no

Font
Theme

အပိုင်း ၂၀

ဒါဟီးဆီမှ စာရောက်လာသည်က နောက်တစ်နေ့တွင်ဖြစ်သည်။

[ဒီနေ့ အချိန်ရလားရှင့်။]

ဝူဟျွန်းက ဒါဟီး စိတ်ပြောင်းသွားမည်စိုး၍ ဖုန်းစခရင်န်ကို အလျင်အမြန် တို့လိုက်သည်။

[အားတယ်။ ဘယ်ချိန်ဖြစ်ဖြစ်။]

ဝူဟျွန်းတစ်ယောက် စာပို့ပြီးနောက် အသံထွက်ကာ ရယ်လိုက်သည်။ ဘယ်သူကြည့်ကြည့် စိတ်အားထက်သန်စွာမျှော်နေကြောင်း ပေါ်လွင်နေသည့်စာပင်။ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုသည်ကို ဝူဟျွန်းက သူ့ကိုယ်သူ တမင်မေးမကြည့်ခဲ့ပေ။ ဆက်ဆံရေးတစ်ခုကို အဓိပ္ပာယ်သတ်မှတ်ဖို့ ကြိုးစားလေ၊ ထိုဆက်ဆံရေးက ကမောက်ကမဖြစ်လေပင်။

ပျင်းလျှင် တွေ့သည့်သူ၊ sex လုပ်ရတာ ထူးထူးခြားခြားကောင်းသည့်သူ။

ဝူဟျွန်းက ဒါဟီးအကြောင်း တွေးနေခြင်းကို ဤမျှဖြင့်ရပ်ရန် အတင်းအကျပ် ဆုံးဖြတ်လိုက်သည်။

"အရင်တစ်ခါ မသွားလိုက်ရတဲ့ အီတလီစားသောက်ဆိုင်ကို သွားရအောင်လေ။ မစားဖြစ်လိုက်တာ နှမြောလို့ပါ။"

ဖာရာရီကားပေါ် တက်ရင်း ဒါဟီးက ရုတ်တရက် ပြောခဲ့သည်။ ဒါဟီး၏ စိတ်နေစိတ်ထားအရ တွေဝေတာတို့၊ စိတ်ထိခိုက်ခံစားလွယ်တာတို့ လုံးဝရှိမှာမဟုတ်မရှိဘူးဟု ထင်ထားသော်လည်း နှုတ်ဆက်စကားကိုပင် လျစ်လျူရှုလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။ သို့သော် ခေါင်းကပဲ ရှုပ်နေ၍လားမသိ၊ ဤသို့ တဲ့တိုးဆန်သော ဒါဟီးက သက်သောင့်သက်သာ ဖြစ်စေသည်ဟု ခံစားရသည်။ ကြိုက်တာကို မကြိုက်ချင်ယောင်ဆောင်၊ မကြိုက်တာကို ကြိုက်ချင်ယောင်ဆောင်၊ စဉ်းစားပြီး တွက်ချက်နေရသည့် ဆက်ဆံရေးများထက် ပွင့်ပွင့်လင်းလင်းနှင့် အရာအားလုံးကို အရှိအတိုင်း ပြတတ်သော ဒါဟီးနှင့်သာ ဆက်တွေ့သွားလျှင် တခြားမိန်းမများနှင့် တစ်သက်လုံး တွေ့နိုင်တော့မည်မဟုတ်ဟူ၍ တွေးမိရသည်အထိပင်။

"အင်း။"

ဝူဟျွန်းက ကားကို စားသောက်ဆိုင်ဆီသို့ မောင်းသွားလိုက်သည်။

"မနေ့က ဘာလို့ မလာတာလဲ။"

ဒါဟီးက ရုတ်တရက် မေးခဲ့သည်။

"စောင့်နေတာလား။"

"ကျွန်မဖုန်းကို စောင့်တာကတစ်ကဏ္ဍ၊ ကော်ဖီဆိုင်ကို လာတာက တစ်ကဏ္ဍလေ။"

"မင်း စိတ်ကသိကအောက်ဖြစ်လောက်မယ်ထင်လို့။"

"စိတ်ကသိကအောက်ဖြစ်ရရင် ထွက်သွားဖို့ပြောမှာပေါ့။"

"အဲ့ဒီစကားကို မကြားချင်လို့။"

ဝူဟျွန်းက ခပ်တိုးတိုးရယ်ရင်း ပြန်ဖြေလိုက်တော့ ဒါဟီးပါ နောက်ကနေ ခပ်တိုးတိုး လိုက်ရယ်ခဲ့သည်။

မနေ့ညက ဆိုင်ပိတ်နေရင်း ဒါဟီးတစ်ယောက် သူ ဝူဟျွန်းကို စောင့်နေမိမှန်း သိလိုက်ရသည်။ ထို့ကြောင့် ဆိုင်တံခါးကို မပိတ်ဘဲ တွေဝေနေမိ၏။ ဆက်ဆံရေးကို အဆုံးသတ်နိုင်သည့်ကတ်က သူ့လက်ထဲတွင် ရှိနေလို့ပဲလားဟု စဉ်းစားခဲ့သော်လည်း အဖြေက တစ်ခုတည်းပင်။ နှမြောတသစိတ်။ ဝူဟျွန်းနှင့် ထပ်တွေ့ချင်သည်။ ထပ်ပြီး sex လုပ်ချင်သည်။ သိချင်မိ၏။ တကယ်ပဲ ထိုညကအတိုင်း ဝူဟျွန်းနှင့် sex လုပ်တာက ကောင်းလောက်ဦးမည်လား။

နောက်တစ်နေ့မနက်တွင် ဒါဟီးတစ်ယောက် အတွေးများကို ရှင်းလင်းလိုက်သည်။ တကယ်တမ်း လမ်းခွဲစရာ အကြောင်းပြချက်မရှိသောကြောင့် တမင်လမ်းခွဲရန်မလိုဟူ၍။ ဝူဟျွန်းက သူ့ကို ချစ်တာမဟုတ်။ ဒီအတိုင်း သူနှင့်တွေ့ပြီး sex လုပ်ရတာကို နှစ်သက်ရုံသာ။ ဒါဟီးလည်း ထိုနည်းလည်းကောင်းပင်။ ထိုလူက အားကုန်သုံးပြီး လက်ကိုရမ်းလျှင်ပင် သူ့စိတ်ထဲကို မရောက်နိုင်မည့် အကွာအဝေးတစ်ခုကို ထိန်းထားနိုင်ခဲ့သည်။ ထို့ကြောင့် ဝူဟျွန်းနှင့် ဆက်သွယ်ရသည်ကို သက်သောင့်သက်သာရှိ၏။

စားသောက်ဆိုင် ကားပါကင်တွင် ကားကို ရပ်ပြီးနောက် ဝူဟျွန်း ဆင်းလိုက်သည်။ အရင်ဆင်းနှင့်ပြီး စောင့်နေသည့် ဒါဟီးက သူ့ဘက် လျှောက်လာသည့် ဝူဟျွန်းကို ရုတ်တရက် မေးခဲ့သည်။

"သူနိုင်ကိုယ်နိုင် အင်အားပြိုင်ရမဲ့ မိန်းမရော ဘယ်လိုဖြစ်သွားပြီလဲ။"

"မပြောတတ်ဘူးလေ။ စိတ်မဝင်စားတော့ မသိဘူး။"

ဝူဟျွန်းက ဆောအွန်းကို လုံးဝစိတ်မဝင်စားခဲ့ပေ။ နောက်ပိုင်း အမေဖြစ်သူဆီမှ အဆက်မပြတ် ဖုန်းတွေဆက်လာပြီး ဆောအွန်းဆီမှလည်း ဖုန်းတွေလာခဲ့သော်လည်း ဝူဟျွန်းက ဖုန်းမကိုင်ခဲ့။

"ဒီမှာ ထပ်တွေ့မှာမျိုးတော့ မဟုတ်ပါဘူးနော်။"

"ဟင့်အင်း။"

ဝူဟျွန်းက စိတ်ပူစရာမလိုဘူးဟုပြောနေသလိုမျိုး ပြုံးလိုက်ရင်း ဒါဟီး၏လက်ကို ဆုပ်ကိုင်ခဲ့သည်။ တစ်ချက်လောက် တုံ့ခနဲရပ်တန့်သွားသော်လည်း ဒါဟီးက သူ့လက်ကိုတော့ ဝူဟျွန်း၏လက်ထဲမှ ပြန်မရုပ်သိမ်းခဲ့။ Sex တောင် လုပ်ခဲ့ပြီးသည့်နောက်တွင် လက်ကိုင်တာက အဆန်းမဟုတ်တော့ပေ။ ယင်းထက် အရေးကြီးသည့်အချက်က ဝူဟျွန်း၏လက်မှာ သူ့လက်ထက် အများကြီးပိုကြီးပြီး မြဲမြံခိုင်မာသည်ဟု ခံစားရခြင်းပင်။

"ဘာဖြစ်လို့ အဲ့ဒီလို ကြည့်နေတာလဲ။"

ဝူဟျွန်းက သူ့အား ဆုပ်ကိုင်ထားသောလက်ကို စိုက်ကြည့်နေသည့် ဒါဟီးကို မေးခဲ့သည်။

"လက်က ကြီးလိုက်တာ၊ လက်က တကယ် နွေးတာပဲ၊ လက်က တကယ် ကောင်းတယ် ဆိုပြီးတွေးနေတာလေ။"

သူ့အတွေးသူ ပွင့်ပွင့်လင်းလင်း ပြောပြနေသည့် ဒါဟီးကို ကြည့်ပြီး ဝူဟျွန်းက ခပ်တိုးတိုးရယ်ခဲ့သည်။

"ဒါဆို ဆက်ပြီး အဲ့ဒီအတိုင်းပဲ ခံစားနေ။"

ဝူဟျွန်းက ဒါဟီး၏လက်ကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ည ၉ နာရီ။ ညစာစားရန် နောက်ကျသောအချိန်ဖြစ်သော်လည်း စားသောက်ဆိုင်ကတော့ လူပြည့်လုနီးပါးပင်။ အများစုက အလုပ်ဆင်းလာကြသော စုံတွဲများဖြစ်ကြ၏။ ဝူဟျွန်းနှင့် ဒါဟီးက တိုက်တိုက်ဆိုင်ဆိုင် အရင်တစ်ခါလာတုန်းက ထိုင်ခဲ့သည့် ထိုနေရာမှာပင် ထိုင်ခဲ့ကြသည်။ စားပွဲထိုးကလည်း အရင်လူပင်။ သူက ဒါဟီး အစားအသောက်မှာနေစဉ် တစ်လျှောက်လုံး မျက်နှာတွေနီနေကာ ဦးညွှတ်ပြီး ပျောက်သွား၏။ ဝူဟျွန်းတစ်ယောက် ထိုနေ့က မန်နေဂျာအား စားပွဲထိုးများကို ကောင်းကောင်းစည်းကမ်းပေးဖို့ မပြောခဲ့ရသည်ကို နောင်တရမိတော့သည်။

"ညစာမစားခင် ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ချင်တာ တစ်ခုရှိပါတယ်။"

ဒါဟီး၏ တည်ငြိမ်သော အသံကြောင့် စားပွဲထိုး၏ နောက်စေ့ကို ကြည့်နေသည့် ဝူဟျွန်းလည်း ခေါင်းလှည့်လာသည်။

"ညစာမစားခင် ဝမ်းနည်းစရာသတင်းတော့ မကြားချင်ဘူး။"

ဝူဟျွန်းက ခေါင်းငဲ့ရင်း ပြောလိုက်သည်။

"ဝမ်းနည်းစရာမဟုတ်ပါဘူး။"

"ဒါဆို ပြောလေ။"

"အခုလိုပဲ ဆက်ပြီးတွေ့ကြတာပေါ့။"

"အင်း။"

ဝူဟျွန်းက အလွယ်တကူပင် သဘောတူလိုက်သည်။

"ပြီးတော့ sex လည်း လုပ်ကြမယ်။"

တိကျပြတ်သားလှသည့် ဒါဟီး၏ စကားကြောင့် ဝူဟျွန်းက တကယ်ကြီးလားဟူသော ပုံစံဖြင့် ကြည့်ခဲ့သည်။ ဒါဟီးက wet wipe နှင့် လက်ကို သေချာသုတ်ရင်း တည်ငြိမ်စွာ ဆက်ပြောခဲ့၏။

"နှစ်ယောက်စလုံး ဆန္ဒရှိတဲ့အခါ လုပ်ကြတာပေါ့။ ကျွန်မ ဆန္ဒရှိတဲ့အခါမှပဲ လုပ်မယ်ဆိုရင် ဝူဟျွန်းအတွက် မတရားဘူးဖြစ်သွားမယ်လေ။ နှစ်ဦးနှစ်ဖက်စလုံး သာယာမှုရဖို့လုပ်တဲ့ကိစ္စပဲမဟုတ်လား။ အဲ့ဒါကြောင့် ဝူဟျွန်းလည်း ဆန္ဒရှိတဲ့အခါပြောပါ။ ကျွန်မ စိတ်မပါတဲ့နေ့တွေဆိုရင်တော့ ငြင်းမှာပေါ့။ ကျိန်းသေပေါက်  အတင်းအကျပ်လုပ်တာမျိုးတော့ မရဘူးလေ။ အဲ့ဒီလိုလုပ်ရင် ရဲတိုင်မှာပါ။ ပြီးတော့ ဒိတ်လုပ်တာကို ၇၀%၊ sex လုပ်တာကို ၃၀% လောက် ဖြစ်စေချင်တယ်။ Sex ကိုပဲ ဦးစားပေးတဲ့ ဆက်ဆံရေးက သိပ်ပြီးတော့အဓိပ္ပာယ်မရှိဘူးလေ။ ကျွန်မကတော့ အခုအထိ sex လုပ်တာထက် ဝူဟျွန်းနဲ့ ရိုးရိုးရှင်းရှင်း ဒိတ်လုပ်ရတာကို ပိုကြိုက်နေတုန်းပဲ။"

ကုမ္ပဏီဖိုရမ်တွင် presentation လုပ်နေသကဲ့သို့ ဒါဟီးက ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောခဲ့သည်။ ပတ်ဝန်းကျင်က ဆူညံနေသဖြင့် အနီးအနားမှလူများ ကြားနိုင်မည်မဟုတ်သော်လည်း ကြားသွားခဲ့မည်ဆိုလျှင်တောင် ဝူဟျွန်းကတော့ ဂရုစိုက်မည်မဟုတ်ပေ။ ဝူဟျွန်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ်အလျားလိုက် ပြန့်သွားတော့သည်။

"ကောင်းပြီလေ။ ရုပ်သိမ်းတာမျိုးမရှိဘူးနော်။"

"ရုပ်သိမ်းတာတော့ ရှိတာပေါ့။"

"ရုပ်သိမ်းမဲ့ အခြေအနေတွေက ဘာတွေလဲ။"

"ကျွန်မတို့ထဲက တစ်ယောက်ယောက်မှာ နောက်ထပ်ချစ်သူ ပေါ်လာမယ်ဆိုရင် ဆက်ဆံရေးက အလိုလို ရုပ်သိမ်းပြီးသားဖြစ်သွားမယ်။"

ဝူဟျွန်းက ဒါဟီး၏ စကားကို နားလည်သည်ဟုပြောနေသည့်အလား ခေါင်းညိတ်လိုက်သော်လည်း မျက်ခုံးများကို ကျုံ့လိုက်မိ၏။ သူ့တွင် တခြားချစ်ရမည့်သူ ပေါ်လာစရာ အကြောင်းမရှိပေ။ သို့သော် ဒါဟီးတွင် တခြားချစ်ရမည့်သူ ပေါ်လာမည်ဆိုလျှင်...။ သူ့လိုပဲ အချစ်ကိုစိတ်မဝင်စားသူ ဒါဟီးပင်။ မဖြစ်နိုင်ပါဘူးဟုတွေးရင်း ဝူဟျွန်းက သူ၏ စိုးရိမ်စိတ်များကို ဖယ်ရှားလိုက်သည်။

"ပြီးတော့..."

ဒါဟီးက ပြောရခက်နေသလို တစ်ချက်လေး စကားရပ်သွားသည်။ ဝူဟျွန်းက သူ့ကို ကြည့်လိုက်၏။

"တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားရင် ရုပ်သိမ်းမယ်။"

ထိုစကားကြောင့် ဝူဟျွန်း၏ မျက်ခုံးများ ကျုံ့သွားတော့သည်။

"ဘာဖြစ်လို့လဲ။"

"ဝူဟျွန်းက အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပါ။ ကျွန်မ ဘဝတစ်လျှောက်လုံး ကြည့်ရင်တောင်မှလေ။ အဲ့ဒါကြောင့် မချစ်ချင်ပါဘူး။"

"အဲ့ဒါကြောင့် အကြောင်းရင်းကို မေးနေတာလေ။ ဘာကြောင့်လဲလို့။"

နည်းနည်း ဒေါသထွက်နေသည့်ပုံနှင့် မျက်ခုံးများကိုကျုံ့ထားသော ဝူဟျွန်းကို ကြည့်ရင်း ဒါဟီးက သူနှင့်မတူအောင် တွေဝေသွားခဲ့သည်။ Wet wipe ကို ပွတ်သပ်ရင်း အတွေးများကို ရှင်းလင်းနေသည့် ဒါဟီးကို ဝူဟျွန်းက စိတ်ရှည်ရှည်နှင့် စောင့်နေ၏။

"ကျွန်မက ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိပါတယ်။"

နောက်ဆုံးတွင် ဒါဟီး စကားစပြောလေတော့သည်။

"အဲ့ဒီတော့။"

ဝူဟျွန်းက ယဉ်ကျေးသော်လည်း အနည်းငယ် ပြတ်သားသည့်အသံနှင့် မေးခဲ့သည်။

"ကျွန်မက လူတစ်ယောက်ကို ချစ်မိရင်တောင် လွယ်လွယ်ကူကူနဲ့ ပြင်းပြင်းပြပြ ဖြစ်မလာတတ်ပါဘူး။ ပင်ကိုကလည်း သွေးအေးတဲ့ စိတ်နေစိတ်ထားရှိသလို၊ ဘယ်သူ့ကိုမှလည်း နက်နက်ရှိုင်းရှိုင်း ချစ်ဖူးတာမျိုးမရှိဘူးရှင့်။ ချစ်မိသွားရင် ဝူဟျွန်းပဲ နာကျင်ရလိမ့်မယ်။ နောက်ဆုံးကျရင် 'မင်း ငါ့ကို မချစ်ဘူး'၊ 'မင်းက ဘယ်သူ့ကိုမှ ချစ်နိုင်တဲ့သူ မဟုတ်ဘူး'၊ 'မင်းက သွေးအေးတယ်' အဲ့ဒီလို စကားတွေ ပြောလာမှာ။ တခြားအရာတွေတော့မသိပေမဲ့ ကျွန်မ အဲ့ဒီစကားတွေကို ဝူဟျွန်းဆီကနေ မကြားချင်ဘူးရှင့်။"

"ကိုယ်လည်း ဘယ်သူ့ကိုမှ ချစ်ခဲ့ဖူးတာမျိုးမရှိဘူး။ အဲ့ဒီလို စကားမျိုးတွေကြားပြီး နေခဲ့ရတဲ့သူပဲ။ ကွာတာဆိုလို့ သွေးအေးတဲ့ဘက်က ကိုယ်ဖြစ်နေတာပဲရှိတယ်။"

"ဒါဆို ကောင်းတာပေါ့။ ကျွန်မတို့ချင်း ချစ်မိနိုင်ခြေ ပိုတောင်နည်းသွားသေးတယ်။"

'ဒါကို ကံကြမ္မာကဖန်တီးပေးတဲ့ date mate လို့ပဲ ခေါ်ရမလား' ဟု တီးတိုးရေရွတ်လိုက်သည့် ဒါဟီးက ကျေနပ်နေသလို ပြုံးခဲ့သည်။ သို့ရာတွင် ဝူဟျွန်း၏ ကျုံ့နေသောမျက်ခုံးများကတော့ ပြေလျော့မလာခဲ့။ ဒါဟီး၏ စကားက ဝူဟျွန်း အကြားချင်ဆုံး စကားပင်။ ဝူဟျွန်းက ဘယ်သူ့ကိုမှ တကယ်တမ်း ချစ်ဖူးတာမျိုး မရှိခဲ့ဘဲ၊ ထို့ကြောင့်ပင် အမြဲသွားနေကျ ကော်ဖီဆိုင်ပိုင်ရှင် အမျိုးသမီးကို date mate အဖြစ် ကမ်းလှမ်းခဲ့မိခြင်းဖြစ်၏။ သို့သော်လည်း စိတ်ပျက်မိသည်။ သူ မငြင်းခင် တစ်ဖက်က ငြင်းလိုက်၍ပဲလား။ ထိုသို့လည်း မဟုတ်ပြန်ပေ။ ဘာများဖြစ်မလဲ။ ဝူဟျွန်း စဉ်းစားနေစဉ် စားပွဲထိုးက လင်ပန်းကိုကိုင်ပြီး ရောက်လာသည်။

"ခွင့်ပြုပါခင်ဗျ။"

စားပွဲထိုးက စားပွဲပေါ်သို့ အသုပ်၊ ပေါင်မုန့်၊ ယိုနှင့် ရေတို့ကို အရင်ချပေးခဲ့သည်။ ဒါဟီးက ပေါင်မုန့်ကို ကောက်ယူပြီး တစ်ဝက်ခြမ်းလိုက်သည်။ မွှေးကြိုင်သော ရနံ့လေး ပျံ့လွင့်လာ၏။

"ဒီက ပေါင်မုန့်လည်း အရသာရှိတယ်။ စားကြည့်ပါ။"

ဒါဟီးက ပေါင်မုန့်ကို ကမ်းပေးလိုက်သည်။

"အင်း။"

ဝူဟျွန်းက ပြန်ဖြေခဲ့သော်လည်း လက်တော့မလှမ်းခဲ့ချေ။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment