no

Font
Theme

အခြေအနေတစ်ရပ်ရှိတယ် (၁)


သူ(မ)အနောက်သို့ နောက်ယောင်ခံလိုက်သူများ အများအပြားရှိနေသည်မှာ ထူးဆန်းပေ၏။ ၎င်းတို့၏အရေအတွက်ကို သိရှိနိုင်ရန် သူ(မ)က လမ်းကြားလေးထဲကို ချိုးကွေ့လိုက်ရာ နောက်ယောင်ခံလိုက်သူများကလည်း ဆက်လက်လိုက်ပါလာကြသည်။


'တစ်၊ နှစ်၊ သုံး... ခုနစ်?'


သူ(မ)စိတ်ထဲ ထူးဆန်းသောခံစားချက်တစ်ခု ရှိနေ၏။ ကာလိုင်းက ထိုလူအများကြီးကို ပို့လောက်မည်မဟုတ်ပေ။ သူ(မ)အပေါ်မှာ တစ်စုံတစ်ဦးက အငြိုးအတေးများရှိနေသလားဟု တွေးလိုက်မိသောအခါ သူ(မ)စိတ်ထဲ ဟယ်လင်၏မျက်နှာက ပေါ်ပေါက်လာခဲ့သည်။ ဟယ်လင်က သူ(မ)ကို နာကျင်စေလောက်သည်အထိ လုပ်ဆောင်လိမ့်မလားဆိုသည်ကို အယ်လီနာမသိသော်လည်း သူ(မ)က လက်ရှိတွင် သူ(မ)အပေါ် မကျေမနပ်ဖြစ်နေသည့် တစ်ဦးတည်းသောသူပင်။


'... ဒုက္ခများလိုက်တာ။'


အယ်လီနာ သူ(မ)ကို အလွယ်တကူမမြင်နိုင်သော လမ်းကြားလေးထဲသို့ ခပ်နက်နက်လျှောက်သွားလိုက်သည်။ ထို့နောက် ဂါဝန်အောက်ရှိ ခြေချင်းဝတ်၌တပ်ဆင်ထားသော လယ်သာအိတ်ထဲမှ ဓားမြှောင်လေးကို ထုတ်ယူလိုက်၏။


'ငါ့နောက်ကိုလိုက်ဖို့ ဘယ်သူအမိန့်ပေးထားတာလဲဆိုတာကို မကြာခင် သိရတော့မှာပါ။'


ဤသည်မှာ နောက်ယောင်ခံလိုက်သူများအား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းသည့်ကိစ္စရပ်ဖြစ်သည်။ အမှန်တရားကို ညှစ်ထုတ်ရသည့်လုပ်ငန်းစဥ်က သိပ်ပြီးသန့်ရှင်းမနေနိုင်ချေ။


ဤသည်မှာ တောင်ပိုင်းနယ်ရှိ အကြီးမားဆုံးမြို့လယ်ခေါင်ဖြစ်သော်လည်း ပင်မလမ်းကနေ ချိုးကွေ့သွားလိုက်လျှင် နေ့လယ်ခင်းမှာတောင် အေးဆေးသောနေရာတချို့ကို ရှာဖွေနိုင်ပေ၏။ ရယ်စရာကောင်းသည်မှာ ချမ်းသာကြွယ်ဝသော နယ်မြေများလောက် ညစ်ညမ်းပြီး အကျည်းတန်သည့်နေရာ မရှိနိုင်ပေ။


အယ်လီနာ တွန့်ဆုတ်မနေဘဲ မှောင်မိုက်သောလမ်းကြားလေးထဲ ချိုးကွေ့လိုက်၏။ လှည့်ပတ်ကြည့်ရှုကာ နောက်ယောင်ခံလိုက်သူများနှင့် ရင်ဆိုင်ဖြေရှင်းရန် သင့်လျော်သောနေရာတစ်ခုကို ရှာဖွေခဲ့သည်။ သူ(မ) ထိုနေရာသို့ ရွေ့လျားရန်အပြု-


ဝှစ်-


ရုတ်တရက်ဆိုသလို လက်တစ်ဖက်က အယ်လီနာ၏ပခုံးကိုဆုပ်ကိုင်ကာ သူ(မ)အား အမှောင်ထုထဲ ဆွဲခေါ်သွားခဲ့သည်။


"...အင့်။"


အယ်လီနာက ချက်ချင်း သူ(မ)၏ဓားမြှောင်အား သူ(မ)၏ရန်သူထံ လွှဲယမ်းလိုက်၏။ ချွန်ထက်သောဓားသွားက အမှောင်ထဲမှာ တောက်ပသွားခဲ့သည်။


ဒုတ်!


တစ်ဖက်လူက သူ၏လည်ပင်းထံချိန်ရွယ်လာသော သူ(မ)၏ဓားမြှောင်ကိုတားဆီးရန် သူ(မ)၏လက်ကောက်ဝတ်အား အလျင်အမြန်ဖမ်းဆုပ်လိုက်သည်။ သူ(မ) ဒုတိယတိုက်ကွက်ကို မစတင်နိုင်ခင် တစ်ဖက်လူ၏ တိုးလျသောအသံကို ကြားလိုက်ရ၏။


"ရှူး။"


တိုတောင်းလွန်းသော စကားလုံးဖြစ်သော်လည်း သူ(မ) ထိုအသံကို အရင်က ကြားခဲ့ဖူး၏။ အယ်လီနာ ရုန်းကန်နေတာကို ရပ်တန့်လိုက်သည်။ သူ(မ)၏မှတ်ဉာဏ်ကသာ မှန်ကန်ပါက...


သူ(မ)၏မျက်လုံးများက အမှောင်ထုနှင့် တဖြည်းဖြည်း အသားကျလာပြီး သူ(မ)၏အကြည့်က အပေါ်ကို ရွေ့သွား၏။ မာကျောသောရင်ဘတ်၊ ကျယ်ပြန့်သောပခုံးများနှင့် သွယ်ချသောလည်တံ။ ထို့နောက် သူ(မ)၏မျက်လုံးများက ထိုလူ၏မျက်နှာပေါ်မှာ ရပ်တန့်သွားခဲ့သည်။ ထင်းထွက်နေသောမေးရိုး၊ နှာတံသွယ်သွယ်နှင့် အယ်လီနာ့ကို စိုက်ကြည့်နေသော အပြာရောင်မျက်ဝန်းများ။ သူ၏အပြာရောင်မျက်ဝန်းများက မီးတောက်များ လောင်ကျွမ်းနေသလိုမျိုး တစ်လောကလုံး၌ တစ်ခုတည်းသောအရောင်ဖြစ်သည်။


"...အရှင့်သား။"


၎င်းမှာ မင်းသားကာလိုင်းပင်။


ထိုလူ့အား သူ(မ) မှတ်မိသွားသည်နှင့် သူ(မ)နဖူးပေါ်မှ ပူနွေးသော သူ၏အသက်ရှူသံကို ခံစားမိနေကြောင်း သတိပြုမိလိုက်၏။ သူ၏ကြီးမားသောလက်များက သူ(မ)၏ပခုံးကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူက အရပ်ရှည်သောကြောင့် သူ(မ) ခေါင်းမော့ထားသောအချိန်မှသာ သူနှင့်မျက်လုံးချင်းဆုံနိုင်သည်။ ၎င်းတို့၏ခန္ဓာကိုယ်ချင်း ထိကပ်နေသောနေရာမှ သူ့ခန္ဓာကိုယ်၏ခွန်အားကို သူ(မ) ခံစားမိပေသည်။ အယ်လီနာ ရုတ်ခြည်းထိတွေ့မှုကြောင့် အသက်ရှူမှားသွားခဲ့၏။


သူ(မ) သူ့ကိုကြည့်နေစဥ် သူက ၎င်းတို့၏ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးနေ၏။ သူသည် တမင်စောင့်နေခြင်းဖြစ်ကြောင်း သူ(မ)ခံစားမိလိုက်သည်။ ထို့နောက် တိတ်ဆိတ်မှုတို့ ခဏတာကြီးစိုးပြီးနောက် -


"...ဟက်။"


ကာလိုင်း၏ ရုတ်တရက်ရယ်သံကြောင့် အယ်လီနာ ရှုပ်ထွေးနေသောအမူအရာဖြင့် သူ့ကို မော့ကြည့်လိုက်သည်။


"ဒါက တမင်ရည်ရွယ်တာမဟုတ်ပေမဲ့ မဆိုးဘူးပဲ။"


သူက သူ(မ)၏နားရွက်နား တီးတိုးပြောလိုက်ရာ သူ(မ)၏ပါးပြင်ထက်မှာ နီမြန်းလာခဲ့လေသည်။


"ဘာဖြစ်နေတာလဲဆိုတာ ကျွန်မမသိပေမဲ့ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ။"


သူ(မ)၏ အေးစက်နေသောလေသံကြောင့် ကာလိုင်းက နောင်တရနေသလိုအကြည့်ဖြင့် သူ(မ)၏ပခုံးတို့ကို လွှတ်ပေးလိုက်၏။


"ကိုယ် မင်းကိုထိဖို့မရည်ရွယ်ပါဘူး။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကိုယ့်ကို အဲ့လိုမကြည့်ပါနဲ့။"


"ဘယ်လိုမျိုးလဲ။"


"ဗီလိန်တစ်ယောက်လိုမျိုး။ မင်း မေ့သွားလောက်ပြီဆိုပေမဲ့ မင်းကသာ ကိုယ့်ကို ဓားနဲ့အရင်ရွယ်ခဲ့သူပါ။"


သူ(မ) မငြင်းခဲ့ပေ။ ထိုဓားသွားက သူ၏လည်ပင်းနှင့် တော်တော်လေးနီးကပ်သွားခဲ့သည်။ 


"မင်းက နာမည်ကြီးတာပဲ။ မင်း ဘလေဆယ်ရဲတိုက်ကထွက်လာတာနဲ့ မင်းနောက်ကို လူတွေအများကြီးလိုက်လာကြတယ်။"


အယ်လီနာ လမ်းကြားထဲကိုဝင်လာပြီးနောက် သူ(မ)နောက်ကိုလိုက်နေသော ခြေသံများကို ကြားခဲ့ရ၏။ သို့သော် ယခု ထိုခြေသံများက မရှိတော့ပေ။


"ကျွန်မနောက်ကို လိုက်လာတာဘယ်သူလဲဆိုတာ ရှင်သိတာလား။"


"အခု နေရာအရင်ရွှေ့ရအောင်။"


ကာလိုင်းက ထိုသို့ပြောကာ အရှေ့ကနေ ထွက်သွားလိုက်သည်။ ၎င်းမှာ သူ(မ)ကို အနောက်လိုက်လာခဲ့ဖို့ဆိုလိုကြောင်း သူ(မ)သိပေ၏။ သူ(မ)သည် ကာလိုင်း၏အနောက်မှ လိုက်သွားခဲ့ပြီးနောက် သိပ်မဝေးသောတစ်နေရာအရောက်တွင် အိမ်အဟောင်းတစ်လုံးကို ရောက်ရှိသွားကြသည်။ ကာလိုင်းက အယ်လီနာနှင့်တွေ့ဆုံရန် လုံခြုံသည့်နေရာတစ်ခုကို ပြင်ဆင်ထားသည့်ပုံပင်။ အိမ်အပြင်ဘက်က အတော်လေးသာမန်ဆန်သော်လည်း အတွင်းပိုင်းမှာ အမြဲတမ်း ထိန်းသိမ်းခံထားရသလို သပ်ရပ်ပြီးသန့်ရှင်းနေ၏။


ကာလိုင်းက သူ(မ)ကို စားပွဲဆီခေါ်သွားကာ ထိုင်ခုံတစ်လုံးကို ဆွဲထုတ်၍ သူ(မ)ကို ထိုင်စေလိုက်ပြီး သူကိုယ်တိုင်က သူ(မ)နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ ၎င်းမှာ အရိုးစွဲနေသော အမူအကျင့်လားတော့ မသိသော်ငြား သူက အမျိုးသမီးများအပေါ် တော်တော်လေး အမူအကျင့်ကောင်းပေ၏။


"မင်းနောက်ကိုလိုက်နေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို သိချင်တာအပြင် တခြား ဘာသိချင်တာရှိသေးလဲ။"


"ရှင် အဆင်ပြေရဲ့လား။"


"မင်းမြင်တဲ့အတိုင်းပဲလေ။"


၎င်းတို့ နောက်ဆုံးတစ်ခေါက်တွေ့ဆုံချိန်က သူ၏ကျောမှာ မြားဒဏ်ရာရခဲ့သည်။ ထိုသို့သောဒဏ်ရာကို ဆယ်ရက်အတွင်း ပျောက်ကင်းဖို့မှာ မဖြစ်နိုင်သော်လည်း ကာလိုင်းကတော့ လုံးဝဒဏ်ရာမရခဲ့သည့်အလား၊ ၎င်းမှာ သူ၏ နေ့စဥ်လုပ်ဆောင်မှုတစ်ခုထက် မပိုသည့်အတိုင်းပင်။


အယ်လီနာ သူ၏အခြေအနေကို စစ်ဆေးလိုက်ပြီးနောက် အကြောင်းအရာအား ပြန်လှည့်လိုက်သည်။


"... ကျွန်မကို စောင့်ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ။"


"စောင့်ကြည့်တယ်ဆိုတာထက် ကိုယ်တို့ နောက်ဆုံးတစ်ခေါက် လမ်းခွဲခဲ့တဲ့အချိန်ကတည်းကနေ ကာကွယ်ပေးခဲ့တယ်လို့ပဲ တွေးလိုက်ပါ။"


ကာလိုင်းက သူ(မ)ကိုစောင့်ကြည့်ရန် တစ်စုံတစ်ဦးအားစေလွှတ်လိုက်မည်ဖြစ်ကြောင်း သူ(မ) ခန့်မှန်းမိသော်လည်း သူ(မ)မျှော်လင့်ထားသည်ထက် အတော်လေးစောနေခဲ့သည်။ သူ(မ)ကို စောင့်ကြည့်နေသော မျက်လုံးများကိုတွေးလိုက်မိရုံဖြင့် သူ(မ) မသက်မသာဖြစ်လာခဲ့၏။ သို့သော်လည်း သူ(မ) ဧကရီဖြစ်လာဖို့ ဆုံးဖြတ်လိုက်ကတည်းက ၎င်းအား ရှောင်လွှဲလို့မရကြောင်း သူ(မ)သိပေသည်။


"ရှင် ကျွန်မနောက်ကိုလိုက်လာတဲ့လူတွေကို ဖမ်းဆီးပြီး နှိပ်စက်ဖို့စဥ်းစားထားရင် ကျွန်မကိုယ်တိုင်ပဲ-"


"မင်း ဘာမှလုပ်စရာမလိုပါဘူး။ ကိုယ် မင်းကို ဒီကိုခေါ်လာတာက သူတို့ထဲကတချို့က မင်းတို့မိသားစုရဲ့ သူရဲကောင်းတွေမို့။"


"ဘာ?"


ထိုအခါမှသာ အယ်လီနာတစ်ယောက် သူ(မ)မိသားစုမှ သူရဲကောင်းများသည် သူ(မ)ကို ကာကွယ်ရန် လိုက်လာနိုင်သည်ဟူသော ဖြစ်နိုင်ခြေကို တွေးမိသွား၏။ စောစောက ကာလိုင်းသာ သူ(မ)ကိုမတားခဲ့လျှင် အယ်လီနာ ၎င်းတို့ထံ ဓားဖြင့်ချိန်ရွယ်မိလောက်သည်။ ထိုအခါ သူ(မ)၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ သွေးထွက်သံယိုအခြေအနေများ ရှိလာနိုင်ပေ၏။ ကာလိုင်းက သူ(မ)၏အရည်အချင်းများကို တတ်နိုင်သလောက် ဖုံးကွယ်ထားဖို့ ပြောခဲ့ဖူးသည်။


အခြေအနေတစ်ခုလုံးကို သိရှိသွားသောအယ်လီနာက ကာလိုင်းအား ဦးညွတ်လိုက်၏။


"ကျေးဇူးတင်ပါတယ်။ အရှင့်သားက ကျွန်မကို ပြဿနာတွေကြားထဲကနေ ကယ်ထုတ်ပေးခဲ့တာပါ။"


ထိုအခါ ကာလိုင်း၏လက်က အရှေ့ကိုရောက်လာခဲ့သည်။ သူက သူ(မ)၏မေးစေ့ကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ သူ(မ)၏ဦးခေါင်းအား ပင့်လိုက်၏။


"ဦးမညွတ်နဲ့။"


"အိုး၊ ဒါပေမဲ့-"


"မင်းက ဘယ်သူ့ရဲ့အမျိုးသမီးဖြစ်လာမှာလဲဆိုတာကို မေ့သွားပြီလား။"


အယ်လီနာ ကာလိုင်း၏မျက်လုံးများကို စိုက်ကြည့်လိုက်၏။ ၎င်းတို့ထဲတွင် စူးစမ်းလိုသော အပူငွေ့များရှိနေသည်။ ၎င်းတို့က အေးစက်သော အပြာရောင်ဖြစ်သော်လည်း မီးတောက်တစ်ခုလို ပူပြင်းစွာ လောင်မြိုက်နေခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment