no

Font
Theme

အပိုင်း ၂

"ဒါဆို ဟန်ဆော့နဲ့ တကယ်ပဲ မတွေ့တော့ဘူးလား။"

"ထယ်ဆွန်းရေ..."

"အဲ့ဒီလိုမခေါ်နဲ့။ နင် အဲ့ဒီလိုခေါ်ရင် အကြောက်ဆုံးပဲ။"

"ငါလည်း နင့်ကို အဲ့ဒီလို မခေါ်ချင်ပေမဲ့ အခု ဒီလောက်နဲ့ တော်ပါတော့။"

"ဘာကိုလဲ။"

"ငါ့အတွက် သတို့သားရှာနေတာကို။"

"......."

ဒါဟီး၏စကားကြောင့် ထယ်ဆွန်း ခေါင်းငုံ့သွားသည်။ ဒါဟီးက ကုလားထိုင်နောက်မှီကိုမှီကာ ထယ်ဆွန်းကို စိုက်ကြည့်လိုက်သည်။

"သေတဲ့အထိ ယောကျ်ားတွေနဲ့ မတွေ့တော့ဘူးဆိုတဲ့ နင်က ရုတ်တရက် ယောကျ်ားတစ်ယောက် မိတ်ဆက်ပေးပါလို့ ပြောတော့၊ ငါလည်း အပျော်လွန်ပြီး လုပ်မိသွားတာပါ။"

ခဏအကြာတွင် မျက်လွှာချထားသော ထယ်ဆွန်းက အတွန့်တွန့်အဆုတ်ဆုတ်နှင့် ပြောလာသည်။ ဒါဟီးက ထိုသို့ပြောနေသောထယ်ဆွန်းကို ​ခံစားချက်မဲ့စွာ စိုက်ကြည့်ပြီး ခပ်မာမာ စကားစလိုက်သည်။

"သုံးနှစ်လောက်တွဲခဲ့တဲ့ ရည်းစားဟောင်းဆီက မင်္ဂလာဖိတ်စာ ရောက်လာတယ်လေ။ အဲ့ဒါတင်မကဘူး၊ သတို့သမီးက ငါ့သူငယ်ချင်းအရင်းကြီး။ ငါ့​ကိုအကြောင်းပြုပြီး တွေ့ခဲ့ကြတဲ့နှစ်ယောက်က လက်ထပ်တော့မယ်တဲ့။ အဲ့ဒါနဲ့တင် အဓိပ္ပာယ်မရှိတာ မလုံလောက်သေးလို့ ဟိုတလောကပဲ 'တကယ်လာပေးစေချင်ပါတယ်၊ ဂုဏ်ပြုတာကို လိုချင်လို့ပါ' ဆိုပြီး သတို့သားရော၊ သတို့သမီးဆီကပါ စာပို့လာကြတယ်။ ခွင့်လွှတ်မှုကိုလိုချင်တာလား၊ ငါ့ကို ဒေါသထွက်အောင် လုပ်ချင်တာလားတော့ မသိပေမဲ့ ငါ့အမြင်ကကြည့်ရင်တော့ ရည်ရွယ်ချက်က မရိုးသားဘူးလို့ ခံစားနေရတယ်။"

ကြွားချင်နေသည့် သတို့သမီးဘက်နှင့် 'မင်းငါ့ကို မချစ်ဘူး' ဟု အော်ဟစ်သောင်းကျန်းကာ ပျောက်ကွယ်သွားသည့် သတို့သားဘက်။ သူတို့တွေ အမှန်တကယ်ပဲ ခွင့်လွှတ်မှုကို လိုချင်တာဟုတ်ပါ့မလား။

ဟင့်အင်း။ သူတို့က ကြွားပြချင်ကြတာဖြစ်သည်။ 'နင့်ထက်တော့ ငါတို့က ပိုပျော်တယ်၊ နင့်အရှေ့မှာတင် ငါတို့ လက်ထပ်နေပြီ။' သူတို့ပို့လိုက်သည့်စာတွင် ထိုသို့သော ရည်ရွယ်ချက်တွေ ပါနေသည်။ မင်္ဂလာဆောင်ဖိတ်စာကို လျစ်လျူရှုနိုင်ခဲ့သည့် ဒါဟီးက သူ့ထံ ပြောင်ပြောင်တင်းတင်း စာပို့လာကြသော သူတို့နှစ်ယောက်၏ ရည်ရွယ်ချက်ကြောင့် စိတ်ပြောင်းသွား၏။

"စာတွေပါ ပို့ခဲ့တယ်ပေါ့လေ။"

ထယ်ဆွန်းက မသိဟန်ဖြင့် မေးခဲ့သည်။

"အင်း။ နှစ်ယောက်လုံးဆီက။"

"ရူးသွားပြီလား။ ဖောက်ပြန်တဲ့ဟာတွေက ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ။"

ထယ်ဆွန်းက ဒေါသတကြီး အော်လိုက်သည်။

"ကိုယ့်ရဲ့ရည်းစားဟောင်းနဲ့ အဲ့ဒီရည်းစားဟောင်းကို လုယူသွားတဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်လေ။ အဲ့ဒါဆိုရင် ငါ ဘယ်လိုယောက်ျားမျိုးကို ခေါ်ပြီးသွားသင့်လဲ။"

ဒါဟီးက တည်ငြိမ်စွာ မေးလိုက်တော့ ထယ်ဆွန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဒါဟီးက ထိုသို့ဖြစ်နေသော ထယ်ဆွန်းကို စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။

"ဟန်ဆော့လား။ သေချာတော့မသိပေမဲ့ လူကောင်းတစ်ယောက်ဖြစ်မှာပဲ။ နင် မိတ်ဆက်ပေးတာဆိုတော့လေ။ ဒါပေမဲ့ ငါ လိုချင်တာက တစ်သက်လုံးအတူရှိသွားမဲ့ လက်တွဲဖော်မဟုတ်ဘူး။ တစ်ရက်လေးပဲ ငါ့ဘေးမှာ တောက်ပပေးမဲ့ယောက်ျားမျိုးကို လိုချင်တာ။"

"ငါက နင့်ကို အဆင်ပြေစေချင်လို့လေ... ဖြစ်နိုင်ရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်..."

"စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ အချစ်ရေးတွေ မလုပ်တော့ဘူး။ ငါ လိုအပ်တာက အချစ်ကို မလိုအပ်တဲ့သူ၊ တော်ရုံသင့်ရုံဆိုတဲ့သဘောတရားကို နားလည်တဲ့ယောက်ျားတစ်ယောက်ပဲ။"

'ချစ်တယ်' ဟူသော စကားနှင့်စခဲ့သော ဆက်ဆံရေးက နောက်ဆုံးတွင် မချစ်ဘူးဟူသော စကားနှင့် အဆုံးသတ်သွားသည်။ အချစ်က ချိုမြိန်၏။ ချိုမြိန်သလောက်လည်း ခါးသီးလှသည်။ ခါးသီးသလောက်ကို ရှင်းလင်းစရာတွေကလည်း အများကြီးပင်။ ဒါဟီးက ယင်းဆက်ဆံရေးတွေအားလုံးကို မုန်းတီးစက်ဆုပ်နေပြီဖြစ်ပြီး၊ သူက တစ်ဖက်လူ လိုချင်သလောက် စိတ်အားထက်သန်သော မိန်းမတစ်ယောက် ဖြစ်မပေးနိုင်ဘူးဆိုတာကို သိနေသည်။

"အခု ဒီလောက်နဲ့ရပ်လိုက်လို့ရပြီ ထယ်ဆွန်း။ ငါ့ဘာသာ ကြည့်စီစဉ်လိုက်မယ်။"

ဒါဟီးက ဘာခံစားချက်မှမရှိသည့် မျက်နှာနှင့် ထယ်ဆွန်းကို ပြောလိုက်သည်။

"ဟူး..."

သက်ပြင်းချလိုက်သည့် ထယ်ဆွန်းက သူ့လက်ချောင်းတွေသူ လှုပ်ရှားဆော့ကစားနေသည်။ သူ့မျက်နှာက စိတ်ကျဉ်းကျပ်နေပုံပင်။

"အဲ့ဒီလိုလုပ်ပေးပါ။"

ဒါဟီး တစ်ခါထပ်ပြီး အတည်ပြုလိုက်တော့ ထယ်ဆွန်း ခေါင်းထောင်လာသည်။ ဒါဟီးက များပြားလှသော အချစ်ရေးတို့ကြောင့် ပင်ပန်းနွမ်းနယ်နေသူပင်။ အခြားမိန်းကလေးများနှင့်ယှဉ်လျှင် ပို၍ဆင်ခြင်တုံတရားရှိကာ အေးစက်တည်ငြိမ်သော ဒါဟီး ဖြစ်သော်လည်း၊ သူ့ဘဝထဲ ဝင်လာခဲ့သူများကို လက်လွှတ်ရခြင်းက လွယ်ကူသည့်ကိစ္စတော့ဟုတ်မည်မထင်ပေ။ ထိုအချက်ကို ကောင်းစွာသိနေသဖြင့် လူကောင်းတစ်ယောက်နှင့် မိတ်ဆက်ပေးပြီး ဒဏ်ရာများကို ကျက်စေချင်ခဲ့မိသည်။ ထို့အပြင် တစ်ချိန်မှာစပြီး မပြုံးမရယ်တော့သော ဒါဟီးအား တစ်ဖန်ပြန်၍ ရယ်ရယ်မောမောရှိစေချင်၏။ သို့သော် သူ၏ အလောတကြီးလုပ်ရပ်​က ဒါဟီးကို ပို၍သာပင်ပန်းစေခဲ့သည်။

"သိပါပြီ။"

ထယ်ဆွန်းက အလိုက်သင့်ပင် ပြန်ဖြေလိုက်၏။

"အင်း၊ ကျေးဇူးပဲ။"

ဒါဟီး၏ မျက်နှာတွင် နောက်ကျမှ အပြုံးခပ်ရေးရေးတစ်ခု ပေါ်လာသည်။ ထယ်ဆွန်းက ခါးသီးသော မျက်နှာဖြင့် နှုတ်ခမ်းကိုဟပြီးမှ ပြန်ပိတ်လိုက်သည်။

'ဟူး...ပါးစပ်ပိတ်ထားခဲ့ရမှာကို။'

ထယ်ဆွန်း၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော ထိုစကားကိုမြင်ပြီး ပြုံးလိုက်သည့် ဒါဟီးက မေးခဲ့သည်။

"ကော်ဖီ ဘာသောက်မလဲ။"

"ငါ ကာရာမယ်လ် မာကီယာတို။"

ထယ်ဆွန်းက အားမရှိသောလေသံဖြင့် အလိုက်သင့် ပြန်ဖြေခဲ့သည်။ ဒါဟီးက အသာလေးရယ်ပြီး ထိုင်နေရာမှ ထလိုက်ချိန်တွင် အမှတ်တမဲ့ ခေါင်းလှည့်ကြည့်လိုက်မိ၏။ ပြတင်းပေါက်ဘေးတွင်ရှိသော တစ်ယောက်ထိုင်ဆိုဖာ၏ လက်တင်ပေါ်တွင် လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ချည်ဘောင်းဘီ၊ အပြာရောင်ဆွယ်တာအင်္ကျီနှင့် ယင်းအပေါ်တွင် ဝတ်ထားသော ကာဒီဂန်တို့က အလွန်ပင် သက်သောင့်သက်သာရှိလှသည်။

သူ အဲ့ဒီမှာ ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ။

အမြဲတစေ မျက်နှာသေဖြင့် နေတတ်သော ထိုလူ၏ နှုတ်ခမ်းတွင် ခပ်ရေးရေး အပြုံးတစ်ခု ပေါ်နေသည်။ ထိုအပြုံးကြောင့်ပဲလား၊ မဟုတ်လျှင် ပြတင်းပေါက်မှ ဝင်လာသော သဘာဝအလင်းရောင်ကြောင့်ပဲလားမသိ၊ ထိုလူ၏ ရုပ်ရည်က ပို၍ပင် တောက်ပနေ၏။

"ကြိုဆိုပါတယ်။"

ဒါဟီးက နှုတ်ဆက်ရင်း ကောင်တာအရှေ့တွင် ရပ်လိုက်၏။ ထိုလူက သဘာဝကျကျပင် ကောင်တာဆီသို့ လျှောက်လာကာ အကျင့်ပါနေသည့်အတိုင်း မီနူးစာရင်းကို ကြည့်ခဲ့သည်။ ဒါဟီးက ထိုလူ၏ အဖြေကို စောင့်ရင်း အမေရိကာနိုကို သဘာဝကျကျရွေးရန် ပြင်နေချိန်တွင်။

"အက်စ်ပရက်ဆို။"

ဒါဟီး၏လက်လည်း ဖန်သားပြင်ပေါ်တွင် တုံ့ခနဲ ရပ်သွားတော့သည်။ ဒါဟီးက မျက်လုံးကိုသာပင့်ကာ ထိုလူကို ကြည့်လိုက်မိ၏။ သူက ဤကော်ဖီဆိုင်သို့ လာသည့်အခါတိုင်း တစ်ခါမှ မှာယူမှုကိုမပြောင်းလဲဖူးပေ။ ထိုလူက ဒါဟီးကိုကြည့်ကာ အပြုံးရေးရေးဖြင့်ပင် ရှိနေသေးသည်။ ဒါဟီးလည်း အမေရိကာနို မှာယူမှုကို ဖျက်သိမ်းပြီးနောက် အက်စ်ပရက်ဆိုကို ပြန်လည်မှာယူလိုက်သည်။

"ခဏနေရင် လာပို့ပေးပါ့မယ်။"

ငွေရှင်းပြီးနောက် ထိုလူက သူ အမြဲထိုင်နေကျနေရာသို့ လျှောက်သွားကာ ထိုင်ခဲ့သည်။

ထိုလူ၏ အက်စ်ပရက်ဆိုကို အရင်ပို့ပေးပြီးနောက် ထယ်ဆွန်းနှင့်အတူသောက်ရန် ကာရာမယ်လ် မာကီယာတို နှစ်ခွက်ကို ဖျော်နေစဉ်တွင်။

"ဒါဟီးရေ။"

လှည့်ကြည့်လိုက်တော့ ထယ်ဆွန်းက မျက်နှာပျက်ပျက်နှင့် ရပ်နေသည်။

"ဘာဖြစ်လို့လဲ။"

"အားနာလိုက်တာ၊ ဘယ်လိုလုပ်ရမလဲမသိဘူး။ အမေက အိမ်ကို လာခိုင်းနေလို့။ အရေးပေါ်ကိစ္စဖြစ်မယ်ထင်တယ်။"

"ဟုတ်လား။"

ဒါဟီး၏အကြည့်က ကာရာမယ်လ် မာကီယာတို နှစ်ခွက်ဆီကို ခပ်စွေစွေ ကျရောက်သွားသည်။

သူက ထယ်ဆွန်းမမြင်အောင် ကော်ဖီကို ကျောဖြင့်ကွယ်ထားလိုက်၏။

"မြန်မြန်သွားလိုက်လေ။"

"ကော်ဖီ မဖျော်ရသေးဘူးမဟုတ်လားဟင်။"

"ဟင့်အင်း။ မဖျော်ရသေးဘူး။ မြန်မြန်သွားလိုက်။"

"အင်းပါ၊ အားနာပါတယ်ဟယ်။ နောက်မှ ပြန်ဆက်သွယ်လိုက်မယ်။"

"အင်း။"

ဒါဟီးကို တောင်းပန်စကားတွေ အထပ်ထပ်အခါခါပြောပြီးသည့်နောက် ထယ်ဆွန်းက အလောတကြီး ခြေလှမ်းများဖြင့် ကော်ဖီဆိုင်ထဲမှ ထွက်သွားခဲ့သည်။ ထယ်ဆွန်း အတော်ဝေးဝေး ရောက်သွားတော့မှ ဒါဟီးက ကာရာမယ်လ် မာကီယာတို နှစ်ခွက်ကို ငုံ့ကြည့်လိုက်သည်။

ဘယ်လိုလုပ်ရမလဲ။

တစ်ချက်စဉ်းစားပြီးနောက် ဒါဟီးက ကော်ဖီနှစ်ခွက်ကို ငွေရှင်းကောင်တာဘေးတွင် ထားလိုက်သည်။ သောက်လိုက်ရုံပင်။ ကာရာမယ်လ် မာကီယာတိုအေးထဲကို ပိုက်တပ်ပြီး တစ်ငုံစုပ်ယူလိုက်စဉ် ခေါင်းပေါ်သို့ အရိပ်တစ်ခု ကျလာသည်။ ဘယ်သူဆိုတာ သေချာကြည့်ချိန်ပင်မရလိုက်ခင် စောစောက မြင်ခဲ့ရသည့်ကတ်က မျက်စိရှေ့တွင် ရောက်နှင့်နေပေပြီ။ ဒါဟီးက ခေါင်းမော့ကာ ထိုလူကို ကြည့်လိုက်၏။

"ကာရာမယ်လ် မာကီယာတို တစ်ခွက်။"

ထိုလူက စောစောက ထယ်ဆွန်းအတွက်ဖျော်ထားသော ကာရာမယ်လ် မာကီယာတိုခွက်ကို ကိုင်ထားခဲ့သည်။ အက်စ်ပရက်ဆို မဟုတ်လျှင် အမေရိကာနိုကဲ့သို့သော ကော်ဖီပြင်းပြင်းတွေသာ သူနှင့်လိုက်ဖက်မည်ဟု ထင်ထားခဲ့သော်လည်း ဒီလူက ကာရာမယ်လ် မာကီယာတိုအေးနဲ့လည်း တစ်မျိုးတစ်မည် လိုက်ဖက်နေပြန်သည်။

"အသစ်လုပ်ပေးပါ့မယ်။"

ဒါဟီး ခွက်ကိုယူရန် လက်လှမ်းလိုက်စဉ် ထိုလူက သူ့လက်ကို နောက်ဆုတ်လိုက်သည်။ လေကိုသာ ဖမ်းဆုပ်မိသွားသည့် ဒါဟီးလည်း မျက်လုံးလေးပင့်ကာ ထိုလူကို ကြည့်လိုက်မိ၏။

"ဒါကိုပဲ ယူပါ့မယ်။ အဲ့ဒီအစား။"

ထိုလူကက စကားကို ခဏရပ်လိုက်သည်။ ဒါဟီး ကြည့်လိုက်တော့ သူ့နှုတ်ခမ်းထောင့်စွန်းများက ဆွဲဆောင်မှုရှိရှိ ကွေးညွတ်နေ၏။

"ကော်ဖီဖျော်မဲ့အချိန်ကို ကျွန်တော့်အတွက် ပေးပါလား။"

ရုတ်တရက် မိုးရွာသည့်နေ့က သူ့ကို အကြာကြီးစိုက်ကြည့်ပြီးသည့်နောက်တွင် ဒီလူ ပထမဆုံးအကြိမ် စကားစပြောလာခြင်းပင်။ ဘာကြောင့်များလဲ။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ငြင်းဖို့သာစဉ်းစားထား၏။ ထိုအချိန်တွင် ဒါဟီး၏အကြည့်က ကွေးညွတ်နေသော ထိုလူ၏ နှုတ်ခမ်းထောင့်စွန်းများဆီ တန်းတန်းမတ်မတ် ကျရောက်သွားခဲ့သည်။ ထူးဆန်းစွာပင် ထိုနှုတ်ခမ်းထောင့်စွန်းများကို မြင်လိုက်ရသည့်အခိုက်အတန့်၌ သိချင်စိတ်များ တဖွားဖွားပေါ်လာ၏။ ဒီလူ ဆွဲဆောင်မှုရှိတဲ့ အဲ့ဒီနှုတ်ခမ်းတွေနဲ့ ဘာများပြောလောက်မလဲဟူ၍။

ခဏလောက် စဉ်းစားပြီးနောက် ဒါဟီးက မျက်နှာချင်းဆိုင်တွင်ရှိသော ထိုင်ခုံကို ညွှန်ပြလိုက်သည်။

"ထိုင်ပါ။ ဒါပေမဲ့။"

ဒါဟီးက စကားကို ဖြတ်လိုက်တော့ ထိုလူက ကြည့်လာသည်။ ဒါဟီးလည်း ကတ်ကို ထိုလူ၏အရှေ့သို့ ကမ်းပေးလိုက်၏။

"ကော်ဖီဖိုး မလိုပါဘူး။"

ဒါဟီး၏တုံ့ပြန်စကားကြောင့် ထိုလူက လေးတိလေးပင်နှင့် မျက်လုံးကို မှိတ်လိုက်၊ ဖွင့်လိုက် လုပ်လိုက်သည်။

"ကောင်းပါပြီ။"

သူက ပြန်ဖြေရုံသာဖြေကာ ကတ်ကိုတော့ ပြန်မသိမ်းခဲ့ပေ။ ကာရာမယ်လ် မာကီယာတိုကို သူ့အရှေ့သို့ ဆွဲယူပြီး ထိုင်ခုံပေါ် ထိုင်ကာ ဒါဟီးကို ကြည့်နေခဲ့သည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment