အပိုင်း ၂၃
နေရောင်ခြည်က ကြမ်းပြင်ပေါ်သို့ စူးရှစွာ ထိုးကျနေသည်။ ယခုနှစ်၏ အပူဆုံးအချိန်ဟုပဲ ပြောရမလား။ ခဏတာမျှသော နွေအစပိုင်း ကုန်ဆုံးသွားပြီး အပူချိန်မြင့်မားသောနွေက ချက်ချင်းဆိုသလို ရောက်လာ၏။ ပါးလွှာသော တီရှပ်ကို ဝတ်ထားသည့် ဝူဟျွန်းက လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားသည့် ပြတင်းပေါက်ကို ပိတ်လိုက်သည်။ နာရီက ၅ နာရီကို ပြနေပေပြီ။ ပူပြင်းသည့်ရာသီဥတု အစွမ်းကုန်လွှမ်းမိုးလာသည်နှင့်အမျှ ဝူဟျွန်း၏ ကော်ဖီဆိုင်သို့သွားသည့် အချိန်သည်လည်း ယခင်ကထက်ပို၍ နောက်ကျလာသည်။ ပုံမှန်အားဖြင့် ညစာစားပြီးချိန်တွင်ဖြစ်စေ၊ အလုပ်ကိစ္စအရ ညနေပိုင်းချိန်းဆိုမှုရှိသည့်နေ့များဆိုလျှင် ညစာစားချိန်မတိုင်ခင်တွင်ဖြစ်စေ သွားတတ်၏။ Sex မလုပ်လျှင်တောင်မှ နှစ်ယောက်သား ကတိထားထားသည့်အလား အမြဲတမ်း တွေ့ဆုံဖြစ်ကြသည်။ သို့သော် ထိုအချက်ကို ဘယ်သူမှ မေးခွန်းမထုတ်ခဲ့သလို၊ ဆက်ဆံရေး ပြောင်းလဲသွားလိမ့်မည်ဟူ၍လည်း မျှော်လင့်မထားခဲ့ကြပေ။
ထိုစဉ် တံခါးပွင့်လာပြီး ဆွန်းထယ်က ရုတ်တရက် ဝင်လာခဲ့သည်။ သူက နေရာမှထကာ သော့ကိုယူနေသည့် ဝူဟျွန်းအား အကြောင်သား ငေးကြည့်နေ၏။
"အစ်ကို၊ သွားတော့မလို့လား။"
ယခုဆိုလျှင် ဆွန်းထယ်က ဘယ်သွားမလဲဟု မမေးတော့ချေ။ 'ထိုနေရာ' ပဲ ဖြစ်လိမ့်မည်ဟု သိနေသလိုပုံစံနှင့်သာ သူ့ကို ကြည့်နေတတ်သည်။
"အင်း။"
သိနေရင်လည်း ဘာလို့ မေးနေသေးလဲဟု ပြောနေသည့်ပုံစံဖြင့် ဝူဟျွန်းက ဘာသိဘာသာ ပြန်ဖြေခဲ့၏။ သော့ကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည့် ဝူဟျွန်းက စားပွဲကိုပတ်ပြီး ထွက်လာလိုက်သည်။
"အစ်ကို၊ ဒီအတိုင်း သိချင်လို့ မေးကြည့်တာနော်။ အဲ့ဒါတွေကို ဘယ်တော့ပေးမလို့လဲဟင်။"
ဆွန်းထယ်က ရုံးခန်းထောင့်တစ်နေရာတွင် သေသေသပ်သပ် ချထားသော စက္ကူအိတ်ကို လက်ညှိုးထိုးပြရင်း မေးခဲ့သည်။ ဝူဟျွန်း လွန်ခဲ့သောတစ်လခန့်က Duty-Free ဆိုင်မှ ဝယ်ယူခဲ့သော လက်ကိုင်အိတ်ပင်။ ထိုနောက်ပိုင်းတွင်လည်း ကုန်တိုက်သွားသည့်အခါတိုင်း ဝူဟျွန်းတစ်ယောက် အမျိုးသမီးလက်ကိုင်အိတ် သို့မဟုတ် အဝတ်အစားများကို မပြတ်ဝယ်ယူခဲ့၏။ သို့သော်လည်း တကယ်တမ်းတော့ လက်ဆောင်မပေးခဲ့ချေ။
"မပြောတတ်ဘူး။"
ဝူဟျွန်းက သူ့ကိစ္စမဟုတ်သလို ဘာသိဘာသာ ပြန်ဖြေခဲ့သည်။
"လက်ဆောင်ပေးမယ်ဆိုလည်း ပေးရမှာပေါ့၊ မပေးဘူးဆိုရင်လည်း မဝယ်နဲ့လေ။ မဟုတ်မှ အစ်ကိုဝတ်ဖို့တော့ မဟုတ်ပါဘူးနော်။ ကျွန်တော်မရှိတုန်း အဲ့ဒါတွေ ဝတ်ပြီး...ဧကန္တ မဟုတ်မဟက်တွေများ... "
ဆွန်းထယ် စိတ်ကူးပေါက်ရာလိုက်တွေးပြီး စပြောလာတော့ ဝူဟျွန်းက ခြောက်ကပ်ကပ်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ နောက်တစ်ခွန်း ထပ်ပြောရဲပြောကြည့်၊ ကုမ္ပဏီကနေ ထုတ်ပစ်မယ်ဟူသော အဓိပ္ပာယ်ပါပါအကြည့်ကြောင့် ဆွန်းထယ်လည်း ချက်ချင်း ပါးစပ်ပိတ်သွားတော့၏။
"သွားပြီ။"
"အစ်ကို။"
"ထပ်ပြီး ဘာဖြစ်ပြန်ပြီလဲ။"
"တကယ်တော့ တစ်ပတ်လုံး ဒီမေးခွန်းကို မေးရမလား၊ မမေးရဘူးလား ဝေခွဲမရဖြစ်နေတာပါ။ အဲ့ဒါက..."
"ဒါဆိုလည်း မမေးနဲ့တော့။"
ဝူဟျွန်းက ပြတ်ပြတ်သားသား ပြောပြီးနောက် လှည့်ထွက်သွားသည်။ ဤသည်ကား ဆွန်းထယ်သိထားသည့် မာဝူဟျွန်းဟူသော လူစားပင်။ အေးစက်ပြီး ခက်ထန်ကာ လူတွေ၏စကားကို ဆုံးအောင်နားမထောင်တတ်သူ။ သို့သော် အခုတလော ကော်ဖီဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးဟု ယူဆရသူနှင့်အတူရှိနေသည့် ဝူဟျွန်းက တခြားလူတစ်ယောက်လို ဖြစ်နေသည်။ ပထမဆုံးအနေနှင့်ပြောရလျှင် အီတလီစာဆို တို့တောင်မတို့သည့်လူက အီတလီစာနှင့် နာမည်ကြီးသည့် စားသောက်ဆိုင်တွင်ရှိနေ၏။ ထိုမျှနှင့်ပင် တုန်လှုပ်စရာကောင်းလှပြီကို ဝူဟျွန်းက အမျိုးသမီးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး ရယ်ကာမောကာ စကားပင်ပြောနေသေးသည်။ အသံထွက်ရယ်တာမျိုးမဟုတ်သော်လည်း ခပ်တိုးတိုးရယ်ရင်း အမျိုးသမီးကို သေချာဂရုစိုက်ပေးနေသည့် ဝူဟျွန်းတွင် ကြင်နာမှုများကအပြည့်။ ပထမတော့ သရဲများလားဟု ထင်ခဲ့သော်လည်း မာဝူဟျွန်းမှ မာဝူဟျွန်းပင်။
ဆွန်းထယ်က ဝေးကွာသွားသည့် ဝူဟျွန်း၏ကျောပြင်ကိုကြည့်ရင်း အော်မေးလိုက်သည်။
"အစ်ကို၊ အဲ့ဒီမိန်မနဲ့..."
"မတွဲဘူး။"
ဒါပဲမေးနေတာ တစ်ခါနှစ်ခါ ကလို့လားဟု မေးနေသလိုမျိုး ဝူဟျွန်းက အေးစက်စက် ပြန်ပြောပြီး လှည့်ထွက်လိုက်ချိန်တွင်...
"မဟုတ်ဘူး။ သဘောကျလားလို့။"
"..."
"အဲ့ဒီမိန်းမကို ချစ်လားလို့ မေးချင်တာပါ။"
ဝူဟျွန်း၏ လည်ပင်းက ကျွီခနဲမြည်သံပါထွက်လုမတတ် ချာခနဲလှည့်လာသည်။
"...ဘာ။"
ဝူဟျွန်းက မကြားသင့်တာကို ကြားလိုက်ရသူလို တိုပြတ်ပြတ် ပြန်မေးခဲ့သည်။
ဆွန်းထယ် အသက်ရှူသွင်းပြီး ဝူဟျွန်းကို စိုက်ကြည့်ခဲ့၏။
"အစ်ကိုက တစ်နေ့တစ်နေ့ ကော်ဖီဆိုင်ကိုသွားတဲ့အခါ အပျော်ဆုံးဖြစ်တဲ့ပုံပေါ်နေလို့။"
"..."
"အစ်ကို့ပုံစံက ချစ်မိနေတဲ့ အထက်တန်းကျောင်းသားလေးလိုပဲလို့ ပြောချင်တာပါ။"
ဆွန်းထယ်၏ စကားကြောင့် ဝူဟျွန်းတစ်ယောက် ပြောစရာမတွေ့သည့်ပုံစံမျိုး ဖြစ်သွားတော့သည်။ အချိန်နည်းနည်းကုန်လွန်သွား၏။
"ဟင့်အင်း။"
နောက်ဆုံးတော့ ဝူဟျွန်းက ငြင်းခဲ့သည်။
"မဟုတ်ဘူးမဟုတ်လား။"
"အင်း၊ မဟုတ်ဘူး။ သွားပြီ။"
ဝူဟျွန်း လှည့်ထွက်လာခဲ့သည်။ ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး ထွက်လာသော ဝူဟျွန်းတစ်ယောက် လှေကားမှ ဆင်းလာရင်း တစ်ဝက်တစ်ပြက်နှင့် ရပ်လိုက်၏။ နေဝင်သွားသော်လည်း အသက်ရှူကျပ်လောက်အောင် ပူပြင်းသည့် အပူဒဏ်ကား မပြောင်းလဲသေးပေ။ စိုစွတ်ပြီး ပူနွေးသည့် လေကို ရှူသွင်းရင်း ဝူဟျွန်း တီးတိုးရေရွတ်လိုက်သည်။
"ချစ်မိနေတဲ့ အထက်တန်းကျောင်းသားလေးလိုပဲတဲ့လား..."
အသက် ၂၀ကျော်အရွယ် မာဝူဟျွန်း ကြားချင်လွန်းလှသည့် စကားပင်။ ဘယ်မိန်းကလေးပဲဖြစ်ဖြစ်၊ တကယ်ပဲ ပြင်းပြင်းပြပြ ချစ်နိုင်ပါစေဟု ဆုတောင်းခဲ့ဖူးသော်လည်း နောက်ဆုံးအထိ မပြည့်ဝခဲ့သည့်ဆန္ဒ။
"ဟူး..."
ဝူဟျွန်း တံတွေးမျိုချလိုက်သည်။ ဆွန်းထယ် မပြောလျှင်တောင် သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ပြောင်းလဲလာပြီဖြစ်ကြောင်း ရိပ်မိပြီးသားပင်။ အလုပ်လုပ်နေရင်း နာရီကို မကြာမကြာ ကြည့်မိတာ၊ ကုန်တိုက်သွားပြီး ပေးလည်းမပေးဖြစ်ဘဲ ဒါဟီးအတွက် လက်ဆောင်တွေ ဝယ်မိတာ။ ယခု အချိန်ဇယားလွတ်သည့်အချိန်မှ ဒါဟီးကိုတွေ့တာ မဟုတ်တော့ဘဲ၊ ဒါဟီးကို တွေ့ရန်အချိန်ဖယ်ပြီးမှ အလုပ်ချိန်ဇယားကို ဆွဲတတ်နေပေပြီ။
စနိုးစနောင့်ဖြစ်စရာ တစ်စုံတစ်ရာက သူ့ခေါင်းထဲကို လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ ဝူဟျွန်းလည်း မျက်ခုံးများကိုကျုံ့ပြီး တစ်ဟုန်ထိုးကြီးထွားလာသော အတွေးကို အတင်းအကျပ် ရပ်တန့်လိုက်ရ၏။
မဖြစ်နိုင်တာ။
ဝူဟျွန်း ခေါင်းခါလိုက်သည်။ ပူနွေးစိုစွတ်သော လေက အပြာရောင် တီရှပ်ကို လှုပ်ခတ်သွားစေပြီးမှ ပျောက်ကွယ်သွားခဲ့လေသည်။
~~~~~
Miel's Translations