no

Font
Theme

အနာဂတ်ကပြောင်းလဲသွားပြီ (၁)


"နောက်ဆုံးတစ်ခေါက်မေးမယ်။ ဒီနေ့ ဘာတွေဖြစ်ခဲ့တာလဲ။"


"ဘ-ဘာမှမဖြစ်ပါဘူး။ ဘာမှမရှိပါဘူး..."


မယ်ရီ၏အသံက အယ်လီနာ၏အကြည့်အောက်မှာ တိုးလျသွားခဲ့သည်။ ရံရွေတော်၏စိတ်ထဲ၌ အယ်လီနာ၏ 'နောက်ဆုံးမေးခွန်း' ဟူသော ခြိမ်းခြောက်စကားကြောင့် ထိတ်လန့်နေလေပြီ။ အယ်လီနာက အခြားသော မျိုးရိုးမြင့်အမျိုးသမီးများထက် တရားမျှတမှုရှိသော်လည်း ၎င်းကြောင့် သူ(မ)က အားနည်းသည်ဟု မဆိုလိုပေ။ အယ်လီနာကသာ သူ(မ)အလုပ်သမားများအတွက် လုံလုံလောက်လောက် ကြောက်လန့်စရာမကောင်းလျှင် ဘလေဆယ်မိသားစု၏ အိမ်မှုကိစ္စများကို ယခုလို စည်းစနစ်တကျ ကိုင်တွယ်နိုင်မည်မဟုတ်ပေ။


ဆိုဖီယာ၏ မည်သူ့ကိုမှမပြောရဆိုသည့်ကတိအား အမှတ်ရလိုက်ပြီး မယ်ရီ ချွေးအေးများထွက်လာကာ သူ(မ)ဘာသာသူ(မ) ကျိန်ဆဲလိုက်၏။


'ငါက အရူးပဲ...'


မယ်ရီသည် ဘာကိုမှ မကွယ်ဝှက်ထားတတ်ရာ သူ(မ) လိမ်ညာနေလျှင် ဖမ်းမိဖို့ လွယ်ကူပေ၏။ သူ(မ)က ယခုအခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာနေသော်လည်း မယ်ရီ ပါးစပ်ပိတ်ထားလျှင်တောင် အယ်လီနာက အတင်းအဖျင်းများကို ရှာတွေ့သွားနိုင်သည်။ နာရီပိုင်းအတွင်း ကောလာဟလများက အိမ်တော်မှာ ပျံ့နှံ့နေခဲ့ပြီ။ အတင်းအဖျင်းက ချီးကျူးစကားထက် ပျံ့နှံတာ ပိုမြန်ပေသည်။


မယ်ရီ နှုတ်ခမ်းကိုက်ကာ စကားပြောရန် ကြိုးစားလိုက်၏။


"ကျွန်မ တစ်စုံတစ်ယောက်ဆီကနေ ကြားခဲ့ရတာပါ။ ည-ည-ညတိုင်း သခင်မလေးက ယောက်ျားတစ်ယောက်နဲ့တွေ့ဖို့ သွားတတ်တယ်တဲ့..."


မယ်ရီက ဆိုဖီယာ၏နာမည်ကို ထိန်းသိမ်းပေးထားခဲ့၏။ အစေခံများက ၎င်းတို့အချင်းချင်း သစ္စာရှိရန် ကြိုးစားတတ်ကြသည်။


"...ဘာ? ယောက်ျားတစ်ယောက်?"


မယ်လီနာ ကြောင်အမ်းသွားသည်။ မယ်ရီ၏အပြုအမူကနေ တစ်စုံတစ်ခု ထူးဆန်းနေကြောင်း သူ(မ) အာရုံခံမိသော်လည်း ယခုလို ရယ်စရာကောင်းသည့် ကောလာဟလမျိုးဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့မိပေ။


ဘယ်သူကများ ...!


သို့သော် သိပ်မကြာမီ တစ်စုံတစ်ယောက်က သူ(မ)၏စိတ်ထဲ ပေါ်ထွက်လာခဲ့သည်။ လက်တလောတွင် သူ(မ)ကို တစ်စုံတစ်ယောက်က စိတ်အနှောင့်အယှက် ပေးနေပြီး ယခုလို အဓိပ္ပာယ်မရှိသောဇာတ်လမ်းမျိုးအား ဖန်တီးနိုင်သောသူမှာ ထိုတစ်စုံတစ်ယောက်ဖြစ်မည်ဟု သူ(မ) သံသယဖြစ်မိ၏။ အယ်လီနာ ပါးစပ်ဖွင့်ဟလိုက်သောအခါ သူ(မ)၏လေသံက ရေခဲတမျှ အေးစက်နေခဲ့သည်။


"ဆိုဖီယာပြောခဲ့တာလား။ ငါ ညတိုင်း ယောက်ျားတစ်ယောက်နဲ့ သွားတွေ့တယ်ဆိုတဲ့ဟာ?"


"ဟမ်? အို- အိုး၊ မဟုတ်ပါဘူး။ ကျွန်မ တစ်စုံတစ်ယောက်ဆီက ကြားလာတာပါ၊ ဆိုဖီယာမဟုတ်ပါဘူး။"


"ဒါဆို ဘယ်သူလဲ။"


"အဲ့ဒါ... အဲ့ဒါက..."


မယ်ရီက ပြန်မဖြေနိုင်ဘဲ အယ်လီနာနှင့် မျက်လုံးချင်းဆုံဖို့ကို ငြင်းဆန်နေသည်။ အယ်လီနာ သတိမပြုမိလိုက်ဘဲ သူ(မ)၏ပါးစပ်ကနေ သက်ပြင်းတစ်ချက် ထွက်သွားမိ၏။


'...ဟား၊ ဒါဆို အဲ့လိုပေါ့။'


ဆိုဖီယာက ဆုလာဘ်အကြီးကြီးလိုချင်နေသည်ကို အယ်လီနာ သံသယဖြစ်မိနေပြီး ထိုအခြေအနေကို ကြိုတင်ဖြေရှင်းရမည်ဟု သူ(မ) တွေးထားခဲ့သည်။ သူ(မ)က အမျိုးမျိုးသောအခြေအနေများကြောင့် ခဏလွှတ်ပေးထားသော်လည်း ယခု ထိုရံရွေတော်က မီးမွှေးလိုက်သည့်ပုံပင်။ အကယ်၍ ဂျလင်း၏မင်္ဂလာပွဲသို့ သွားသည့်လမ်း၌ အယ်လီနာ တစ်ညတည်းသာ ထွက်သွားခဲ့ကြောင်း ကောလာဟလထွက်ခဲ့ပါက သူ(မ)သည် ၎င်းအား တစ်နည်းနည်းဖြင့် စီမံနိုင်ပေဦးမည်။ ထိုသို့ဆိုပါက ရှေ့ဆက်တိုးရန် တစ်လမ်းသာရှိ၏။


မယ်ရီဆီမှ သူ(မ) ကြားလိုက်ရသည့် ကောလာဟလအရ အယ်လီနာက ယောက်ျားတစ်ယောက်နှင့်တွေ့ရန် ညတိုင်း ထွက်သွားတတ်သည်ဟူ၍။ ၎င်းမှာ လက်မထပ်ရသေးသော မျိုးရိုးမြင့်မိန်းကလေးတစ်ယောက်အတွက် သတင်းဆိုးဖြစ်၏။ မဟုတ်သေးပေ၊ ဤကိစ္စ၌ အိမ်ထောင်ရေးအနေအထားက အရေးမကြီးချေ။ မည်သည့်အမျိုးသမီးဖြစ်ပါစေ ယခုလို သတင်းထွက်လာပါက ပြစ်တင်ဝေဖန်ခံရမည်သာ။ မြင့်မားသော လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်များကြား အရှုပ်အထွေးသတင်းများက တိတ်တဆိတ် အဆုံးမသတ်သွားတတ်ချေ။


ထို့ပြင် အယ်လီနာက မင်းသားကာလိုင်းနှင့် လက်ထပ်ရန် စီစဥ်ထားရာ ကောလာဟလများက ပို၍တောင်သေစေနိုင်၏။ ကာလိုင်းက အိမ်ရှေ့စံမင်းသားဖြစ်ရာ ဤအရာက လက်ထပ်စာချုပ်၌ အစွန်းအထင်းတစ်ခု ဖြစ်လာနိုင်သည်။ ၎င်းအား ရှောင်ရှားရန် ဤကိစ္စကို တတ်နိုင်သလောက် သေသပ်စွာ ရှင်းလင်းရမည်။


အယ်လီနာ သူ(မ)၏နဖူးကို ပွတ်သပ်လိုက်ပြီး တိုးတိုးလေး ပြောခဲ့သည်။


"ဆိုဖီယာ့ကို သွားခေါ်လာခဲ့။"


...


ဘလေဆယ်ရဲတိုက်အပြင်ဘက်ရှိ မှောင်မည်းနေသော သိုလှောင်ရုံဘေး၌ အယ်လီနာ ဆိုဖီယာ့ကို စောင့်နေခဲ့သည်။ သူ(မ)က မအိပ်စက်ခင် ချွတ်ဖို့ပြင်ထားသော ဂါဝန်နှင့် ခေါင်းဆောင်းပါသောဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။ ခေါင်းဆောင်းဦးထုပ်ကြီးက သူ(မ)၏မျက်နှာကို အရိပ်ကျနေရာ သူ(မ)၏ဘေး၌ အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။


'ငါ အမှားလုပ်ခဲ့မိတာလား။'


သူ(မ) အရင်တုန်းက ဆိုဖီယာ့ကို သတ်လို့ရနိုင်ခဲ့၏။ သာမန်ရံရွေတော်တစ်ယောက်ဖြစ်သော ဆိုဖီယာက အယ်လီနာ၏ဓားကို မခုခံနိုင်ဘဲ သေရလိမ့်မည်သာ။ အယ်လီနာ၏ အရည်အချင်းကို မည်သူကမှ မသိသောကြောင့် သူ(မ)ကို လူသတ်သမားဟုလည်း စွပ်စွဲလို့မရပေ။


သို့သော်...


သူ(မ)၏လက်၌ အမြဲတမ်း သွေးများ စွန်းထင်းစေလို့မဖြစ်ပေ။ သူ(မ)သည် သူ(မ)၏မိသားစုအတွက် ငရဲတွင်းထဲကို ခုန်ချရဲသော်လည်း သူ(မ)မိသားစု၏ သေခြင်းတရားနှင့် ဆက်စပ်မှုမရှိသည့် သာမန်လူများ၏အသက်ကို နှုတ်ယူခဲ့ပါက သူ(မ)သည်လည်း လူသတ်သမားတစ်ယောက်ဖြစ်သွားလိမ့်မည်။ ဖေးဗလုအာဏာမြင့်တက်ခြင်းကို ကာကွယ်ရန် သွေးများစွန်းထင်းမည်ဖြစ်ကြောင်း သူ(မ)သိသော်လည်း ၎င်း၌ သာမန်လူများ၏ သေခြင်းတရားက မပါဝင်ရပေ။


ထို့ကြောင့် သတ်ဖြတ်ခြင်းအစား ငွေကြေးနှင့် အာဏာကို အသုံးပြုခဲ့သော်လည်း ရလဒ်ကတော့ စိတ်ပျက်စရာပင်။


အယ်လီနာ၏ စူးရှသောနားများက ခြေသံအများကြီး ချဥ်းကပ်လာကြောင်း သူ(မ)ကို ပြောပြနေခဲ့သည်။ ခြေသံများအရ တစ်စုံတစ်ယောက်ကို ဆွဲခေါ်လာတာဖြစ်ရမည်။


"သခင်မလေး! ကျွန်မ ကောလာဟလတွေကို မဖြန့်ခဲ့ပါဘူး! မယ်ရီ... မယ်ရီ၊ အဲ့ဒီခွေးမက ပြောခဲ့တာမလား။ အဲ့ဒါက အလိမ်အညာပါ။ ကျွန်မက အပြစ်ကင်းပါတယ်!"


ဆိုဖီယာက အယ်လီနာ့ရှေ့မရောက်ခင် ဟိုးအဝေးကြီးကတည်းက ငိုနေလေပြီ။ သို့သော် အခြားအစေခံများဆီကနေ ဆွဲခေါ်ခံလာရသော ဆိုဖီယာ့အတွက် စကားပြန်မရှိခဲ့ဘဲ အယ်လီနာက လက်ပိုက်ပြီးသာ စောင့်နေခဲ့သည်။ သူ(မ)က ဖိနှိပ်ထားသောလေထုကို ထုတ်လွှတ်နေရာ ဆိုဖီယာက ကျယ်လောင်စွာ ငိုကြွေးခဲ့ပြန်သည်။


"ကျွန်မကို ကယ်ပါဦး! ကျွန်မ ဘာမှမလုပ်ထားပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို အသက်ရှင်ခွင့်ပေးပါ!"


ဆိုဖီယာ၏လက်မောင်းများကို ဆွဲထားသောအစေခံများက အယ်လီနာ့ရှေ့မရောက်ခင်အထိ သူ(မ)ကို လွှတ်မပေးခဲ့ကြပေ။ ဆိုဖီယာက မြေပြင်ထက် အားနည်းစွာလဲကျနေပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျနေ၏။ အမှောင်ထဲမှာတောင် ဆိုဖီယာ၏နီရဲနေသောမျက်နှာကို အယ်လီနာ မြင်နိုင်ပေသည်။


"ကျွန်မ တကယ်ကို ဘာမှမပြောခဲ့ပါဘူး။ တစ်ယောက်ယောက်က ကျွန်မကို ချောက်ချတာပါ။ အဲ့ဒါ မယ်ရီပါ။ သူ(မ)က ကျွန်မကို လုပ်ကြံခဲ့တာပါ!"


အယ်လီနာက အပြစ်ကင်းစင်ကြောင်း တောင်းပန်နေသည့် ဆိုဖီယာ့ကို ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။ ဆိုဖီယာက လုံးဝကို မှားနေသည်။ မယ်ရီက အစကနေအဆုံးထိ ဘာကိုမှ မပြောထားပေ။


ဆိုဖီယာက အမြဲတမ်းလိုလို ပျင်းရိတတ်ကြောင်း အယ်လီနာသိသော်လည်း ယခုလောက်ထိဖြစ်မည်ဟု မထင်ထားခဲ့ချေ။ အယ်လီနာ ခရီးကနေပြန်ရောက်ရောက်ချင်း ဆိုဖီယာ့ကို စည်းကမ်းမသင်ပြပေးခဲ့သည့်အတွက် နောင်တရမိ၏။ အယ်လီနာက ဆိုဖီယာ့ကို သတိမပေးခဲ့တာမဟုတ်ပေ။ သူ(မ)အား မလိုအပ်သော စူးစမ်းမှုများကို မလုပ်မိစေဖို့ ပြောခဲ့ပြီးသားဖြစ်၏။


'သူ(မ)ကို ပိုပြင်းထန်တဲ့ သတိပေးစကားပြောခဲ့ရင် ပြောင်းလဲသွားနိုင်မလား။'


အယ်လီနာ၏ ယခင်ဘဝ၌ ဆိုဖီယာက ၎င်းတို့၏ကျရှုံးချိန်အထိ ဘလေဆယ်မိသားစုအတွက် အလုပ်လုပ်ပေးခဲ့သူဖြစ်၏။ အယ်လီနာ နိုင်ငံကနေထွက်ခွာသွားပြီးနောက် သူ(မ)ရံရွေတော်၏ ကံကြမ္မာကိုသိရရန် မဖြစ်နိုင်တော့ပေ။ အဲ့နောက်ပိုင်း သူ(မ) မျက်မမြင်ဖြစ်သွားခဲ့တာလား။


အယ်လီနာက ဘာမှမပြောခဲ့ပေ။ ထိုစဥ် ခွင့်ပြုချက်မရှိဘဲ ဆိုဖီယာက ဆက်ပြောလာခဲ့သည်။


"သခင်မလေး၊ ကျွန်မ ကောလာဟလတွေကို မဖြန့်ဘူးဆိုတာ ဘုရားသခင်ထံ ကျိန်ဆိုပါတယ်! ကျေးဇူးပြုပြီး ဒီတစ်ခါတည်းပဲ ယုံကြည်ပေးပါ။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ။"


"...ငါ..."


အယ်လီနာ၏ ပျော့ပျောင်းသော အသံအောက်မှာ ဆိုဖီယာက ငိုတာရပ်တန့်သွားပြီး သူ(မ)၏စကားအား နားထောင်နေခဲ့၏။ အယ်လီနာက ဖြည်းဖြည်းချင်း ဆက်ပြောလာခဲ့သည်။


"... ငါ မင်းကိုသတ်မယ်လို့ မပြောခဲ့မိပါဘူး။"


"သခင်မလေး!"


"ထွက်သွားလိုက်။ ဒါက မင်းအတွက် ငါလုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာပဲ။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment