no

Font
Theme

အပိုင်း ၂၆

ဝူဟျွန်း တဖြည်းဖြည်း ပြောင်းလဲလာကြောင်းကို ဒါဟီး ခံစားမိနေခဲ့သည်မှာ အတန်ကြာ​ပေပြီ။ တွေ့ဆုံသည့်အချိန်နှင့် အကြိမ်ရေ များလာသည်နှင့်အမျှ သူ့ကိုကြည့်သည့် ဝူဟျွန်း၏ မျက်လုံးအကြည့်နှင့် အပြုအမူများ အနည်းငယ် ပြောင်းလဲလာသည်။ ဂရုစိုက်တတ်သော်လည်း နွေးထွေးမှုမရှိသော သူ၏ လက်ဖျားလေးများက တဖြည်းဖြည်း ပူနွေးလာ၏။ ၄၀ ဒီဂရီဆီသို့ ဦးတည်နေသော သူ့နှလုံးသား၏ အပူချိန်ကိုရိပ်မိသော်လည်း ဒါဟီးက မဟုတ်ဘူးဟု ယုံကြည်ချင်ခဲ့သည်။

ဝူဟျွန်းကို သူ မဆုံးရှုံးချင်သေး၍ပင်။

"မင်းက ကိုယ် ဘာကြောင့် ဒီကိုရောက်လာရသလဲဆိုတာကို နောက်ဆုံးအထိ မေးမှာမဟုတ်ဘူးဆိုတော့ ကိုယ်ကပဲ ပြောပြမယ်။ မင်းကို အဲ့ဒီနေရာဆီ မလွှတ်ချင်ဘူး၊ တခြားယောကျ်ားတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်ဖို့ စိတ်ကူးယဉ်မှာကိုလည်း မလိုချင်ဘူး၊ ဒီဆက်ဆံရေးကို အဆုံးသတ်ဖို့ စဉ်းစားတာလည်း မကြိုက်ဘူး။ အဲ့ဒါကြောင့် ချိန်းထားတဲ့ blind date ကို မသွားပါနဲ့။"

သံသယကိုရှင်းသွားစေသည့် ဝူဟျွန်း၏ စကားကြောင့် ဒါဟီးလည်း အလွန်တရာ ပင်ပန်းနွမ်းနယ်လာသလို ခံစားရပြီး မျက်လုံးများကို မှိတ်လိုက်မိသည်။

ထိုသို့သော ဒါဟီးကို ဝူဟျွန်းက တည့်တည့်စိုက်ကြည့်ခဲ့၏။ ဒါဟီးအပေါ် သူ့ခံစားချက်များကို အတင်းအကျပ် ဖယ်ရှားပြီး မစဉ်းစားရန် ကြိုးစားခဲ့သည်။ သူ ဘာကြောင့် ဒါဟီးအတွက် လက်ဆောင်တွေဝယ်ပြီး တကယ်တမ်းမှာ မပေးဖြစ်ရတာလဲ၊ ဘာကြောင့် နေ့တိုင်း အလုပ်များနေတဲ့ကြားက ဒါဟီးကို သွားတွေ့တာလဲ ဟူသည့် မေးခွန်းများ ပေါ်လာသော်လည်း အဖြေကို တမင်ရှာမကြည့်ဘဲ နေခဲ့ခြင်းပင်။

ဒါဟီးနှင့် sex လုပ်ရခြင်းက ရူးမတတ်ကောင်းတာ၊ အတူရှိနေလျှင် သက်သောင့်သက်သာဖြစ်တာကြောင့်ဟူ၍သာ ကောက်ချက်ချခဲ့သော်လည်း ရုတ်တရက် မရင်းနှီးသော ခံစားချက်များနှင့် ကြုံတွေ့ရသည့်အခါများ ရှိခဲ့သည်။

မထင်မှတ်ဘဲ ဒါဟီး၏ ရယ်နေသော မျက်နှာလေးကို မြင်ရသည့်အခါ၊ အေးစက်ခက်ထန်သည့် ဒါဟီးက သူ့လည်တိုင်ကို ဖက်တွယ်ပြီး ငိုသံစွက်သည့် ညည်းသံများ ညည်းသည့်အခါ တစ်ကိုယ်လုံး အရည်ပျော်ကျမတတ် ပူနွေးသွားရ၏။

အစိမ်းသက်သက် မရင်းနှီးသော၊ သေသည်အထိ သိရှိရမည်မဟုတ်ဟု ထင်မှတ်ထားခဲ့သော အချစ်ပင်။ ထိုအတွေးသို့ ရောက်ရှိသွားချိန်က ယနေ့မနက်စောစောတွင်ဖြစ်ပြီး၊ ဝူဟျွန်းတစ်ယောက် ချုပ်တည်းမထားနိုင်တော့ဘဲ ဤနေရာအထိ အပြေးလာခဲ့မိတော့သည်။

"မာဝူဟျွန်းရှင့်။"

ကြာကြာမှိတ်ထားရာမှ မျက်လုံးဖွင့်လိုက်သည့် ဒါဟီးက သူ့ကို ခေါ်ခဲ့သည်။ ဝူဟျွန်း ဒါဟီးကို ကြည့်လိုက်၏။

"ငြင်းပါတယ်။"

"..."

"ကျွန်မတို့တွေ နည်းနည်းပူလာပြီလို့ မထင်ဘူးလား။"

မျက်လုံးဖွင့်လာသည့် ဒါဟီးက ပြောလာသည်။ ဝူဟျွန်းက ဒီအတိုင်းကြည့်နေ၏။

"ဒီဆက်ဆံရေးကို ပြောတာပါ။ အပူချိန်ကို လျှော့လိုက်ပါ။ ဝူဟျွန်းကပဲ လျှော့လိုက်ရင် ရပါပြီ။ ကျွန်မကတော့ မပြောင်းလဲပါဘူး။ စွဲလမ်းမှုနဲ့ အချစ်ကို ရောမသွားလိုက်ပါနဲ့။ ကျွန်မတို့က အေးတာကို မကြိုက်လို့ တွေ့နေကြတာလေ၊ ပူတဲ့အထိ လိုချင်တာမှမဟုတ်ဘဲ။ အစတုန်းက ပြောခဲ့တဲ့စကားတွေ၊ ကတိတွေကို မမေ့ပါနဲ့။"

ဝူဟျွန်း၏ မျက်လုံးများ တုန်ယင်သွား၏။ ဒါဟီးက ထိုသို့သော ဝူဟျွန်းကို ကြည့်ရင်း တည်ငြိမ်သော်လည်း ပြတ်ပြတ်သားသား ပြောခဲ့သည်။

"အရင်က ပြောခဲ့သလိုပဲ ကျွန်မကတော့ ချစ်မှာမဟုတ်ပါဘူး။"

"..."

"အဲ့ဒီလူက ဝူဟျွန်းဖြစ်နေရင်တောင်မှပဲ။"

ဒါဟီးက ဝူဟျွန်းကိုကျော်ပြီး လျှောက်သွားခဲ့သည်။ ဝူဟျွန်းက ဒါဟီး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

"ခံစားချက်တွေကိုထုတ်ပြပြီး အငြင်းခံရရင် နောက်ဆုတ်ဖို့ ဒီကိုလာခဲ့တယ်များမှတ်နေလား။"

"လွှတ်ပါ။"

"ကိုယ့်ကို လျှော့တွက်ထားတာမဟုတ်လား။"

ဝူဟျွန်း ဒါဟီးကို ဆွဲယူလိုက်သည်။ ချက်ချင်းဆိုသလို ဝူဟျွန်းနှင့် မျက်နှာချင်းဆိုင် ရပ်မိသွားသော ဒါဟီးက သူ့ကို တည့်တည့်စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးအကြည့်တွင် အပူဓာတ်များ လွှမ်းခြုံနေသည့်အလား ပူနွေးနေသည်။ အချစ်၌ စုန်းစုန်းမြုပ်ပြီး ထိုအချစ်ကို ငြင်းပယ်ခံရ၍ ဒေါသထွက်နေသည့် မျက်လုံးအကြည့်ပင်။

"ကိုယ်နဲ့အတူရှိရတာကို သဘောကျတာပဲမဟုတ်လား။ အဲ့ဒါကြောင့်လည်း အခုအထိ တွေ့နေကြတာလေ။ ပြီးတော့ ကိုယ်က တခြားသူကို မိတ်ဆက်ပေးလို့မရနိုင်လောက်အောင် အသုံးမကျတဲ့သူလည်း မဟုတ်တာကို။ ဘာကပြဿနာလဲ။"

ဝူဟျွန်း၏ နှုတ်ခမ်းများကြားမှ အေးစက်မှုများ စီးဆင်းလာသည်။ ဒါဟီး၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က အပေါ်သို့ ကွေးညွတ်သွား၏။

"အပူချိန်ချင်း မတူကြပါဘူး၊ မာဝူဟျွန်းနဲ့ ကျွန်မက။"

တုံးတိတိပြောလိုက်သည့် ဒါဟီး၏ စကားကြောင့် ဝူဟျွန်း၏ မျက်ခုံးများ ကျုံ့သွားတော့သည်။

"ကျွန်မ ပြောခဲ့တယ်လေ။ ကျွန်မက ဘယ်သူ့ကိုမှ နက်နက်ရှိုင်းရှိုင်း ချစ်ဖူးတာမျိုး မရှိဘူးလို့။ သင့်တင့်ရုံပဲ သဘောကျတာ။ ဝူဟျွန်းကို ချစ်မိသွားရင်လည်း အဲ့ဒီလိုပဲဖြစ်မှာ။ ချစ်မိသွားခဲ့ရင်တောင် အခုနဲ့ ဘာမှကွာမှာမဟုတ်ဘူး။ အဲ့ဒါကို ခံနိုင်ရည်ရှိမှာလား။ သေတဲ့အထိ နွေးနွေးထွေးထွေး မချစ်တတ်တဲ့မိန်းမ။ ချစ်လား၊ မချစ်ဘူးလားဆိုတာကိုတောင် ခွဲခြားလို့မရတဲ့ မိန်းမမျိုးကို။"

ဝူဟျွန်း တောင့်တင်းသွားတော့သည်။ ဒါဟီးက ကိုယ့်ကိုယ်ကိုယ် သရော်နေသလို ရယ်လိုက်၏။

"အချိန်ယူပြီး စဉ်းစားလိုက်ပါဦး။ တစ်သက်လုံး ကျွန်မဆီကနေ ချစ်တယ်ဆိုတဲ့ စကားကို မကြားရလည်း ဖြစ်တယ်ဆိုရင် အဲ့ဒီအခါမှ ပြန်လာခဲ့ပေါ့။"

ဒါဟီးသိသလောက်တော့ ယခု မာဝူဟျွန်းက ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အချစ်ကို တွေ့ကြုံနေရခြင်းဖြစ်သည်။ ပထမဆုံးအချစ်ထက် ပို၍ပူနွေးပြင်းပြသော အချစ်မျိုးမရှိပေ။

"မာဝူဟျွန်းကတော့ ခံနိုင်လောက်မှာမဟုတ်ဘူး ထင်တယ်ရှင့်။"

ဒါဟီး ဝူဟျွန်းကို ကျောခိုင်းကာ လှည့်ထွက်လိုက်သည်။ ဝူဟျွန်းနှင့် ဝေးကွာလေလေ ခြေလှမ်းများ လေးလံလာလေလေဖြစ်သော်လည်း ဒါဟီးက ခြေလှမ်းများကို မရပ်တန့်ခဲ့။

'မင်း ငါ့ကို မချစ်ဘူး။'

'ကျန်တာဘာမှမလိုဘူး။ ချစ်ပေးပါလို့ပဲ ပြောနေတာ။ အဲ့ဒါက ခက်ခဲလို့လား။'

နာကျင်နေသော တစ်စုံတစ်ယောက်၏ အသည်းအသန် အော်ဟစ်လိုက်သည့် အသံများ ပြန်ပေါ်လာ၏။ အချစ်။ သူ တတ်နိုင်သမျှ အစွမ်းကုန် ချစ်ခဲ့သည်။ သို့သော်လည်း တစ်ဖက်လူကတော့ အမြဲတမ်း ငတ်မွတ်တောင့်တနေဆဲပင်။

'ကျွန်မလည်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တာပဲ။'

ချေပပြောဆိုသည့်အလား ဒါဟီးက အားပါပါ ပြောခဲ့သည်။

'မဟုတ်ဘူး။ မင်းက အချစ်ဆိုတာဘာမှန်း လုံးဝကိုမသိတာ။ ငါ ဘယ်လိုလူလဲ၊ ဘာလုပ်လဲဆိုတာ နည်းနည်းလေးမှ ဂရုမစိုက်ဘူးလေ။'

တကယ် စိတ်ဝင်စားပြီး ဂရုတစိုက် စောင့်ကြည့်ခဲ့ပါသည်။ စကားပြောရန် လိုအပ်သည့်အခါ၊ စကားပြောသည့်အခါ ဘယ်သူ့ထက်မဆို ပို၍စိတ်ရှည်စွာ နားထောင်ပေးခဲ့၏။ အချစ်ချင်း အပူချိန်မတူညီခြင်း၊ ချစ်ပုံချစ်နည်းချင်း မတူခဲ့ခြင်းသာ ဖြစ်သည်။

ဒါဟီး မျက်လုံးများကို တင်းတင်းမှိတ်လိုက်၏။ နာကျင်နေသူများ၏ အသံများ နားထဲတွင် တဝီဝီ မြည်နေသည်။ ဝူဟျွန်းထံမှ ထိုစကားများ ကြားရမည်ကိုတော့ ဒါဟီး တကယ်ကို မလိုချင်ပေ။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment