ငါ နောက်မကျသွားဖို့ မျှော်လင့်တယ် (၁)
အယ်လီနာ ဘလေဆယ်ရဲတိုက်ကနေ လူအနည်းငယ်ပဲ ခေါ်လာခဲ့၏။ အနည်းဆုံးတော့ ဤသည်မှာ သူ(မ) ယုံကြည်ရာဖြစ်သည်။ သို့သော် အနားယူရန် ခဏရပ်တန့်လိုက်ချိန်မှာ သူ(မ)နှင့်အတူ သူ(မ)တို့မိသားစု၏ သူရဲကောင်းခြောက်ဦးနှင့် ရထားလုံးကို စောင့်ကြပ်လိုက်ပါသူနှစ်ဦးနှင့်ဆို စုစုပေါင်းရှစ်ဦး လိုက်လာကြောင်း တွေ့လိုက်ရပေသည်။ အယ်လီနာ အံ့သြသွားသောအခါ ခေါင်းဆောင်သူရဲကောင်းဖြစ်သူက ရှင်းပြလာ၏။
"ကျွန်တော်တို့ကို အရှင်ဒဲရက်က စေလွှတ်လိုက်တာပါ။ သူက အစောင့်တွေ လုံလုံလောက်လောက်ပါမသွားဘူးလို့ ထင်နေလို့ပါ။"
"ဒဲရက်၊ ငါ့အစ်ကို... သိပါပြီ။"
အယ်လီနာ တီးတိုးရေရွတ်လိုက်သော်လည်း သူ(မ)၏စိတ်ထဲမှာ ပြောင်းလဲသွား၏။ အိမ်ရှေ့စံမင်းသားကိုကယ်တင်ရန် ထိုလူအားလုံးကို ခေါ်သွားလို့မရပေ။ သူလုပ်ကြံခံရမည့် နေရာ၊ အချိန်အတိအကျကိုသာ သူ(မ)သိလျှင် သူ(မ)၏မိသားစုသူရဲကောင်းများကို အသုံးပြုလို့ရသော်လည်း သူ(မ)သိတာက လုပ်ကြံခံရမည့်နေရာပဲရှိ၏။ သူ(မ) ထိုနေရာကို ခွဲထွက်သွားရမည်ဖြစ်ပြီး လူအများကြီးကို ခေါ်ဆောင်သွားလို့မရပေ။ သူ(မ)က ဂျလင်း၏မင်္ဂဆောင်ကို ကူညီပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ထွက်ခွာလာခဲ့သော်လည်း ထိုအကြောင်းပြချက်လေးနှင့် တစ်နေရာတည်းမှာ အချိန်အတော်ကြာ နေနိုင်မည်လော။
ထိုမျှသာမက အယ်လီနာ သူရဲကောင်းတချို့ကို သူ(မ)အားကူညီပေးဖို့ ဖျောင်းဖျနိုင်ခဲ့လျှင်တောင် သူတို့၏ရှေ့တွင် သူ(မ)၏အရည်အချင်းတို့ကို ထုတ်ဖော်ပြလို့မရပေ။ တကယ်တော့ ၎င်းက လုံးဝကြီးမားသော အတားအဆီးကြီးပင်။ သူ(မ)၏တစ်ဘဝလုံး မြို့စား၏သာမန်သမီးတစ်ယောက်အဖြစ်သာ နေထိုင်ခဲ့ပြီး ရုတ်ခြည်း ဓားကိုင်သူရဲကောင်းတစ်ဦးအဖြစ် ပြောင်းလဲသွားလျှင်... ၎င်းက မှန်းဆကြည့်လို့မရသည့်အရာပင်။ အယ်လီနာ သူ(မ)၏မိသားစု သို့မဟုတ် အခြားသူများကို ရှင်းမပြချင်ပေ။
သူ(မ)က ကျွမ်းကျင်သည့် ဓားသမားတစ်ယောက်ပါဟုပြောရန် ရှက်ရွံ့ခြင်းမရှိဘဲ ဧကရာဇ်ဖေးဗလု ထွန်းကားမည့်အရေးမှ ကာကွယ်ဖို့ရာ လူဆယ်ချီ၊ ရာချီကို ဖြုတ်ချပစ်ဖို့ ဆန္ဒရှိနေသော်လည်း ထိုအကြောင်းကို သိသည့်သူနည်းလေ ပိုကောင်းလေပင်။ သူ(မ)၏မိသားစုကို တတ်နိုင်သလောက် လုံခြုံဘေးကင်းပြီး ပျော်ရွှင်စေချင်၏။ ထိုနည်းဖြင့် သူ(မ)သည်လည်း ဘာမှမသိသလိုမျိုး သူတို့၏ဘေးနားကနေ ရယ်မောနေနိုင်လိမ့်မည်...
ထိုဆုံးဖြတ်ချက်နှင့်အတူ သူ(မ) ခွဲထွက်ကာ သူ(မ)၏တာဝန်ကို အဆုံးသတ်ရမည်။ သို့သော် အစောင့်အကြပ်များ တိုးပွားလာသောအခါ ပိုပြီးခက်ခဲသွားပေ၏။
'... ငါ ဘယ်လိုလုပ်ရမလဲ။'
အစောင့်အကြပ်ရှစ်ဦး၊ အစေခံတစ်ဦးနှင့် ရထားလှည်းမောင်းသူတစ်ဦး... စုစုပေါင်း ဆယ်ယောက်ရှိ၏။ မြို့စားမင်း၏သမီးက ခြွေရံသင်းပင်းမပါဘဲ သွားခဲ့လျှင်တောင် ဤအရေအတွက်က ရယ်စရာကောင်းနေ၏။ ကြွက်တစ်ကောင်က အဖမ်းမခံရဘဲ ပျောက်ကွယ်သွားနိုင်သော်လည်း မိသားစုဝင်တစ်ဦး ပျောက်ကွယ်သွားတာက ရှုပ်ထွေးသွားစေနိုင်သည်။ သူ(မ) ၎င်းတို့အားလုံးကိုလှည့်စားကာ မီးခိုးငွေ့လို ပျောက်ကွယ်သွားနိုင်မည့် နည်းလမ်းရှာဖို့လိုအပ်သည်။
နေ့တစ်နေ့၏အဆုံးသတ်မှာတော့ ခရီးနှင်လာသောအဖွဲ့က ညအချိန်မှာ အနားယူရန် ခမ်းနားသောတည်းခိုဆောင်တစ်ခုမှာ တည်းခဲ့ကြသည်။ အယ်လီနာ သူ(မ)၏အခန်းထဲသို့ ဝင်သွားခဲ့ပြီး စိုးရိမ်ပူပန်မှုကြောင့် မျက်မှောင်ကြုတ်နေမိ၏။ ဆိုဖီယာက သူ(မ)နောက်ကနေ လိုက်ဝင်လာခဲ့ပြီး တံခါးပိတ်လိုက်သည်။
"အနားယူပါ၊ သခင်မလေး။"
သူ(မ)က ပျော့ပျောင်းသောအသံဖြင့် ပြောလာခဲ့သည်။
အိမ်ရှေ့စံမင်းသား လုပ်ကြံခံရမည့်နေရာသို့ရောက်ရန် သုံးရက်လောက်ခရီးနှင်ဖို့ ကျန်နေသေး၏။ သူ(မ) ထိုနေရာသို့ရောက်ရန် မည်သို့သွားရမလဲကို တစ်နည်းနည်းဖြင့် ကြံဆရမည်။
တည်းခိုဆောင်တွင် ဇိမ်ခံပစ္စည်းများနှင့် ဝန်ဆောင်မှုများပါဝင်ပြီး မည်သည့်တော်ဝင်အမျိုးသမီးများအတွက်မဆို ညအိပ်ညနေနေရန် ကောင်းမွန်သော နေရာတစ်ခုဖြစ်သည်။ တကယ်တော့ ၎င်းမှာ ဘလေဆယ်ရဲတိုက်ရှိ အယ်လီနာ၏အခန်းနှင့် နှိုင်းယှဥ်လို့ရပေ၏။ သို့သော် ညကို မည်မျှပင် သက်သောင့်သက်သာဖြတ်သန်းနေရပါစေ သူ(မ)၏စိတ်အခြေအနေက ကျဆင်းနေ၏။
'ငါ ဒါကို ဘာလို့မတွေးခဲ့မိတာပါလိမ့်...'
သူ(မ)က မြို့စားမင်း၏သမီးတော်ဖြစ်ရာ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်သင့်၏။ သို့သော် အချိန်ကုန်လာတာနှင့်အမျှ သူ(မ)၏ဆုံးဖြတ်ချက်ကို နောင်တရနေပြီး တည်းခိုဆောင်မှာ ညအိပ်လိုက်တာက အချိန်ဖြုန်းနေတာပဲဟူ၍ တွေးနေခဲ့သည်။ အိမ်ရှေ့စံမင်းသားကို ရှာဖွေဖို့ နည်းလမ်းမစဥ်းစားရသေးသည့်အတွက် သွားရင်းလာရင်းဖြင့် ကြံစည်တွေးတောရပေမည်။ သူ(မ) အချိန်ရဖို့ မျှော်လင့်ပါ၏။
သူ(မ)သာ ယခုလို အချိန်ဖြုန်းရမည်မှန်း ကြိုသိခဲ့လျှင် အဖိုးတန်သောအခိုက်အတန့်များကို မိုင်ယာဘယ်လာနှင့်သာ ကုန်ဆုံးချင်သည်။ အယ်လီနာ သူ(မ)ကိုယ်သူ(မ) ဒေါသထွက်နေသော်လည်း အချိန်လွန်သွားလေပြီ။ ဖြစ်ပျက်ခဲ့သမျှက ဖြစ်ပျက်ပြီးသွားပြီမို့ အယ်လီနာ သူ(မ)၏အချိန်ကို အကျိုးရှိရှိအသုံးပြုရပေမည်။
အယ်လီနာ အိပ်ရာနိုးလာသောအခါ ယခင်ဘဝကအကျင့်အတိုင်း မနက်ခင်းလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ပြီးနောက် အချိန်မရွေး ထွက်ခွာနိုင်ရန် အဝတ်အိတ်ထဲမှ သံချပ်ကာဝတ်စုံနှင့် ဓားကိုပြင်ဆင်လိုက်သည်။ အယ်လီနာ တစ်ယောက်တည်း ရေချိုးခဲ့ပြီး မကြာမီထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
တံခါးအပြင်ဘက်မှာ သူ(မ)၏သခင်မလေးကို နှိုးဖို့စောင့်နေသော သူ(မ)၏အစေခံ ဆိုဖီယာက တံခါးခေါက်လာ၏။ အယ်လီနာက သူ(မ)ကို မျှော်လင့်ထားသည့်အတိုင်း ပြန်ဖြေလာခဲ့သည်။
"ဝင်လာခဲ့။"
ဆိုဖီယာ အခန်းထဲကို ဝင်သွားသည်နှင့် အယ်လီနာတစ်ယောက် ဝတ်စားပြင်ဆင်ပြီးသည်ကို တွေ့လိုက်ရသောအခါ သူ(မ)၏ပါးစပ်က ပွင့်ဟသွားလေ၏။ အယ်လီနာက နေ့စဥ်ဘဝမှာ လုံ့လဝီရိယရှိသူဖြစ်သော်လည်း ယခုလောက်ထိတော့ မဟုတ်ပါချေ။
"အာ- သခင်မလေး နိုးနေတာကို ကျွန်မကိုခေါ်လိုက်တာတော့မဟုတ်ဘူး။ သခင်မလေး နိုးနေတာ ဘယ်လောက်ကြာပြီလဲ။"
"ငါတို့ ခရီးသွားနေရင် အရာအားလုံးကို ဂရုစိုက်ပေးစရာမလိုပါဘူး။ မင်းကိုခေါ်လာတာက ရှုပ်ယှက်နေတဲ့အရာတွေကို မကြိုက်တာကြောင့်ပါ။ ငါ ကိစ္စတော်တော်များများကို ကိုယ့်ဘာသာကိုင်တွယ်နိုင်ပါတယ်။ အဲ့ဒါကြောင့် စိုးရိမ်နေစရာမလိုဘူး။"
ဆိုဖီယာ အယ်လီနာကို ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်မိသည်။ ဆိုဖီယာသည် ဤခရီး၌ အယ်လီနာ့ကို သူ(မ)တစ်ယောက်တည်းခစားရမည့်အတွက် ဝန်ထုပ်ဝန်ပိုးများ တိုးလာလိမ့်မည်ဟု တွေးနေခဲ့၏။ အယ်လီနာက နူးညံ့သော အမျိုးသမီးလေးဖြစ်ပြီး ယနေ့ ထူးထူးဆန်းဆန်း ပိုပြီးတောင် စဥ်းစားတွေးတောပေးနေသည်။ ဆိုဖီယာက သတိမမူမိဘဲ ရင်းနှီးသောအမူအရာဖြင့် ပြောလိုက်သည်။
"နေပါဦး၊ သခင်မလေးရဲ့။ ကျွန်မ မနက်စာ မြန်မြန်သွားပြင်လိုက်ပါ့မယ်။ ဒီတည်းခိုဆောင်ရဲ့ အစားအသောက်က အရမ်းနာမည်ကြီးပြီး စျေးအကြီးဆုံး စားသောက်ဆိုင်နေရာမှာ ဒုတိယချိတ်တယ်လေ။"
"ငါ စားပြီးသွားပြီ။ အခုချက်ချင်း ထွက်ကြမယ်။"
"ဘယ်လို? အခု?"
ဆိုဖီယာ၏မျက်လုံးများက ပြူးကျယ်သွား၏။ ယခု အစောကြီးရှိသေးပြီး လူတိုင်းနိုးနေပြီဖြစ်သော်လည်း ၎င်းတို့အားလုံး ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ သူ(မ)မသိပေ။ ထို့နောက် အယ်လီနာက ဆိုဖီယာ့ကို ပိုပြီးထိတ်လန့်စေမည့်အရာအား ပြောလိုက်လေသည်။
"အခုကစပြီး ဘယ်မှာမှမရပ်ဘဲ ဆက်တိုက်ခရီးနှင်ဖို့ ရထားလုံးမောင်းတဲ့သူကိုပြောလိုက်။"
"ဟမ်? အဲ့ဒါဆို သခင်မလေး ဘယ်လိုအိပ်မှာလဲ။"
"ငါ ရထားလုံးထဲမှာ အိပ်နိုင်တယ်။"
ဆိုဖီယာမှာ သူ(မ)၏ပါးစပ်ကို အတင်းကြိုးစားပိတ်ကာ ထိုကဲ့သို့ သက်သောင့်သက်သာမရှိသောနေရာမှာ မည်သို့အိပ်စက်နိုင်သနည်းဟု မမေးမြန်းခဲ့ပေ။ တစ်စုံတစ်ယောက်၏ မင်္ဂလာပွဲကိုပြင်ဆင်ဖို့ အဘယ့်ကြောင့် အလျင်လိုနေကြောင်း အယ်လီနာ့အတွက် ရှင်းပြစရာအကြောင်းမရှိပေ။ ဆိုဖီယာက အမိန့်များကို နာခံရသော အစေခံတစ်ဦးသာ။
'ကောင်းပြီလေ... သူ(မ) သက်သောင့်သက်သာမရှိရင် ပြောပါလိမ့်မယ်။'
ဆိုဖီယာ သူ(မ)ဘာသာ တွေးလိုက်သည်။ အခက်အခဲများနှင့် မတွေ့ကြုံခဲ့ဖူးသော အမျိုးသမီးတစ်ဦးက ယခုလိုခရီးမျိုးကို ခံနိုင်ရည်ရှိလိမ့်မည်ဟု သူ(မ)မထင်ပေ။
"ဟုတ်ကဲ့ပါ၊ ကျွန်မ အောက်ထပ်ကိုဆင်းပြီး သူတို့ကို သွားပြောလိုက်ပါ့မယ်။"
ဆိုဖီယာတစ်ယောက် သူရဲကောင်းများအနားယူနေသည့်နေရာကို အလျင်အမြန် ပြေးသွားခဲ့လေတော့သည်။
*****
Aurora Novel Translation Team