ဒါကအစပဲ (၂)
ဟယ်လင် ယခုအခြေအနေကနေ လွတ်မြောက်ဖို့ အသည်းအသန် စဥ်းစားနေ၏။ သို့သော်လည်း လက်ဖက်ရည်ခွက်ကို ငြင်းဆန်လိုက်လျှင် ထိုထဲ၌ တစ်စုံတစ်ခုပါဝင်ကြောင်း သက်သေပြပြီးသားဖြစ်သွားလိမ့်မည်။
လူတိုင်း၏ မေးခွန်းထုတ်သောအကြည့်များက သူ(မ)ပေါ်ကျရောက်နေကြောင်း ခံစားမိပေသည်။ သူ(မ)သည် သက်သေဖျောက်ဖျက်ဖို့ ကျရှုံးခဲ့ပြီး ရွေးချယ်စရာမရှိဘဲ သောက်ရလိမ့်မည်။ ထိုအရာပြီးသွားသည်နှင့် သူ(မ) လက်ဖက်ရည်အိုးကို ဖျက်စီးပစ်ရမည်။
"ဒါပေါ့။ အထဲမှာ ဘာမှမပါပါဘူး။"
သူ(မ)က လက်ဖက်ရည်အိုးထဲမှာ ဆားများပါဝင်ကြောင်း သိထားသော်လည်း ချောမွေ့စွာပြောလိုက်၏။ ၎င်းအား သောက်လိုက်လျှင် တော်တော်လေးဆိုးဝါးမည်ဖြစ်သော်လည်း သူ(မ) ယခု ငြင်းဆန်လို့မရတော့ပေ။ ဟယ်လင်က မျက်လုံးများမှိတ်ကာ တစ်ငုံသောက်လိုက်၏။
"အွက်... ဖွီ!"
ဟယ်လင်သည် ၎င်းအား ကြိတ်မှိတ်သည်းခံဖို့ ကြိုးစားခဲ့သော်လည်း သူ(မ)က နူးညံ့ပြီး အကြမ်းပတမ်းမခံနိုင်သော မျိုးရိုးမြင့်အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက် ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သောတစ်စုံတစ်ခုအား ခံနိုင်ရည်မရှိချေ။ သူ(မ) ပါးစပ်ထဲကနေ ပြန်ထွေးထုတ်လိုက်သည်။
ဟယ်လင်သည် သူ(မ)၏ နီမြန်းနေသောမျက်နှာပေါ်က ဖိတ်စင်သွားသော လက်ဖက်ရည်များကို အမြန်သုတ်ရန် ကြိုးစားလိုက်၏။ သူ(မ)က လူများစွာ၏ရှေ့တွင် တုပ၍မရသော အရှုပ်အထွေးတစ်ခုကို ဖန်တီးခဲ့လေသည်။
"ဟမ်။"
အယ်လီနာက သူ(မ)၏ဦးခေါင်းအား မော့ချီကာ ဟယ်လင့်ကိုကြည့်နေ၏။ လူအုပ်ကြီးက ၎င်းတို့အကြောင်းကို တီးတိုးပြောဆိုနေကြသည်။ ၎င်းမှာ သူ(မ)၏အတိတ်ဘဝတုန်းက သူ(မ)အား ငံတူးနေသောလက်ဖက်ရည်ကို ပေးခဲ့သည့်အတွက် ဟယ်လင့်ကိုပြန်ပေးဆပ်ခိုင်းမည့် အယ်လီနာ့အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဟယ်လင်က လက်ဖက်ရည်အိုးကို မှောက်ချပြီး သူ(မ)၏ရည်ရွယ်ချက်အား တားဆီးလိမ့်မည်ဟု အယ်လီနာ ခန့်မှန်းထား၏။ လက်ဖက်ရည်အိုးထဲကို ဆားများထည့်ထားလျှင်တောင် ၎င်းက ဟယ်လင်၏လုပ်ရပ်ဟုပြောရန် ခက်ခဲပေသည်။ တချို့က သူ(မ)ကို သံသယရှိနိုင်သော်လည်း တရားခံကို မဖော်ထုတ်နိုင်လျှင် ထိုအခြေအနေက နောက်ဆုံး၌ ဖုံးကွယ်ခံရနိုင်၏။
အယ်လီနာ လွယ်လွယ်နှင့် အရှုံးမပေးနိုင်ချေ။ ဟယ်လင်က လူတိုင်း၏ရှေ့မှာ လက်ဖက်ရည်အိုးကိုခွဲဖို့ လိုအပ်၏။ ထိုသို့မဟုတ်ပါက ဟယ်လင့်အား ယခု ချောင်ပိတ်ဖမ်းရန် ခက်ခဲသွားပေမည်။
အယ်လီနာသည် စောစောက ဟယ်လင်လုပ်ခဲ့သလို အံ့အားသင့်စွာဖြင့် သူ(မ)၏ပါးစပ်ကိုဖုံးအုပ်ထား၏။
"အိုး၊ လက်ဖက်ရည်ထဲမှာ ဘာပါလို့လဲ။ လေဒီရှယ်ဘီပြောတော့ ဘာမှမပါဘူးဆို? အဲ့ဒါက အဆိပ်တော့ မဟုတ်ဘူးမလား။"
စကားလုံးတစ်လုံးချင်းစီက လူအုပ်ကြီးအား ထိတ်လန့်သွားစေခဲ့သည်။
"အဆိပ်?"
"မဖြစ်နိုင်တာ..."
လူအုပ်ကြီး၏ဆူညံသံက ပိုမိုကျယ်လောင်လာပြီး အယ်လီနာက ထိတ်လန့်နေသောအမူအရာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။
"လေဒီရှယ်ဘီ၊ ကျွန်မ ရှင့်ရဲ့ကျန်းမာရေးကို စိတ်ပူတာမို့ ကျွန်မတို့တွေ သမားတော်ပင့်သင့်တယ်။"
မာရီဆာ သူ(မ)၏လက်ဖက်ရည်ပါတီက ပျက်စီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်ပြီး သူ(မ)မှာ တင်းမာနေသောအကြည့်ရှိနေ၏။ သူ(မ)၏ဒေါသတို့က ဟယ်လင့်ဆီ ဦးတည်သွားသည်။ ဟယ်လင်က လက်ဖက်ရည်အိုးကိုခွဲရန် ကြိမ်ဖန်များစွာကြိုးစားခဲ့ကြောင်း မြင်လိုက်ရသူတိုင်း သူ(မ)အား တရားခံအဖြစ်တွေးမိမှာပင်။
ဒီရေက သူ(မ)ဘက်သို့လှည့်လာကြောင်း တွေ့လိုက်ရသောအခါ ဟယ်လင်၏မျက်နှာက ကြည့်ရဆိုးသွားသည်။ မျိုးရိုးမြင့်မိသားစုမှာ ဂုဏ်ကျက်သရေက အသက်တမျှ အရေးကြီး၏။ ယနေ့ဖြစ်ခဲ့သော ကိစ္စများနှင့်ပတ်သက်၍ ကောလာဟလများသာ ပျံ့နှံ့သွားပါက ဟယ်လင် တောင်ပိုင်းလူ့အဖွဲ့အစည်းမှာ မျက်နှာပြနိုင်တော့မှာမဟုတ်ပေ။ သူ(မ)၏ အယ်လီနာ့ကိုဖျက်ဆီးမည့်အကြံက သူ(မ)၏အရှုံးနှင့်သာ အဆုံးသတ်ခဲ့ရသည်။
ဟယ်လင် သူ(မ)ဘေးမှာရပ်နေသော မာဂရက်ကို အလျင်အမြန် လက်ညှိုးထိုးလိုက်၏။
"ရှင် ဒီထဲကို ဘာတွေထည့်လိုက်တာလဲ။"
"ဘာ? အဲ့ဒါက-"
"လေဒီဘလေဆယ်ကို အရှက်ခွဲဖို့ တို့ကို အသုံးချလိုက်တာလား။ တို့ သတိမထားမိခဲ့ဘူး..."
ဟယ်လင်က မာဂရက်ထံ အပြစ်များလွှဲချပြီး အပြစ်ကင်းစင်သောပုံရိပ်ကို တပ်ဆင်ထား၏။ ကြောက်ရွံ့နေပြီးသား မာဂရက်က ပိုပြီး ထိတ်လန့်တကြားဖြစ်လာခဲ့သည်။
"ဘာ-ဘာတွေပြောနေတာလဲ။ တို့က လေဒီရှယ်ဘီပြောသလိုပဲ လုပ်ခဲ့တာပါ-"
"တို့ ဘယ်တုန်းကမှ အဲ့လိုမပြောခဲ့ဖူးဘူး။ ဒီဟာသက အရမ်းကို ရက်စက်လွန်းတယ်မဟုတ်ဘူးလား။"
ဟယ်လင်က ဆာရာ့ကို အမြန်ကြည့်လိုက်ပြီး အချက်ပြလိုက်၏။ ဆာရာက သူ(မ)၏ဆိုလိုရင်းကို သဘောပေါက်ကာ သူ(မ)အား ကာကွယ်ပေးခဲ့သည်။
"ဟုတ်တယ်။ လေဒီဘလေဆယ် ထိုင်နေတဲ့စားပွဲကိုသွားဖို့ လေဒီလောရင့်က တို့တွေကို တောင်းဆိုခဲ့တာ။ သူ(မ)က လက်ဖက်ရည်ခွက်တွေကို တမင်တိုက်ချပစ်တာကတော့ လွန်လွန်းပါတယ်။"
ဆာရာက သူ(မ)ဘက်ကမို့ ဟယ်လင်တစ်ယောက် စိတ်အေးသွားခဲ့သည်။
အယ်လီနာက ၎င်းတို့နှင့်ရင်ဆိုင်ရန် မထိုက်တန်သည့်အလား ၎င်းတို့ဆီမှ အကြည့်လွှဲလိုက်၏။ ထိုအမျိုးသမီးများက အချင်းချင်း လွှဲချနေကြပြီး အားအနည်းဆုံးလူကို ချောင်ပိတ်ဖမ်းချင်နေကြသည်။ ကြိုးကိုင်သူက ဟယ်လင်ဖြစ်ကြောင်း အယ်လီနာ သိသော်လည်း အမှန်တရားကို ထုတ်မပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဆာရာနှင့် မာဂရက်တို့က ဟယ်လင်၏ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့ရာ ၎င်းတို့သည်လည်း အပြစ်ရှိပေသည်။
အယ်လီနာ၏အကြည့်က သူ(မ)၏ မူလနေရာကိုပြန်ရောက်သွားပြီး မိုင်ယာဘယ်လာသည် ဖြူဖျော့နေသောမျက်နှာဖြင့် ထိုနေရာမှာထိုင်နေကြောင်း တွေ့လိုက်ရ၏။ အယ်လီနာက ဟယ်လင့်ကို ချောင်ပိတ်ဖမ်းတုန်းကအသံနှင့် လုံးဝကွဲပြားစွာ ပြောလာခဲ့သည်။
"မိုင်ယာဘယ်လာ၊ အဆင်ပြေရဲ့လား။"
"အမ်း။"
သို့သော်လည်း မိုင်ယာဘယ်လာသည် ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် အံ့သြနေဆဲပင်။ အယ်လီနာက မိုင်ယာဘယ်လာ့ကိုနှစ်သိမ့်ပေးရန် သူ(မ)၏လက်ကို ဆုပ်ကိုင်ပေးလိုက်သည်။
မိုင်ယာဘယ်လာ့အတွက် ဤသည်က ပထမဆုံးအကြိမ်ဖြစ်၏။ မိုင်ယာဘယ်လာသည် လူမှုရေးပွဲများကို မတက်ရောက်ဖူးသလို သူ(မ)၏လက်ဖက်ရည်ခွက်ထဲမှာ တစ်စုံတစ်ခု ရှိနေလိမ့်မည်ဟု တစ်ခါမှ မတွေးကြည့်ခဲ့ဖူးပေ။ ထို့ပြင် လူတိုင်း၏ အပြစ်တင်သောအကြည့်တို့က သူ(မ)ဆီမှာ ရှိနေခဲ့ကြောင်း သူ(မ) မှတ်မိပေသည်။ ထိုအခိုက်အတန့်၌ သူ(မ)၏ဆံချည်မျှင်များအားလုံး ထောင်မတ်သွားပြီး သူ(မ) ဘာလုပ်ရမှန်းမသိအောင် ကြောင်အမ်းသွားခဲ့သည်။ သို့သော် အယ်လီနာက ထိုအခြေအနေအား တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့၏။
"...မမ"
"အင်?"
"အဲ့ခွက်ထဲမှာ ဘာပါတယ်ဆိုတာကို မမ ဘယ်လိုလုပ်သိတာလဲ။"
အယ်လီနာသည် ထိုအခြေအနေမှလွတ်မြောက်အောင် ကြိုးစားနေဆဲဖြစ်သော ဟယ်လင့်ကိုကြည့်လိုက်ပြီး မိုင်ယာဘယ်လာ၏မေးခွန်းကိုဖြေရန် ပြန်လှည့်လာ၏။ အယ်လီနာ၏ပုံရိပ်မှာ ထွင်းထုထားသော ကျောက်ရုပ်ထုပမာ ပြေပြစ်လွန်းလှသည်။ သူ(မ) အလိုက်အတန့်တစ်ခုလောက် စဥ်းစားပြီးနောက် ပျော့ပျောင်းစွာ ဖြေပေးလိုက်သည်။
"... လျှို့ဝှက်ချက်။"
"ကျစ်။"
မိုင်ယာဘယ်လာက သူ(မ)၏အဖြေကြောင့် ဆူပုတ်သွား၏။ ထို့နောက် လက်မထောင်ပြကာ သူ(မ)ကို တီးတိုးပြောလိုက်သည်။
"အဲ့ဒါက အရမ်းမိုက်တာပဲ။"
အယ်လီနာသည် မိုင်ယာဘယ်လာသိခဲ့သောသူနှင့် အနည်းငယ်ကွဲပြားနေပုံပေါ်သော်လည်း သူ(မ) ထုတ်မပြောခဲ့ချေ။ အယ်လီနာက ယုံကြည်ချက်အပြည့်ဖြစ်နေလျှင် ပို၍တောင် ကြည့်လို့ကောင်းပေ၏။
အယ်လီနာ သူ(မ)ကို ပြုံးပြလိုက်ပြီး မိုင်ယာဘယ်လာ့နားသို့ ငုံ့ကိုင်းလိုက်၏။
"အဲ့ဒါက အစပဲရှိသေးတယ်။"
သူ(မ)သည် မြို့စားတစ်ယောက်၏သမီးနှင့် တွေ့ဆုံခဲ့ရသည်မှတစ်ဆင့် အနာဂတ်ကို ပြောင်းလဲနိုင်လိမ့်မည်ဟု မတွေးခဲ့ဖူးချေ။ သို့သော်လည်း ယခုအချိန်မှစပြီး သူ(မ)ရင်ဆိုင်ရမည့် ရန်သူက အနာဂတ်တွင် ဧကရာဇ်ကို ဖြုတ်ချပြီး သစ္စာဖောက်ဧကရာဇ်အဖြစ် ထီးနန်းတက်မည့် ဖေးဗလုပင်။ ဖေးဗလု၏လမ်းကြောင်းကို တားဆီးရန် အယ်လီနာ သူရဲကောင်းတစ်ယောက်အနေနှင့်ရော၊ အမျိုးသမီးတစ်ယောက်အနေနှင့်ပါ အရည်အချင်းများ လစ်လပ်နေလို့မဖြစ်ပေ။ သူ(မ) လိုအပ်လာလျှင် ဟယ်လင့်လိုမျိုး ငိုပြရမည်။ သူ(မ) အခြားသူများထက် ပို၍ထက်မြက်နေမှရပေမည်။
ကာလိုင်းက သူ(မ)ဆီသို့ မကြာခင်လာရောက်တော့မည်ကို သူ(မ) ရုတ်တရက် အမှတ်ရလိုက်မိသည်။ ကာလိုင်း ဘာတွေတွေးနေတာတာလဲ။ အယ်လီနာသည် ဟယ်လင်၏ရည်ရွယ်ချက်များကိုသိသလို သူ၏အတွေးများကို သိရှိနိုင်ဖို့ ဆုတောင်းမိ၏။ အယ်လီနာတစ်ယောက် အဖြေမရဘဲ သူ(မ)ဘာသာ သက်ပြင်းချခဲ့မိပေသည်။
...
လက်ဖက်ရည်ပါတီကျင်းပပြီး နောက်တစ်ရက်၌။
ပါတီပွဲ၌ ဟယ်လင်နှင့် သူ(မ)အပေါင်းအပါများ၏ မကောင်းသည့်လုပ်ကြံမှုက တောင်ပိုင်းလူ့အဖွဲ့အစည်းမှာ အတင်းအဖျင်းများအဖြစ် ပျံ့နှံ့လာခဲ့၏။ ကောလာဟလများက မာဂရက်သည် ဟယ်လင်နှင့်ဆာရာ့ကို သူ(မ)၏အကောက်ကြံမှု၌ပါဝင်ရန် ဖိအားပေးခဲ့သည်ဟု ပြောကြသော်လည်း အသိဉာဏ်ရှိသောလူတိုင်း တရားခံအစစ်က ဟယ်လင်ဖြစ်ကြောင်း သိကြပေမည်။ မာဂရက်က ရှက်ရွံတတ်သောသတ္တဝါလေးမျှသာ။
ဟယ်လင့်မှာ မြို့စားရှယ်ဘီ၏အာဏာက ကျောထောက်နောက်ခံရှိသဖြင့် မည်သူကမှ ပွင့်ပွင့်လင်းလင်း ထုတ်မပြောကြပေ။ အယ်လီနာ၏နာမည်က လူတိုင်း၏ပါးစပ်ဖျားမှာ ရောက်ရှိလာခဲ့သော်လည်း သူ(မ)က ပါဝင်ပတ်သက်ရန် ငြင်းဆိုခဲ့သည်။ သူ(မ) လက်ရှိတွင် ဂရုစိုက်သည်မှာ တစ်ခုတည်းသာရှိ၏။
၎င်းက မင်းသားကာလိုင်း သူ(မ)ထံ မည်သို့လာရောက်လည်ပတ်မလဲဆိုတာပင်။
'သူက ဘလေဆယ်ရဲတိုက်ဆီကို တရားဝင်လာရောက်လည်ပတ်တာမျိုးတော့ မလုပ်လောက်ဘူးမလား။'
ကာလိုင်းနှင့် အယ်လီနာတို့က အချင်းချင်း အဆက်အသွယ်မရှိကြရာ တရားဝင်လာရောက်လည်ပတ်ခြင်းက ဘယ်လိုပဲဖြစ်ဖြစ် အဓိပ္ပာယ်မရှိချေ။ မင်းသားကာလိုင်းက စစ်သူရဲကောင်းဖြစ်ပြီး ထီးနန်းဆက်ခံသူလည်းဖြစ်၏။ သူ၏လှုပ်ရှားမှုတိုင်းကို တစ်လောကလုံးက အနီးကပ် စောင့်ကြည့်နေကြသည်။ ထို့ပြင် ကပွဲ၌ သူ ပထမဆုံးပေါ်ပေါက်လာမည်ဆိုသောကြောင့် လူတိုင်း စိတ်လှုပ်ရှားနေကြသည်။ နိုင်ငံ၏ တောင်ပိုင်းမှာတောင် မရေမတွက်နိုင်သော မျိုးရိုးမြင့်မိသားစုများက မြို့တော်ဆီသွားရန် ရထားလုံးများကို ပြင်ဆင်ပြီးနေလေပြီ။ သူသာ အယ်လီနာ့ဆီ လာရောက်ပါက သေချာပေါက် အာရုံစိုက်ခံစရာဖြစ်သွားလိမ့်မည်။
သူ(မ)က စာကိုစောင့်နေခဲ့သော်လည်း မကြာမီ တစ်စုံတစ်ခုဖြစ်လာတော့မည်အား သူ(မ) စိုးရိမ်လာခဲ့၏။
"ငါ့အတွက် ရထားလုံးပြင်ပေးထား။ ငါ ခဏလောက် ထွက်ခွာသွားရမယ်။"
သူ(မ) အပြင်ထွက်ပြီး ကာလိုင်းအား သူ(မ)ဆီ ချဥ်းကပ်ခွင့်ပေးတာက ပိုကောင်းပေလိမ့်မည်။ သူ(မ)ဘေးမှာရပ်နေသော ရံရွေတော်မယ်ရီက ချက်ချင်း ပြန်ဖြေလာခဲ့သည်။
"ဟုတ်ကဲ့ပါ၊ သခင်မလေး။"
ဆိုဖီယာ၏မျက်နှာပေါ်၌ မနာလိုသောအကြည့်တချို့ ဖြတ်ပြေးသွား၏။
"ကျွန်မ သခင်မလေးအပြင်ထွက်ဖို့ အဆင်သင့်ဖြစ်အောင် ကူညီပေးပါ့မယ်။"
အယ်လီနာက ဆိုဖီယာ့ကိုကြည့်လိုက်၏။ သူ(မ)သည် အယ်လီနာ မင်းသားကာလိုင်းကို သွားရောက်ကယ်တင်သောအချိန်က ဖုံးကွယ်ထားပေးခဲ့သော ရံရွေတော်ဖြစ်ပေ၏။ သူ(မ)အား ရွှေဒင်္ဂါး ဆုချခဲ့သော်လည်း ဆိုဖီယာတစ်ယောက် ထိုအချိန်မှစပြီး မောက်မာလာခဲ့သည်။ အယ်လီနာက ဆိုဖီယာ၏အပြုအမူကို လက်မခံနိုင်ပေ။
"မလိုဘူး၊ ကျေးဇူးတင်ပါတယ်။ မယ်ရီ စီစဥ်ပါလိမ့်မယ်။"
"ဟုတ်ကဲ့ပါ၊ သခင်မလေး။"
ဆိုဖီယာက အယ်လီနာ့ကို မကျေမနပ်ကြည့်လိုက်၏။ ထိုစဥ် မယ်ရီက ပြင်ဆင်မှုများပြုလုပ်ရင်း အလုပ်ရှုပ်နေခဲ့လေသည်။ အယ်လီနာက ဆိုဖီယာ၏အကြည့်ကို လျစ်လျူရှုကာ မယ်ရီ၏ ညင်သာသောလှုပ်ရှားမှုနှင့်အတူ သူ(မ)အား ပြင်ဆင်ခွင့်ပေးထားခဲ့သည်။ တစ်ရက်ရက်တွင် အယ်လီနာ ဆိုဖီယာ၏သဘောထားကို ပြုပြင်ပေးရဦးမည်။ သို့သော် ယခုတွင် သူ(မ)၏စိတ်ထဲမှာ ကာလိုင်းနှင့်ပတ်သက်ပြီး အတွေးများကြီးစိုးနေရာ အခြားအရာများအတွက် အချိန်မရှိခဲ့ပေ။
ကာလိုင်းက မည်သို့ရောက်မလာမလဲကို သူ(မ)မသိသော်လည်း သူနှင့်အတူ အနည်းဆုံး အစောင့်တစ်ယောက်လောက်တော့ ခေါ်လာသင့်ပေ၏။ သူ(မ)အပြင်မှာရှိနေကြောင်း သူသိသွားအောင် ပြုလုပ်ပြီး သူနှင့် ထိုနေရာမှာပဲတွေ့ဆုံသည်က ပိုကောင်းကြောင်း သူ(မ)ဆုံးဖြတ်လိုက်သည်။ ၎င်းက ကြည့်ရှုနေသော မျက်လုံးများစွာရှိသည့် ကာလိုင်းရဲတိုက်ထက် ပို၍လုံခြုံပေလိမ့်မည်။
အယ်လီနာ ရဲတိုက်ကနေထွက်လာစဥ် အိမ်တော်ထိန်းနော်မန်က ပြင်ဆင်ထားသော ရထားလုံးရှေ့မှာစောင့်နေကြောင်း တွေ့လိုက်ရ၏။
"သူရဲကောင်းသုံးယောက်က သခင်မလေးကို လိုက်ပို့ပေးပါလိမ့်မယ်။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ခဏစောင့်-"
"ကျွန်မ အဝေးကြီးသွားမှာမဟုတ်လို့ ဒီနေ့တော့ ကျွန်မဘာသာပဲ သွားလိုက်ပါ့မယ်။"
"အာ၊ ဒါပေမဲ့ သခင်မလေး-!"
အယ်လီနာက ရထားလုံးပေါ်အမြန်တက်လိုက်၏။ ရထားလုံးမောင်းသူက လှည့်ကြည့်လာခဲ့သည်။
"ဘယ်ကိုသွားမှာပါလဲ၊ သခင်မလေး။"
"ပင်မလမ်းကို။"
သူ(မ)ကို အလွယ်တကူရှာလို့တွေ့မည့် လူထူထပ်သောနေရာသို့ သွားရမည်။
...
တောင်ပိုင်း၌ လူအထူထပ်ဆုံးဖြစ်သည့် ပင်မလမ်းမကိုရောက်လာပြီးနောက် အယ်လီနာ ရထားလုံးမောင်းသူကို ညနေခင်း၌ သူ(မ)ကိုပြန်လာခေါ်ရန် ပြောလိုက်ပြီး ပြန်လွှတ်လိုက်၏။
ပင်မလမ်းဆီ လျှောက်လာပြီးနောက် သိပ်မကြာခင်မှာပဲ သူ(မ)အနောက်သို့ တစ်စုံတစ်ယောက်လိုက်လာကြောင်း သတိပြုမိလိုက်သည်။
'... ငါခန့်မှန်းတာ မှန်သွားပြီလား။"
သူ(မ) လူသူထူထပ်သော လမ်းမထက် ခဏလောက်လမ်းလျှောက်ပြီးနောက် ကာလိုင်းပေါ်ပေါက်လာဖို့ သူ(မ) မျှော်လင့်မိသည်။
သို့သော်လည်း ပြဿနာမှာ သူ(မ)အနောက်လိုက်နေသူက တစ်ယောက် သို့မဟုတ် နှစ်ယောက်ထက် ပိုနေ၏။
'ဘာလို့ အရမ်းများနေရတာလဲ။'
*****
Aurora Novel Translation Team