no

Font
Theme

မင်းက အယ်လီနာဘလေဆယ် (၁)


"ကျေးဇူးပြုပြီး ကျွန်မနဲ့လက်ထပ်ပါ၊ အရှင့်သား။


မျှော်လင့်မထားသော လက်ထပ်ခွင့်တောင်းဆိုမှုကြောင့် ကာလိုင်း၏မျက်နှာထက်၌ အံ့သြမှုတို့ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူက အယ်လီနာ၏မျက်လုံးထဲကို လေးလေးနက်နက် စိုက်ကြည့်ရင်း မျက်ခုံးများ တွန့်ချိုးလိုက်၏။


"ငါ့အကြောင်း ကောလာဟလတွေ ဘယ်လိုပျံ့နေမလဲတော့ ငါမသိပေမဲ့ ငါ ယောက်ျားလေးတွေကို မကြိုက်ဘူး။"


"တစ်-တစ်စိတ်လောက်?"


ယခု အယ်လီနာ ထိတ်လန့်သွားသည့် အလှည့်ပင်။ သူ့ကို သူ(မ)၏လက်ထပ်ခွင့်အား လက်ခံလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ယခုလိုတုံ့ပြန်မှုကတော့ လုံးလုံးလျားလျား မမျှော်လင့်ထားမိပေ။ မင်းသားကာလိုင်းက ယောက်ျားလေးတွေကိုကြိုက်တယ်ဆိုတဲ့ ကောလာဟလမျိုးရှိလို့လား။


မဟုတ်သေးပါဘူး၊ နေပါဦး၊ အခု သူ(မ)က ယောက်ျားလေးနဲ့တူနေတာမလား။ အယ်လီနာ သူ(မ)၏အသွင်အပြင်ကို မေ့လျော့သွား၏။ အနက်ရောင် သံချပ်ကာဝတ်စုံအောက်မှာ သူ(မ)၏မျက်ဝန်းတစ်စုံကိုပဲ မြင်နိုင်ရာ သူ(မ)ကို ယောက်ျားလေးဟုထင်နေသည်မှာ သဘာဝကျပေသည်။


"ရှ-ရှင် နားလည်မှုလွဲနေပါပြီ၊ အရှင့်သား-"


"ပြီးတော့ ငါက ယောက်ျားလေးတွေကိုကြိုက်ရင်တောင် ငါတို့ လက်ထပ်လိမ့်မယ်လို့ ထင်နေတာလား။ တုံးအလိုက်တာ။"


ကာလိုင်း၏မျက်နှာက လှောင်ပြောင်သလိုမျိုး တွန့်လိမ်သွားသည်။ သူပြောတာ မှန်ပေ၏။ သူက အမျိုးသားများကို သဘောကျလျှင်တောင် အမျိုးသမီးတစ်ယောက်ကိုလက်ထပ်တာက သူ့အတွက် ပိုပြီးအကျိုးရှိလိမ့်မည်။ အချစ်နှင့် အိမ်ထောင်ရေးက တော်ဝင်မိသားစုအတွက် သီးသန့်စီဖြစ်သည်။


"ကျွန်မဆိုလိုတာက-"


"ငါ ရှေ့ဖြစ်ဟောတွေကို လျစ်လျူရှုပြီး တစ်စုံတစ်ယောက်ကို လက်ထပ်မယ်လို့တွေးနေရင် မင်း မှားနေပြီ။"


ကာလိုင်းက အသက်မငယ်တော့သော်လည်း လက်မထပ်ရသေးသည့် အကြောင်းအရင်းရှိပေသည်။


အဘယ့်ကြောင့်ဆိုသော် ရှေ့ဖြစ်ဟောတစ်ခုကြောင့်ပင်။


"အိမ်ရှေ့စံမင်းသားလက်ထပ်မဲ့ ပထမဆုံးလူက ၎င်းရဲ့ဘဝကို အထီးကျန်စွာ ဖြတ်သန်းရမယ်။ ဆိုးဝါးလှတဲ့ သေခြင်းတရားနဲ့မတွေ့ခင် ပျော်ရွှင်မှုမရှိတဲ့ဘဝမှာ နေထိုင်ရလိမ့်မယ်။"


ဤသည်မှာ ယခင်ဘဝက သူမသေခင် အင်ပါယာတစ်ခုလုံးကို နိုင်ငံရေးအုံကြွမှုတို့ ဖြစ်စေခဲ့သော ကိစ္စတစ်ခုဖြစ်သည်။ ထိုကဲ့သို့ မှောင်မိုက်သောရှေ့ဖြစ်ဟောကြောင့် မည်သည့်မင်းမျိုးမင်းနွယ်ကမှ ၎င်းတို့၏သမီးများကို အိမ်ရှေ့စံမင်းသားနှင့် လက်မထပ်စေချင်ကြပေ။ ထိုရှေ့ဖြစ်ဟောကို လူတိုင်း မယုံကြည်ကြသော်လည်း လက်ထပ်ပွဲစီစဥ်ရဲသည့် မိသားစုကတော့ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ဧကရာဇ်က အပြင်းအထန်နေမကောင်းဖြစ်နေသည်ကို သိထားကြသော မှူးမတ်အနည်းငယ်၏ လွှမ်းမိုးမှုကြောင့်လည်း ပါဝင်ပေ၏။


ဧကရာဇ်သာ ကံကုန်သွားလျှင် ရံရွေတော်ဖြစ်ခဲ့သည့် မိခင်ကြောင့် သူ့ကို ထီးနန်းထောက်ခံပေးမည့် ဆွေမျိုးတစ်ယောက်မှမရှိပေ။ ထီးနန်းကို မထိန်းသိမ်းနိုင်သည့် အိမ်ရှေ့စံမင်းသား၏ကံကြမ္မာက မည်သို့ဖြစ်လာမလဲဆိုတာ ထင်ရှားပေ၏။ သူ့အား ခိုကိုးရာမဲ့ဖြစ်စေချင်နေသည့် ရာထူးမြင့်သောမှူးမတ်များသည် ဒုက္ခရောက်ရမည့် အိမ်ရှေ့စံမင်းသားနှင့် အိမ်ထောင်ရေးအတွက် လောဘတက်ဖို့ အကြောင်းမရှိချေ။


ကာလိုင်းကို ကောင်းမွန်သောမိသားစုတစ်ခုနှင့် ချိတ်ဆက်ပေးရန် ဧကရာဇ်က ကြိုးစားခဲ့ဖူးသော်လည်း ဧကရာဇ်လိုချင်သည်မှာ မြို့စားမင်း၏သမီးတစ်ယောက်သာဖြစ်သော်လည်း မှူးမတ်များကတော့ ကိုယ်ကျိုးများသာကြည့်ပြီး လက်မခံခဲ့ကြပေ။ အသေးစိတ်အချက်အလက်များကို မသိသေးသော အခြားသောနိုင်ငံက မင်းသမီးတစ်ပါးအား သတို့သမီးအဖြစ်ခေါ်ဆောင်ခဲ့လျှင်တောင် မှောင်မိုက်သောရှေ့ဖြစ်ဟောက သူ(မ)အပေါ် သေချာပေါက်ကျရောက်ပေမည်။


နည်လမ်းတစ်ခုတည်းသာရှိသည်။ မင်းသားကာလိုင်းက တစ်စုံတစ်ယောက်နှင့် ပထမဆုံးလက်ထပ်လိုက်ပြီးလျှင် နောက်ထပ်အမျိုးသမီးတစ်ယောက်ကို လက်ထပ်လို့ရလေပြီ။ အယ်လီနာက မည်သူမှအလိုမရှိသောနေရာကို ယူချင်နေခဲ့၏။


'ငါ မင်းသားကိုလက်ထပ်လိုက်ရင် ငါ့တစ်ဘဝလုံး အထီးကျန်ပြီး မပျော်မရွှင်ဖြစ်ရမှာလား။'


အယ်လီနာ ရှေ့ဖြစ်ဟောများကို မယုံကြည်ပေ။ သူ(မ)သည် သူ(မ)၏ယခင်ဘဝကို အလွန်အထီးကျန်ပြီး ပျော်ရွှင်မှုကင်းမဲ့စွာ ဖြတ်သန်းခဲ့ပြီးပြီ။ ယခု သူ(မ)၏ဒုတိယအခွင့်အရေးက ရောက်ရှိလာပြီး သူ(မ)ချစ်ရသောမိသားစုကို ကာကွယ်နိုင်မည်ဖြစ်၏။ ထိုငရဲက မည်မျှပင်သည်းမခံနိုင်လောက်အောင် ဆိုးဝါးပါစေ သူ(မ)၏မိသားစုကို ဆုံးရှုံးလိုက်ရသည်နှင့် ယှဥ်နိုင်မှာမဟုတ်ပေ။


"ရယ်စရာကောင်းလိုက်တဲ့ အကြံဉာဏ်ပဲ။ အဲ့ဒါက ငါ့အသက်အတွက် ပြန်ပေးဆပ်ရမဲ့နည်းလမ်းပေါ့?"


ကာလိုင်းက သူ(မ)ကို လှောင်ရယ်နေသလိုမျိုး ထူးထူးဆန်းဆန်း ကြောက်စရာကောင်းနေ၏။ သူသာ အားနည်းနေတာမဟုတ်လျှင် အယ်လီနာ သူ့ကို ဓားဖြင့်ချိန်ရွယ်မိပေမည်။


"အရှင့်သား၊ အခုလိုရယ်နေရင် ရှင့်ရဲ့ဒဏ်ရာက ပြန်ပွင့်သွားလိမ့်မယ်။"


"ပါးစပ်ပိတ်ထားစမ်း။ မင်းရဲ့အသံက ရွံစရာကောင်းတယ်။"


"အရှင့်သား၊ ကျွန်မပြောတာကို နားထောင်ပါဦး-"


"ငါ ပြောလိုက်မယ်၊ ငါ မင်းကို လက်ထပ်မှာမဟုတ်ဘူး။"


သူ(မ)စကားကို ဖြတ်ပြောနေသောသူ့အား အယ်လီနာ ဒေါသထွက်လာ၏။


'သေသင့်တဲ့လူကို ငါ ကယ်ခဲ့မိတာပဲ...'


သူ(မ)၏ဒေါသတို့က ဆူပွက်နေသော်လည်း တည်ငြိမ်သောလေသံဖြင့် ဆက်ပြောလိုက်သည်။


"ကျွန်မပြောတာကို နားထောင်ပါဦး။"


"မင်းပြောနေတာနဲ့ ငါသေတော့မယ်။ ငါ့ကို ဘယ်ချိန်ထိ ငုံ့ကြည့်မလို့လဲ။"


ထိုအခါမှ သူ(မ)သည် မြေပြင်ပေါ်ထိုင်နေသော ကာလိုင်းအား ငုံ့ကြည့်နေမိကြောင်း သတိပြုမိလိုက်၏။ သူ့ဘေးနားမှာဝိုင်းနေသော အရှိန်အဝါကြောင့် သူ(မ) သတိမထားလိုက်မိပေ။ အယ်လီနာ ချက်ချင်းဆိုသလို ထိုင်ချလိုက်သည်။


"...ဟား။"


သူ(မ)၏ဦးဆောင်းအောက်ကနေ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကာလိုင်း၏စိတ်နေစိတ်ထားက ကောင်းမွန်လိမ့်မည်ဟု အစကတည်းက သူ(မ)မထင်ထားသော်လည်း သူသည် သူ(မ)ထင်ထားတာထက်ကို ဆိုးဝါးနေ၏။


'သူ့မှာ နားထောင်မဲ့ရည်ရွယ်ချက်မရှိဘူးပဲ။'


သို့သော် အယ်လီနာ သူ(မ)၏ကမ်းလှမ်းချက်ကို ပြန်မရုပ်သိမ်းချင်ပေ။ ဤသည်မှာ အချစ်ပါသည့်အိမ်ထောင်ရေးမဟုတ်သော်လည်း နိုင်ငံရေးတော့ ပါဝင်ပေ၏။ သူ(မ) တွက်ချက်ရန်လိုအပ်သည့် တစ်ခုတည်းသောအရာမှာ သူက သူ(မ)အတွက် ဘယ်လောက်ထိ အကျိုးအမြတ်ဖြစ်စေမလဲဆိုသည့်အချက်ပင်။ ဘလေဆယ်မိသားစု၏အနာဂတ်ကို ပြောင်းလဲရန် မင်းသားကာလိုင်းက သူ(မ)၏ဝှက်ဖဲဖြစ်လာနိုင်သည်။ ထို့ကြောင့် တွန့်ဆုတ်နေဖို့ အကြောင်းမရှိချေ။


အယ်လီနာ တည်ငြိမ်နေသောမျက်ဝန်းများဖြင့် ကာလိုင်းအား တည့်တည့်စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။


"ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါရစေ။"


"တော်လောက်ပြီ-"


ကာလိုင်းက စကားဖြတ်ပြောရန် ကြိုးစားလိုက်သော်လည်း အယ်လီနာက ပိုမြန်ပေ၏။ သူ(မ)သည် တွန့်ဆုတ်မနေဘဲ လက်မြှောက်ကာ သူ(မ)၏ဦးခေါင်းထက်မှ သံမဏိခေါင်းဆောင်းကို ဆွဲချွတ်လိုက်လေသည်။


သူ(မ)၏ခေါင်းဆောင်းက ဖြည်းဖြည်းချင်း ကျွတ်သွားသည်နှင့်အမျှ အိမ်ရှေ့စံမင်းသား၏ အေးစက်သောမျက်ဝန်းများက ပြူးကျယ်လာခဲ့၏။


ရွှေအိုရောင်ဆံနွယ်များက ရွှေရည်များလို ဖြာကျလာပြီး လရောင်ထဲမှာ ယိမ်းကနေသည့်ဟန်။ ခေါင်းဆောင်းအောက်၌ ဖြူဖျော့သော လည်တိုင်ကျော့ကျော့က မြင်ကွင်းထဲကျရောက်လာပြီး တစ်ဆက်တည်းမှာပင် ပွင့်ချပ်ပွင့်ဖက်လေးလို နှုတ်ခမ်းဖူးဖူးနှင့် နှာတံစင်းစင်းလေးက လိုက်ပါလာ၏။ နောက်ဆုံးတွင် ထူထဲသောမျက်တောင်များနှင့် ကြက်သွေးနီရောင်မျက်ဝန်းတစ်စုံကြောင့် ကာလိုင်း အေးခဲသွားလေသည်။


"...မင်းက!"


အမျိုးသားများ ဝတ်ဆင်လေ့ရှိသော ကြမ်းတမ်းသည့် အနက်ရောင်သံချပ်ကာဝတ်စုံနှင့် လှပသည့် အရုပ်လေးတစ်ရုပ်အသွင်သဏ္ဌာန်နှင့် အမျိုးသမီးကြားက ကွာဟချက်မှာ အလွန်ကြီးမားလှပြီး သက်ရောက်မှုက ရင်သပ်ရှူမောဖွယ်ရာပင်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment