no

Font
Theme

အပိုင်း ၁၇

"မိန်းမအများစုက ကိုယ်သဘောကျတဲ့ ယောက်ျားကို မပိုင်ဆိုင်နိုင်ရင် ရန်လိုတတ်ကြတယ်လေ။"

ဒါဟီးက တောက်ပစွာ ပြုံးလိုက်သည်။

"ရှင် လူရွေးမှားသွားပြီ။"

ဒါဟီး၏ အကြည့်က ဝူဟျွန်းဆီသို့ ဦးတည်သွား၏။

"ဝူဟျွန်း၊ အဲ့ဒီ brand ဝတ်တဲ့ မိန်းမက ရှင့်ကို လိုချင်နေပုံပဲ။ အဲ့ဒါဆို ကျွန်မက ပိုလို့တောင် လွှတ်မပေးနိုင်တော့ဘူး။ ထတော့။"

နေရာမှ ထရပ်လိုက်သည့် ဒါဟီးက ဆောအွန်းကိုကြည့်ကာ ပြောလိုက်သည်။

"ခွင့်ပြုပါဦးနော်။ ဒီညက နည်းနည်းတိုမဲ့ပုံမို့လို့ပါ။"

ဒါဟီးက ဆောအွန်းကို ကျော်ပြီးလျှောက်သွားခဲ့သည်။

"အစ်ကို။"

ဆောအွန်းက ဝူဟျွန်းကို ​ဒေါသတကြီး စိုက်ကြည့်ခဲ့၏။

"ဘာလဲ။"

"အဲ့ဒီမိန်းမရဲ့စကားတွေက​ ဘာအဓိပ္ပာယ်လဲ။"

ဒေါသကိုထိန်းချုပ်ပြီး တည်ငြိမ်စွာပြောရန် ကြိုးစားနေသည့်ပုံစံက သိသာပေါ်လွင်နေ၏။ ဝူဟျွန်းက ပြုံးရုံသာပြုံးကာ ဘာမှမပြောဘဲ ဆောအွန်းကို ကျော်ပြီးလျှောက်ထွက်သွားလိုက်သည်။

သူတို့မှာထားသော အစားအသောက်များ အခုလေးတင် ရောက်လာသော်လည်း ဝူဟျွန်းက နှမြောဟန်ပင်မပြဘဲ ပိုက်ဆံအိတ်ထဲမှကတ်ကို ထုတ်ပေးခဲ့၏။

~~~~~

ဆိုင်းဘုတ်မီးများပိတ်ထားသည့် ကော်ဖီဆိုင်ထဲတွင် စတိုခန်းထဲမှ ရှာတွေ့ထားသော စားပွဲတင်မီးအိမ်လေးက စားပွဲတစ်လုံးလင်းရုံသာ မှိန်ပျပျလေးရှိနေသည်။ စားပွဲပေါ်တွင်တော့ ဘီယာ၊ မုန့်ခြောက်များနှင့် အာလူးကြော်တို့ ရှိနေ၏။

အီတလီစားသောက်ဆိုင်မှ ပြန်အထွက်တွင် ဒါဟီးက 'စားချင်စိတ် ပျောက်သွားပြီ။ ကျွန်မတို့ဆိုင်မှာ အရက်တစ်ခွက်လောက် သောက်မလား။ ဒီလိုနေ့မျိုးမှာ အရက်သောက်သင့်တယ် ထင်လို့ပါ' ဟု အကြံပြုခဲ့ရာ ဝူဟျွန်းက သဘောတူလိုက်သဖြင့် ဤအရက်ဝိုင်းလေး ဖြစ်လာခဲ့ခြင်းပင်။ ဘီယာခွက်မရှိသောကြောင့် မက်ခွက်များကို အစားသုံးခဲ့ကြသည်။ မက်ခွက်က ကြီးလှသဖြင့် ဘီယာတစ်ပုလင်းက ချက်ချင်း ကုန်သွားတော့၏။

ညင်သာသည့် လရောင်လေးက ဆိုင်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီး လင်းထိန်စေခဲ့သည်။ ဒါဟီးက မေးထောက်ထားရင်း ဝူဟျွန်းကို ကြည့်လိုက်၏။

"အရင်ကပြောဖူးတဲ့ သူနိုင်ကိုယ်နိုင် အားပြိုင်ရမဲ့ မိန်းမက အဲ့ဒီမိန်းမလား။"

ဒါဟီး မေးလိုက်တော့ ဝူဟျွန်းက ခပ်ပေါ့ပေါ့ပင် ခေါင်းညိတ်ခဲ့သည်။

"အတတ်နိုင်ဆုံး မတွေ့အောင်ထားဖို့ လုပ်ထားတာကို တွေ့သွားတာပဲ။"

ဝူဟျွန်းတစ်ယောက် တွေးမိရုံဖြင့်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရသည့်အလား မျက်ခုံးများကျုံ့နေ၏။

ဒါဟီးက မေးထောက်ထားရင်း ကျုံ့နေသော သူ့မျက်ခုံးများကို ကြည့်လိုက်သည်။ လရောင်ကြောင့်လား၊ အရက်ကြောင့်ပဲလားမသိသော်လည်း မျက်လွှာချထားသည့် ဝူဟျွန်း၏ ပုံစံက ထူးဆန်းစွာ ဆွဲဆောင်မှုရှိသည်ဟု ခံစားရ၏။

"ဧကန္တများဆိုပြီး မေးကြည့်တာနော်၊ သူနိုင်ကိုယ်နိုင်ပြိုင်ရမဲ့ မိန်းမတွေ နောက်ထပ်ရှိသေးလား။"

"မရှိတော့ဘူး။"

"တော်သေးတာပေါ့။"

"သူနိုင်ကိုယ်နိုင် အားပြိုင်တာကို ကောင်းကောင်းလုပ်နိုင်တာပဲ။"

ဝူဟျွန်းက ခပ်တိုးတိုးရယ်ရင်း ဒါဟီး၏ ဖန်ခွက်အလွတ်ထဲသို့ ဘီယာထည့်ပေးခဲ့သည်။ ဒါဟီးက 'ချီးကျူးတာ ကျေးဇူးတင်ပါတယ်' ဟု ပြောပြီး ဘီယာတစ်ငုံသောက်လိုက်၏။

"သိချင်တာတစ်ခု ရှိပါတယ်။"

"ဘာလဲ။"

"ဘာလို့ စောစောကတည်းက ကျွန်မကို မကြည့်တာလဲရှင့်။"

"..."

ဒါဟီးက ခေါင်းလေးငဲ့လိုက်သည်။ အရက်ဝိုင်း စတင်ပြီး အတော်ကြာမှ သတိထားမိခဲ့ခြင်းဖြစ်၏။ ဝူဟျွန်းက သူ့ကို လုံးဝ လှည့်မကြည့်ခဲ့ပေ။ ပုံမှန်ဆို တစ်ခါတလေတွင် လန့်ရလောက်သည်အထိ စူးစူးစိုက်စိုက်ကြည့်တတ်သည့် ဝူဟျွန်းပင်။ စားသောက်ဆိုင်မှာတုန်းကလည်း ရုတ်တရက် နှုတ်ခမ်းကို စိုက်ကြည့်နေသောကြောင့် တစ်ခုခုပေနေတာများလားဟု သန့်စင်ခန်းသို့သွားကာ သေချာကြည့်ခဲ့ရသေးသည်။ ယခုကဲ့သို့ ဝူဟျွန်းက ဒါဟီး၏ မျက်လုံးများထဲသို့ လုံးဝမကြည့်တာမျိုး မရှိခဲ့ပေ။

"ရုတ်တရက် ရှက်တတ်သွားတာမျိုးတော့ မဟုတ်ပါဘူးနော်။"

"..."

"စရိုက်က အဲ့ဒီလိုပုံစံလည်း ဟုတ်တဲ့ပုံမပေါ်တာကို။ ဘာလို့ ဒီလိုလုပ်နေတာလဲရှင့်။"

ဒါဟီးက မေးလိုက်သည်။ ဝူဟျွန်းနှင့် မတူသဖြင့် စိုးရိမ်မိသော်လည်း သူ့ကို မကြည့်ဘဲနေသည့် ဝူဟျွန်း၏ အကြည့်က ထူးဆန်းစွာ စိတ်အနှောင့်အယှက်ဖြစ်စေ၏။ ယနေ့လို လှပသော လသာသာညလေး၌ ခံစားချက်ကောင်းစွာ မူးယစ်နေချိန်တွင် ဝူဟျွန်း၏ မျက်လုံးများကို ကြည့်ချင်မိသည်။ နူးညံ့ပြီး နွေးထွေးသောအကြည့်။ ပြုံးလိုက်လျှင် စွဲဆောင်မှုရှိသော သူ့နှုတ်ခမ်းများကိုပါ ကြည့်ချင်သည်။ ဖြစ်နိုင်လျှင် ဒီည အနမ်းပင်ခံချင်၏။

"အသာလွှတ်ထားပေးပါ။"

ဝူဟျွန်းက တိုးညင်းညင်းအသံနှင့် ပြောလာသည်။ ထိုအသံက ရှားရှားပါးပါး ပေါ်လာခဲလှသည့် ဒါဟီး၏ ခေါင်းမာစိတ်ကို နှိုးဆွခဲ့၏။ ပုံမှန်အတိုင်းသာဆိုလျှင် သူ၏ သဘောထားကို လေးစားပေးလောက်သော်လည်း ယနေ့တော့ အရက်ရှိန်တက်နေပေပြီ။

"အဲ့ဒီလို မလုပ်ချင်ပါဘူး။ ကျွန်မကို ကြည့်မလား။ ကျွန်မကပဲ ကြည့်လာအောင် လုပ်ရမလား။"

"မလုပ်စမ်းပါနဲ့၊ နောင်တမရချင်ဘူးဆိုရင်။"

"နောင်တရမှာမို့လို့ ကျွန်မကို ကြည့်စမ်းပါ။"

ဒါဟီးက လက်ကို ဆန့်ထုတ်လိုက်သည်။ ဝူဟျွန်း၏ ပါးပြင်ကို မထိခင်တွင် ဝူဟျွန်းက ဒါဟီး၏လက်ကို ဆွဲယူလိုက်၏။ နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားတော့သည်။

"အသာလွှတ်ထားပေးလို့ ပြောခဲ့တယ်လေ။"

ဝူဟျွန်း၏အသံက တိုးရှရှဖြစ်နေသည်။ ဒါဟီး ခဏလောက် စကားမပြောနိုင်ဖြစ်သွား၏။ ဝူဟျွန်း၏ မျက်လုံးများက ရီဝေဝေပင်။ ဝူဟျွန်းပြောသော 'နောင်တ' က မည်သို့သောအရာမျိုးလဲဆိုသည်ကို ဒါဟီး သိလိုက်ရတော့သည်။ ဒါဟီးက လက်ကို ပြန်ရုပ်ရန် ကြိုးစားလိုက်သည်။ ဝူဟျွန်းက ဒါဟီး၏ လက်ကို ဆုပ်ကိုင်ထားရင်း နေရာမှ ထရပ်လိုက်၏။ ဒါဟီး၏ ကိုယ်တစ်ပိုင်း ဆွဲယူခံလိုက်ရတော့သည်။ လက်တစ်ဖက်ဖြင့် ဒါဟီး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် စားပွဲကို ထောက်ထားသည့် ဝူဟျွန်းက ဒါဟီး၏ နှုတ်ခမ်းများကို စတင်နမ်းရှိုက်လေတော့၏။ နှုတ်ခမ်းများကို ညင်သာစွာ စုပ်ယူနေရာမှ ခဏနေတော့ ဒါဟီး၏ နှုတ်ခမ်းနှစ်လွှာကြားကို ဖြတ်ကျော်ဝင်ရောက်လေသည်။

ဒါဟီးတစ်ယောက် မျက်လုံးအပြူးသားနှင့် ဝူဟျွန်းကို ကြည့်လိုက်မိ၏။ လရောင်က ဝူဟျွန်းမျက်နှာ၏ ဘယ်ဘက်အခြမ်းကို တောက်ပစွာ အလင်းပေးထားသော်လည်း ညာဘက်အခြမ်းကမူ အမှောင်ထဲတွင် နစ်မြုပ်ကာ မှောင်မည်းနေပေသည်။ ဤမျက်နှာကို တစ်ချိန်က မြင်ဖူး၏။ နေကာအမိုး ဖွင့်ထားသည့် ကားထဲတွင် ဝူဟျွန်းက ယခုလိုပင် ထူးဆန်းပြီး ညှို့ယူဖမ်းစားနိုင်သည့် မျက်နှာထားမျိုးနှင့် ရှိနေခဲ့သည်။ ဝူဟျွန်း၏ ထွက်သက်နွေးနွေးနှင့် နှုတ်ခမ်းချင်းပွတ်တိုက်သံများ ရောထွေးသွားကာ မှောင်မည်းနေသည့် နေရာလွတ်ကို တဖြည်းဖြည်း ကျူးကျော်နေရာယူသွားတော့သည်။

ဝူဟျွန်းနှင့်နမ်းပြီးနောက်တွင် အတွေးစများ ပေါ်လာ၏။ နောက်တစ်ကြိမ်ထပ်နမ်းချင်စိတ် ဖြစ်မိခြင်းက ပထမဆုံးအကြိမ်ပင်။ ပြီးတော့ ဒုတိယအကြိမ်အနမ်းက စိတ်ကူးထဲကထက်ပင် ပိုကောင်းနေပေသည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment