အပိုင်း ၁၆
ဝူဟျွန်းနှင့် အကြည့်ချင်းဆုံလိုက်လျှင်ပဲ ဆောအွန်း၏ မျက်လုံးများက နူးညံ့စွာ ကွေးညွတ်သွားတော့သည်။
"ဒီနေ့ ရုံးကိုသွားခဲ့သေးတယ်။ ဒီရောက်နေမယ်မှန်း မသိခဲ့ဘူး။"
ဆောအွန်းက နူးညံ့စွာ ပြုံးခဲ့၏။ လှပပြီး တည်ငြိမ်သောအပြုံးပင်။ ဆောအွန်းသာ ခေါင်းမာသည့်ကလေးတစ်ယောက်အဖြစ်နှင့်ပဲ သူ့နောက်ကို လိုက်ခဲ့မည်ဆိုလျှင် ဤမျှလောက် စိတ်ကုန်မိမည်မဟုတ်။ ဝူဟျွန်း ဆောအွန်းကို သဘောမကျရသည့် အကြောင်းရင်းကား လှပသော ထိုအပြုံးတွင် ရှိနေသည်။ ထိုအပြုံးဖြင့်ပင် သူ၏ ရည်းစားများကို စိတ်ကုန်အောင် အနှောင့်အယှက်ပေးခဲ့သူဖြစ်၏။ တကယ်တမ်းပြောရလျှင် ဆောအွန်း၏ အနှောင့်အယှက်ပေးမှုကို မခံနိုင်၍ လက်လျှော့သွားသည့် မိန်းကလေးများပင် ရှိခဲ့ဖူးသည်။ အလွှာပေါင်းများစွာဖြင့် ဖုံးကွယ်ထားသည့် သူ၏ ပင်ကိုမျက်နှာအစစ်က ဘယ်လိုပုံစံမျိုးဖြစ်မည်နည်း။ ခန့်မှန်း၍ပင် မရနိုင်ခဲ့ချေ။
"သိတယ်။ အဲ့ဒါကြောင့် ဒီမှာရှိနေတာလေ။"
မင်းကို ရှောင်ထွက်လာတာဟူ၍ ခိုင်မာပြတ်သားသည့် သဘောထားကိုဆောင်နေသော ဝူဟျွန်း၏စကားကို ကြားရချိန်တွင်ပင် ဆောအွန်းက ပြုံးရွှင်သောမျက်နှာကို ပျောက်မသွားအောင် ထိန်းထားခဲ့သည်။
"မနေ့ကရော၊ ဒီနေ့ရော ဖုန်းဆက်ခဲ့သေးတယ်။"
"အဲ့ဒါကြောင့် ဖုန်းပိတ်ထားတာပေါ့။"
ဝူဟျွန်း၏ ခြောက်ကပ်ကပ်အဖြေကြောင့် ဆောအွန်း၏ နှုတ်ခမ်းများ တစ်ချက်တင်းမာသွားသည်။ ထို့နောက် စိတ်ပိုင်းဖြတ်ထားသည့်အလား အဆိပ်ပြင်းသော မျက်နှာထားကို အပြုံးဖြင့် မြန်မြန်အစားထိုးလိုက်၏။ လိုချင်တာကိုရရန်အတွက် ကလေးဆန်ဆန် ဂျီကျ၍မရကြောင်း သိသွားပေပြီ။ ယောက်ျားတစ်ယောက်ကို ဆွဲဆောင်ရာတွင် အပြုံး၊ မသိမသာ ထိတွေ့မှုလေးများနှင့် နူးညံ့သိမ်မွေ့မှုတို့ကို ဆွဲဆောင်မှုရှိရှိ ပေါင်းစပ်ရန်လိုအပ်ကြောင်း နားလည်သွားသည့်အရွယ်ကို ရောက်လာပြီဖြစ်သည်။ ဆောအွန်းက ဝူဟျွန်းဆီသို့ ချဉ်းကပ်သွားကာ သူ့လက်မောင်းကို ဖွဖွလေး ပုတ်လိုက်၏။
"သူများမြင်ရင် ကျွန်မကပဲ အစ်ကို့ကို စားဖို့လုပ်နေသလို ထင်ကုန်တော့မှာပဲ။ တစ်နပ်လောက်လေးပဲ အတူတူစားချင်တာပါ။ ဒီမှာ အစ်ကိုနဲ့အတူ ညစာစားချင်တယ်...အီတလီစာ မကြိုက်ဘူးလို့ ထင်ထားတာကို။ ကြိုက်မှန်းသာသိရင် စောစောစီးစီး အတူတူလာခဲ့တာပေါ့။"
"မကြိုက်ဘူး။ အခုအထိလည်း မကြိုက်တုန်းပဲ။"
"ဒါဆို ဘာလို့ လာတာလဲ။"
"အတူလာတဲ့အဖော်က ကြိုက်လို့။"
ဝူဟျွန်း ထိုသို့ခပ်ပြတ်ပြတ် ပြန်ပြောလိုက်စဉ် နေရာသို့ပြန်လာပြီဖြစ်သည့် ဒါဟီးက ခုံတွင်ဝင်ထိုင်နေပေပြီ။ သူက စိုနေသောလက်များကို လက်ကိုင်ပဝါဖြင့်သုတ်ရင်း ဆောအွန်းနှင့် ဝူဟျွန်းကို တစ်လှည့်စီ ကြည့်နေခဲ့၏။
"ရှောင်ပေးရမလားရှင့်။"
ဒါဟီးက ဝူဟျွန်းကိုကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ သူ့ကို စကားပြောနေသည့် မိန်းမက ဘယ်သူလဲ၊ ဘယ်လိုအခြေအနေလဲဆိုသည်ကိုတောင် စိတ်ဝင်စားပုံမပေါ်ပေ။
"ရှောင်ပေးပါလား။"
"ဟင့်အင်း။ အဲ့ဒီမှာပဲနေ။"
ဆောအွန်းနှင့် ဝူဟျွန်း၏ အဖြေတို့က ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်သည့် ဒါဟီးလည်း ထိုင်ခုံနောက်မှီတွင် ကျောမှီလိုက်၏။
"အစ်ကိုနဲ့ မတွေ့ရတာကြာပြီဆိုတော့ နေရာလေး နည်းနည်းလောက် ရှောင်ပေးလို့ရမလား။"
ဆောအွန်းက ဝူဟျွန်း၏ သဘောထားကို လျစ်လျူရှုကာ ဒါဟီးကို တစ်ခါထပ်ပြောခဲ့သည်။ ဒါဟီးကတော့ ဘာမှမမှုသလို မျက်နှာထားဖြင့် ဆောအွန်းကို ကြည့်လိုက်၏။ ခေါင်းအစခြေအဆုံး branded တွေချည်း ဝတ်ဆင်ထားသည့် အမျိုးသမီးက ပခုံးကိုမတ်မတ်ထားရင်း ဒါဟီးကိုကြည့်ကာ ပြုံးနေသည်။ ဒါဟီးကလည်း ပြန်ပြုံးပြလိုက်သည်။
"ဝူဟျွန်းရဲ့ သဘောထားကရော ဒီမိန်းမနဲ့ အတူတူပဲလား။"
"ဟင့်အင်း။"
ဝူဟျွန်းက ပြတ်သားစွာ ပြန်ဖြေခဲ့သည်။
"ဟင့်အင်းတဲ့။"
ဒါဟီးက ဆောအွန်းကို ပြုံးပြပြီး ထိုင်ခုံနောက်မှီကို မှီလိုက်သည်။ ဝူဟျွန်း၏ လျစ်လျူရှုမှုကို မျက်တောင်တစ်ချက်ပင်မခတ်ခဲ့သော ဆောအွန်း၏ မျက်လုံးများ အေးစက်သွားတော့၏။
ဈေးပေါပေါ ထသွားထလာ အဝတ်အစားများဝတ်ထားသည့် မိန်းမက သူ့ကို လျစ်လျူရှုခဲ့ခြင်းပင်။ ဤမိန်းမတွင် ကောင်းသည်ဟုပြောနိုင်သည့်အရာက မျက်နှာလေးသာရှိသော်လည်း ယင်းက သူနှင့် နှိုင်းယှဉ်နေစရာပင် မလိုချေ။ သူက ငယ်ရွယ်ပြီး လှပ၏။ ထိုအချက်ကို ပြန်သတိရလိုက်သည့် ဆောအွန်းတစ်ယောက် နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ပြန်တင်လိုက်သည်။
"လုပ်ငန်းခွင်ကနေ တွေ့ခဲ့တဲ့သူများလား။"
"မဟုတ်ပါဘူး။ သွားရင်းလာရင်း တွေ့ကြတာပါ။"
"အာ၊ ဆွန်းထယ်ပြောလိုက်တာ ဒီမိန်းမကိုး။"
ဆောအွန်းက ဒါဟီးကိုကြည့်ပြီး ပြုံးလိုက်သည်။
ဝူဟျွန်းကို ရှားစောင်းပင် ပေးခဲ့သော၊ အပင်တွေကို လုံးဝစိတ်မဝင်စားသည့် ဝူဟျွန်းအား ရှားစောင်းပင် ပျိုးခိုင်းခဲ့သော မိန်းမ။ မိန်းမတို့၏ ဆဋ္ဌမအာရုံကား ကြောက်စရာကောင်းလောက်အောင် စူးရှပေသည်။ ထိုအကြောင်းကိုကြားလိုက်ရသည့်အခိုက်အတန့်တွင် ပုံမှန်လိုပဲ လျစ်လျူရှု၍ မရတော့ပေ။ ကျောရိုးတစ်လျှောက် ထူးဆန်းစွာ စိမ့်ခနဲ ခံစားလိုက်ရ၏။
ဆောအွန်းက ပြုံးရင်း ကိုယ်ကို ဒါဟီးဘက် လှည့်လိုက်သည်။ စကားပြောရန် ဒါဟီးဘက်သို့ ပြောင်းလိုက်ခြင်းပင်။
"အီဆောအွန်း။ ကိုယ့်နေရာကိုယ် ပြန်သွားတော့။"
ဝူဟျွန်းက အေးစက်စွာ ပြောခဲ့သည်။
"ဘာဖြစ်လို့လဲ။ အစ်ကို့ရဲ့အဖော်နဲ့ ခဏလောက် စကားပြောချင်တာကို။"
ဆောအွန်း၏ စကားကြောင့် ဝူဟျွန်း၏မျက်နှာ ချက်ချင်းတင်းမာသွားတော့၏။ တင်းမာမှုများ ဖုံးလွှမ်းနေသည့် ဝူဟျွန်းတစ်ယောက် အေးစက်သော စကားများကို ပြောအံ့ဆဲဆဲအချိန်တွင်...
"ပြောပါ။"
ဒါဟီးက ဝူဟျွန်း၏ စကားကို ဖြတ်ပြောခဲ့သည်။ ဝူဟျွန်းက ဘာတွေတွေးနေတာလဲ ဟုမေးနေသလိုပုံစံဖြင့် ဒါဟီးကို ကြည့်လိုက်၏။ ဒါဟီးကတော့ အလားတူပြုံးရင်း ဆောအွန်းကို ကြည့်နေသည်။ ဆောအွန်း၏ တိုက်ခိုက်မှုကို လုံးဝ ရှောင်ရှားချင်ပုံမပေါ်ချေ။ ဝူဟျွန်းက တားတော့မလို မျက်နှာထားနှင့် ကြည့်ခဲ့သော်လည်း ဒါဟီးကတော့ မတားပါနဲ့ဟု ပြောနေသည့်အလား လက်ကာပြခဲ့သည်။ ဝူဟျွန်းလည်း လက်လျှော့လိုက်သည့်ပုံစံဖြင့် ထိုင်ခုံနောက်မှီကို မှီလိုက်၏။ လောကတွင် သူအမုန်းဆုံးအရာတွေထဲမှ တစ်ခုကား သူ့ကို အကြောင်းပြုပြီး မိန်းမတွေ ရန်ဖြစ်ကြခြင်းပင်။ သို့သော် ဒါဟီး၏ စိတ်ပိုင်းဖြတ်ချက်က ခိုင်မာပုံရသောကြောင့် ဝူဟျွန်းလည်း စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဒါဟီး၏ ရန်ပွဲက နည်းနည်းစိတ်ဝင်စားဖို့ကောင်းနေတာလည်းပါ၏။ ဝူဟျွန်းတစ်ယောက် မေးထောက်ပြီး ကြည့်နေခဲ့သည်။
"ပြောစရာရှိတယ်ဆိုရင် ပြောသင့်တာပေါ့။ ပြောပါဦး။"
ဒါဟီးက ပြောလိုက်လေသည်။
"ကျွန်မရဲ့အစ်ကိုနဲ့ ဘယ်လိုပတ်သက်မှုလဲ။"
"မြင်တဲ့အတိုင်း ညစာလောက်တော့ အတူတူစားလို့ရတဲ့ ဆက်ဆံရေးပေါ့။"
"အစ်ကို့ရဲ့အကြိုက်က အများကြီး ပြောင်းသွားတာပဲ။ ပြီးတော့...အဲ့ဒီဘက်က တကယ်ပဲ ဘယ်ကလဲ။ အဝတ်အစားတွေက နည်းနည်း..."
ဆောအွန်းက ဒါဟီး၏ ဟောင်းနွမ်းနေသော အားကစားဖိနပ်ကို ကြည့်ကာ မေးလေသည်။ ဒါဟီး ရယ်လိုက်မိ၏။
"Brand မဟုတ်တဲ့ဆိုင်ကဆိုတော့ သိလောက်မှာမဟုတ်ဘူးထင်တယ်ရှင့်။"
"Brand မဟုတ်တဲ့ဆိုင်..."
"ရှင်ကတော့ branded တွေချည်း ဆင်ထားတာပဲနော်။"
"Brand သုံးနိုင်တဲ့ အနေအထားမို့လို့လေ။ ဘာလုပ်တဲ့သူလဲ။"
"ကော်ဖီဆိုင်လေး ဖွင့်ထားပါတယ်။ လာခဲ့ပါဦး။"
"အခွဲတွေဖွင့်ထားတဲ့ ကော်ဖီဆိုင်လုပ်ငန်းရဲ့ CEO လား။"
"မဟုတ်ပါဘူး။ ရပ်ကွက်ထဲက ဆိုင်သေးသေးလေးပါ။"
"ကော်ဖီဆိုင်တဲ့... ဟားဟား။"
ဆောအွန်းက မယုံနိုင်သလို ရယ်လိုက်သည်။ သူ့ပတ်ဝန်းကျင်က အလုပ်အကိုင်တွေထဲတွင် ဤသို့သောအလုပ်အကိုင်မျိုးကို တစ်ခါမှ မကြားဖူးပေ။ ထို့အပြင် နွမ်းဖပ်ဖပ်နှင့် brand မဟုတ်သော ဖိနပ်ကိုစီးသည့် မိန်းမနှင့်အတူ ညစာစားနေသော ဝူဟျွန်းအပေါ် ဒေါသထွက်လာတော့သည်။ သူ့ကိုတော့ဖြင့် တစ်ချက်လေးတောင် မကြည့်ဘဲ ဒီလိုမိန်းမမျိုးနှင့်မှ တွဲသတဲ့လား။
တစ်ဖက်တွင် တိုက်ခိုက်ခံရသည့် ဒါဟီးကတော့ တည်ငြိမ်သောမျက်နှာထားကို ထိန်းထားလျက်ရှိသည်။ ဆောအွန်းကို တည်ငြိမ်သောအကြည့်ဖြင့်ပင် အကဲခတ်နေလိုက်သေး၏။
"Brand တွေ ဝတ်ထားတာတောင် ဒီလောက်ပုံပဲထွက်တယ်ဆိုတော့....ဒါကလည်း အရည်အချင်းတစ်ခုပဲနော်။"
ဒါဟီး၏ စကားကြောင့် လှောင်ပြောင်နေခဲ့သည့် ဆောအွန်း၏ နှုတ်ခမ်းထောင့်စွန်းများ တင်းမာသွားတော့သည်။ ဒါဟီးက မေးထောက်ထားရင်း ဆောအွန်း၏ အဝတ်အစားများကို သေချာကြည့်လိုက်၏။ ထိုမိန်းမ၏ အဝတ်အစားများနှင့် အိတ်က တောက်ပနေသည်။ သို့သော် ထိုမျှလောက်သာ။
"ဘာပြောလိုက်တယ်။"
"Branded ပစ္စည်းတွေက တောက်ပနေပေမဲ့ အဲ့ဒါတွေဝတ်ထားတဲ့ ရှင်ကတော့ အရောင်မထွက်ဘူးလို့။ အဲ့ဒါကြောင့် အဝတ်အစားတွေ အလှစမ်းဝတ်ပြထားတဲ့ အရုပ်နဲ့တူနေတာပေါ့။ ကျွန်မကတော့ ရှင့်ရဲ့ ရုပ်ရည်ထက် ရှင်ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ အိတ်ကို ပိုပြီးမှတ်မိနေလောက်မယ်ထင်တယ်။"
"ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလိုနှစ်သိမ့်ချင်နေတဲ့ပုံပါလား။ Brand မဝတ်နိုင်တဲ့သူအများစုက အဲ့ဒီလို ဆင်ခြေပေးတတ်ကြတာပါပဲလေ။"
ဆောအွန်းက နာကျင်စေမည့်စကားလုံးများကို အပြုံးလေးနှင့် ပစ်လွှတ်ခဲ့သည်။
"အဲ့ဒီလိုလား။ ဟုတ်လောက်တာပေါ့။ ဝူဟျွန်းကို သဘောကျလားရှင့်။"
ဒါဟီးက ပေါ့ပေါ့ပါးပါး မျက်နှာထားဖြင့် မေးလိုက်သည်။ အနေအထားက ပြောင်းပြန်ဖြစ်သွားပြီး ယခု အထိုးနှက်ခံရသည့်ဘက်ကို ရောက်သွားပြီဖြစ်သည့် ဆောအွန်း၏ မျက်နှာက ကျောက်တုံးအလား တင်းမာသွားလေတော့သည်။
~~~~~
Miel's Translations