အပိုင်း ၁၉
ဒါဟီးက ကောင်တာကို ကြားခံကာ ဝူဟျွန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ ဝူဟျွန်းက ဒါဟီး ဘယ်လိုထမင်းလိပ်မျိုး ကြိုက်မှန်းမသိသောကြောင့် အမျိုးအစားအစုံ ဝယ်လာခဲ့သည်ဟုဆို၏။ တူနာထမင်းလိပ်၊ အသီးအရွက်ထမင်းလိပ်၊ ပုံမှန်ထမင်းလိပ်၊ ချိစ်ထမင်းလိပ်...စုစုပေါင်း လေးလိပ် ဝယ်လာခဲ့ပြီး၊ ဟင်းရည်ကိုပါ စနစ်တကျ ပလတ်စတစ်ခွက်ဖြင့် ထည့်လာခဲ့သည်။ ဒါဟီး အလွယ်တကူ ယူနိုင်မည့်နေရာတွင် ထမင်းလိပ်များကို နေရာချပေးနေသည့် ဝူဟျွန်း၏ လက်များက သဘာဝကျလှ၏။
"မိန်းကလေးတွေ အများကြီးနဲ့ တွဲဖူးတယ်မဟုတ်လား။"
ဒါဟီးက ဝူဟျွန်း၏ လက်များကို ကြည့်ရင်း မေးလိုက်သည်။ ဝူဟျွန်းက မျက်လုံးများကိုသာပင့်ကာ ဒါဟီးကို ကြည့်ခဲ့သည်။ ဒါဟီး သူ့ကို ကိုယ်ရေးကိုယ်တာမေးခွန်း မေးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
သို့သော်လည်း ဒါဟီးက ထိုအချက်ကို သတိမထားမိသည့် မျက်နှာထားမျိုးဖြင့် ရှိနေသည်။ ဝူဟျွန်း၏ နှုတ်ခမ်းများ မသိမသာ ပင့်တက်သွားကာ မျက်လုံးများက သဘာဝကျကျ ကွေးညွတ်သွားတော့၏။ ဒါဟီး သူ့အပေါ်စိတ်ဝင်စားမှုပြလာသည်ကို အတော်လေး ပျော်နေသည်။
"ဒီလိုပါပဲ။ အသက်လည်း ကြီးပြီဆိုတော့။ ရုတ်တရက် ဘာလို့ အဲ့ဒါကို မေးတာလဲ။"
"အဲ့ဒီလို ထင်ရလို့ပါ။ အရသာရှိမဲ့ပုံပဲ။ ကောင်းကောင်းစားပါ့မယ်။"
ဒါဟီးက သစ်သားတူကို တောက်ခနဲမြည်အောင် ခွဲလိုက်သည်။ ဝူဟျွန်းလည်း သူအတိုင်းလိုက်ပြီး တူကိုခွဲလိုက်၏။ ထမင်းလိပ်ကို ယူလိုက်ရင်း ဝူဟျွန်းက ပြောလာသည်။
"ရှားစောင်းပင်လေး ကောင်းကောင်းရှင်နေတယ်။"
"တော်သေးတာပေါ့။"
"အဲ့ဒီရှားစောင်းပင်က အဖိုးတန်တယ်ဆိုပြီး ဘာလို့ ကိုယ့်ကို ပေးလိုက်တာလဲ။"
"ရှားစောင်းပင်လေး ပျင်းနေမှာစိုးလို့လေ။"
"ဘာ။"
"နေ့တိုင်း တစ်နေရာတည်းမှာနေပြီး ဒီလေကိုပဲ ရှူနေရတာ ပျင်းမှာပေါ့။ အဲ့ဒါကြောင့် တခြားအိမ်မှာ သွားဆော့ပြီးမှပြန်လာဖို့ ပို့လိုက်တာပါ။"
ဒါဟီးက ဘာမှထွေထွေထူးထူး မဟုတ်သလို ပုံမှန်အတိုင်း ပြန်ဖြေရင်း ထမင်းလိပ်ကို ယူလိုက်သည်။ ဝူဟျွန်းကတော့ နည်းနည်းစိတ်ပျက်သွားသည့်ပုံပင်။ ဒါဟီး၏ စိတ်နေစိတ်ထားအရ အကြောင်းရင်းကြီးကြီးမားမား မဟုတ်လျှင်တောင် တစ်ခုခုတော့ ရှိလိမ့်မည်ဟု ထင်ထားခဲ့မိ၏။ ဝူဟျွန်းက တစ်ခုခုပြောရန်ပြင်လိုက်ပြီးမှ အရသာရှိရှိစားနေသည့် ဒါဟီးကိုမြင်တော့ ပါးစပ်ပိတ်လိုက်မိသည်။ ခေါင်းနည်းနည်း ငုံ့လိုက်တော့ တီရှပ်လက်တိုအောက်မှ ဖြူဖွေးသော အသားအရေကို မသိမသာမြင်နေရသည်။ ထိုနေရာတွင် သူချန်ထားခဲ့သည့် အမှတ်ရာလေးကို မြင်လိုက်ရသည့်အခါ ဝူဟျွန်းလည်း နောက်ထပ်သည်းမခံနိုင်တော့ဘဲ မျက်လွှာချလိုက်ရ၏။
"မစားဘူးလား။"
ဒါဟီးက တူကိုချလိုက်သည့် ဝူဟျွန်းကိုကြည့်ပြီး မေးခဲ့သည်။ သူက အကြည့်ကိုအောက်စိုက်ထားရင်း ခပ်မာမာလေသံနှင့် ပြန်ဖြေလာ၏။
"စားချင်စိတ်မရှိတော့လို့။"
စားချင်စိတ်ကို တခြားဆန္ဒများက လွှမ်းမိုးသွားသည့်ပုံပင်။ ဆန္ဒမညီမျှမှုက ဤမျှအထိ နှိပ်စက်နိုင်လိမ့်မည်ဟု ဘယ်သူကထင်မလဲ။
"ကျွန်မတစ်ယောက်တည်းတော့ အကုန်မစားနိုင်ဘူးလေ...မထိရသေးတဲ့ နှစ်လိပ်ကို ထုပ်ပေးလိုက်မယ်။ ရုံးရောက်မှစားလိုက်ပေါ့။"
ဒါဟီးက အကျပ်ရိုက်သလို မျက်နှာထားနှင့် ခပ်တိုးတိုးပြောခဲ့သည်။
"အင်း။"
ဝူဟျွန်းက 'လုပ်ချင်သလိုလုပ်' ဟူသောပုံစံဖြင့် ပြန်ပြောပြီး လက်ပိုက်ထားလိုက်သည်။ ဒါဟီးကတော့ အားကြိုးမာန်တက် ဆက်စားနေဆဲပင်။ ပထမဆုံး အနမ်းဖလှယ်ပြီး နောက်တစ်နေ့တွင် ဘာမှမဖြစ်ခဲ့သလိုမျိုး sex လုပ်ပြီး နောက်တစ်နေ့တွင်လည်း ဒါဟီးက အပြောင်းအလဲ နည်းနည်းမျှပင်မရှိခဲ့ပေ။ သူ ဆိုင်ထဲဝင်လာတုန်းကလည်း ပုံမှန်အတိုင်းပင် 'ရောက်လာပြီလား' ဟု တည်ငြိမ်စွာ တုံ့ပြန်ခဲ့၏။
"ဘာမှမဖြစ်ဘူးလား။"
ဝူဟျွန်း၏ တုံးတိတိစကားကြောင့် စားပြီးသား စားပွဲကို ရှင်းနေသော ဒါဟီးက မျက်လုံးပင့်ကြည့်ခဲ့သည်။ ကတ္တားပုဒ်နှင့် ကံပုဒ်တို့မပါသော်လည်း သူ ဘာပြောချင်သည်ကို ချက်ချင်း သိလိုက်၏။ တစ်ချက်လေး တုံ့ဆိုင်းသွားသည့် ဒါဟီးက သစ်သားတူကို ထက်ဝက်ချိုးပြီး ပလတ်စတစ်အိတ်ထဲ ထည့်လိုက်သည်။
"ဘာမှမဖြစ်သလိုသာ ထင်ရတာပါ။ တကယ်တော့ ကျွန်မလည်း လုံလုံလောက်လောက်ကို အံ့သြနေတာရှင့်။"
ဝူဟျွန်းက ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းလိုက်သည်။ ဒါဟီးက နီးကပ်လာသော ဝူဟျွန်း၏ မျက်နှာကို ငေးစိုက်ကြည့်နေ၏။ သူက တစ်ခုခုပြောလာဖို့ စောင့်စားနေပုံရသလို၊ တစ်ခုခု ပြောရန်ပြင်နေပုံလည်းရသည်။ အခြေအနေနှစ်ခုစလုံးက နှစ်လိုဖွယ်ရှိမည်မဟုတ်သောကြောင့် ဒါဟီးကပဲ စတင်ကာ စကားပြောလိုက်၏။
"နားလည်မှုလွဲမှာစိုးလို့ ကြိုပြောထားချင်တယ်ဆိုပေမဲ့ ယောက်ျားတစ်ယောက်နဲ့ ဒီလိုမျိုး ပတ်သက်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါ။ သွေးကြောင်သလိုဖြစ်နေမှာသိပေမဲ့ မူးနေလို့ဖြစ်ခဲ့တာဆိုပြီးတော့ပဲ ဆင်ခြေပေးပါရစေ။ ဒီလိုအမှားမျိုး နောက်ထပ်ရှိလာမှာမဟုတ်ပါဘူး။ ပြီးတော့ တကယ်လို့များ ဒီလိုဖြစ်နေတဲ့ ကျွန်မကို စိတ်မသက်မသာဖြစ်ရတာမျိုး ဒါမှမဟုတ် ဒီဆက်ဆံရေးအပေါ် မရေမရာဖြစ်လာတာမျိုး ရှိတယ်ဆိုရင် ကော်ဖီဆိုင်ကို မလာလို့လည်း ရပါတယ်။ မနေ့ညက ကိစ္စမျိုးကြောင့် ယောက်ျားတစ်ယောက်ကို တွယ်ကပ်နေတာတို့၊ မျှော်လင့်ချက်ထားတာတို့ လုပ်မှာမဟုတ်တဲ့ မိန်းမမို့လို့..."
"ကိုယ်ကတော့ ကြိုက်တယ်။ မနေ့ညကိုပြောတာ။"
"..."
ဒါဟီးက စကားမပြောနိုင်တော့ဘဲ ဝူဟျွန်းကို ကြည့်လိုက်မိသည်။ သူ့မျက်နှာတွင် ဘာအမူအရာမှမရှိဘဲ ဘယ်သူ့ထက်မဆို ပို၍ တည်ကြည်နေ၏။
"အဲ့ဒီအချိန်ကို ပြန်သွားလို့ရရင် ထပ်ပြီး အဲ့ဒီလိုပဲ လုပ်ဦးမှာ။"
"..."
"ကိုယ့်ကိုယ်ကိုယ်နဲ့ မတူသလို ခံစားရလို့။"
လရောင်လွှမ်းခြုံထားသည့်အောက်တွင် ဖြူဖျော့ပြီးတောက်ပနေသည့် အီဒါဟီး၊ ပုံမှန်ဆိုလျှင် ရေခဲတုံးတစ်တုံးအလား ခံစားချက်များကို မထုတ်ပြတတ်သည့် အီဒါဟီးက သူ့ကို တွယ်ကပ်ကာ အပူတပြင်း မျှော်လင့်တကြီး ငိုခဲ့သည်။ ထိုအချက်တစ်ခုတည်းကြောင့် မနေ့ညက တစ်ညလုံး အိပ်မပျော်နိုင်ဖြစ်ခဲ့ရပြီး၊ မနက်မိုးလင်းသည်နှင့် ကော်ဖီဆိုင်လာဖို့ အတွေးတစ်ခုတည်းသာ သူ့ခေါင်းထဲတွင်ရှိခဲ့၏။
"အဲ့ဒါကြောင့် ပြောချင်တာက အီဒါဟီးနဲ့ အခုလိုပဲ ဆက်ပြီးတွေ့သွားချင်တယ်။"
"..."
"ပြီးတော့ အီဒါဟီးက ဆန္ဒရှိတယ်ဆိုရင် အချိန်မရွေး လုပ်လို့ရတယ်။"
'ဘာကို လုပ်လို့ရတာလဲ' ဟု မမေးဘဲလည်း သိသည်။ မနေ့ည၊ ရူးလုမတတ်ဖြစ်ခဲ့ရသောညကို ရည်ညွှန်းနေခြင်းပင်။
ဝူဟျွန်းက လက်လှမ်းကာ ဒါဟီး၏ ဆံစလေးများကို နားရွက်နောက်သို့ သပ်တင်ပေးခဲ့သည်။
"အီဒါဟီးက ယောက်ျားတစ်ယောက်ကို တွယ်ကပ်တတ်တဲ့ လူစားမျိုးမဟုတ်မှန်း သိထားပြီးသားပါ။ အဲ့ဒါကြောင့် အခု ကိုယ်ကပဲ တွယ်ကပ်တဲ့သူလုပ်မယ်။ ဒီပတ်သက်မှုကို မဖြတ်ပစ်ဖို့ တောင်းပန်ပြီးတော့။"
ဝူဟျွန်း၏လက် ဆံပင်မှခွာသွားချိန်တွင် ဒါဟီး နည်းနည်းလေး နှမြောသလိုဖြစ်မိသည်။ မျက်လုံးပင့်ကြည့်လိုက်တော့ ဝူဟျွန်းက နေရာမှ ထရပ်နေပေပြီ။ သူ၏ သေသပ်ပိရိသော မျက်နှာပေါ်တွင် မနေ့ညက အရိုင်းဆန်ဆန်ညှို့ယူဖမ်းစားနိုင်သည့် မျက်နှာက ထပ်နေ၏။ ဒါဟီး ထိုမျက်နှာကို ထပ်ပြီးမြင်ချင်မိသည်။
"ဖုန်းဆက်လာတာကို စောင့်နေမယ်။"
ဝူဟျွန်း နောက်လှည့်ထွက်ခွာသွားသည်။ ကော်ဖီဆိုင်တံခါးက ပွင့်ပြီး ပြန်ပိတ်သွား၏။ လတ်ဆတ်သော နွေအစ၏ လေနုအေးလေး တိုးဝင်တိုက်ခတ်လာပြီး ပါးပြင်ကိုမထိတထိကျီစယ်ကာ ပျောက်ကွယ်သွားလေသည်။
ပုံမှန်လို လေညင်းကို နှစ်သက်မြတ်နိုးစွာ ခံစားနေရမည့်အစား ဒါဟီးက ဝူဟျွန်း ထွက်သွားသည့်နေရာကိုသာ ငေးစိုက်ကြည့်နေမိတော့၏။
~~~~~
Miel's Translations