မင်းက အယ်လီနာဘလေဆယ် (၂)
"ကျွန်မက မျိုးဆက်တိုင်း တော်ဝင်မိသားစုရဲ့စတုတ္ထမြောက်အမိန့်တာဝန်ကို ထမ်းဆောင်ရတဲ့ သူရဲကောင်းမိသားစုကပါ။"
"...အယ်လီနာဘလေဆယ်။"
သူ့ဆီကနေ သူ(မ)၏နာမည်ကို ကြားလိုက်ရသောအခါ အယ်လီနာ မှင်တက်သွား၏။ သူ သူ(မ)ကို သိတယ်? အယ်လီနာ ကာလိုင်းအား မယုံကြည်နိုင်သလို ကြည့်လိုက်မိသည်။
"ရှင် ကျွန်မကို သိတယ်လား။"
ယခုလိုဖြစ်လာမည်ဟု အယ်လီနာ ကြိုတွေးမထားခဲ့မိပေ။ မင်းသားကာလိုင်းသည် ကလေးဘဝကတည်းက စစ်တလင်းမှာရောက်နေခဲ့ပြီး လူမှုအသိုင်းအဝိုင်း၌ တစ်ခါမှပေါ်မလာဖူးချေ။ ထို့ကြောင့် မြို့တော်၏တောင်ပိုင်းမှာနေထိုင်သော သူ(မ)နှင့် တွေ့ဆုံဖို့အကြောင်းမှာ မရှိနိုင်ချေ။ သူ(မ)က မြို့စားဖြစ်သော သူ(မ)၏အဖေ၊ သို့မဟုတ် ဆက်ခံသူဖြစ်သော သူ(မ)၏အစ်ကိုလိုမဟုတ်ပေ... မြို့စား၏သမီးတစ်ယောက်ကို သိဖို့အခွင့်အရေးမှာ နည်းပါးလွန်းလှ၏။ ၎င်းမှာ ကောင်းကင်ပေါ်ကိုပစ်လိုက်သော အပ်ချောင်းက သူ(မ)၏ဦးခေါင်းပေါ် ပြုတ်ကျလာသလိုမျိုးပင်။
အယ်လီနာ ရှုပ်ထွေးနေသောမျက်လုံးများဖြင့် ကာလိုင်းကိုကြည့်လိုက်ပြီး သူ(မ)နှင့် အိမ်ရှေ့စံမင်းသားတို့ ယခင်က တွေ့ဆုံဖူးသလားဆိုတာကို စဥ်းစားနေမိ၏။ သို့သော် သူက သူ(မ)၏နာမည်ကို မည်သို့သိနေကြောင်း သူ(မ)မစဥ်းစားနိုင်ခဲ့ပေ။ ထိုစဥ် ကာလိုင်း၏အံ့သြနေသောအမူအရာက ပျောက်ကွယ်သွားပြီး ပုံမှန် လျှိူ့ဝှက်ဆန်းကြယ်ပြီး ဥပေက္ခာပြုသော မျက်နှာမျိုးဖြင့် အစားထိုးသွား၏။
"ကိုယ် အန္တရာယ်ရှိနေတယ်ဆိုတာကို ဘယ်လိုသိတာလဲ။ ပြီးတော့ ဘယ်ကတည်းက ဓားရေးကို လေ့ကျင့်ခဲ့တာလဲ။"
ကာလိုင်း၏ ရုတ်တရက်ဆန်သောမေးခွန်းကြောင့် အယ်လီနာ ရှုပ်ထွေးနေသောသူ(မ)၏ဦးခေါင်းအား တည်ငြိမ်အောင်လုပ်ကာ သူ(မ)ပြင်ဆင်ထားသော တုံ့ပြန်မှုတို့ကို စုစည်းလိုက်၏။ သူ(မ) သူ့ကို အမှန်တိုင်းမပြောလိုက်နိုင်သော်လည်း သူလက်ခံနိုင်လောက်သည့် အဖြေကို ပေးရပေမည်။ သူ(မ)က အနာဂတ်ကလာတာမို့ ဤနေရာမှာ လုပ်ကြံမှုဖြစ်ပွားတော့မည်ကို သိထားသည်ဟုသာ ပြောလိုက်ကာက သူ သူ(မ)ကို ရူးနေသည်ဟု ထင်သွားနိုင်၏။
"ကျွန်မရဲ့မိသားစုထဲမှာ... ကျွန်မက ဓားရေးသင်ယူလို့မရပါဘူး။ အဲ့ဒါကြောင့် ကျွန်မတစ်ယောက်တည်း အပြင်ထွက်လာတုန်း အန္တရာယ်ကြုံနေတဲ့ အိမ်ရှေ့စံမင်းသားနဲ့တွေ့လိုက်တာမို့ ကူညီပေးခဲ့တာပါ။"
"ဒါဆို ဒါက တိုက်တိုင်မှုတစ်ခုပေါ့? ဒါပဲလား။"
ကာလိုင်းက သူ(မ)ကိုမယုံကြည်ကြောင်း သူ၏မျက်လုံးများကိုကြည့်လိုက်ရုံဖြင့် ပြောနိုင်ပေသည်။ သေချာပေါက်ပင် သူက မယုံကြည်ပေ။ သူ(မ)၏ရှင်းလင်းချက်ထဲမှာ ဟာကွက်များစွာရှိပြီး အရာရာတိုင်းက အလိမ်အညာတစ်ခုသာ။ သို့သော် သူ(မ)၏ဆင်ခြေများကို ဂရုတစိုက်စီစဥ်ထားပြီး ထိုထက်အရေးကြီးသည်မှာ သူ(မ)က သူ့ကိုကယ်တင်ခဲ့သည်ဖြစ်ရာ သံသယရှိနေလျှင်တောင် သူ(မ)ကို သံသယဝင်လို့မရနိုင်ပေ။ သူ(မ)မှာသာ မကောင်းသည့်ရည်ရွယ်ချက်များ ရှိနေလျှင် သူ(မ)က သူ့ကိုကယ်တင်ဖို့အတွက် သူ(မ)၏အသက်ကို စွန့်စားလိမ့်မည်မဟုတ်ချေ။ အယ်လီနာ၏လုပ်ရပ်က ရှင်းလင်းချက်များထက် ပိုပြီးယုံကြည်နိုင်ဖွယ်ဖြစ်၏။ သို့သော်...
ကာလိုင်းက သူ(မ)ပြင်ဆင်ထားသောစကားများ ဆုံးအောင်မပြောနိုင်ခင် ခေါင်းညိတ်ပြလာခဲ့၏။
"ကောင်းပြီလေ... မင်းက အဲ့လိုပြောတော့လည်း။"
"ဟမ်"
သူက လွန်ခဲ့သောအခိုက်အတန့်ကတောင် သူ(မ)ပြောတာကို နားမထောင်ချင်ခဲ့ဘဲ ယခုလို ရုတ်တရက်ပူးပေါင်းမှုက သူ(မ)အား သတိလက်လွတ်ဖြစ်သွားစေခဲ့၏။ ကာလိုင်းက ပျော့ပျောင်းသောလေသံလေးဖြင့် ဆက်ပြောလာစဥ် အယ်လီနာ၏မျက်နှာထက်၌ ရှုပ်ထွေးသောအမူအရာဖြစ်ပေါ်လာ၏။
"ကိုယ် မင်းကို ယုံပါတယ်။"
ဘာ? သူက သူ(မ)ကို ယုံတယ်? အယ်လီနာတစ်ယောက် သူ(မ)၏ပါးစပ်ထဲကနေ ထွက်လာတော့မည့် မေးခွန်းများကို ပြန်လည်မျိုသိပ်လိုက်ရ၏။ မည်သို့ပင်ဖြစ်စေ ဤသည်က ကောင်းသည့်လက္ခဏာဖြစ်ပြီး မလိုအပ်သောမေးခွန်းများနှင့် လေထုကို မဖျက်ဆီးသင့်ချေ။ ကာလိုင်းသာ စိတ်ပြောင်းသွားလျှင် အခြေအနေက ပို၍ရှုပ်ထွေးလာလိမ့်မည်။ အယ်လီနာ သူ(မ)အရှေ့ကလူကို တိတ်တဆိတ် အကဲခတ်နေစဥ် ကာလိုင်းက ပိုပြီးစပ်စုသောစိတ်အခြေအနေကို ပြောင်းလဲသွားပုံပင်။
"ဘာလို့ ကိုယ့်ကို ရုတ်တရက်ကြီး လက်ထပ်ခွင့်တောင်းရတာလဲ။"
သူက လက်ထပ်မှာမဟုတ်ဘူးလို့ ပြောခဲ့သော်လည်း ယခု ထိုသို့မပြောခဲ့သည့်နှယ် ပြုမူနေပေသည်။
"ရှင် စောစောတုန်းက ဒီကိစ္စကို မပြောချင်နေဘူးမဟုတ်လား။"
"အခု မတူတော့ဘူး။"
"ဘယ်လို?"
"မင်းက အယ်လီနာဘလေဆယ်လေ။"
"ဘာ?"
၎င်းမှာ လုံးဝ မျှော်လင့်မထားသည့်အဖြေပင်။
"ရှင် ကျွန်မမေးခွန်းကို မဖြေရသေးဘူးနော်။ ဒါ့ကြောင့် ရှင့်ကို ထပ်မေးခွင့်ပြုပါ။ ကျွန်မကို သိပါသလား၊ အရှင့်သား။"
"ကိုယ့်ကိုမသိဘူးလား။"
သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာခဲ့သည်။ သူ(မ)၏ဘဝတစ်လျှောက်လုံး အိမ်ရှေ့စံမင်းသားကို မတွေ့ဖူးခဲ့ပေ။ ယခုလိုမျိုး ခံညားသည့်မျက်နှာကို မေ့သွားနိုင်လောက်အောင်ထိ သူ(မ)၏မှတ်ဉာဏ်က ဆိုးဝါးမနေကြောင်း သူ(မ) သေချာပေသည်။
"ဒီနေ့ အဝေးကနေမြင်လိုက်ကတည်းက ရှင်က အိမ်ရှေ့စံမင်းသားဆိုတာ ကျွန်မသိပါတယ်။"
"ကိုယ်မေးတာ အဲ့ဒါမဟုတ်ဘူး။"
"ကျွန်မတို့ အရင်က တွေ့ဖူးလို့လား။"
"မင်းရဲ့မှတ်ဉာဏ်ထဲမှာ မရှိဘူးဆိုရင် မတွေ့ဖူးဘူးပေါ့။"
သူက မသဲမကွဲပြောလာပြီး သူ(မ)ကို ပို၍ရှုပ်ထွေးသွားစေခဲ့သည်။ အယ်လီနာ အခိုက်အတန့်တစ်ခုလောက် စဥ်းစားနေစဥ် ကာလိုင်းက ထပ်ပြောလာ၏။
"အခု ကိုယ့်မေးခွန်းကို ဖြေရမဲ့အလှည့်ပဲ။ ဘာလို့ ကိုယ့်ကို လက်ထပ်ခွင့်တောင်းခဲ့တာလဲ။"
"အိုး၊ အဲ့ဒါက..."
အခြေအနေများက မည်သို့ပင်ဖြစ်နေပါစေ၊ အယ်လီနာတစ်ယောက် ကာလိုင်းကို လက်ထပ်ချင်သည့်အချက်က ပြောင်းလဲမသွားပေ။ အယ်လီနာ တည်ငြိမ်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
"ဘလေဆယ်မိသားစုက မှူးမတ်မျိုးနွယ်မိသားစုပါ။ အဲ့ဒီမိသားစုဝင်တစ်ယောက်အနေနဲ့ အိမ်ရှေ့စံမင်းသား ဧကရာဇ်ဖြစ်လာဖို့ကို ကျွန်မစိတ်အားထက်သန်ပါတယ်။ ရှင်နဲ့အတူ ကျွန်မရဲ့ အားစိုက်ထုတ်မှုတချို့ကို ပေါင်းထည့်နိုင်ရင် ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။"
၎င်းမှာ ဖန်တစ်ရာတေနေသော စကားဖြစ်၏။ သူ(မ)က မျိုးရိုးမြင့်သည့်လူကို လက်ထပ်ချင်နေသည့် မှူးမတ်မျိုးနွယ်တစ်ဦးနှင့် ဆင်တူပေသည်။ သူ(မ)က သူ(မ)၏ခင်ပွန်းကို ဧကရာဇ်ဖြစ်လာစေချင်ပြီး အင်ပါယာတစ်ခွင် အမြင့်မြတ်ဆုံးအမျိုးသမီး ဖြစ်လာချင်နေဟန်။
"မင်းက ကိုယ့်ကို ဧကရာဇ်ဖြစ်စေချင်တယ်?"
"ဟုတ်ပါတယ်၊ အရှင့်သား။"
"မင်းရဲ့မိသားစုက မှူးမတ်မျိုးနွယ်ပေါ့?"
"... ဟုတ်ပါတယ်။"
ကာလိုင်း၏အမူအရာက ပြောင်းလဲမသွားသော်လည်း အယ်လီနာ တစ်စုံတစ်ခုကို ခံစားနေမိ၏။ သူ(မ) ခြောက်ကပ်စွာဖြင့် တံတွေးမျိုချလိုက်သည်။ သူ(မ)အနေနှင့် ဒူးထောက်ကာ သူ၏ခြေထောက်ကိုဖက်၍ သူ(မ)ကိုလက်ထပ်ဖို့ တောင်းဆိုချင်မိသည်အထိပင်။ သူ(မ) အလျင်လိုနေလေသည်။
ဖေးဗလုကို ရင်ဆိုင်ရန် သူ(မ)က မင်းသားကာလိုင်းဘက်၌ အာဏာရှိသောနေရာတစ်ခုမှာ ရှိနေရမည်။ သူ(မ)သည် နန်းတော်၏ နိုင်ငံရေးကိစ္စတို့ကို လူတိုင်းထက်နားလည်ပြီး တော်ဝင်မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သွားလာနိုင်ပေသည်။ သူ(မ)သာ သူ့ဘက်တော်သားမဟုတ်လျှင် သူ့အား အန္တရာယ်ကြားမှ မည်သို့ကယ်တင်နိုင်မည်နည်း။ မင်းသားကာလိုင်းသည် ဤနေရာမှာ သေဆုံးသွားလိမ့်မည်။ သူ၏ရှင်သန်ခြင်းက အနာဂတ်ကို မည်သို့ပြောင်းလဲလိုက်မလဲဆိုတာကတော့ မရှင်းလင်းပေ။
သူ ငြင်းခဲ့ရင်ရော? သူ(မ)၏ မရေမတွက်နိုင်သော အစီအစဥ်များသည် သူ၏အဖြေပေါ်မှာ မူတည်နေ၏။ သူ(မ)၏ဦးနှောက်က ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။ တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားသော ကာလိုင်း၏နှုတ်ခမ်းများက နောက်ဆုံးတော့ ပွင့်ဟလာခဲ့သည်။
"... မင်း ကိုယ့်ကို လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။"
"ကျွန်မ ရှင်ရဲ့အင်အားဖြစ်ပေးမယ်လို့ပြောတာက စိတ်ရင်းအမှန်ပါ။ ရှင် ကျွန်မကို လက်မထပ်ချင်ရင်တောင် ရှင့်ဘက်တော်သားပဲ ဖြစ်နေမှာပါ-"
"ကိုယ်လက်ထပ်ချင်ဘူးလို့ ဘယ်သူပြောလဲ။"
"ဘာ?"
"ကိုယ် အဲ့အစီအစဥ်ကို ကြိုက်တယ်။"
"ဘ-ဘာ၊ ရှင် လက်ခံလိုက်တာလား။"
အယ်လီနာ သံသယအပြည့်ဖြင့် စိုက်ကြည့်နေစဥ် သူ၏နှုတ်ခမ်းများက ထပ်မံပွင့်ဟသွား၏။ သူသည် ထိုးဖောက်လုမတတ်အမူအရာနှင့် မျက်လုံးပြာနတ်ဆိုးတစ်ကောင်ပင်။
"ကိုယ် မင်းလက်ထပ်ခွင့်တောင်းတာကို သဘောတူတယ်။"
အယ်လီနာ့ဆီမှ အသက်ပြင်းပြင်းရှူသွင်းသံကို ကြားလိုက်ရသည်။ ကြည့်ရတာ ၎င်းက မင်းသားကာလိုင်းအတွက်လည်း ဆိုးဝါးသည့်ကမ်းလှမ်းချက် မဟုတ်လောက်ပေ။ အိမ်ရှေ့စံမင်းသား လက်ထပ်ခွင့်ရှိသည့်အမျိုးသမီးသည် အနည်းဆုံး မြို့စားအဆင့်ရှိသည့်မိသားစုမှ ဖြစ်ရမည်။ ထို့ကြောင့် သူ(မ)အတွက် အလွန်နီးစပ်သော တောင်းဆိုမှုတစ်ခုပင်။ ရာထူးမြင့်သောမိသားစုမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်မှာ မခက်ခဲသော်လည်း အယ်လီနာ့လို ဓားရေးကျွမ်းကျင်သောအမျိုးသမီးက ဆိုးဝါးသည့်ရွေးချယ်မှုမဟုတ်ပေ။ အယ်လီနာ၏နှလုံးသားက ခုန်ပေါက်လာခဲ့ပြီး သူ(မ)လိုချင်နေသောအဖြေကို ရရှိခဲ့၏။
"ကိုယ် မေးပါရစေဦး။ ကိုယ့်ရဲ့ ပထမဇနီးလောင်းနဲ့ပတ်သက်တဲ့ ရှေ့ဖြစ်ဟောကို သိတယ်မလား။ မင်းရဲ့ဆုံးဖြတ်ချက်ကို နောင်တမရဘူးလား။ ပြီးတော့ မင်းသိတဲ့အတိုင်း... ကိုယ်က သားရဲတစ်ကောင်ဖြစ်နေနိုင်တယ်လေ။"
ကာလိုင်း၏အကြည့်က သူ၏ညာဘက်လက်မောင်းထက် ကျရောက်သွား၏။ အယ်လီနာ စိုးရိမ်သွားသော်လည်း အသေးစိတ်မေးမြန်းဖို့ တွန့်ဆုတ်နေခဲ့သည်။ သူ(မ) မတုံ့ပြန်သည်ကို မြင်လိုက်ရသောအခါ ကာလိုင်းက လေးနက်သောအသံဖြင့် သူ(မ)ကို ပြောလာခဲ့သည်။
"မင်း မေးခွန်းကိုပြန်မဖြေခင် သေချာစဥ်းစားလိုက်ပါဦး။ ဒါက မင်း လွတ်မြောက်နိုင်မဲ့ နောက်ဆုံးအခွင့်အရေးဖြစ်နိုင်တယ်။"
ကာလိုင်း၏ အထီးကျန်နေသောအမူအရာကို မြင်လိုက်ရသောအခါ သူနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်ကို တူးဆွဖို့အချိန်မကျသေးဘူးဟု အယ်လီနာ ခံစားလိုက်ရ၏။ အလျင်စလိုပြုမူဖို့ မလိုအပ်ပေ။ အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက်မှ သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ရမည်။
"ရှင် သားရဲဖြစ်နေလည်း ကျွန်မ ဂရုမစိုက်ဘူး။"
"ဘာလို့လဲ။ မင်းက တကယ်ပဲ ဧကရီဖြစ်ချင်နေတာလား။"
"အင်း။ ရှင် ဧကရာဇ်ဖြစ်လာရင် ကျွန်မက ဧကရီတစ်ပါးလုပ်နိုင်တာထက်တောင် ပိုပြီးလုပ်နိုင်တယ်။"
ကာလိုင်း၏ မျက်နှာအမူအရာက ညင်သာစွာ ပြောင်းလဲသွား၏။ သူ(မ)၏အဖြေက သူမျှော်လင့်မထားသည့်အရာပင်။
"ဥပမာဆို?"
"ဧကရီနေရာက ကျွန်မနဲ့မထိုက်တန်ဘူးလို့ ရှင်ထင်နေတာလား။"
"ကိုယ် အဲ့လိုမထင်ပါဘူး။"
"ဘာလဲ။"
"မမေ့နဲ့နော်။ ကိုယ့်ဆီကိုရောက်လာခဲ့တာက မင်းပဲ။"
ကာလိုင်း၏အဖြေကို ကြားလိုက်ရသောအခါ အယ်လီနာ ထူးထူးဆန်းဆန်းဖြစ်သွား၏။ သူက လွတ်မြောက်ဖို့အခွင့်အရေးကို ဆုံးရှုံးသွားသည့် သားကောင်ကိုကြည့်နေသလိုမျိုး သူ(မ)ကို စိုက်ကြည့်နေခဲ့သည်။ နှစ်ဦးသားမျက်နှာချင်းဆိုင်နေရင်း တိတ်ဆိတ်မှုတို့ ကြီးစိုးနေ၏။
ရုတ်တရက် တဖြည်းဖြည်းနီးကပ်လာသော မြင်းခွာသံများကို အယ်လီနာ ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က ဤလမ်းအတိုင်း လာနေပြီ။ အယ်လီနာ မြေပြင်ပေါ်က အမြန်ထကာ ၎င်းတို့နောက်သို့ လိုက်လာနိုင်သော လုပ်ကြံသတ်ဖြတ်သူများအတွက် ပြင်ဆင်လိုက်၏။ ထို့နောက် အော်သံများ ထွက်ပေါ်လာခဲ့သည်။
"အရှင့်သား! အိမ်ရှေ့စံမင်းသား!"
"အရှင့်သား၊ ဘယ်မှာပါလဲ။"
အသံလာရာဘက်မှ လွှင့်ထူထားသော အလံတစ်ခုကို သူ(မ) မြင်နေရသည်။ ၎င်းမှာ ရွှေရောင်အနားသတ်နှင့် အလယ်တွင် နဂါးနက်တစ်ကောင်က အစွယ်များလှစ်ဟပြနေသော အလံတစ်ခုဖြစ်၏။ ၎င်းမှာ အိမ်ရှေ့စံမင်းသား၏အစောင့်အကြပ်များဖြစ်သည်။ ကာလိုင်းက အခုမှရောက်လာသော သူ၏လူများကို မနှစ်မြို့စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"...နောက်ကျတယ်။"
"အရှင့်သား၊ သူတို့ထဲမှာ လုပ်ကြံသူတွေရောနေနိုင်တယ်။" အယ်လီနာ သတိပေးစကားဆိုလိုက်သည်။
"အခု ကိစ္စမရှိတော့ပါဘူး။ ကိုယ့်လူတွေ ရောက်လာပြီ။"
"ဒါပေမဲ့-"
"ကိုယ်တို့ ပထမဆုံးတွေ့ဆုံခဲ့တဲ့အခြေအနေကြောင့် ကိုယ့်ကို အားနည်းတဲ့သူလို့ တွေးနေတာပဲ။"
အယ်လီနာတစ်ယောက် သူ၏စွပ်စွဲချက်ကြောင့် ကြောင်အမ်းသွားသည်။ သူ မမှားပေ။ သူ(မ)က သူ၏လုံခြုံရေးကို စိုးရိမ်နေပြီး ယခု ဘာကိုမှ မယုံကြည်နိုင်တော့ချေ။ ကာလိုင်းက အယ်လီနာ၏ဦးဆောင်းအား ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်၏။
"မင်း လက်ထပ်ဖို့ရွေးချယ်လိုက်တဲ့သူက အားနည်းတဲ့ယောက်ျားတစ်ယောက်မဟုတ်ပါဘူး။ ဘာကိုမှစိတ်မပူဘဲ သွားတော့။ မင်း အခုမသွားဘူးဆိုရင် အဖမ်းခံရလိမ့်မယ်။"
"အရှင့်သား..."
"မင်းရဲ့ ဓားရေးကျွမ်းကျင်မှုကို တတ်နိုင်သလောက် လျှို့ဝှက်ထား။ အဲ့လိုဆို ပိုပြီးလုံခြုံလိမ့်မယ်။"
"... ကျွန်မ နားလည်ပါပြီ။"
အယ်လီနာ သူ၏သတိပေးစကားအား သဘောတူလိုက်၏။ သူ(မ)၏အရည်အချင်းများကိုသာ သိရှိသွားပါက ပစ်မှတ်ထားခံရလိမ့်မည်။ ထို့ကြောင့် အမှောင်ထဲ၌ ပုန်းကွယ်နေသည်မှာ ပိုကောင်းပေသည်။
သူ(မ) သွားရန်ပြင်လိုက်သော်လည်း ကာလိုင်းကိုထားခဲ့ဖို့ စိတ်မချဖြစ်နေဆဲပင်။ ထို့နောက် ကာလိုင်းက မြင်းဇတ်ကြိုးကိုကိုင်ကာ သူ(မ)၏လက်ထဲ ထိုးထည့်ပေးလာ၏။
"ကိုယ် ဆယ်ရက်နေရင် မင်းဆီကိုလာလည်မယ်။"
"ကျေးဇူးပြုပြီး... ဂရုစိုက်ပါ၊ အရှင့်သား။"
အယ်လီနာ သူ(မ)ကိုယ်သူ(မ) အတင်းတွန်းအားပေးကာ မြင်းပေါ်တက်၍ ကာလိုင်းအား နောက်ဆုံးတစ်ခေါက်ကြည့်လိုက်သည်။ သူက အပြာရောင်မျက်ဝန်းများဖြင့် သူ(မ)ကိုစိုက်ကြည့်နေပြီး ငြိမ်ငြိမ်လေးရပ်နေဆဲပင်။ နောက်ဆုံးတော့ သူ(မ) မြင်းဇတ်ကြိုးကိုဆွဲကာ မြင်းအား အသော့နှင်သွားပြီး သူ့အတွက် သတိပေးစကားတစ်ခွန်းကို ချန်ထားရစ်ခဲ့၏။
"လုနင်ရဲ့ မဟာမြို့စားကို သတိထားပါ။"
အနာဂတ်တွင် ဖေးဗလုက ရက်စက်ကြမ်းကြုတ်သော ဧကရာဇ်ဖြစ်လာသော်လည်း ယခု သူက လုနင်မြို့ကို အပိုင်စားရထားသည့် မြို့စားတစ်ယောက်သာဖြစ်သည်။
ကာလိုင်းက မြင်းနှင့်ထွက်ခွာသွားသော အယ်လီနာ၏ပုံရိပ်ကိုကြည့်ကာ မေးခွန်းလေသံဖြင့် ညည်းတွားလိုက်သည်။
"ငါ့ရဲ့ဦးလေးကို သတိထားရမယ်? သူက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ..."
သို့သော်လည်း ထိုမေးခွန်းကိုဖြေနိုင်သည့်သူမှာ ထွက်ခွာသွားနှင့်ပြီ။ အယ်လီနာ မြင်ကွင်းထဲကနေ လုံးဝပျောက်ကွယ်သွားသည့်အချိန်အထိ ကာလိုင်းက လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ရပ်နေခဲ့သည်။
***
ခမ်းနားလှသော နန်းတော်ကြီးထဲ၌။
ကမ္ဘာတစ်ဝန်းရှိ တောက်ပသောရတနာများစုဝေးရာ အခန်းတစ်ခန်း၏ထောင့်သို့ စာပို့ခိုက ကျွမ်းကျင်စွာ ပျံသန်းလာခဲ့သည်။ ရံရွေတော်တစ်ယောက်က ထိုငှက်ဆီကနေ စာကို ဂရုတစိုက်ယူလိုက်၏။
အခန်း၏အလယ်မှာ ဇိမ်ကျလှသောဆိုဖာခုံကြီးရှိပြီး ခေါင်းအစခြေအဆုံး တောက်ပြောင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ထိုင်နေ၏။ ထိုအမျိုးသမီးက စာကို လက်ခံယူလိုက်ပြီး စာတိုလေးကို ဖတ်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ထိုစာကို လုံးချေလိုက်လေသည်။
"... ဘယ်လိုတောင် ကျရှုံးသွားရတာလဲ!"
သူ(မ)၏ မနှစ်မြို့သောအသံကြောင့် ရံရွေတော်က မော့ကြည့်လာခဲ့သည်။
"တစ်ခုခုဖြစ်လို့ပါလား။"
"ဘာမှမဖြစ်ဘူး၊ သွားတော့။"
"ဟုတ်ကဲ့ပါ၊ မယ်မယ်။"
ထိုအမျိုးသမီးက ရုဖို့ဒ်အင်ပါယာ၏ ၁၂ ဆက်မြောက်ဧကရာဇ်ဖြစ်သူ စူလီဗန်၏ဇနီး အိုဖီလီယာဖြစ်သည်။
သူ(မ)က ကာလိုင်း၏ မိထွေးတော်လည်းဖြစ်ပေသည်။
အိုဖီလီယာက ရံရွေတော်ထွက်သွားတာကိုကြည့်ကာ အနီးဆုံးမှာရှိသော ဖယောင်းတိုင်ဖြင့် စာကိုမီးရှို့လိုက်၏။ ထို့နောက် စာပါစာလုံးတို့မှာ ဖြည်းဖြည်းချင်း ပြာကျသွားခဲ့သည်။
အိမ်ရှေ့စံမင်းသားကို လုပ်ကြံဖို့ ကျရှုံး။
"မင်းသားကာလိုင်း၊ အဲ့နေရာမှာသေသွားခဲ့တာက ပိုကောင်းလိမ့်မယ်ဆိုတာကို မင်း သိလာစေရမယ်။"
*****
Aurora Novel Translation Team