no

Font
Theme

သူက ဒဏ္ဍာရီလာသားရဲတစ်ကောင်ဖြစ်နေရင်တောင် ဂရုမစိုက်ဘူး (၁)


အယ်လီနာ ရှုပ်ထွေးနေ၏။


တော်ဝင်မိသားစု၏ ဒဏ္ဍာရီက မှန်ကန်ခဲ့ပါက သူ(မ)နှင့် ဖေးဗလုတို့၏ နောက်ဆုံးတိုက်ပွဲတွင် သူ့မှာ နဂါးတစ်ကောင်၏ သွင်ပြင်လက္ခဏာများရှိနေသင့်သော်လည်း သူ(မ) သူ၏လက်မောင်းကို ဖြတ်လိုက်ပြီးတာတောင် သူက လူသားပုံစံရှိနေဆဲပင်။ တော်ဝင်မိသားစုမှာ နဂါးသွေးပါရှိပါက ၎င်းအား ဖုံးကွယ်ထားစရာအကြောင်းမရှိပေ။ ကဲ့ရဲ့ရှုံ့ချခံရတာထက် ဧကရာဇ်အား နတ်ဘုရားတစ်ပါးနှယ် ကြောက်ရွံ့ကြလိမ့်မည်။ အခြားသောနိုင်ငံများကလည်း ရုဖို့ဒ်အင်ပါယာကို စိန်ခေါ်ဝံ့မှာမဟုတ်တော့ပေ။


'...ဘာလို့လဲ။'


သူက ဘာလို့ ဖုံးကွယ်ခဲ့ရတာလဲ။ သူ(မ)ရဲ့ အတိတ်ဘဝတုန်းက ဖေးဗလုက နဂါးတစ်ကောင်လို ဘာလို့မဟုတ်ရတာလဲ။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက နဂါးဖြစ်နေတယ်။ ဒါမှမဟုတ်...


ဒါမှမဟုတ် သူက နဂါးမဟုတ်ဘဲ သားရဲတစ်ကောင်ဖြစ်နေလို့လား။


အိမ်ရှေ့စံမင်းသားသည် ဘယ်တုန်းကမှ လူလုံးထွက်မပြဖူးသောကြောင့် သူနှင့်ပတ်သက်ပြီး ကောလာဟလများစွာရှိပေသည်။ အယ်လီနာ ထိုမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေမိသည်။


ရွှက်!


ရန်သူ့ဘက်ကတစ်ယောက်၏ဓားသည် အိမ်ရှေ့စံမင်းသား၏လက်မောင်းထက် ကျရောက်သွားခဲ့၏။ ထိုဒဏ်ရာမှ သွေးများဖြာထွက်ကျလာပြီး အယ်လီနာတစ်ယောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။


'အိမ်ရှေ့စံမင်းသားက ဘာကြီးပဲနေနေ ငါဂရုမစိုက်ဘူး။ သူက သားရဲတစ်ကောင်ဖြစ်နေရင်တောင် ထီးနန်းဆက်ခံမဲ့ ပထမဆုံးသူပဲ။'


၎င်းက သူ(မ)၏အစီအစဥ်များကို ပြောင်းလဲမသွားစေခဲ့ပေ။ ယခု သူ(မ)သည် မင်းသားကြောင့် အံ့သြသွားသည်ထက် သိချင်စိတ်ကပိုများနေသော်လည်း ထိုအကြောင်းကိုတွေးဖို့ အချိန်မရှိချေ။ နောက်ပိုင်းမှ တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်များကို သူ(မ) တူးဆွကြည့်ရမည်။ ယခုအခိုက်အတန့်တွင် မင်းသားကာလိုင်းကိုကယ်တင်ရန်က သူ(မ)၏ဦးစားပေးဖြစ်သည်။ သူ(မ)အနေနှင့် အတိတ်တုန်းကလိုသာဆိုလျှင် လုပ်ကြံသတ်ဖြတ်သူများကို အသာလေးရှင်းထုတ်နိုင်သော်လည်း ယခုလိုအခြေအနေမှာ ထိုသို့မလုပ်နိုင်ပေ။


'ငါဘာလုပ်သင့်လဲ။'


အယ်လီနာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး လူသေအလောင်းတချို့၏လက်ထဲ၌ ဖောက်ခွဲရေးပစ္စည်းတချို့ကို တွေ့လိုက်ရသည်။ သိသိသာသာပင် ထိုလုပ်ကြံသူများက မင်းသားကိုဆွဲချရန် နောက်ဆုံးသောလက်နက်အဖြစ် မိမိကိုယ်ကိုယ်ဖောက်ခွဲပြီး မင်းသားကိုပါတစ်ပါတည်းခေါ်ဆောင်သွားဖို့ ရည်ရွယ်ချက်ရှိနေ၏။ မြေပြင်ထက် လဲကျနေသောအလောင်းများတစ်ဝိုက်တွင် မြင်းများလည်းရှိသည်။


"... ကောင်းပြီလေ။"


အယ်လီနာ ဆုံးဖြတ်ပြီးနောက် အလျင်အမြန်လုပ်ရှားခဲ့သည်။ လူသေအလောင်းများဆီကနေ ဖောက်ခွဲရေပစ္စည်းတချို့ကို စုဆောင်းကာ မြေပြင်ပေါ်ကျနေသော ဒူးလေးကို ကောက်ယူလိုက်သည်။ သူ(မ)က သာမန်လေးမြားကို ပိုကျွမ်းကျင်သော်လည်း ၎င်းက ပစ်လွှတ်ဖို့ အားပိုစိုက်ရမည်ဖြစ်ရာ ယခုလိုအခြေအနေမျိုးနှင့် သူ(မ) အလျင်အမြန်ပစ်လွှတ်နိုင်ပါ့မလားဆိုတာ မသေချာပေ။ ယခု သူ(မ)အတွက် ခလုတ်နှင့်ဒူးလေးက အသင့်တော်ဆုံးဖြစ်သည်။ ၎င်းက ရင်းနှီးကျွမ်းဝင်မှုမရှိသော လက်နက်ဖြစ်သော်လည်း အယ်လီနာသည် ယခင်ဘဝတုန်းက ပစ်မှတ်တစ်ခုလေးတောင် မလွဲချော်ခဲ့ဖူးပေ။


"ဟ!"


ဒူးလေးကိုကိုင်ထားရင်း အယ်လီနာ သူ(မ)၏မြင်ကိုစီးကာ ကာလိုင်းဆီသို့ ဦးတည်ခဲ့၏။ တစ်ချိန်တည်းမှာပင် သူ(မ)စုဆောင်းထားသော ဖောက်ခွဲရေးပစ္စည်းတချို့ကို ပစ်လိုက်သည်။


ဘန်း၊ ဘန်း၊ ဘန်း၊ ဘန်း!


၎င်းတို့က သေဆုံးသွားသော လုပ်ကြံသတ်ဖြတ်သူတို့၏လက်ပေါ်ကျရောက်သွားပြီး ဆက်တိုက်တုံ့ပြန်မှုဖြစ်ကာ ကြီးမားသောပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားလေ၏။ ကျယ်လောင်သောအသံက ကာလိုင်းကိုတိုက်ခိုက်နေသော လုပ်ကြံသူများအား လူစုကွဲသွားစေသည်။


"ဘာတွေဖြစ်နေတာလဲ။"


"ငါသွားကြည့်လိုက်မယ်။"


ဂရုတစိုက်နေရာယူထားသော လုပ်ကြံသူတို့သည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြသော်လည်း ဘက်ပေါင်းစုံမှလာနေသော မြင်းခွာသံများကြောင့် ၎င်းတို့၏အံ့သြထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ကြပေ။ ပေါက်ကွဲသံများကြား ဒုန်းစိုင်းနှင်လာသောမြင်းခွာသံများနှင့်အတူ မီးများလည်း လောင်ကျွမ်းနေ၏။ သို့သော် လုပ်ကြံသူများသည် မည်သည့်အရပ်မှ မည်သူလာနေကြောင်းကိုတောင် မခန့်မှန်းနိုင်ခဲ့ကြချေ။ ထို့နောက် ကျယ်လောင်သောအော်သံကို ကြားလိုက်ရသည်။


"အိမ်ရှေ့စံမင်းသားကို ကယ်တင်ကြ!"


တစ်ချိန်တည်းမှာပင် မီးတောက်များကြောင့် ဖြစ်ပေါ်လာသော မီးခိုးငွေ့များကြား မြားသုံးစင်းက ဖြတ်သန်းလာပြီး လုပ်ကြံသူများ၏ နှလုံးနေရာတည့်တည့်သို့ ထိုးဖောက်သွားလေသည်။


"ရန်သူတွေ!"


"မင်းသားရဲ့တပ်ကူတွေ ရောက်လာပြီ!"


မြင်းခွာသံများက ၎င်းတို့၏ပတ်ပတ်လည်မှာ မြည်ဟည်းနေပြီး ၎င်းတို့၏အမြင်အာရုံကို မီးခိုးငွေ့များက ပိတ်ပင်ထားခဲ့သည်။ ရုန်းရင်းဆန်ခတ်များအလယ်တွင် သူ(မ)သည် လုပ်ကြံသူများကြားက ဟာကွက်တစ်ခုကို တွေ့ရှိသွားခဲ့သည်။


တက်ကလောက်၊ တက်ကလောက်။


ရုတ်တရက် မီးခိုးငွေ့များကြားထဲ အနက်ရောင်သူရဲကောင်းတစ်ယောက်က ပေါ်ထွက်လာခဲ့သည်။ လူတိုင်း သတိအနေအထားဖြင့် ခေါင်းလှည့်ကြည့်လိုက်ကြ၏။ ၎င်းမှာ တစ်ယောက်တည်းပင်။ အမှောင်ထုထဲကနေ ထွက်ပေါ်လာသူမှာ တစ်ယောက်တည်းဖြစ်သည်။ ကောင်းမွန်စွာ လေ့ကျင့်ခံခဲ့ရသည့် သူရဲကောင်းများဖြစ်သော အိမ်ရှေ့စံမင်းသားကို လုပ်ကြံသူတို့တစ်ဖွဲ့မှာ ထိတ်လန့်သောခံစားချက်ဖြင့် လွှမ်းခြုံသွားခဲ့၏။


ခေါင်းအစ ခြေအဆုံး အနက်ရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော သူရဲကောင်းတစ်ယောက်က ခေါင်းဆောင်းကိုလည်း ဆောင်းထားပြီး မျက်နှာတစ်ခုလုံးတွင် သွေးချင်းနီနေသော မျက်ဝန်းတစ်စုံကိုသာ ဖော်ပြထား၏။ လုပ်ကြံသူများက အနက်ရောင်သူရဲကောင်းဦးဆောင်သည့် တပ်ဖွဲ့များအတွက် ပြင်ဆင်ထားကြသော်လည်း တစ်စုံတစ်ခုက ထူးဆန်းနေသည်။ ရန်သူ့နယ်မြေထဲသို့ တစ်ယောက်တည်းခုန်ဝင်သွားသည့် အယ်လီနာက တိုတောင်းသောအခိုက်တန့်အတွက်သာ နေထိုင်ခဲ့သည်။ ထို့နောက် ကာလိုင်း၏ အပြာရောင်မျက်ဝန်းများနှင့် အယ်လီနာ၏အနီရောင်မျက်ဝန်းတို့ တွေ့ဆုံသွား၏။


"အရှင့်သား၊ တက်ပါ!"


အယ်လီနာက တိုက်တွန်းပြောဆိုကာ သူ(မ)၏လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ ကာလိုင်းက တွန့်ဆုတ်မနေဘဲ ကမ်းလက်ကို လက်ခံလိုက်လေသည်။


အင့်!


အယ်လီနာ သူ့ကို ဆွဲတင်လိုက်ပြီး ကာလိုင်းကလည်း ဆွဲအားကိုအသုံးပြုကာ မြင်းပေါ်ခုန်တက်၍ သူ(မ)၏အနောက်မှာ ထိုင်လိုက်သည်။


၎င်းက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွား၏။ တုံ့ပြန်ရန် နှေးကွေးနေသော လုပ်ကြံသူများက အလျင်အမြန်အော်ဟစ်ခဲ့ကြသည်။


"သူတို့ကို တားကြစမ်း!"


အယ်လီနာ သူ(မ)၏ဓားကိုထုတ်ကာ လမ်းမှာပိတ်ဆို့နေသူမှန်သမျှကို သုတ်သင်ခဲ့၏။ သို့သော်လည်း အရေအတွက်မမျှ၍ အန္တရာယ်ကင်းစွာဖြင့် လွတ်မြောက်ဖို့မှာ ခက်ခဲပေသည်။ ၎င်းက သူ(မ) အေးအေးဆေးဆေးထိုင်ပြီး ရန်သူနှင့်ညှိနှိုင်းရမည့် အခြေအနေမဟုတ်ပေ။ အယ်လီနာ့အနောက်မှ ကာလိုင်းက တိုးတိုးလေးပြောလာခဲ့သည်။


"ငါ့ကို ဇတ်ကြိုးပေး။"


သူ၏လက်မောင်းမှာ ကြီးမားသောဒဏ်ရာရှိနေသော်လည်း သူ အသိစိတ်ရှိနေသေးသည်က ထူးခြားအံ့ဖွယ်ပင်။ သူ၏အင်္ကျီမှာ သွေးများစိုရွှဲနေပြီး ဒဏ်ရာက မည်သည့်နေရာမှာရှိသလဲဆိုတာကိုတောင် မပြောနိုင်တော့ပေ။ ထိုသို့ဆိုလျှင်တောင် အပိုလက်တစ်စုံက ယခုလိုအခြေအနေမှာ များစွာ အကူအညီဖြစ်ပေသည်။


"ဒီမှာ။"


အယ်လီနာ တိုတိုတုတ်တုတ်ပြောကာ သူ့အား ဇတ်ကြိုးကမ်းပေးလိုက်သည်။ မြင်းကိုထိန်းချုပ်ဖို့ ကာလိုင်းနှင့်လွှဲလိုက်ပြီးနောက် လမ်းပိတ်နေသည့် လုပ်ကြံသတ်ဖြတ်သူများကို ရှင်းလင်းဖို့ အာရုံစိုက်လိုက်သည်။ ၎င်းတို့ လမ်းမအတိုင်း ထွက်ပြေးလာရင်း အနောက်ကနေ မြားနှစ်စင်းက မိုးရွာသလို ပေါ်ထွက်လာခဲ့သည်။ အယ်လီနာ သူ(မ)၏ဓားဖြင့် အမြန်တားဆီးလိုက်ပြီး ဓားကိုချကာ ဒူးလေးကိုထုတ်ယူလိုက်၏။ ထို့နောက် သူ(မ)ကိုယ်ကို တစ်ဖက်လှည့်ကာ နောက်ပြန်ထိုင်လိုက်ပြီး ရန်သူများထံ ဒူးလေးဖြင့်ပစ်လွှတ်နေခဲ့သည်။


ဘန်း၊ ဘန်း!


ရန်သူများ တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွား၏။ သူ(မ)သည် ဦးခေါင်းကိုပစ်ချင်ခဲ့သော်လည်း လွဲချော်မှုမရှိစေရန် ၎င်းတို့၏ရင်ဘတ်တည့်တည့်ကိုသာ ချိန်ရွယ်ခဲ့ရသည်။ နောက်ဆုံးတွင် ရန်သူများက ပိုပြီးဝေးကွာလာခဲ့သည်။


ရွှက်!


လုပ်ကြံသူများ ပစ်လွှတ်လိုက်သော မြားအစင်းပေါင်းများစွာထဲက တစ်ခုသည် ကာလိုင်း၏ကျောပေါ် သက်ဆင်းသွားခဲ့၏။


"အ!"


အံ့သြထိတ်လန့်သောအော်သံတစ်ခုထွက်ကျလာပြီး ပါးစပ်ထဲမှ သွေးများလည်း အန်ထုတ်လာခဲ့သည်။ သူ(မ) စိုးရိမ်ပူပန်မှုအပြည့်ဖြင့် သူ့ကိုကြည့်လိုက်သော်လည်း ကာလိုင်းက တည်ငြိမ်သောလေသံဖြင့် ပြောလာခဲ့သည်။


"ငါ တောင့်ခံနိုင်သေးတယ်။ ရပ်လိုက်ဖို့မလိုဘူး။"


"ဒါပေမဲ့-"


"ငါ့ကို မကြာခင်သေရတော့မဲ့လူလိုမျိုး မကြည့်နဲ့။"


အယ်လီနာ သူ(မ)၏နှုတ်ခမ်းကိုကိုက်ကာ 'ရှင် ဒီနေ့ သေရတော့မှာပဲ!' ဟု အော်လိုက်ချင်သော်လည်း သူနှင့် အငြင်းပွားဖို့ အချိန်ကောင်းမဟုတ်ပေ။ ယခုအခိုက်အတန့်တွင် အရေးကြီးဆုံးအရာက မင်းသားကာလိုင်း၏လုံခြုံမှုပင်။ သူသာ ထိုနေရာမှာ သေသွားခဲ့လျှင် သို့မဟုတ် သွေးထွက်လွန်ပြီး ဤနေရာမှာ သေဆုံးသွားခဲ့လျှင် သူ(မ)၏အစီအစဥ်များက အချည်းနှီးဖြစ်သွားလိမ့်မည်။ ကျောဘက်မှာ မြားမှန်ထားသော်လည်း ဇတ်ကြိုးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည့် ကာလိုင်းကို အယ်လီနာ ကြည့်လိုက်၏။


"ဒါဆို ကျွန်မစိတ်မပူရအောင် ကျွန်မနဲ့ရှိနေပေး။"


(TN/ ကျွန်မလို့သုံးပေမဲ့ 'I' လို့ပြောတာကြောင့် မိန်းကလေး၊ ယောက်ျားလေး မကွဲပါဘူးနော်။ ကာလိုင်းက အယ်လီနာ့ကို ယောက်ျားလေးလို့ပဲထင်နေတာပါ။)


ကာလိုင်းသည် သူ(မ)ကို မေးခွန်းထုတ်သည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သော်လည်း ယခုက တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောဖို့ အချိန်မဟုတ်ပေ။ အယ်လီနာ သူ(မ)၏ဒူးလေးကို လိုက်ပါလာသောလုပ်ကြံသူများထံ ထပ်မံချိန်ရွယ်လိုက်သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment