လူတိုင်းမှင်တက်သွားကြတယ် (၂)
သိပ်မကြာခင် လက်ဖက်ရည်ပါတီကျင်းပမည့်နေ့သို့ ရောက်ရှိလာ၏။ ၎င်းက ပရဟိတပွဲတစ်ခုဖြစ်သောကြောင့် မှူးမတ်ကတော်ဟိုလန်က ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသည်။
သို့သော်လည်း လက်ဖက်ရည်ပါတီကို တက်ရောက်လာကြသော ဧည့်သည်တော်များက နယ်နယ်ရရမဟုတ်ပေ။ မာရီဆာက တောင်ပိုင်းနယ်၌ မြင့်မားသောလူ့အဖွဲ့အစည်း၏ ဦးဆောင်ဦးရွက်ပြုသော အဖွဲ့ဝင်တစ်ဦးဖြစ်ရာ လက်ဖက်ရည်ပါတီက သေးငယ်သော်လည်း ဖိတ်ကြားခံရသူတိုင်း ငြင်းဆန်လိမ့်မည်မဟုတ်ပေ။
လက်ဖက်ရည်ပါတီစရန် နီးကပ်လာသည်နှင့်အမျှ ခမ်းနားလှသော ရထားလုံးများသည် ဟိုလန်၏အိမ်ခြံမြေထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ မည်သူကမှ ပါတီကို ပေါ့သေးသေးမမှတ်ယူဘဲ လူတိုင်းက ခမ်းခမ်းနားနား ဝတ်ဆင်ထားကြသည်။ မြင့်မားသောလူ့အဖွဲ့အစည်းက လူနည်းစုဖြစ်သော်လည်း ၎င်းက အပြိုင်အဆိုင်များလှ၏။
နေရာကျယ်ဝန်းသော ပန်းခြံ၏အရိပ်အာဝါသအောက်တွင် ထိုင်ခုံနှင့် စားပွဲများကို ခင်းကျင်းထားပြီး ထိုထဲတွင် ဟိုလန်တို့ဂုဏ်ယူဝံ့ကြွားသော ရာစုနှစ်ချီသည့် သစ်ပင်အိုကြီးတစ်ပင်ရှိသည်။ ဧည့်သည်တော်များက မာရီဆာကိုနှုတ်ဆက်ပြီး အစေခံများ၏လမ်းပြမှုနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် စုဝေးလာခဲ့၏။
"ကျွန်တော် ဒီအပင်အကြောင်း ကောလာဟလတွေ ကြားဖူးပါတယ်။ ဒါက ရှေးဟောင်းသစ်ပင်ကြီး ဟုတ်တယ်မလား။ အံ့သြစရာပါပဲ။"
"မြှောက်နေပါပြီ။ ရှင် အအေးမိနေလို့ ဒီနေ့ မတက်ရောက်တော့ဘူးလို့ထင်နေတာ။ ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
"မဟုတ်တာ။ ကျွန်တော့်ဇနီးက သူ(မ)နဲ့အတူလိုက်ခဲ့ဖို့ ပြောထားတာကြောင့် ငြင်းလို့မရတော့ဘူးလေ။"
အာဏာရှိသည့် မြင့်မားသောလူ့အဖွဲ့အစည်း၏ မဏ္ဍိုင်ဖြစ်လာခြင်းမှာ လှပခြင်း သို့မဟုတ် ရာထူးမြင့်မားခြင်းကြောင့် ရရှိနိုင်သော အနေအထားမဟုတ်ပေ။ အခြေအနေနှစ်ရပ်လုံး အတိုင်းအတာတစ်ခုထိ လိုအပ်သော်လည်း ၎င်းမှာ လူတိုင်းရနိုင်သော ရာထူးမဟုတ်ချေ။ မာရီဆာက ယခု အသက်လေးဆယ်ကျော်ရှိပြီး ဆွဲဆောင်မှုအားကောင်းနေဆဲဖြစ်သော်လည်း စွဲမက်လောက်စရာအလှတရားမျိုး မရှိပေ။ တောင်ပိုင်းလူ့အဖွဲ့အစည်းကို အုပ်စိုးနိုင်သော အဓိကအကြောင်းအရင်းမှာ မာရီဆာ၏ ဂုဏ်ကျက်သရေဖြစ်သည်။ သူ(မ)၏ ကောင်းမွန်သောဦးဆောင်မှုနှင့် အမှား၊ အမှန်ခွဲခြားနိုင်မှုက ယနေ့သူ(မ)ကို ဖန်တီးပေးခဲ့ပြီး အမျိုးသမီးအများစုက သူ(မ)နောက်သို့ လိုက်လာခဲ့ကြသည်။ တောင်ပိုင်းလူ့အဖွဲ့အစည်းတွင် သူ(မ)၏စကားက အရေးပါအရာရောက်ပေ၏။
ပါတီစတင်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ စောစောရောက်နှင့်နေသောလူများသည် စကားစမြည်ပြောနေခဲ့ကြ၏။ ထိုအခါ ဟယ်လင်က ပန်းခြံကို လှည့်ပတ်ကြည့်ရှုနေသလိုဟန်ဆောင်ပြီး လူများစုဝေးလာသည်အထိ စောင့်နေခဲ့သည်။ လူတော်တော်များများ ရောက်ပြီဆိုတော့မှ ထိုနေရာသို့သွားရန် ဆုံးဖြတ်ခဲ့လေသည်။
မှူးမတ်ရှယ်ဘီ၏ တစ်ဦးတည်းသောသမီးဖြစ်သူ ဟယ်လင်က ဤနယ်ပယ်၌ အလှဆုံးမိန်းကလေးသုံးယောက်ထဲက တစ်ယောက်ဖြစ်သည်။ ပျားရည်လို စီးဆင်းနေသော ရွှေအိုရောင်ဆံနွယ်များက ချောမွေ့နေပြီး အသားအရည်ကလည်း အပြစ်အနာဆာကင်းပေ၏။ သူ(မ)မှာ ကြောင်မျက်လုံးများလိုမျိုး အညိုရောင်မျက်ဝန်းများနှင့် အသည်းပုံသဏ္ဌာန် နှုတ်ခမ်းတစ်စုံလည်း ရှိသည်။ သူ(မ)က အနီရောင်နှုတ်ခမ်းနီလိမ်းခြယ်တိုင်း အသည်းပုံဖန်တီးရန် တစ်ရှူးစကို နမ်းတတ်သည်မှာ သူ(မ)၏အမှတ်အသားတစ်ခုလိုပင်။ သူ(မ)၏ ပန်းခြံနှင့်လိုက်ဖက်သော အစိမ်းရောင်ရင့်ရင့်ဂါဝန်က ဤပါတီပွဲအတွက် ဦးစားပေးဖြစ်သည်။ ထူးခြားသော ဂါဝန်အရောင်နှင့် လက်ရာတို့က ကြည့်ရှုသူတိုင်းအတွက် အကြည့်လွှဲဖို့ရာ ခက်ခဲပေ၏။
ဟယ်လင်က လူတိုင်းထက် တမင်နောက်ကျမှဝင်လာပြီး အာရုံစိုက်မှုတို့ကို ဖမ်းစားချင်နေခဲ့သည်။ 'အဓိဇာတ်ကောင်က နောက်ဆုံးမှ ပေါ်ပေါက်လာတယ်။' ဆိုသော စကားအတိုင်း သူ(မ)အပေါ် ကျရောက်လာမည့် အကြည့်များက သူ(မ) မျှော်လင့်စောင့်စားနေသည့်အရာများပင်။
မျှော်လင့်ထားသည့်အတိုင်း တချို့လူငယ်များက စုဝေးကာ ဟယ်လင်ကိုညွှန်ပြပြီး တီးတိုးဆိုနေကြသည်။ သူတို့ပြောစကားကို သူ(မ)မကြားရသော်လည်း ၎င်းတို့၏အံ့သြမှုများကို သူ(မ) ပုံဖော်ကြည့်နိုင်ပေ၏။
သူ(မ) ဒီဂါဝန်ကို ဘယ်ကရခဲ့တာလဲ။ အဲ့လိုလက်ဝတ်ရတနာကို ငါ ပထမဆုံးမြင်ဖူးတာပဲ။ ထိုစကားလုံးများအားလုံးက သူ(မ)အတွက် ချီးကျူးစကားများပင်။ ဟယ်လင် ၎င်းတို့မျက်နှာပေါ်မှ ရင်းနှီးပြီးသားဖြစ်သော မနာလိုအားကျမှုများကို အလွယ်တကူဖတ်နိုင်၏။ ဟယ်လင် လူအုပ်ကြီးကိုဖြတ်ကာ မာရီဆာဆီ လျှောက်သွားလိုက်သည်။
"ဖိတ်ကြားပေးလို့ ကျေးဇူးတင်ပါတယ်။ ပန်းခြံက အရှင်မရဲ့ ကျက်သရေရှိတဲ့ပုံရိပ်လိုပဲ အရမ်းလှတာပဲ။"
သူ(မ)က အပိုလုပ်သော ချီးကျူးစကားများကို ဆိုလိုက်ပြီး လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် တွက်ချက်ထားလေသည်။ ဟယ်လင်စီစဥ်ထားသည့်အတိုင်း မာရီဆာက သူ(မ)အား သိမ်မွေ့သောအသံဖြင့် ပြောလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်။ မင်းကတော့ အမြဲတမ်းလှပနေပေမဲ့ ဒီနေ့ ပိုပြီးတောက်ပနေတယ်။"
"အိုး၊ ကျွန်မ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။"
ဟယ်လင်က ရှက်ရွံသွား၏။ သူ(မ)က အခြားသောမိန်းမပျိုများ၏အမြင်တွင် အလွန်နှိမ့်ချတတ်သယောင်။ သူ(မ)က မှူးမတ်ရှယ်ဘီ၏သမီးဆိုသည့် ကောင်းမွန်သောမိသားစုနောက်ခံရှိသလို ရုပ်ရည်ကလည်း ချောမောလှပသည်။ သူ(မ)၏ ယဥ်ကျေးသိမ်မွေ့သော စရိုက်ကိုပါ ထပ်ပေါင်းလိုက်လျှင် ဟယ်လင်က စံပြအမျိုးသမီးလေးတစ်ဦးပင်။ ဟယ်လင်က လူတိုင်း၏ အာရုံစိုက်မှုကို ခိုလှုံနေရင်း ပုံပြင်စာအုပ်ထဲမှ အဓိကဇာတ်လိုက်လိုမျိုး ပြုံးနေခဲ့၏။
ဒေါက်၊ ဒေါက် - (ခြေလှမ်းသံ)
တည်ငြိမ်သောခြေလှမ်းများက ၎င်းတို့ဆီကို ဦးတည်လာနေ၏။ သူ(မ)၏ပန်းတိုင်ကို အောင်မြင်သွားပြီဟု ခံစားနေရသော ဟယ်လင်က ပီတိဖြစ်ကာ အခြားအရာများကို လျစ်လျူရှုထားသည်။
သို့သော်လည်း သူ(မ)ကိုကြည့်နေသော မျက်လုံးများက အခြားတစ်နေရာသို့ရွှေ့သွားကြောင်း သူ(မ) သတိပြုမိလိုက်သည်။ ဟယ်လင်က လူအုပ်ကြီးစိုက်ကြည့်နေသည့်နေရာကို လှည့်ကြည့်လိုက်၏။
"...အာ။"
သူ(မ)တောင် သတိမထားမိဘဲ အသံထွက်မိသွား၏။ လှပသော မိန်းကလေးနှစ်ယောက်က ပန်းခြံထဲကို လျှောက်လှမ်းလာကြပြီး ၎င်းတို့၏ ရွှေအိုရောင်ဆံနွယ်များက သိမ်မွေ့သောလေညင်းလေးနှင့်အတူ လွင့်မျှောနေ၏။ တစ်ယောက်က အရွယ်ရောက်သည့်မိန်းမပျိုလေးဖြစ်ပြီး နောက်တစ်ယောက်က မိန်းကလေးငယ်လေးဖြစ်၏။ နှစ်ဦးလုံးက ၎င်းတို့၏ အလှတရားများဖြင့် အာရုံများကိုဆွဲဆောင်နိုင်လိုက်သော်လည်း အများစုကတော့ အကြီးတစ်ယောက်ထံမှာရှိနေ၏။ ရှည်လျားသော ရွှေအိုရောင်ဆံနွယ်၊ ဆီးနှင်းလိုအသားအရည်နှင့် ရတနာတစ်ပါးလို နီရဲနေသောမျက်ဝန်းများ။ သူ(မ)၏ ကျော့ရှင်းသော လည်တိုင်ပေါ်မှာ မည်သည့်အဆင်တန်ဆာမှမရှိဘဲ အဖြူနှင့် အစိမ်းရောင်ဝတ်စုံကလည်း ဟယ်လင့်အတွက် အညံ့စားပုံပေါ်နေသည်။ အတိုချုပ်ရလျှင် အရာအားလုံးက ခေတ်နောက်ကျနေ၏။ သို့သော် ပြဿနာမှာ...
လူတိုင်းက မှင်တက်နေကြသည်။ မာရီဆာ ဟယ်လင့်ကိုပြောခဲ့သော ချီးကျူးစကားလို အယ်လီနာက သူ(မ)ဘာသာသူ(မ) တောက်ပနေ၏။ ရုတ်တရက်ပေါ်ပေါ်လာသောသူကို ဟယ်လင် ကောင်းကောင်းသိပေ၏။ ယခုလိုအခိုက်အတန့်မျိုးမှာ အမြဲတမ်း အာရုံစိုက်မှုတို့ကို ယူဆောင်တတ်သော အမျိုးသမီးတစ်ဦး...
၎င်းက ဘလေဆယ်မိသားစု၏သမီးအကြီး အယ်လီနာပင်။
ဟယ်လင်၏မျက်လုံးများက သူ(မ)အစ်မလက်ကို မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားသော မိုင်ယာဘယ်လာ့ထံ ကျရောက်သွား၏။ ဟယ်လင် သူ(မ)၏မျက်နှာကို ကောင်းကောင်းမမှတ်မိသော်လည်း အားမထုတ်လိုက်ရဘဲ သူ(မ)ကို မှတ်မိ၏။ မိုင်ယာဘယ်လာ့တွင် အယ်လီနာ၏အနီရောင်မျက်ဝန်းများလို တင်းမာသောအကြည့်မျိုးမရှိသော်လည်း သူ(မ)၏ရွှေအိုရောင်ဆံပင်နှင့် မျက်နှာအစိတ်အပိုင်းများကနေ အယ်လီနာ၏ညီမဖြစ်ကြောင်း ပြောနိုင်ပေသည်။
ညီအစ်မနှစ်ယောက်ကြောင့် ယာယီစိတ်ပျက်သွားသောဟယ်လင်တစ်ယောက် အလျင်အမြန် အသိစိတ်ပြန်ဝင်လာပြီး လှည့်ပတ်ကြည့်လိုက်သည်။ လူတိုင်းက အံ့သြမှင်တက်နေသောအမူအရာများဖြင့် ၎င်းတို့ကို ကြည့်နေကြ၏။
ဟယ်လင် လက်သီးဆုပ်လိုက်မိသည်။ သူ(မ)၏လက်သည်းများက သူ(မ)၏လက်ဖဝါးကို ထိုးဖောက်သွားသော်လည်း နာကျင်မှုကို မခံစားရချေ။ အယ်လီနာ့ကိုကြည့်ရင်း ဟယ်လင်၏မျက်လုံးအကြည့်များက ပြင်းထန်စွာ တောက်လောင်လာခဲ့သည်။
'... ထပ်ပြီး အလုယူခံလိုက်ရပြန်ပြီ။'
အမြဲတမ်း ယခုလိုပဲဖြစ်၏။ အယ်လီနာ ပေါ်ပေါက်လာချိန်တိုင်း ဟယ်လင်က နေမင်းကြီးရှေ့က ပိုးစုန်းကြူးလေးလို ဖြစ်သွားတတ်သည်။ ၎င်းတို့မှာ ရွှေအိုရောင်ဆံနွယ်များရှိတာ တူသော်လည်း အယ်လီနာ၏ဆံပင်များက နေရောင်ခြည်ဖြင့် စိမ်ထားသည့်သလား တောက်ပကာ ရွှေရောင်သန်းနေပြီး ဟယ်လင်၏ဆံပင်ကတော့ မှိန်ဖျော့ကာ အညိုရောင်ဖျော့ဖျော့နှင့် နီးစပ်ပေသည်။
ဟယ်လင် လက်ဖက်ရည်အပူတစ်ခွက်ကိုယူကာ အယ်လီနာ၏မျက်နှာဆီ ပစ်ပေါက်ချင်သလိုမျိုး ခံစားလိုက်ရသည်။ သူ(မ) အယ်လီနာကို တစ်နည်းနည်းနှင့် ဖျက်ဆီးပစ်မည်။ အယ်လီနာကို အပြီးတိုင်ဖယ်ရှားဖို့ သူ(မ) အစွမ်းကုန်ကြိုးစားမည်။
*****
Aurora Novel Translation Team