no

Font
Theme

အပိုင်း ၄

ဆွန်းထယ်က ဒီနေ့တော့ ဒီအတိုင်း အလွတ်မပေးတော့ဘူးဟူသည့် ပုံစံဖြင့် ဝူဟျွန်းနောက်ကို တကောက်ကောက် လိုက်လာသည်။ သူက အသားကောင်းကောင်း သစ်သားစာရေးစားပွဲတွင် ထိုင်နေသည့် ဝူဟျွန်း၏အရှေ့တွင် ရပ်လိုက်၏။ ဝူဟျွန်းက စားပွဲပေါ်တွင်တင်ထားသည့် စာရွက်စာတမ်းများကို ဘာမှမဟုတ်သလို တစ်ရွက်ပြီးတစ်ရွက် လှန်နေသည်။

"စီနီယာ။"

"ဘာလဲ။"

"ဟိုကိုကြည့်ပါဦး။"

ဆွန်းထယ် လက်ညှိုးညွှန်ရာဘက်ကို ဝူဟျွန်းခေါင်းလှည့်လိုက်သည်။ မြို့ပြဆန်ပြီး သပ်ရပ်သည့် အခန်းအပြင်အဆင်နှင့် ပနံမသင့်စွာ စားပွဲလှလှလေးတစ်လုံး ရှိနေ၏။ ထိုစားပွဲပေါ်တွင် အသင့်ဖျော်ကော်ဖီထုပ်အမျိုးမျိုးအပြင် လက်ဖျော် ကော်ဖီစက်အထိ ရှိနေသည်။ ဝူဟျွန်းလည်း မျက်မှောင်ကြုတ်လိုက်မိ၏။

"ဘာလဲ၊ အဲ့ဒါက။"

"အကုန် ကော်ဖီတွေပါ။"

"ကော်ဖီနံ့ မွှေးနေတယ်ပါတယ်လို့၊ အဲ့ဒါကြောင့်ကိုး။"

"အစ်ကိုက ကော်ဖီဆိုင်ကို ခဏခဏသွားနေတော့ ကော်ဖီလိုတယ်ထင်ပြီး အဲ့ဒီမှာ အကုန်စီစဉ်ပေးထားတာပါ။ ဘယ်လိုကုမ္ပဏီကြီးရဲ့ မုန့်စားခန်းထက်မဆို ပိုကောင်းအောင်ပြင်ဆင်ပေးထားတာကို ဘာဖြစ်လို့ ကော်ဖီဆိုင်ကိုပဲ ခဏခဏသွားနေတာလဲဗျ။ မိန်းကလေး ရနေတာများလား။ ဟင်။"

"အင်း။"

"အဲ့ဒီလိုကိုး။ မိန်းကလေး ရှိနေတာ...ဗျာ။"

စကားကို ပေါ့ပေါ့ပါးပါးပြောနေသည့် ဆွန်းထယ်က အလန့်တကြား မျက်နှာဖြင့် ဝူဟျွန်းကို ကြည့်လိုက်သည်။ ဝူဟျွန်းကတော့ စာရွက်စာတမ်းများကို တိတ်ဆိတ်စွာ လှန်နေဆဲပင်။

“နောက်နေတာမဟုတ်လားဗျ။”

တစ်ချက်လောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း ဆွန်းထယ်က မေးလာသည်။

“မဟုတ်ဘူး။”

ဝူဟျွန်း ခေါင်းမော့လိုက်သည်။ ဝူဟျွန်း၏ မျက်နှာက ခြောက်သွေ့နေသည်ဟု ထင်ရလောက်အောင်ကို ခံစားချက်ကင်းမဲ့နေ၏။ သူက အပြစ်အနာအဆာမရှိ ပြေပြစ်ချောမွေ့သည့် လက်ချောင်းများကို ယှက်လိုက်သည်။

“ငါက ဒီလိုကိစ္စမျိုးတွေကို နောက်ပြောင်တတ်တဲ့သူမဟုတ်မှန်း မင်းလည်းသိရဲ့သားနဲ့။”

ဝူဟျွန်း၏ စကားအတိုင်း သူက ဤသို့သောကိစ္စမျိုးကို နောက်ပြောင်တတ်သူ မဟုတ်မှန်း ဆွန်းထယ်ထက် ကောင်းကောင်းပိုသိသူ မရှိပေ။ အံ့မခန်းစရာ အရည်အချင်းကောင်းများနှင့် ခံ့ညားရုံမက ဆွဲဆောင်မှုရှိသောမျက်နှာကြောင့် သူ့ဘေးနားတွင် မိန်းကလေးများ ဝိုင်းဝိုင်းလည်နေ၏။ ဝူဟျွန်း ချစ်ကြိုက်ခဲ့ဖူးတာ အကြိမ်အနည်းငယ်ရှိသော်လည်း တွဲပြီးသိပ်မကြာခင်မှာပင် လမ်းခွဲခဲ့ကြသည်။ အကြောင်းပြချက်ကတော့ အမြဲတမ်း အတူတူချည်းပင်။

‘အဲ့ဒီမိန်းမကိုတော့ ချစ်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ မဟုတ်ခဲ့ဘူးပဲ။’

ဝူဟျွန်းက မိန်းမများအပေါ် သဘောကျစိတ်ကို ချစ်ခြင်းမေတ္တာအဖြစ်သို့ မပြောင်းလဲနိုင်ခဲ့ပေ။ သူ၏ လိင်စိတ်ခံယူချက်က ထူးဆန်းနေတာလည်းမဟုတ်။ သူ့စကားအရတော့ တကယ်ကို ချစ်လို့မရဘူးဟုဆိုသည်။ ထိုနောက်ဆုံးပတ်သက်မှုကနေစပြီး သုံးနှစ်ကြာသည်အထိ ဝူဟျွန်းက မိန်းမများနှင့် ထပ်မတွေ့တော့။ Blind date မိတ်ဆက်ပေးတာမျိုးတွေကိုလည်း လုံးဝဖြတ်တောက်ခဲ့ပြီး ထိုအတွက်ကြောင့်ပင် ဝူဟျွန်း၏ မိဘများ စိုးရိမ်ပူပန်နေကြကြောင်းကို ဆွန်းထယ် သိသည်။ ဝူဟျွန်းက မိန်းမအကြောင်းကို နောက်ပြောင်ပြီး ပြောမှာမဟုတ်ကြောင်း သူက လူတကာထက်ပိုပြီး ကောင်းကောင်းသိ၏။

ဆွန်းထယ်က မှင်တက်သွားသည့် မျက်နှာဖြင့် မေးခဲ့သည်။

“ဒီတော့... ဘယ်တုန်းက ဖြစ်သွားတာလဲ။ အဲ့ဒါထက် ဘယ်သူလဲဟင်။ တွဲနေကြပြီလား။”

“ဟင့်အင်း။”

“ဒါဆို ဘာလဲ။”

“ဒီအတိုင်း တွေ့နေတဲ့မိန်းမ။”

“တကယ်တွေ့ရုံပဲလား။ တွဲတာ မဟုတ်ဘူးပေါ့လေ။”

“အင်း။”

“စီနီယာ၊ အဲ့ဒီလိုဆိုရင် အရင်လိုပဲ ကိစ္စတွေ ရှုပ်ထွေးကုန်မယ် မဟုတ်ဘူးလား။”

ဆွန်းထယ်က ချက်ချင်းပဲ မိန်းမတစ်ယောက်ကို ပြေးသတိရလိုက်သည်။ ဝူဟျွန်းက သူ့မိဘများ မိတ်ဆက်ပေးသဖြင့် အမျိုးသမီးတစ်ဦးနှင့် တွေ့ခဲ့ဖူး၏။ သူက ဒုတိယအကြိမ် ချိန်းဆိုမှုကို မလုပ်ခဲ့သလို၊ သွယ်ဝိုက်ပြီး ငြင်းဆန်ကြောင်းလည်း ပြောခဲ့သည်။ ထိုမိန်းမက ဝူဟျွန်းကို သူငယ်ချင်းဖြစ်ချင်ပါတယ်ဟု တောင်းဆိုခဲ့ပြီး ဝူဟျွန်းက အကြိမ်ကြိမ်ငြင်းခဲ့သော်လည်း သူက ဇွဲမလျှော့ခဲ့ပေ။ ဝူဟျွန်းလည်း မိဘများ၏မျက်နှာကိုထောက်ပြီး မတတ်သာဘဲ အကြိမ်အနည်းငယ် ညစာအတူစားခဲ့သည်။ ယင်းနောက်ပိုင်းတွင် သူက ဝူဟျွန်းအပေါ် စွဲစွဲလမ်းလမ်း ပိုင်စိုးပိုင်နင်းဖြစ်လာ၏။ သူ ဝူဟျွန်းကို ဖွင့်ပြောတော့ ကျိန်းသေပေါက် အငြင်းခံလိုက်ရသည်။

ထိုမိန်းမလည်း ဆိုးဝါးလှသော နောက်ယောင်ခံလိုက်သူဖြစ်လာကာ နှစ်လကြာအောင် ဝူဟျွန်းကို ဒုက္ခပေးခဲ့ရာက သူ့မိဘတွေ သူ့ကို နယ်နှင်ဒဏ်ပေးသလို နိုင်ငံခြားပို့လိုက်မှပဲ အဆုံးသတ်သွားတော့၏။ ဇာတ်လမ်းက ရိုးရှင်းသော်လည်း ယင်းအဖြစ်ကြောင့် ဝူဟျွန်းတစ်ယောက် ပြင်းထန်သော စိတ်ဖိစီးမှုဒဏ်ကို ခံစားခဲ့ရပြီး၊ ထိုအတွက်ကြောင့်ပဲ မိန်းမများနှင့်တွေ့ရမည်ကို ပို၍ပင်လက်တွန့်လာသည်။

“သူက အဲ့ဒီလို မိန်းမမျိုး မဟုတ်ဘူး။”

ဝူဟျွန်းက ထိုမိန်းမ၏ မျက်လုံးများကို တွေးလိုက်မိသည်။ လူတွေအပေါ် မျှော်လင့်ချက်မထားသည့် မိန်းမတစ်ယောက်ပင်။ သို့သော်လည်း သူ၏ တောင်းဆိုမှုကို မငြင်းခဲ့သည်က မချစ်လျှင်တောင်မှ သက်သောင့်သက်သာရှိသည့် တစ်စုံတစ်ယောက်ကို လိုချင်သောကြောင့် ဖြစ်ပေမည်။ သူ့အတိုင်းပဲပေါ့။

“သေချာရဲ့လား။”

ဆွန်းထယ်က သံသယမကင်းသည့် မျက်နှာဖြင့် မေးလာသည်။

“အင်း။”

“ဂုဏ်ပြုရမဲ့ ကိစ္စလား၊ ဝမ်းနည်းရမဲ့ ကိစ္စလား မသိတော့ပါဘူး။”

ဆွန်းထယ်က အကျပ်ရိုက်သလိုမျက်နှာနှင့် ပါးကိုကုတ်ခြစ်လိုက်သည်။

“နှစ်ခုစလုံးလုပ်စရာမလိုဘူး။ သွားလို့ရပြီ။”

ဝူဟျွန်းက မျက်ရိပ်မျက်ကဲဖြင့် တံခါးကို ညွှန်ပြလိုက်သည်။

“စိတ်မကောင်းရအောင် အခုပဲ ပြန်လွှတ်တော့မလို့လား။ ဘယ်လိုတွေ့ခဲ့ကြလဲဆိုတာလေး ​မပြောပြတော့ဘူးလား။”

“ပြောပြရင် ငါ့မိဘတွေဆီ သံတော်ဦးတင်မလို့လား။”

“...”

ဆွန်းထယ် တစ်ချက်တွန့်သွား၏။ ဝူဟျွန်းက ခံစားချက်ကင်းမဲ့နေသည့် မျက်နှာဖြင့် ဆွန်းထယ်ကို စိုက်ကြည့်လိုက်သည်။ ဝူဟျွန်း အစကတည်းက သိထား၏။ ဆွန်းထယ်က သူ့မိဘများ၏ ခိုင်းစေမှုဖြင့် သူ့ကို စောင့်ကြည့်နေသည်ကိုပင်။ သိလျက်နှင့် ဘာမှမပြောခဲ့သည်က သတင်းပို့စရာ အခြေအနေမျိုး မရှိခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ယခုတော့ မတူတော့ပေ။

“မိဘတွေကို ဘာမှမပြောနဲ့။”

“ပျော်သွားကြမှာကို…”

“သိတယ်မဟုတ်လား။”

ဝူဟျွန်းက တိုတိုလေး တစ်ခွန်းပြောလိုက်သည်။ ထိုစကားကို ဆွန်းထယ် မချေပနိုင်ခဲ့ပေ။ ကာလကြာရှည်စွာ တစ်စုံတစ်ယောက်ကို ချစ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတော့ ဘယ်မိန်းမကိုမှ မချစ်နိုင်ခဲ့သည့် ဝူဟျွန်းပင်။ ထိုသို့သော ဝူဟျွန်း၏ ဘေးတွင် ကြာကြာရပ်တည်နိုင်မည့်မိန်းမမျိုး ရှိနိုင်မည်မဟုတ်ပေ။ နောက်ဆုံးတော့ ဤသတင်းကို ပြောပြခဲ့လျှင်တောင် မျှော်လင့်ချက်ထားမိသလောက် မိဘများ ထပ်ပြီး စိတ်ပျက်ရဦးမည်သာဖြစ်ပေသည်။

“နားလည်ပါပြီ။”

ဆွန်းထယ်က ဦးညွှတ်နှုတ်ဆက်ပြီး ပြန်ထွက်သွားသည်။ ဝူဟျွန်းလည်း စုပုံနေသော စာရွက်များကို လှန်လှောကြည့်နေရာမှ ပြန်ပိတ်လိုက်၏။ ထို့နောက် ခေါင်းလှည့်လိုက်ပြီး ပြတင်းပေါက်၏ တစ်ဝက်ခန့်ကို အုပ်ကာနေသော သစ်ရွက်များကို စိုက်ကြည့်နေမိသည်။ ဆောင်းရာသီတွင် အရိုးပြိုင်းပြိုင်းရှိခဲ့သော သစ်ကိုင်းများက ဘယ်အချိန်ကတည်းက စိမ်းလန်းသော အရွက်များဖြင့် လှုပ်ယိမ်းနေခဲ့သည်မသိ။ ယင်းတို့၏ တစ်ဖက်တွင် မြို့ပြရှုခင်းကို မြင်နေရသည်။ ယင်းကား ဝူဟျွန်း အနှစ်သက်ဆုံးသော ရှုခင်းပင်။

ဤအဆောက်အအုံမှာ မူလက မိခင်ဘက်မှ အဘိုးဖြစ်သူ ဝူဟျွန်းအတွက် ချန်ထားခဲ့သော နေအိမ်ဟောင်းဖြစ်သည်။ အနီးအနားတွင် သံတမန်များ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ နေထိုင်ကြသည်ဖြစ်၍ သူတို့၏ ကံကြမ္မာစန်းကိုရယူကာ ကြီးပွားတိုးတက်စေလိုသော ရည်ရွယ်ချက်နှင့်ဖြစ်၏။ သို့သော် ဝူဟျွန်းက စီးပွားရေးနယ်ပယ်နှင့် ဝေးကွာသော ဘဏ္ဍာရေးအကြံပေးအလုပ်ကို ရွေးချယ်ခဲ့သည်။

အဘိုးဖြစ်သူ ကွယ်လွန်ပြီး တစ်နှစ်အကြာတွင် ထိုနေအိမ်ဟောင်းကို ဖြိုဖျက်ရန် ဆုံးဖြတ်တော့ မိသားစုဝင်များက ဝူဟျွန်းကို ဝိုင်းတားခဲ့ကြ၏။ အမွေအနှစ်ကို အကျိုးမရှိအောင် သုံးစွဲသည်ဟုဆိုကာ ဖခင်ဖြစ်သူက ဒေါသတကြီး ပန်းအိုးဖြင့်ပင် ပစ်ပေါက်ခဲ့သည်။ သို့တိုင်အောင် ဝူဟျွန်းက ဇွဲမလျှော့ခဲ့ပေ။ နေအိမ်ဟောင်းကို ဖြိုဖျက်ခဲ့ပြီး ထိုနေရာတွင် ယခုလက်ရှိ ခေတ်မီအဆောက်အအုံကို ဆောက်လုပ်ခဲ့သည်။ ခပ်ဆင်ဆင် ရဲတိုက်များကဲ့သို့ အိမ်များ တန်းစီနေသော ဤရပ်ကွက်တွင် ခေတ်မီအဆောက်အအုံက စိတ်ဝင်စားစရာဖြစ်လာ၏။ စပ်စုလိုသော စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များက ဆွဲဆောင်မှုရှိသော အဆောက်အအုံ၏ ပိုင်ရှင်ကို သိချင်စိတ် ပြင်းပြလာကြသည်။ ထို့နောက် အဆောက်အအုံပိုင်ရှင်က စီးပွားရေးနှင့် နိုင်ငံရေးလောကမှ ထင်ရှားသော မိဘနှစ်ဦးကြားတွင် မွေးဖွားလာသူ ဆန်းကြယ်သော ‘မာဝူဟျွန်း’ ဖြစ်ကြောင်း သိရသောအခါ လူတို့က သူ့ကို ပို၍ပင် စိတ်ဝင်စားခဲ့ကြ၏။ စိတ်ဝင်စားမှုက စောင့်ကြည့်လေ့လာခြင်း ဖြစ်လာခဲ့ပြီး၊ နောက်ပိုင်းတွင် ‘မာဝူဟျွန်း’ ဆိုသည့် လူပုဂ္ဂိုလ်ထက် ‘ဘဏ္ဍာရေးအကြံပေး မာဝူဟျွန်း’ ၏ လုပ်ဆောင်ချက်များကို အာရုံစိုက်လာကြတော့သည်။

မြင့်မားသော အမြတ်အစွန်း၊ လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု၊ ယုံကြည်စိတ်ချရသော အသိုင်းအဝိုင်းနောက်ခံသမိုင်း​အထိ။

စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များက ဝူဟျွန်းထံသို့ သဘာဝကျစွာ ချဉ်းကပ်လာခဲ့ကြ၏။ သူတို့၏ ဧရာမပိုင်ဆိုင်မှုများကို တိုက်ရိုက်မအပ်သေးဘဲ အစမ်းသဘောအနေဖြင့် မွေးကင်းစ မြေးလေးများ မဟုတ်လည်း မိတ်ဆွေများ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို စတင်အပ်နှံလာကြသည်။ တည်ငြိမ်ပြီး သပ်ရပ်စိစစ်သော လုပ်ငန်းဆောင်ရွက်မှုကြောင့် လူတို့လည်း တဖြည်းဖြည်း ကျေနပ်လာကြ၏။ လုပ်ငန်းနယ်ပယ်တွင် တဖြည်းဖြည်း နာမည်ရလာသော ဝူဟျွန်းတစ်ယောက် အလုပ်များကို တစ်ယောက်တည်းမနိုင်မနင်းဖြစ်လာသည့် အခြေအနေသို့ ရောက်ရှိလာပြီး အိမ်ခြံမြေလိုင်းကို အထူးပြုဆောင်ရွက်သော ဆွန်းထယ်ကို ခေါ်ယူခဲ့သည်။

ဘဏ္ဍာရေးအကြံပေး မာဝူဟျွန်းအဖြစ် စီးပွားရေးနှင့် နိုင်ငံရေးလောကမှ လူများကြားတွင် တဖြည်းဖြည်း နာမည်ပျံ့နှံ့လာချိန်၌ ဖခင်က ဝူဟျွန်းကို အိမ်သို့ခေါ်ကာ မေးခဲ့သည်။

‘ဒါတွေအားလုံး အစကတည်းက စီစဉ်ထားတာလား။’

‘ဟုတ်ကဲ့။’

ဝူဟျွန်းက ဤအဆောက်အအုံကို ဆောက်လုပ်ရန် စီစဉ်ခဲ့သည့် အချိန်ကတည်းကပင် ရှိသမျှအကုန် အားစိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဤအဆောက်အအုံအား တစ်သက်တာလုံး နေထိုင်ရမည့်အိမ်နှင့် အလုပ်လုပ်ရမည့် နေရာဟု မှတ်ယူထား၏။ သူ့ကို ချစ်ခင်သော မိခင်ဘက်မှ အဘိုးက ချန်ထားခဲ့သည့် အမွေအနှစ်ဖြစ်သဖြင့် အကျိုးနပ်အောင် အသုံးပြုချင်သည်။ ထို့အပြင် အဘိုး စိတ်ကူးခဲ့သည့် လမ်းကြောင်းနှင့် အနည်းငယ် ကွဲပြားသော်လည်း အဘိုးဖြစ်သူ၏ ဆန္ဒအတိုင်း စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှ လူများနှင့် အတူတကွ အလုပ်လုပ်ကိုင်ခဲ့ရပေပြီ။

‘ဒါဆိုရင်လည်း ဟေ့ကောင်ရ၊ အစီအစဉ်ကတော့ ဒီလိုရှိပါတယ်ဆိုပြီး ပြောပြခဲ့မှပေါ့ကွ။ အဲ့ဒီလိုဆို ငါလည်း မင်းကို ပန်းအိုးနဲ့ ဘယ်ပေါက်မိမလဲ။’

‘ဘာပဲဖြစ်ဖြစ် အဲ့ဒီလိုဆိုရင်တောင် ကန့်ကွက်ဦးမှာပဲကို။ ပြီးတော့ ကျွန်တော့်အတွက်လည်း လောင်းကြေးထပ်ရသလိုပဲမို့လို့ပါ။’

ဝူဟျွန်း၏ အဖြေကြောင့် လွှတ်တော်အမတ် မာလည်း တစ်ချက်လောက် ဘာမှမပြောနိုင်ဖြစ်သွား၏။ ဝူဟျွန်းပြောသည့်အတိုင်း ကြိုတင်သိခဲ့လျှင်တောင် သူ့သဘောထားကို လေးစားပေးနိုင်ခဲ့မည် မဟုတ်ပေ။ ထိုနေ့တွင် ဖခင်ဖြစ်သူက နောက်နောင်ကို ဝူဟျွန်း လုပ်ကိုင်သည့်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်တော့မည်မဟုတ်ကြောင်း ပြောကြားကာ သူ့လုပ်ငန်းကို အပြည့်အဝ ခွင့်ပြုပေးခဲ့သည်။ ထိုနောက်ပိုင်းတွင် လုပ်ငန်းက အတိုင်းအတာတစ်ခုအထိ တည်ငြိမ်လာ၏။ ထိုသို့ဖြင့် အင်မတန်အလုပ်များသော လပေါင်းများစွာက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်ခဲ့သည်။ အရိုးပြိုင်းပြိုင်းရှိခဲ့သော သစ်ကိုင်းများတွင် အရွက်များ ပေါက်လာကာ ပြင်းထန်သော လေကလည်း သိသိသာသာ ညင်သာလာပေပြီ။ ထို့နောက် သတိမထားမိခင်မှာပင် နွေရာသီအစကာလက ရုတ်တရက် ရောက်ရှိလာတော့သည်။

ပြတင်းပေါက်မှ ဝင်ရောက်လာသောလေက ထူးထူးခြားခြား စိုထိုင်းဆများနေသော တစ်နေ့သ၌။ ဆံစများကို ပွထသွားစေသော လေ၏အဆုံးသတ်က စိုထိုင်းထိုင်းဖြစ်နေသည်။ မိုးရွာတော့မည်။ ထိုအတွေးဝင်လာသည်နှင့် အလုပ်များကို ကောင်းကောင်းအာရုံမစိုက်နိုင်တော့ပေ။ လုံးဝ အာရုံမစိုက်နိုင်တော့သဖြင့် ဝူဟျွန်းလည်း အလိုလိုနေရင်း နေရာမှ ထလိုက်သည်။ ထီးတစ်ချောင်းကိုယူကာ ဦးတည်ချက်မဲ့စွာ ထွက်လာခဲ့ရာက ပုံမှန်နှင့်မတူသည့် လမ်းကြောင်းအတိုင်း လျှောက်လာခဲ့၏။ လမ်းတစ်ဝက်လောက်ရောက်သောအခါ မိုးသည်းထန်စွာ ရွာချလေသည်။ မိုးရွာသည့်နေ့များကို နှစ်သက်သော ဝူဟျွန်းလည်း အနက်ရောင်ထီးရှည်ကိုဆောင်းကာ လျှောက်သွားခဲ့သည်။ ပြန်လည်စဉ်ထွက်လာသော မိုးရေစက်များကြောင့် ဖိနပ်ခေါင်းနှင့် ဘောင်းဘီအနားစွန်းများ ရွှဲနစ်စပြုလာချိန်တွင် ထောင့်တစ်နေရာ၌ ရှိနေသော ကော်ဖီဆိုင်လေးတစ်ဆိုင်ကို တွေ့သွားတော့၏။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment