no

Font
Theme

ငါသေလို့မဖြစ်တဲ့အကြောင်းအရင်း (၂)


"မငိုပါနဲ့၊ မမ။"


"ဟင့်-ဟင့်။"


အယ်လီနာ ငိုရှိုက်သံတို့ကို ထိန်းချုပ်မထားနိုင်တော့ဘဲ သူ(မ)၏နှုတ်ခမ်းထက်မှ ထွက်ကျလာခဲ့သည်။ မိုင်ယာဘယ်လာက အချိန်အတော်ကြာ စောင့်ပေးနေခဲ့ပြီး သူ(မ)၏ကျောပြင်ကိုပုတ်ပေးနေစဥ် အယ်လီယာတစ်ယောက် သွေးအေးဓားသမားအဖြစ် မျိုသိပ်ခဲ့ရသော ဝမ်းနည်းကြေကွဲမှုများကို လက်လွှတ်ချလိုက်သည်။ လက်သေးသေးဆီက နှစ်သိမ့်ခံရခြင်းမှာ အလွန်နွေးထွေးနေသည့်အတွက် အယ်လီနာ ငိုကြွေးနေတာကို မရပ်တန့်နိုင်ခဲ့ပေ။


သို့သော် အချိန်ကြာလာတာနှင့်အမျှ အယ်လီနာ ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်လာခဲ့သည်။ မိုင်ယာဘယ်လာက သူ(မ)၏ရင်ခွင်ထဲမှာ ရှိနေဆဲဖြစ်ပြီး ထိုခန္ဓာကိုယ်သေးသေးလေးဆီက အပူငွေ့မှာ စစ်မှန်လွန်းလှ၏။ အယ်လီနာ မယုံကြည်နိုင်သောအကြည့်ဖြင့် သူ(မ)ဘာသာ တီးတိုးရေရွတ်လိုက်သည်။


"...ဒါက အိပ်မက်မဟုတ်ဘူး။"


သူ(မ)၏နှလုံးသားထဲက သံသယအငွေ့အသက်တို့ကို ဖယ်ရှားဖို့ကြိုးစားရန် မိုင်ယာဘယ်လာကို ပွေ့ဖက်ထားသည့်လက်မောင်းတို့အား အမြန်လွှတ်ကာ သူ(မ)၏ သေးငယ်သောပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ သေသေချာချာ စစ်ဆေးနေခဲ့သည်။ မိုင်ယာဘယ်လာကတော့ အယ်လီနာ့ကို စိုးရိမ်ပြီး မျက်မှောင်ကြုတ်နေလေ၏။


"မမ ရုံးတော်ကိစ္စတွေကို တစ်ယောက်တည်းစီမံရတာ ခက်ခဲနေတယ်မဟုတ်လား။ ညီမလေး အဲ့ဒါကို မသိခဲ့ဘူး... ညီမလေး ဆက်ပြီးညည်းတွားနေမိလို့ တောင်းပန်ပါတယ်။"


"...ဘာ။"


မိုင်ယာဘယ်လာက သူ(မ)ရှေ့မှာ တကယ်ရှိနေသလိုမျိုး စကားပြောနေသည့်အတွက် အယ်လီနာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားပြန်သည်။ ဤသည်က စိတ်ကူးယဥ်နေတာမဟုတ်သလို အိပ်မက်မက်နေတာလည်း မဟုတ်ပေ။ ထိုသို့ဖြစ်ရန်အတွက် သူ(မ)ရှေ့က မိုင်ယာဘယ်လာမှာ အလွန်အသက်ဝင်လွန်းသည်။


မိုင်ယာဘယ်လာက အယ်လီနာ၏အကြည့်ကို သူ(မ)အား မရင့်ကျက်သေးသည့်အတွက် ဆူတော့မှာပဲဟု မှတ်ယူလိုက်ပြီး မှုတ်ကုပ်ကုပ်မျက်နှာဖြင့် ဆက်ပြောလာခဲ့သည်။


"အမြဲတမ်း စစ်မြေပြင်မှာပဲရောက်နေတဲ့ အိမ်ရှေ့စံမင်းသားက ကပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပေါ်လာမှာတဲ့။ အဲ့ဒါကြောင့် မမနဲ့ အဲ့ကိုသွားချင်လို့ပါ..."


"အိမ်ရှေ့စံမင်းသား? ဘယ်သူ?"


"မမ ဒီနေ့ဘာဖြစ်နေတာလဲ။ ရုဖို့ဒ်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားလေ။"


အယ်လီနာ၏ဦးခေါင်းက အလျင်အမြန်လည်ပတ်သွားသော်လည်း မိုင်ယာဘယ်လာပြောနေသော အိမ်ရှေ့စံမင်းသားက ဘယ်သူဘယ်ဝါမှန်း သူ(မ)မသိပေ။ ရုဖို့ဒ်အင်ပါယာသည် တိုက်ကြီး၌ အင်အားအကြီးမားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်၏။ ၎င်းတို့၏စစ်တပ်က သေးငယ်သောနိုင်ငံများနှင့် လွန်စွာအလှမ်းဝေးလွန်းသည်။ မျိုးဆက်တိုင်းတွင် ရုဖို့ဒ်အင်ပါယာ၏ ရက်စက်ကြမ်းကြုတ်သောဧကရာဇ်များက စစ်ပွဲကို နှစ်သက်ကြပြီး အင်ပါယာကို စတင်တည်ထောင်ခဲ့သည့် ဧကရာဇ်မှာ နဂါးသွေးရှိကြောင်းတောင် ဒဏ္ဍာရီရှိပေသည်။


ရုဖို့ဒ်အင်ပါယာ၏ ဆယ့်နှစ်ဆက်မြောက်ဧကရာဇ်ဖြစ်သူ စူလီဗန်တစ်ယောက်သာ နူးညံ့သိမ်မွေ့သော သဘာဝရှိခဲ့ပြီး စစ်ပွဲများထက် နိုင်ငံတော်၏အရေးကိစ္စများကို ပိုမိုအလေးထားကာ အင်ပါယာကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးခဲ့သည်။ သူ့လက်ထက်၌ တစ်ချိန်က သွေးဆာခဲ့သောအင်ပါယာမှာ ကြွယ်ဝချမ်းသာလာခဲ့၏။ ထိုကဲ့သို့ အောင်မြင်မှုကိုရရှိရန် ယခင်ဧကရာဇ်က အခြားသောဧကရာဇ်များနှင့် မတူကွဲပြားစွာဖြင့် နှလုံးသားနူးညံ့သော စူလီဗန်ကို ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တာဟု ပြောစမှတ်ပြုခဲ့သည်။ ၎င်းကသာ အမှန်ဖြစ်လျှင် ဉာဏ်အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်ဖြစ်ပေ၏။


သို့သော်လည်း ပြဿနာက စူလီဗန်၏အစ်ကိုတော် ဖေးဗလုပင်။


ဖေးဗလုက နောက်တက်မည့်ဧကရာဇ်သည် သူဖြစ်မည်ဟုသာ ထင်နေခဲ့သော်လည်း အဆုံးသတ်တွင် သူ၏ညီတော် စူလီဗန်ဆီမှာ ထီးနန်းကို စွန့်လွှတ်ခဲ့ရပြီး မဟာမြို့စားအဖြစ် လူနန်၏ သေးငယ်သောဒက်ချီကိုသာ အုပ်ချုပ်ခဲ့ရသည်။ ဖေးဗလုက ဧကရာဇ်တစ်ပါး၏ သဘာဝဖြင့် မွေးဖွားလာခဲ့သည့်အတွက် လူများစွာက စိုးရိမ်ပူပန်ခဲ့ကြသော်လည်း သူက ဒူးထောက်ကာ သူ၏ညီတော်ထံ ခစားခဲ့သည်။


ဆယ်စုနှစ်ကြာသည်အထိ သူ၏ခြေသည်းများကို ဝှက်ထားခဲ့ပြီး အခွင့်အရေးကိုချောင်းမြောင်းခဲ့၏။ ထို့နောက်တွင် သစ္စာဖောက်အစ်ကိုတော်က ပုန်ကန်ပြီး အနိုင်ရရှိခဲ့လေ၏။ တော်ဝင်မိသားစု၏စတုတ္ထမြောက်အမိန့်တာဝန်ကို ဦးဆောင်ခဲ့သည့် ဘလေဆယ်မိသားစုကိုလည်း ဧကရာဇ်ဖေးဗလုက ဖယ်ရှားပစ်ခဲ့သည်။


ဤသည်မှာ အယ်လီနာ့တစ်ဘဝလုံး သတ်ချင်နေခဲ့သည့် အမျိုးသားပင်။


ဧကရာဇ်ဖေးဗလု၊ ရုဖို့ဒ်အင်ပါယာရဲ့ ၁၃ ဆက်မြောက်ဧကရာဇ်။


'... သောက်ကျိုးနည်း။'


အယ်လီနာ မနှစ်မြို့စရာမှတ်ဉာဏ်များကို ပြန်လည်တွေးလိုက်မိချိန်တွင် သူ(မ)၏မျက်လုံးများက အေးစက်သွားခဲ့သည်။ ဖေးဗလုက သူ(မ)၏လည်ပင်းကိုဖြတ်ကာ သူ(မ)၏လက်အား သူ(မ)၏လည်ပင်းထက် ထိတွေ့ခိုင်းသည့်ခံစားချက်ကို သူ(မ) မှတ်မိပေသည်။


ဖေးဗလု၏ ပုန်ကန်မှုမအောင်မြင်ခင်မှာ အဖြစ်အပျက်များစွာ ရှိခဲ့၏။ သစ္စာဖောက်ဧကရာဇ်ဖြစ်တာကြောင့် သူ့အနေနှင့် အိမ်ရှေ့စံမင်းသားကို မတင်မြှောက်နိုင်ခဲ့ပေ။ အယ်လီနာမှတ်မိသလောက်ဆို တရားဝင်အိမ်ရှေ့စံမင်းသားတစ်ပါးရှိခဲ့သော်လည်း လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်လောက်က လုပ်ကြံခံခဲ့ရသည်။ သူက စစ်မြေပြင်မှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သော်လည်း လူ့အဖွဲ့အစည်းထဲမှာ တစ်ကြိမ်လေးတောင်ပေါ်မလာဘဲ ပျောက်ကွယ်သွားခဲ့၏။ သူက အကြမ်းကြုတ်ဆုံးသော ဧကရာဇ်ဖြစ်လာပြီး သူသာ အသက်ရှင်နေသေးလျှင် ဖေးဗလု၏ပုန်ကန်မှုက ကျရှုံးမည်ဟူသော ကောလာဟလများရှိခဲ့သည်။ သို့သော် ထိုသူက တော်ဝင်မိသားစုအဖြစ် တရားဝင်လူလုံးထွက်မပြခင် သေဆုံးခဲ့ရသည့်အတွက် သူ့ကို တွင်တွင်ကျယ်ကျယ်မသိခဲ့ကြပေ။


ထို့ကြောင့် သူ(မ)စိတ်ထဲ မည်သူမှ ပေါ်မလာခဲ့ပါချေ။


"အိမ်ရှေ့စံမင်းသား... ဆိုလိုတာက သစ္စာဖောက်ဧကရာဇ်က နောက်ဆုံးတော့ အဲ့ဒီနေရာမှာ တစ်စုံတစ်ယောက်ကိုထားဖို့အတွက် သူ့ရဲ့အင်အားကို အသုံးပြုခဲ့တာလား။"


နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီပဲ။ ရုဖို့ဒ်အင်ပါယာက အလွန်အမင်းအင်အားကြီးမားကာ သစ္စာဖောက်အုပ်ချုပ်သူက သူအလိုရှိတာကို ရယူနိုင်စွမ်းရှိပေသည်။


"ဘာတွေပြောနေတာလဲ။ မမ၊ အဲ့ဒါက နိုင်ငံတော်ပုန်ကန်မှုပဲနော်! မမရဲ့ပါးစပ်ထဲမှာ အဲ့လိုညစ်ညမ်းတဲ့စာလုံးတွေရှိတာကို ဖေဖေသိသွားရင် မမ ဘယ်လောက်ပဲအသက်အရွယ်ရနေပါစေ၊ ဒုက္ခရောက်လိမ့်မယ်နော်။"


မိုင်ယာဘယ်လာက သူ(မ)တို့၏စကားဝိုင်းကို တစ်စုံတစ်ယောက်များကြားသွားလေမလားဟု လှည့်ပတ်ကြည့်ရှုနေ၏။ သူ(မ)၏ သတိထားနေသောအမူအရာက အယ်လီနာ့စိတ်ထဲကို မေးခွန်းများနှင့် ပြည့်နှက်သွားစေခဲ့သည်။


"မမ ဒီနေ့ ထူးဆန်းနေတယ်။ ရုဖို့ဒ်မှာ အိမ်ရှေ့စံမင်းသားက မင်းသားကာလိုင်းတစ်ယောက်ပဲရှိတာလေ။"


ကာလိုင်း? သူ(မ) ထိုနာမည်ကို ကြားလိုက်သည်နှင့် ဦးခေါင်းထဲကို အသိတစ်ခု ဝင်ရောက်လာခဲ့သည်။


ကာလိုင်းဗန်ဒီမစ်ထရီရုဖို့ဒ်။


(*ဒီမစ်ထရီရုဖို့ဒ်ရဲ့/မှ ကာလိုင်းဆိုပြီးလည်း ပြောလို့ရပါတယ်။ ဗန်က from/of ဆိုတဲ့ အဓိပ္ပာယ်ပါ။)


မိုင်ယာဘယ်လာပြောနေသည်မှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က လုပ်ကြံခံခဲ့ရသောမင်းသားကို ရည်ညွှန်းနေပေသည်။ အယ်လီနာ ရုတ်ခြည်း အမှတ်ရလိုက်ပြီး ရှုပ်ယှက်ခတ်နေသော ပိုးချည်မျှင်များက ချက်ချင်း ပြေလျော့သွားခဲ့၏။


"မိုင်ယာဘယ်လာ၊ အခုက ဘယ်နှခုနှစ်လဲ။"


"အင်ပါယာရဲ့ ၃၆၇ ခုနှစ်လေ။ မမ အဲ့ဒါကိုလည်း မေ့သွားပြီလား။"


ထိုအခိုက်အတန့်တွင် အယ်လီနာ ဘာကိုမှမပြောနိုင်တော့ဘဲ မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရ၏။ ဤသည်မှာ လွန်ခဲ့သောနှစ်နှစ်ဆယ်က အိမ်ရှေ့စံမင်းသား သေဆုံးခဲ့သည့် အချိန်ကာလဖြစ်ပေသည်။ ထို့ပြင် တော်ဝင်မိသားစု ဖျက်ဆီးမခံရခင် တစ်နှစ်သာလိုတော့သည်။


အယ်လီနာ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။ အတိတ်တုန်းက အိမ်ရှေ့စံမင်းသား လူ့အဖွဲ့အစည်းမှာ ပထမဆုံးအကြိမ်ပေါ်လာတုန်းက အယ်လီနာ သူ(မ)၏ညီမကို အဖော်ပြုကာ ကပွဲဆီသွားခဲ့သည်။ သို့သော်လည်း တစ်နေ့တာကုန်ဆုံးသွားပြီးနောက် သူ့ကိုမတွေ့ရဘဲ အိမ်ပြန်လာခဲ့ရလေသည်။ နောက်ပိုင်းမှသာ မင်းသားက လုပ်ကြံခံလိုက်ရ၍ မတက်ရောက်နိုင်ခဲ့ကြောင်း သိခဲ့ကြရ၏။ ထို့နောက် ခြောက်လအကြာတွင် ဧကရာဇ်မင်းက နာတာရှည်ရောဂါဖြစ်နေကြောင်း ဖော်ထုတ်ခံလိုက်ရချိန်မှာ တော်ဝင်မိသားစုကြီး ဆုတ်ယုတ်လာခဲ့တော့သည်။


ဟုတ်ပါသည်၊ အယ်လီနာ ယခုအချိန်ကို ကောင်းကောင်းကြီးမှတ်မိပါ၏။ ထိုအချိန်တုန်းကလည်း မိုင်ယာဘယ်လာက ယခုလိုပင် သူ(မ)၏အခန်းထဲကို ပြေးဝင်လာပြီး အိမ်ရှေ့စံမင်းသားက ကပွဲကိုတက်ရောက်မည့်အကြောင်း ပြောပြခဲ့သည်။


ဒီနေ့က...


တကယ်ပဲ အဲ့ဒီနေ့လား။ အယ်လီနာ၏ဦးခေါင်းထဲမှာ ဖြစ်ပျက်ခဲ့သမျှတို့က မြင်ကွင်းကျယ်ဖြင့် ဖြတ်ပြေးသွားခဲ့သည်။


'ငါ အတိတ်ကို တကယ်ပဲပြန်ရောက်လာတာလား။'


ယုံကြည်ဖို့ရာ ခက်ခဲပေ၏။


ဘာတွေဖြစ်နေတာလဲ၊ ဘာလို့လဲ။ အဖြေမရနိုင်သော မေးခွန်းများသာ ထွက်ပေါ်လာခဲ့ပြီး မည်သူ့ကိုမှ မေးလို့မရသလို မည်သူကမှလည်း အဖြေမပေးနိုင်ပေ။


ထိုအခါမှသာ သူ(မ) စိတ်ကူးယဥ်အိပ်မက်ဟု ထင်နေသည့်အရာက တကယ့်လက်တွေ့ဖြစ်နေကြောင်း သတိပြုမိသွားပေသည်။ သူ(မ)က အသက်ရှူဖို့တောင် မေ့လျော့သွားသလို ဖြူဖျော့လာခဲ့၏။


"မမ အဆင်ပြေရဲ့လား။"


မိုင်ယာဘယ်လာက သူ(မ)အစ်မ၏လက်ကို ဂရုတစိုက်ဆုပ်ကိုင်ကာ စိုးရိမ်ပူပန်နေသောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။ ထိုကဲ့သို့ အပြုအမူသေးသေးလေးဆိုပေသော်ငြား အယ်လီနာတစ်ယောက် မျက်ရည်တို့ကျလာခဲ့ပြန်သည်။ သူ(မ) အတိတ်ကို မည်သို့ပြန်ရောက်ခဲ့လဲဆိုတာ ကိစ္စမရှိပေ။ ယခု သူ(မ)တန်ဖိုးထားသော မိသားစုကို ကာကွယ်ဖို့ရာ အခွင့်အရေးရလာခဲ့လေပြီ။ ထိုကဲ့သို့သောအနာဂတ်ကို ထပ်ပြီးဖြစ်ခွင့်ပြုမှာမဟုတ်ပေ။


အယ်လီနာ မိုင်ယာဘယ်လာ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကတိစကားကို တီးတိုးဆိုလိုက်၏။


"ဒီတစ်ခေါက် ညီမလေးကို ကာကွယ်ပေးမယ်လို့ ကတိပေးတယ်။ ဘာကိစ္စတွေပဲရှိလာပါစေ..."


မိုင်ယာဘယ်လာက သူ(မ)အစ်မ၏ ခိုင်မာလွန်းသောစကားလုံးများကို ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်၏။ သူ(မ)က ဒီနေ့ ထူးထူးဆန်းဆန်းပြုမူနေသည်။ အစတုန်းက အယ်လီနာတစ်ယောက် ရုံးတော်ကိစ္စများကို စီမံပြီး ဖိအားများခံစားနေရသည်ဟု ထင်လိုက်သော်လည်း ယခု သူ(မ)မမျှော်လင့်ထားသည့်အရာကို ပြောလာခဲ့သည်။


"မမ၊ တကယ် အဆင်ပြေပါတယ်နော်။"


"ဒါပေါ့၊ အထူးသဖြင့် ညီမလေးက မမရှေ့မှာ အခုလိုရှိနေတာကို၊ ဘယ်လိုလုပ်ပြီး အဆင်မပြေဖြစ်နိုင်မှာလဲ။ မမအတွက် ဒီအခိုက်အတန့်က... ဘယ်လိုအဖိုးတန်သလဲဆိုတာကို ဖော်ပြလို့တောင်မရဘူး။ အသက်ရှင်နေပေးလို့ ကျေးဇူးတင်ပါတယ်၊ မိုင်ယာဘယ်လာ။"


မိုင်ယာဘယ်လာ ရှက်ရွံ့မှုကြောင့် မျက်နှာပူလောင်လာခဲ့၏။ သူ(မ)၏အစ်မက အဘယ့်ကြောင့် ယခုလိုပြုမူနေမှန်း နားမလည်သော်လည်း ဤသည်မှာ အယ်လီနာက သူ(မ)ကိုချစ်ကြောင်းဖော်ပြနေသည့်အတွက် ရှက်ရွံစွာ ပြုံးလိုက်မိသည်။ အယ်လီနာက ကမ္ဘာပေါ်တွင် အကောင်းဆုံးအစ်မကြီးတစ်ယောက်ဖြစ်သည်ဆိုသောအချက်က ဘယ်တော့မှ ပြောင်းလဲမသွားပေ။


အယ်လီနာ မိုင်ယာဘယ်လာကို ပွေ့ဖက်လိုက်ပြီး ကျိူးပဲ့လွယ်သော ပစ္စည်းလေးကို ကိုင်တွယ်နေသလိုမျိုး နူးညံ့စွာကြည့်လိုက်သည်။ အယ်လီနာ သူ(မ)ကို ကြာကြာမကြည့်နိုင်ပေ။ သူ(မ)၏နှလုံးသားက မိုင်ယာဘယ်လာမသိသော အနာဂတ်ကြောင့် နာကျင်နေခဲ့ရ၏။


ရုတ်တရက်ဆိုသလို အယ်လီနာ့စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာ၏။


"ဖေဖေကရော ဘယ်မှာလဲ။"


"ဒီနေ့ ဖေဖေက အရေးတကြီးလုပ်စရာရှိလို့ ညနေအထိပြန်လာနိုင်မှာမဟုတ်ဘူးလို့ မနေ့က မမပဲ ပြောခဲ့တာမလား။"


"အို၊ ဟုတ်သားပဲ..."


အယ်လီနာ သူ(မ)အား ကြောင်တောင်တောင်နိုင်သော အပြုံးတစ်ခု ပြုံးပြလိုက်ပြီးနောက် ဂရုတစိုက် တွေးတောလိုက်သည်။ ကြေကွဲဖွယ်ဖြစ်ရပ်ကို ရှောင်ရှားဖို့အတွက် သူ(မ) တစ်စုံတစ်ခုကို ချက်ချင်းပြုလုပ်ရမည်။ အနာဂတ်ကိုပြောင်းလဲဖို့ အချိန်များများစားစားမကျန်တော့ပေ။


သူ(မ)အဖေဆီသွားပြီး အနာဂတ်အကြောင်းကို ပြောပြသင့်သည်လော။ အယ်လီနာ ချက်ချင်း ခေါင်းယမ်းလိုက်သည်။ သူ(မ)၏ဇာတ်လမ်းကို သူ ယုံကြည်ပါ့မလားဆိုတာ သူ(မ)မသိပေ။ သူ ယုံကြည်ခဲ့လျှင်တောင် ဘလေဆယ်မိသားစုက တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိပြီး သူ(မ)၏အဖေက ထွက်ပြေးတာထက် သေသည်အထိ တိုက်ခိုက်မည့်သူမျိုးဖြစ်သည်။ ထိုအတွက်ကြောင့်ပဲ ယခင်ဘဝက ဧကရာဇ်ဖေးဗလုဆီကနေ အသတ်ခံခဲ့ရခြင်းပင်။


သူ(မ) ဖေးဗလုကို ဧကရာဇ်ဖြစ်မလာအောင် မည်သို့တားဆီးရမည်နည်း။ ယခုလက်ရှိတွင် ဧကရာဇ်စူလီဗန်က နာမကျန်းဖြစ်နေကြောင်း မည်သူမှမသိသေးချေ။ လက်ရှိဧကရာဇ်က မကြာခင် ကံကုန်တော့မည်။


'...အဲ့မတိုင်ခင် သူ(မ) ဖေးဗလုကို လုပ်ကြံသင့်လား။"


အတိတ်ကိုပြန်ရောက်လာပေမဲ့ သူ(မ)၏ဓားရေးကျွမ်းကျင်မှုက လုံးဝပျောက်ကွယ်မသွားသေးဘဲ ရုပ်ပိုင်းဆိုင်ရာ အထွတ်အထိပ်ကိုရောက်ရန် သူ(မ)၏ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့သာ လိုအပ်ပေသည်။ သူ(မ)၏ မူလပန်းတိုင်ကို ကျရှုံးခဲ့သော်လည်း သူ(မ)သည် ဖေးဗလုဧကရာဇ်၏လက်ကို ဖြတ်နိုင်ခဲ့ပါသေး၏။


သို့သော် လုပ်ကြံသတ်ဖြတ်မှု အောင်မြင်ခဲ့လျှင်တောင်...


တော်ဝင်မိသားစုက ဖေးဗလု၏ရည်ရွယ်ချက်များကို လျစ်လျူရှုကာ သူ့ကိုသတ်ဖြတ်ခဲ့သည့်သူအား အပြစ်ဒဏ်ချမှတ်လိမ့်မည်။ ဘလေဆယ်မိသားစုက ထိုပြစ်ဒဏ်ကို ရှောင်ရှားနိုင်မှာမဟုတ်ပေ။ ထို့နောက် သူ(မ) ကျရှုံးခဲ့လျှင်...


အယ်လီနာ မျက်လုံးများကို တင်းတင်းကျပ်ကျပ်မှိတ်ကာ ရလဒ်များကို မစဥ်းစားချင်ခဲ့ပေ။ သူ(မ) ဝန်မခံချင်သော်လည်း ဖေးဗလုကိုသတ်ရန် သူ(မ)၏တစ်ဘဝလုံး ကြိုးစားခဲ့ရသည်။ သူက မည်မျှသန်မာကြောင်း အယ်လီနာ တခြားသူတွေထက် ပိုသိပါ၏။ သူ(မ) သူ့ကို တစ်ကြိမ်ရှုံးနိမ့်ပြီးပြီ။ ဒါက အနိုင်ရဖို့အတွက် ဒုတိယအခွင့်အရေးများလား။ သူ(မ)၏အထောက်အထားကို ဖုံးကွယ်ပြီး ယခုတစ်ခေါက်မှာ ဖေးဗလုကိုသတ်နိုင်လိမ့်မည်ဟု အာမခံချက်မရှိပေ။ သေးငယ်သောအခွင့်အရေးလေးအတွက် သူ(မ)မိသားစု၏ အသက်များကို မစွန့်စားရဲပါချေ။


'... ငါ ကျရှုံးလို့မဖြစ်ဘူး။'


အဆိုးဆုံးရလဒ်ဖြစ်လာလျှင်တောင် ဘလေဆယ်မိသားစုကို အသက်ဆက်ရှင်စေရန် သေချာအောင်လုပ်ဖို့လိုအပ်သော်လည်း အကြံဉာဏ်ကောင်းများက ထွက်မလာခဲ့ချေ။ ယခင်ဘဝက သူ(မ)၏အသက်ကို စတေးခဲ့တာတောင် သူ(မ)မိသားစုအတွက် လက်စားမချေနိုင်ခဲ့တာကို ပိုပြီးအရှက်ရမိ၏။


သူ(မ) တစ်ယောက်တည်းလုပ်နိုင်သည့်အရာအားလုံးကို လုပ်ခဲ့ပြီးပြီ။ ယခု သူ(မ)ကို ကူညီပေးနိုင်မည့် အင်အားတစ်ခုကို လိုအပ်နေပေသည်။


'ငါ့ကို ကူညီပေးနိုင်မဲ့ တစ်စုံတစ်ယောက်ဆိုရင်...'


သူ(မ)၏စိတ်ထဲ တစ်ဦးတည်းသာ ပေါ်ပေါက်လာခဲ့သည်။


'...မင်းသားကာလိုင်း?'


သူ(မ)သိသလောက်ဆို သူက ရက်အနည်းငယ်အတွင်း သေဆုံးတော့မည်။ သို့သော်... သူမသေခဲ့လျှင် ဘာဖြစ်မည်နည်း။ အိမ်ရှေ့စံမင်းသား၊ လက်ရှိဧကရာဇ်၏သားတော်သည် စစ်မြေပြင်မှာသာ အောင်မြင်မှုတို့ရရှိခဲ့ပါသော်ငြား ဖေးဗလုအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်လာလိမ့်မည်။ မဟုတ်သေးဘူး၊ သူနှင့်ပတ်သက်သည့် ကောလာဟလများက မှန်ကန်နေလျှင် ပိုပြီးတောင် အကူအညီဖြစ်ပေသည်။ ထို့ပြင် သူ(မ)သာ သူ့ကိုဧကရာဇ်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါက သူသည် ဖေးဗလု၏အာဏာမြင့်တက်လာမည့်လမ်းကြောင်းမှာ မားမားမတ်မတ်ရပ်တည်နိုင်ပေလိမ့်မည်။


သူ(မ) မင်းသားကာလိုင်းကို ကယ်တင်ရမည်။ ထိုဆုံးဖြတ်ချက်က တိုက်ကြီးတစ်ခုလုံးကို ကိုင်လှုပ်သွားနိုင်ပေ၏။ အကျိုးရလဒ်များကို ခန့်မှန်းလို့မရနိုင်ပေ။ ခဏတာတွန့်ဆုတ်နေပြီးနောက် အယ်လီနာတစ်ယောက် အေးစက်စွာရယ်မောလိုက်သည်။


'တစ်လောကလုံး သွေးချောင်းစီးတာကို ငါ ဂရုမစိုက်ဘူး။ ငါ ငါ့မိသားစုကိုပဲ ကယ်တင်ချင်တယ်...'


သူ(မ)သည် ထိုသွေးချောင်းစီးသောလမ်းမထက်မှာ အပြုံးလေးနှင့်သာ လျှောက်သွားလိမ့်မည်။ အယ်လီနာ မိုင်ယာဘယ်လာ၏ တောက်ပသောမျက်ဝန်းတို့ကို ငုံ့ကြည့်လိုက်ပြီး လေးလေးနက်နက် ကတိသစ္စာပြုလိုက်သည်။


သူ(မ) ဘာပဲပေးဆပ်ရပါစေ ဒီတစ်ခေါက်တော့ သူ(မ)မိသားစုကို ကယ်တင်ရမယ်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment