။"

"အာရုံစိုက်လို့မရလို့။"

"ဒီမှာတော့ ရတယ်ပေါ့လေ။"

"ရုံးမှာထက်တော့ ပိုရတယ်။"

ဝူဟျွန်းက စာရွက်များကို လျင်မြန်စွာလှန်လှောရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေခဲ့သည်။ ဒါဟီးလည်း ဘာမှမပြောဘဲ ဝူဟျွန်းကို ကြည့်နေရာမှ ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်လွှဲလိုက်သည်။ ဝူဟျွန်းပြောသည့်အတိုင်း ဧည့်သည်လည်း မရှိပေ။ စာရွက်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေသော ဘောပင်၏ တဂျစ်ဂျစ်အသံနှင့် ဝူဟျွန်းဆီမှ ထွက်လာသော လန်းဆန်းသည့် Cool Water Cologne ရနံ့တို့က ခံစား၍ကောင်း၏။ ဒါဟီးက မှောက်လျက်အနေအထားဖြင့် မှန်ပြတင်းအပြင်ဘက်ရှိ လှပစွာ ပြင်ဆင်ထားသော ဥယျာဉ်ကို ကြည့်နေလိုက်သည်။

ဒါဟီး ကော်ဖီဆိုင်ဖွင့်တုန်းက ကော်ဖီစက်များနည်းတူ အားစိုက်ပြီး ပြင်ဆင်ခဲ့သော နေရာမှာ ထိုဥယျာဉ်ပင်ဖြစ်၏။ အပင်ပန်းခံ ထိန်းသိမ်းစရာမလိုဘဲ မြင်ကွင်းအပြည့်မြင်ရရုံ အရွယ်အစားနှင့် ကိုက်ညီအောင်သာ ပြင်ဆင်ခဲ့သည်။ ဆောင်းဦးတွင် သစ်ရွက်များကြွေကျပြီး၊ ဆောင်းရာသီတွင် သစ်ကိုင်းခြောက်များကို မြင်ရကာ၊ နွေရာသီတွင် အရွက်များပြန်လည်စိမ်းလန်းလာသည့် ရာသီအလိုက်အရောင်အသွေးများကို ဒါဟီး နှစ်သက်၏။ မှောက်လျက်အနေအထားဖြင့် ကိုယ့်ဥယျာဉ်ကိုယ် စူးစိုက်ကြည့်နေသော ဒါဟီးကို ဝူဟျွန်းက လှမ်းကြည့်ခဲ့သည်။

ထုံးစံအတိုင်းပင်။

သူ့ကို ကြည့်နေသယောင်ရှိသော်လည်း ချက်ချင်းပင် တခြားအရာကို အာရုံစိုက်သွားပြန်သည်။ ဒါဟီး၏ အပြောင်းအလဲကို အကဲခတ်လို၍ သူ့ဘေးတွင် ထိုင်ခိုင်းခဲ့ခြင်းဖြစ်၏။

မနေ့ညက အနမ်းမှာ နက်ရှိုင်းပြီး ပြင်းထန်လှသည်။ မီးပွားများ လွင့်ပျံသွားသလို ကျောရိုးတစ်လျှောက် ကျဉ်ခနဲဖြစ်သွားရသဖြင့် ဝူဟျွန်းတစ်ယောက် မျက်လုံးမှိတ်ထားလျက်ကပင် မူးရိပ်ရိပ်ဖြစ်နေသလို ခံစားခဲ့ရ၏။ ထိုသို့နမ်းခဲ့ပြီးလျှင် အိုးတိုးအမ်းတမ်းအနေခက်တာ သို့မဟုတ် တစ်ခုခုပြောင်းလဲသွားတာမျိုးဖြစ်သင့်သော်လည်း ဒါဟီးကတော့ ခံစားချက်မဲ့နေဆဲပင်။ ထိုသို့သောအနမ်းက သူ့အတွက် ဘာမှမဟုတ်ဘူးလို့ သဘောထားတာများလား။ ဝူဟျွန်း ခေါင်းငဲ့ကာ မျက်မှောင်ကြုတ်လိုက်သည်။

ဤမိန်းမ အင်မတန်ပျာယာခတ်သွားတာကို မြင်ချင်မိ၏။

လွဲမှားသော အလိုဆန္ဒတစ်မျိုး ခေါင်းထောင်လာသော်လည်း ဝူဟျွန်းက ယင်းဆန္ဒကို ​ဖိနှိပ်ချုပ်တည်းလိုက်သည်။ မလိုအပ်သော သူ၏ဆန္ဒကြောင့် ခဲရာခဲဆစ် ရှာတွေ့ထားသည့် date mate ကို ဆုံးရှုံးခံ၍မဖြစ်ပေ။ စိတ်လိုက်မာန်ပါလုပ်ရပ်များက မည်မျှအထိ စိတ်ရှုပ်စရာရလဒ်များ ဖြစ်လာစေသလဲဆိုသည်ကို နာကျင်စရာအတွေ့အကြုံများမှ ကိုယ်တွေ့ သင်ယူခဲ့ရပြီးပေပြီ။

ခဏအကြာတွင် ဧည့်သည်ရောက်လာတော့သည်။ ဒါဟီးလည်း ကောင်တာဆီသို့ သွားလိုက်၏။ နောက်ထပ် ဧည့်သည် အနည်းငယ် တန်းစီပြီး ရောက်လာပြန်သည်။ ခဏအလုပ်ရှုပ်သွားသည့် ဒါဟီးက ကောင်တာတွင် အရိပ်ကျနေသည်ကိုမြင်တော့ ခေါင်းမော့ကြည့်လိုက်သည်။

ဝူဟျွန်းက Tablet PC နှင့် စာရွက်စာတမ်းများကို သိမ်းဆည်းနေချေပြီ။

"သွားတော့မယ်။"

"ဒီနေ့တော့ နည်းနည်းဆူညံသွားတယ်မဟုတ်လားရှင့်။"

ဒါဟီးက ဝတ်ကျေတမ်းကျေ စကားစခဲ့သည်။ အမှန်ကိုသိသော်လည်း ဝူဟျွန်းက ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်၏။

"အခုတင် အလုပ်ပြီးသွားလို့လေ။ ဆွန်းထယ်က မြန်မြန်ပြန်လာဖို့ ဖုန်းဆက်နေတာလည်း ပါတာပေါ့။"

"အဲ့ဒီလိုကိုး။"

"ဆွန်းထယ်က ဘယ်သူလဲလို့ မမေးတော့ဘူးလား။"

"မေးရမှာလားရှင့်။ ဝူဟျွန်းရဲ့ အသိတစ်ယောက်ယောက်ပဲ ဖြစ်မှာပေါ့။"

"မိန်းမဖြစ်နေမယ်ဆိုရင်ရော။"

"မိန်းကလေး သူငယ်ချင်း ဖြစ်မှာပေါ့။ ရှင့်မှာ ချစ်ရတဲ့သူ မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား။"

တိကျလှသည့် အချက်အလက် စိစစ်မှုစနစ်ပင်။ ဝူဟျွန်း၏ နှုတ်ခမ်းတွင် အားမပါသည့်အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ တကယ်ကို ဆံချည်တစ်မျှင်စာလေးတောင် သူ့အား စိတ်မဝင်စားခြင်းပင်။ စောစောကဖြစ်ခဲ့သည့်ဆန္ဒက တစ်ဖန်ထပ်ပြီး ခေါင်းထောင်လာပြန်သည်။ ဤမိန်းမ သူ့ကြောင့် မူပျက်ကာ ယိမ်းယိုင်လှုပ်ရှားသွားသည်ကို မြင်ချင်မိ၏။

"သွားပြီနော်။"

လွဲမှားသော ဆန္ဒများ၏ ကြီးစိုးမှုကိုမခံရမီ ဝူဟျွန်း ​လှည့်ထွက်ရန်ပြင်လိုက်ချိန်တွင်။

"ခဏလေး။"

ဒါဟီး၏ ခေါ်သံကြောင့် ဝူဟျွန်း ရပ်တန့်လိုက်သည်။ ဒါဟီးက ကောင်တာပေါ်မှ ရှားစောင်းပင်ကို ဝူဟျွန်းရှေ့သို့ တွန်းပေးခဲ့သည်။

"ယူသွားပါ။"

"ဒါက ဘာလဲ။"

ဝူဟျွန်းက ဘာလုပ်လို့ရမှန်းမသိသလို ရှားစောင်းပင်ကို ကြည့်လိုက်မိ၏။

"ကွန်ပျူတာဘေးမှာထားရင် လျှပ်စစ်သံလိုက်လှိုင်း ကာကွယ်တဲ့နေရာမှာ အထောက်အကူဖြစ်တယ်တဲ့။ ယူသွားလိုက်ပါ။"

"..."

"ကွန်ပျူတာအများကြီးသုံးရမှာ မဟုတ်ဘူးလား။ ဝူဟျွန်းက။"

"အင်း။"

"ယူသွားပါ။ ကျွန်မ ကြိုက်တဲ့ ရှားစောင်းပင်လေးလေ။ ရေက တစ်လတစ်ခါ မြေကြီးနည်းနည်းစိုရုံပဲ လောင်းပေးရင်ရပါပြီ။ ရှင်သန်နိုင်စွမ်းမြင့်တော့ သေစရာအကြောင်းမရှိပေမဲ့ သေတော့မသေစေနဲ့ပေါ့။ ပြီးတော့ နားလည်မှုလွဲနေမှာစိုးလို့ ပြောပါဦးမယ်။ ဒါက ငှားတာနော်။"

"ဘာရယ်။"

လက်တစ်ဖဝါးစာ ရှားစောင်းပင်လေးကိုပေးပြီး ငှားတာတဲ့လား။

ဝူဟျွန်းတစ်ယောက် အံ့သြလွန်းသဖြင့် ဒါဟီးကို ငေးကြည့်နေမိသည်။

"ပြောခဲ့တယ်မဟုတ်လား။ ကျွန်မ အကြိုက်ဆုံး ရှားစောင်းပင်လို့။ ဒါက ကျွန်မအတွက် ကံကောင်းခြင်းသင်္ကေတပဲ။ ဒီရှားစောင်းပင်ကို ဝယ်ပြီးမှ ဒီကော်ဖီဆိုင်ကို ဈေးနိမ့်နိမ့်နဲ့ ရခဲ့တာလေ။ လမ်းခွဲတဲ့အခါကျရင် ပြန်ယူမှာမို့လို့ ကျေးဇူးပြုပြီး မသေစေဘဲ သေချာဂရုစိုက်ပေးပါ။"

ဒါဟီးက ဝူဟျွန်း၏ လက်ထဲသို့ ရှားစောင်းပင်ကို ထည့်ပေးလိုက်သည်။ ဝူဟျွန်းက ရှားစောင်းပင်နှင့် ဒါဟီးကို တစ်လှည့်စီကြည့်ပြီးမှ ရှားစောင်းပင်ကို ကိုင်လိုက်၏။

"ကြိုးစားကြည့်မယ်လေ။"

ဝူဟျွန်း လှည့်ထွက်သွားတော့ ဒါဟီးက အနောက်ကနေ 'ကြိုးစားရုံနဲ့ မရဘူးနော်။ ကြိုးစားပမ်းစား ပြုစုပျိုးထောင်ရမှာ။' ဟု တစ်ခွန်းထပ်ပြောလိုက်သော်လည်း ဝူဟျွန်းက ဘာမှပြန်မပြောခဲ့ပေ။

ကော်ဖီဆိုင်ရှေ့က လွတ်နေသောပါကင်တွင် ရပ်ထားသည့်ကားပေါ်ကို တက်လိုက်သော ဝူဟျွန်းက ရှားစောင်းပင်ကို Tablet PC နှင့်အတူ ထားလိုက်သည်။ အဲ့ဒါလည်း စိတ်မချသေး၍ပဲလားမသိ၊ Tablet PC နှင့် ရှားစောင်းပင်ကို မြဲအောင်ဖိထားလိုက်ပြီးမှ ဝူဟျွန်းတစ်ယောက် မယုံနိုင်သလို ရယ်လိုက်မိ၏။ ဝမ် ၁၃သိန်းတန် Tablet PC နှင့် ရှားစောင်းပင်ကို ဖိသတဲ့လား။

ဝူဟျွန်းက ကားကိုမောင်းပြီး လမ်းသွယ်ထဲသို့ဝင်လိုက်သည်။ ဖြည်းဖြည်းလေး မောင်းသွားရာက ဘေးခုံကို ကြည့်မိ၏။ ရှားစောင်းပင်လေးက အကောင်းပကတိပင်။

'ကျွန်မအတွက် ကံကောင်းခြင်းသင်္ကေတပဲ။ ဒီရှားစောင်းပင်ကို ဝယ်ပြီးမှ ဒီကော်ဖီဆိုင်ကို ဈေးနိမ့်နိမ့်နဲ့ ရခဲ့တာလေ။ လမ်းခွဲတဲ့အခါကျရင် ပြန်ယူမှာမို့လို့ ကျေးဇူးပြုပြီး မသေစေဘဲ သေချာဂရုစိုက်ပေးပါ။'

လက်တစ်ဖက်ဖြင့် စတီယာရင်ကို ကိုင်ရင်း၊ ကျန်လက်တစ်ဖက်ကို ပြတင်းပေါက်ဘောင်ပေါ် တင်ထားသည့် ဝူဟျွန်းလည်း မျက်မှောင်ကြုတ်မိသွားတော့၏။

ထိုမျှအဖိုးတန်သော ရှားစောင်းပင်ကို ဘာကြောင့် သူ့အား ငှားပေးရသလဲဆိုသည့် အကြောင်းရင်းကို မေးခဲ့သင့်ပေသည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment