no

Font
Theme

ငါ့မိသားစုကို ကာကွယ်ပေးမယ် (၁)


"ဘာလို့ ရုတ်တရက်ကြီး လေ့ကျင့်ခန်းတွေလုပ်နေတာလဲ။"


အယ်လီနာ လေ့ကျင့်ခန်းလုပ်နေသည်ဟု ဒဲရက်ကို ပြောခဲ့ကြသော်လည်း သူ(မ) ကြာရှည်မခံဘဲ ခဏသာလုပ်လိမ့်မည်ဟု ထင်နေခဲ့၏။ မြို့စားမင်း၏သမီးများအဖြစ် အယ်လီနာနှင့် မိုင်ယာဘယ်လာတို့က ဖန်လုံအိမ်ထဲမှာ ကြီးပြင်းလာသော အပင်လေးများနှယ်။ မိုင်ယာဘယ်လာက အားနည်းလွန်းပြီး အယ်လီနာကလည်း မထူးမခြားနားပင်။ ထို့ကြောင့် အယ်လီနာ အခိုက်အတန့်တစ်ခုကြာလျှင် လက်လျှော့သွားမည်ဟု တွေးခဲ့သော်ငြား သူ(မ)က နေ့တိုင်း အချိန်မှန် လေ့ကျင့်ခန်းလုပ်နေခဲ့ရာ သူ၏သိချင်စိတ်တို့ကို နှိုးဆွပေးခဲ့သည်။


ယခု သူက သူ(မ)နှင့်အတူပြေးနေပြီး သူ၏ညီမကို မတူညီသောအလင်းရောင်ထဲမှာ တွေ့လိုက်ရလေ၏။ သူ(မ)က ညတွင်းချင်း နှုတ်ထွက်သွားမည့်သူမဟုတ်ဘဲ သူ(မ)ကို တွန်းကန်နေသော ခိုင်မာသည့်ဆန္ဒတချို့ ရှိနေခဲ့သည်။


"ဘာပဲလုပ်လုပ် ကျန်းမာခြင်းက အရေးကြီးဆုံးပဲ။ အစ်ကိုက မသိလောက်ပေမဲ့ ညီမရဲ့ခန္ဓာကိုယ်က အားနည်းနေရင် အိမ်အလုပ်တွေကို မလုပ်နိုင်ဘူးလေ။"


"... အဲ့လိုလား။"


"ဟုတ်တယ်။ အစ်ကိုရော လေ့ကျင့်ခန်းထပ်လုပ်ရမှာမလား။ ညီမ သွားတော့မယ်။"


"အင်း၊ ဒါပေမဲ့ အလွန်အကျွံမလုပ်နဲ့ဦး။ အစပိုင်းမှာ အတင်းအကျပ်လုပ်ရင် ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်။"


"ညီမ မှတ်ထားပါ့မယ်။"


အယ်လီနာ ဒဲရက်ကို ဦးညွတ်ကာ ရဲတိုက်ဆီသို့ ပြန်သွားခဲ့စဥ် ဒဲရက်က ပြန်လည်ဆုတ်ခွာသွားသောပုံရိပ်ကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကြည့်နေခဲ့လေသည်။


...


အယ်လီနာ သူ(မ)၏အခန်းကို ပြန်ရောက်သည်နှင့် သူ(မ)၏ခြေကျင်းဝတ်၌ အလေးချိန်တို့ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ(မ)၏ခြေကျင်းဝတ်၌ သေးငယ်သောသဲအိတ်လေးသုံးခုကို ချည်နှောင်လိုက်၏။ တစ်ချက်ကြည့်ရုံနှင့် ၎င်းတို့က အလေးချိန်စီးကြောင်း ပြောနိုင်ပေသည်။ ဒဲရက်၏အကြံနှင့်ဆန့်ကျင်စွာ သူ(မ)က အချိန်တိုအတွင်း သန်မာလာအောင် သူ(မ)တတ်နိုင်သလောက် လုပ်ကိုင်နေ၏။ သူ(မ)သည် ရက်အနည်းငယ်လောက် ကြွက်သားများ နာကျင်မှုကို ခံစားနေရသော်လည်း သူ(မ)၏အတွေ့အကြုံအရ နောက်ဆုံးတွင် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း သူ(မ)သိပေသည်။ ခြေကျင်းဝတ်အလေးချိန်တို့ကိုကြည့်ကာ သူ(မ)ကိုယ်သူ(မ) တီးတိုးရေရွတ်လိုက်၏။


"... ငါ နောက်တစ်ခုလောက် ထပ်ထည့်သင့်လား။"


ကံကောင်းစွာဖြင့် မြင့်မြတ်သောအမျိုးသမီးများ၏ဘဝက ငြီးငွေ့ဖွယ်ကောင်းလျှင်တောင် ရိုးရှင်းလှသည်။ ဆွေကြီးမျိုးကြီး အမျိုးသမီးငယ်အများစုက မနက်စာ၊ နေ့လယ်စာ၊ ညစာစားပြီး ၎င်းတို့၏အချိန်အများစုမှာ ၎င်းတို့၏အသွင်အပြင်တိုးတက်အောင် ခြယ်သနေတတ်ကြ၏။ ဆံပင်ပုံစံပြောင်းခြင်း၊ အဝတ်အစားရွေးခြယ်ခြင်း သို့မဟုတ် အသားအရေထိန်းသိမ်းခြင်း အစရှိသဖြင့် အရာအားလုံးကို ပြုလုပ်နေတတ်ကြသည်။ အမျိုးသမီးများအတွက် ရာထူးမြင့်မြင့်ကို တက်လှမ်းနိုင်သည့် အလွယ်ကူဆုံးနည်းလမ်းက ရာထူးမြင့်သည့်အမျိုးသားနှင့် လက်ထပ်ခြင်းဖြစ်ရာ အလှတရားထက် ပိုပြီးပြင်းထန်သည့် ပြိုင်ပွဲမျိုးမှာ မရှိနိုင်ချေ။


အယ်လီနာ၏ကိစ္စတွင် သူ(မ)ကိုယ်တိုင်က သူ(မ)အဖေ၏ပိုင်ဆိုင်မှုတို့ကို စီမံနေရသောကြောင့် သာမန်မဟုတ်ချေ။ ပုံမှန်အားဖြင့် အိမ်ထောင်မှုကို ထိန်းသိမ်းရသည်က ဇနီးသည်ဖြစ်သော်လည်း အဲလ်ဖော့က နောက်ထပ်လက်မထပ်ခဲ့သည့်အတွက် ထိုတာဝန်က သူ(မ)အပေါ် ကျရောက်လာခဲ့၏။ ထို့ကြောင့် သူ(မ)၏အသက်အရွယ်နှင့် ရင့်ကျက်နေဖြင်းဖြစ်နိုင်သည်။ သူ(မ)အဖေ၏ လစာ၊ မိသားစုအသုံးစရိတ်နှင့် အခြားသော စရိတ်စကများကို တွက်ချက်ပြီးနောက် သူ(မ) တစ်ခုသတိပြုမိလာ၏။ အခြားသော ဆွေကြီးမျိုးကြီးမိသားစုများက ပုံမှန်အားဖြင့် အသုံးအစွဲကြီးကြသည်။ ထို့ကြောင့် ၎င်းတို့၏သမီးများကို လက်ထပ်ပေးချင်နေကြသည်မှာ နားလည်လို့ရပေ၏။


ထို့ပြင် ကလေးများက ၎င်းတို့၏ဂုဏ်သတင်းကို တိုးတက်အောင်မစွမ်းဆောင်နိုင်လျှင် အများစုက အဆင့်တူချင်းသာ လက်ထပ်နိုင်ကြပေ၏။ ထို့ကြောင့် ငယ်ငယ်ကတည်းက အသုံးအဖြုန်းကြီးသည့် ကုန်ကျစရိတ်များမှာ အချည်းနှီးဖြစ်သွားပေ၏။ တခြားကလေးများကို ထိုသို့ကြည့်လိုက်ပြီးနောက် သူ(မ)က ပိုက်ဆံခြွေတာကာ လူမှုရေးပွဲများကို မလိုအပ်ဘဲ မတတ်ရောက်ခဲ့ချေ။ အယ်လီနာသည် သူ(မ)မှာရှိသော အားလပ်ချိန်တို့ကို တန်ဖိုးထားသည်။ သူ(မ)မိသားစု၏ အစားအသောက်များကို ဂရုစိုက်ပြီး၊ သူ(မ)၏တာဝန်များကို လုပ်ဆောင်ပြီးနောက် သူ(မ)က တစ်ယောက်တည်းနေတတ်ပြီး မည်သူ့ဆီကမှ အနှောင့်အယှက်မခံခဲ့ပေ။


ပုံမှန်အတိုင်း မနက်ခင်းလေ့ကျင့်ခန်းနှင့် အခြေခံအလုပ်များကို ပြီးဆုံးသွားပြီးနောက် အယ်လီနာ သူ(မ)၏စားပွဲမှာ ထိုင်ချလိုက်သည်။ ဤစိမ်းသက်သွားသော ရင်းနှီးသည့်ခံစားချက်လှိုင်းက ထွက်ပေါ်လာခဲ့သော်လည်း အလျင်အမြန် ထိန်းညှိလိုက်နိုင်၏။ သူ(မ) ဂျလင်း၏မင်္ဂလာပွဲသို့ တက်ရောက်နိုင်မလားကို မသိသေးပေ။ သူ(မ)မှာ တောင်လိုပုံနေသော စာရွက်စာတမ်းများစွာ ရှိနေသည်။ အားလုံးကို တစ်ခါတည်းအပြီး လက်စသတ်နိုင်သော်လည်း ယခုအခိုက်အတန့်မှာ အရေးကြီးဆုံးက သက်လုံမြှင့်တင်ဖို့ဖြစ်ရာ သူ(မ)ကိုယ်သူ(မ) နေ့တိုင်း နည်းနည်းချင်းစီ တွန်းပေးနေခဲ့သည်။ ထို့နောက် အယ်လီနာသည် စာရွက်စာတမ်းများကို စစ်ဆေးကာ အတည်ပြုကြောင်း ဘလေဆယ်တံဆိပ်တုံးထုနေစဥ် ဖိတ်စာတစ်စောင်က သူ(မ)၏မျက်လုံးများကို ဖမ်းစားသွားခဲ့သည်။


"ဒါက... ဘယ်အချိန်က ရောက်လာတာလဲ။"


အဖြူရောင်စာအိတ်၏အလယ်၌ အနီရောင်သိမ်းငှက်တံဆိပ်ကို အယ်လီနာ ကောင်းကောင်းသိပေ၏။ မှူးမတ်ကတော် ဟိုလန်... ဧကရာဇ်က စစ်ပွဲအတွင်း သေဆုံးသွားခဲ့သောအမျိုးသားတစ်ယောက်ကို မှူးမတ်ဘွဲ့အား ချီးမြှင့်ခဲ့သည်။ မှူးမတ်မရှိဘဲ မှူးမတ်ကတော်ရှိနေသည်က အဓိပ္ပာယ်မရှိသော်လည်း ယခုကိစ္စကတော့ ထိုသို့မဟုတ်ပေ။


မာရီဆာဟိုလန်၊ စစ်ပွဲ၌ သေဆုံးခဲ့သောသူ၏ ဇနီးဖြစ်သူက တောင်ပိုင်းလူ့အဖွဲ့အစည်းတွင် သူ(မ)၏မြင့်မားသောရာထူးအား ပျော်ရွှင်ကြည်နူးနေ၏။ သူ(မ)က လက်ဖက်ရည်ပါတီများကျင်းပရန် ဖိတ်စာများ ပေးပို့တတ်ပြီး ချို့တဲ့သူများကိုကူညီရန် စုဆောင်းရရှိသောငွေများကို အသုံးပြုတတ်သည်။ ၎င်းတို့မှာ မည်သူမဆို တက်ရောက်နိုင်သော စုဝေးပွဲများဖြစ်ပြီး လူ့အဖွဲ့အစည်း၌ တက်ကြွလှုပ်ရှားသူမဟုတ်လျှင်တောင် တက်ရောက်နိုင်ပေသည်။


ကာလိုင်းက သူ(မ)ဆီကို ဆယ်ရက်အတွင်း လာခဲ့မည်ဟု ကတိပေးခဲ့သည့်နေ့မှစကာ ယခုဆို တစ်ပတ်ပြည့်သွားလေပြီ။ ၎င်းက သုံးရက်လိုသေးပြီး လက်ဖက်ရည်ပါတီက သူ့ထက်တစ်ရက်စောပေ၏။ သူ(မ) ကာလိုင်းနှင့်မတွေ့ခင် တတ်နိုင်သလောက် လေ့ကျင့်ချင်သော်လည်း သူ(မ)၏အချိန်ကို မမျှော်လင့်ထားသော လူမှုရေးပွဲများ၌ ကုန်ဆုံးရမည့်အဖြစ်ကြောင့် စိတ်ပျက်နေတော့သည်။


'ငါ အတိတ်တုန်းက ဘယ်လိုလုပ်ခဲ့တာလဲ။ ဒီလက်ဖက်ရည်ပါတီကို သွားခဲ့လား။'


အယ်လီနာ အရေးကြီးသောပွဲများကို မှတ်မိသော်လည်း နှစ်ပေါင်းနှစ်ဆယ်ကြာမှတ်ဉာဏ်များကို အသေးစိတ်မမှတ်မိတော့ပေ။ လက်ဖက်ရည်ပါတီမှ သင့်တော်သည့်အရာတစ်ခုခု ရခဲ့သလားဟု သူ(မ) သိချင်နေ၏။


သူ(မ)သည် အဝတ်အစားများနှင့် လက်ဝတ်လက်စားများလို အဖိုးတန်ပစ္စည်းများအပေါ် ငွေသုံးရသည်အား မနှစ်သက်ဘဲ မကြာခဏဆိုသလို အဝတ်အစားအဟောင်းများကို ပြန်လည်ပြင်ဆင်တတ်၏။ အယ်လီနာက အမြဲတမ်း ရိုးရိုးရှင်းရှင်းသာ နေတတ်သော်လည်း သူ(မ)က ဆွေကြီးမျိုးကြီးမိသားစုဝင်ဖြစ်ကြောင်း သတိပြုနေရသေးသည်။ သူ(မ)သာ လွယ်လင့်တကူ ဝတ်စားသွာပါက ဘလေဆယ်မိသားစု လျစ်လျူရှုခံရမည်မှာ သေချာပေ၏။ သူ(မ)သည် ထိုသို့သော တွေ့ဆုံပွဲများတွင် မျက်စိဖမ်းစားမခံချင်သလို စုတ်တီးစုတ်ပဲ့လည်း ဖြစ်မနေချင်ပေ။


"... ငါ ဒါကိုလုပ်စရာမလိုရင် ကောင်းမှာပဲ။"


မလိုအပ်သောအလုပ်အတွက် ညည်းတွားနေသော်လည်း အယ်လီနာ သူ(မ)၏ထိုင်ခုံကို ဘေးသို့တွန်းကာ အဝတ်လဲခန်းထဲ လျှောက်သွားခဲ့၏။ လူမှုရေးပွဲများကို မသွားဖြစ်သည်မှာ တော်တော်ကြာနေပြီဖြစ်သော်လည်း သူ(မ) သင်ကြားခဲ့ရသည်တို့ကို မမေ့လျော့ခဲ့ပေ။ အတင်းအဖျင်းများနှင့် ကဲ့ရဲ့ရှုံ့ချမှုတို့က များပြားလှ၏။ သူ(မ)သာ ခေတ်နောက်ကျသော အဝတ်အစားတို့ကို ဝတ်ဆင်သွားပါက အခြားသောအမျိုးသမီးများပြောမည့် စကားတို့ကို သူ(မ) ခန့်မှန်းကြည့်လို့ရပေသည်။


'သိပ်ပြီး ထင်ပေါ်နေဖို့ မလိုပါဘူး။ ပွဲတက်ဖို့လုံလောက်ရင် ရပြီ။'


အယ်လီနာ မျှော်လင့်ထားသည့်အတိုင်းပင်။ ဗီရိုထဲရှိ သူ(မ)၏ အဝတ်အစားများအားလုံးက ခေတ်နောက်ကျနေပြီး သိပ်မကြာခင်တုန်းကမှ သူ(မ)အဖေကို နှုတ်ဆက်ဖို့ရာ သူ(မ) ဝတ်ကြည့်ထားရာ သနားစရာအခြေအနေမှာရှိနေကြောင်း သတိရလိုက်မိပေသည်။


"...ဟင်း။"


သူ(မ) သက်ပြင်းချလိုက်မိ၏။ ထိုစဉ် တံခါးကို အဟလေးဖွင့်ကာ မိုင်ယာဘယ်လာက ချောင်းကြည့်လာခဲ့သည်။


"ဘာတွေလုပ်နေတာလဲ၊ မမ။"


မိုင်ယာဘယ်လာက သူ(မ)အစ်မ အိမ်အလုပ်များလုပ်နေလျှင် မနှောင့်ယှက်မိအောင် သတိထားတတ်သော်လည်း သူ(မ)၏အစ်မက အဝတ်လဲခန်းသို့သွားသည်ကို မြင်လိုက်ရသောအခါ သိချင်လာ၏။ မိုင်ယာဘယ်လာ၏ ချစ်စဖွယ်ပုံရိပ်လေးကို မြင်လိုက်ရသောအခါ အယ်လီနာ အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။


"မမ လက်ဖက်ရည်ပါတီအတွက် ဖိတ်စာရထားလို့ အဲ့ကိုသွားရင်ဝတ်ဖို့ အဝတ်အစားရှာနေတာ။"


"လက်ဖက်ရည်ပါတီ?"


"ဖိတ်စာရောက်တာ နည်းနည်းကြာနေပြီထင်တယ်။ မမက အခုမှတွေ့တာ။"


"အဲ့ဒါက အရေးကြီးတဲ့ပွဲမဟုတ်ရင် မမ အခုလိုမျိုး ဝတ်စရာရှာနေမှာမဟုတ်လောက်ဘူး။"


မိုင်ယာဘယ်လာသည် အယ်လီနာက လူတိုင်းထက်ပိုပြီး ရိုးရှင်းသောဘဝကိုနှစ်သက်ကြောင်း သိထားရာ သူ(မ)ဗီရို၏အခြေအနေကို သိရှိရန် အဝတ်လဲခန်းအား စစ်ကြည့်နေစရာပင်မလိုချေ။ မိုင်ယာဘယ်လာက သူ(မ)၏အစ်မအား နားပူနားဆာလုပ်ချင်နေသော်လည်း အယ်လီနာ၏ မျက်မှောင်ကြုတ်ထားသောအမူအရာကြောင့် ပါးစပ်ပိတ်နေလိုက်၏။ အယ်လီနာက သူ(မ)၏ဗီရိုကိုကြည့်ကာ ညည်းတွားလိုက်သည်။


"ဝတ်စုံတစ်ထည်ပြင်ဖို့ ဘယ်လောက်ကြာမှာလဲ။"


သူ(မ)၏အဝတ်များက ပုံတုံးနေသော်လည်း စက်ချုပ်သူကသာ ခါးလိုင်း သို့မဟုတ် လက်ခေါက်နေရာများ၌ ဇာပါးလေးများ ထည့်ချုပ်လိုက်လျှင် ဆက်ဝတ်လို့ရနေသေးသည်။ မိုင်ယာဘယ်လာက ခေါင်းယမ်းကာ ပြန်ဖြေလိုက်၏။


"အိမ်ရှေ့စံမင်းသားရဲ့ ပွဲဦးထွက်ပေါ်ထွက်လာမဲ့ပွဲကြောင့် အပ်ထည်တွေ များနေလောက်တာမို့ လက်ဖက်ရည်ပါတီကို မမှီလောက်တော့ဘူး။"


"အဲ့လိုလား။"


"ညီမလေးတို့ အရင်တစ်ခေါက်က ဂါဝန်တွေမှာခဲ့တဲ့အချိန်ကို မှတ်မိလား။ ဘာလို့ နောက်ကျနေရတယ်ဆိုပြီး အဲ့ဆင်ခြေကို ဆက်တိုက်ကြားနေခဲ့ရတာလေ။"


မိုင်ယာဘယ်လာ၏စကားလုံးများက လွန်ခဲ့သောအချိန်က ဖြစ်ပျက်ခဲ့သော မှတ်ဉာဏ်တချို့နှင့် ဆင်တူနေပေသည်။ မိုင်ယာဘယ်လာက မင်းသားကာလိုင်းပေါ်ပေါက်လာမှာကို စိတ်အားထက်သန်စွာ မျှော်လင့်နေပြီး ၎င်းတို့၏ဂါဝန်များ ပြီးဆုံးသွားသောအခါ ဆုတံဆိပ်ရရှိသလို ခံစားခဲ့ရသည်။ အယ်လီနာက ၎င်းအား ပြန်မဖြေခဲ့ရာ မိုင်ယာဘယ်လာက သူ(မ)အား ထူးဆန်းစွာ ကြည့်နေခဲ့သည်။ ထို့နောက် အယ်လီနာ ကြောင်အမ်းစွာပြုံးပြလိုက်ပြီး အလျင်အမြန် တုံ့ပြန်ခဲ့လေသည်။


"အိုး၊ ဟုတ်သားပဲ။"


မိုင်ယာဘယ်လာက အယ်လီနာ့ကို အခိုက်အတန့်တစ်ခုလောက်ထိ စိုက်ကြည့်နေပြီးနောက် မျိုးရိုးမြင့်အမျိုးသမီးတစ်ဦးပိုင်ဆိုင်သည့် သေးငယ်သောဗီရိုလေးကို လှည့်ပတ်ကြည့်လိုက်၏။


"... ဘာပဲဖြစ်ဖြစ် ဒါက အရေးကြီးတယ်။"


အယ်လီနာ ခါးသီးနေမိသော်လည်း ၎င်းတို့မှာ မရှိသောအရာကနေ ဖန်တီးလို့မရနိုင်ချေ။ ဘလေဆယ်မိသားစုက အလွန်အမင်း ချမ်းသာကြွယ်ဝနေတာမဟုတ်သော်လည်း အယ်လီနာ၏ရိုးရှင်းသောဘဝနေထိုင်နည်းကြောင့် ပိုက်ဆံပြတ်လပ်သွားတာမျိုး မရှိခဲ့ပေ။ သို့သော်လည်း သူ(မ)သာ တစ်စုံတစ်ခု အမှားအယွင်းလုပ်ခဲ့မိလျှင် အတင်းအဖျင်း အပြောခံရနိုင်၏။ အယ်လီနာ အသပ်ရပ်ဆုံးသောဂါဝတ်တစ်ထည်ကို ထုတ်ယူလိုက်သည်။


"ကောင်းပြီလေ။ မတတ်နိုင်ဘူး၊ မပြင်ဆင်ထားမိတာ ကိုယ်အပြစ်နဲ့ကိုယ်ပဲ။"


"ဟင့်အင်း! ညီမလေးမှာ လက်တလောချုပ်ထားတဲ့ဂါဝန်တစ်ထည်ရှိတယ်။ အဲ့မှာပါတဲ့ဇာကို ဖြုတ်ပြီး မမရဲ့ဂါဝန်မှာ ဆက်လိုက်လို့ရတယ်။"


"မလုပ်ပါနဲ့။ အဲ့လိုဆို ညီမလေးရဲ့ဂါဝန် ပျက်စီးသွားလိမ့်မယ်။"


"အိုး၊ လုပ်စမ်းပါ။ ပြီးသွားရင် ပြန်ပြောင်းလိုက်လို့ရတာပဲကို။"


"ဒါပေမဲ့-"


"မမအကြောင်း လူတွေမကောင်းပြောကြမှာကို ညီမလေး မကြိုက်ပါဘူး။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ညီမလေးလိုချင်တာရှိတယ်။"


"ဘာလဲ။"


မိုင်ယာဘယ်လာသည် အပြင်ပိုင်းကြည့်ရုံသာ ငယ်ရွယ်ပုံပေါ်သော်လည်း သူ(မ)အသက်အရွယ်အရ သူ(မ)က ဉာဏ်ကောင်းပေ၏။ သူ(မ)က တစ်စုံတစ်ခု တောင်းဆိုခဲသည့်အတွက် အယ်လီနာ သူ(မ)လိုချင်သည့်အရာကို သိချင်နေမိသည်။


"ညီမလေးလည်း မမနဲ့အတူ လက်ဖက်ရည်ပါတီကို လိုက်ခဲ့မယ်။"


"ဘယ်လို။"


မိုင်ယာဘယ်လာ၏ မထင်မှတ်ထားသော တောင်းဆိုချက်ကြောင့် အယ်လီနာ အံ့သြသွားလေသည်။ မိုင်ယာဘယ်လာက အလွန်နုနယ်ပြီး အပြင်ထွက်ရန် အလွန်အားနည်းလွန်းသည်။ သူ(မ)က လူမှုရေးပွဲများကို သွားချင်တာမဟုတ်ဘဲ ထိုသို့ဖြစ်ခဲပေ၏။ ၎င်းမှာ သူ(မ)၏ရွေးချယ်မှုမဟုတ်သော်လည်း ပါတီပွဲများ၌ အတွေ့အကြုံမရှိသည့် မိုင်ယာဘယ်လာက ယခုလိုတောင်းဆိုလာသည့်အတွက် ထူးဆန်းနေပေသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment