ငါ့မှာပြန်ရမဲ့နေရာရှိတယ် (၂)
"... ဘာမှ ထူးထူးခြားခြား မရှိပါဘူး။"
အယ်လီနာက ထိုသို့ပြောပြီး ထပ်မပြောတော့ချေ။ နှစ်ဦးသား၏စကားဝိုင်း အဆုံးသတ်ချိန်ကို စောင့်ဆိုင်းနေကြသော အစေခံများက ချဥ်းကပ်လာခဲ့ကြ၏။
"သခင်မလေး၊ ရထားလုံးပေါ်က ခရီးဆောင်အိတ်တွေကို ဘယ်ကိုရွှေ့လိုက်ရပါမလဲ။"
"အကုန်လုံးကို ငါ့အခန်းထဲရွှေ့လိုက်။
သူ(မ)၏အမိန့်အရ အစေခံများသည် ခရီးဆောင်အိတ်ကြီးများကိုသယ်ဆောင်ပြီး လက်ချင်းတွဲကာ လမ်းလျှောက်နေသော အယ်လီနာနှင့် မိုင်ရာဘယ်လာတို့နောက်မှ လိုက်လာခဲ့ကြ၏။ နှစ်ဦးသားကိုမြင်နေရသည့်မြင်ကွင်းမှာ အကြည့်လွှဲရက်စရာမရှိပေ။
အယ်လီနာတစ်ယောက် မြိုးစား၏သမီးအဖြစ် မနေထိုင်ခဲ့တာကြာပြီမို့ သူ(မ)၏အပြုအမူများကို ခက်ခက်ခဲခဲ ထိန်းညှိနေရသော်လည်း အပြင်ပိုင်းမှာ မပေါ်လွင်စေဘဲ ကျက်သရေတင့်စွာ လျှောက်လှမ်းနေခဲ့သည်။ သူ(မ)က မြို့စား၏သမီးဖြစ်ပြီး အိမ်တော်၏တာဝန်ရှိသူဖြစ်ရာ သူ(မ)၏ဟန်ချက်တို့ကို ထိန်းသိမ်းရပေမည်။
ရာထူးနိမ့်ကျသူတို့၏ မကျေနပ်မှုများကို နားလည်သဘောပေါက်ပြီး အလွန်အကျွံ မပြုမိစေရန်လည်း အရေးကြီးပေသည်။ သူ(မ) ငယ်ငယ်လေးကတည်းက ထိုကိစ္စ၌ အာရုံစိုက်ခဲ့ပြီး အတိတ်ဘဝတုန်းကလည်း ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခု ဘလေဆယ်မိသားစု၏ အစေခံများအားလုံး ကောင်းမွန်စွာဖွဲ့စည်းထားပြီး စည်းကမ်းရှိကြပေသည်။
"ခရီးစဥ်က ဘယ်လိုနေလဲလို့၊ ဟမ်...?"
"အင်း... မမ မပြောတတ်ဘူး။ ခရီးတစ်ဝက်လေညက်ရောက်တော့ အစာအိမ်နာလာတာနဲ့..."
မိုင်ယာဘယ်လာသည် အယ်လီနာတစ်ယောက် ခရီးတစ်ဝက်ကနေ အဘယ့်ကြောင့် ပြန်လှည့်လာမှန်း သိချင်နေခဲ့၏။ သို့သော် သိလိုက်ရပြီးနောက် မိုင်ယာဘယ်လာ၏တုံ့ပြန်မှုက အယ်လီနာ ထင်ထားတာထက်တောင် မုန်တိုင်းထန်နေခဲ့သည်။
"ဘာ? တစ်ခုခု အစားမှားသွားလို့လား။"
"အခု သက်သာသွားပါ-"
"ဒါဆို အဲ့ဒါကြောင့် စောစောပြန်လာခဲ့တာပေါ့။ ညီမလေး သမားတော်ပင့်ပြီး မမကို အခုချက်ချင်းလာကြည့်ဖို့ တောင်းဆိုလိုက်မယ်။"
"မလိုအပ်-"
"မမ၊ အခန်းထဲကနေ စောင့်နေလိုက်နော်။"
မိုင်ယာဘယ်လာသည် အယ်လီနာ့ကိုကုသဖို့ တောင်ပိုင်းရှိ အကျော်ကြားဆုံးသမားတော်ကို ပင့်ဆောင်လာခဲ့၏။ အယ်လီနာမှာ လုပ်စရာအများကြီးရှိနေသော်လည်း သူ(မ)အား အိပ်ရာထဲလှဲကာ နေမဝင်ခင်အထိ အနားယူဖို့ အတင်းအကျပ်တိုက်တွန်းခဲ့၏။ ပြဿနာက ထိုနေရာမှာ ရပ်တန့်မသွားချေ။ သူ(မ)မသိသောနေရာကနေပါ တစ်စုံတစ်ခု ဖြစ်ပွားနေခဲ့၏။
"မင်းတို့အသက်ကို ဖက်နဲ့ထုပ်ထားဖို့ ငါမပြောခဲ့ဘူးလား။ သူ(မ) အိမ်ပြန်လာရအောင်ထိ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာလဲ။"
အယ်လီနာပြန်ရောက်လာရသည့် အကြောင်းအရင်းကို နောက်မှသိလိုက်ရသော မိုင်ယာဘယ်လာနှင့်မတူဘဲ ဒဲရက်သည် ဖြစ်ပျက်ခဲ့သည်တို့ကို ကြိုသိပေ၏။ ၎င်းတို့ ရဲတိုက်ကို ပြန်ရောက်သည်နှင့် အယ်လီနာ့ကို လိုက်လံစောင့်ရှောက်ပေးရသော သူရဲကောင်းများမှာ တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့၍ ငရဲကိုဖြတ်သန်းနေရ၏။
"တောင်းပန်ပါတယ်၊ သခင်။ အခုကစပြီး ကျွန်တော်တို့ အသက်ကိုစွန့်စားပါ့မယ်..."
"နောက်ကျသွားပြီ။ အခုကစပြီး လေ့ကျင့်ရေးကွင်းကို ဆယ်ပတ်ပတ်ပြေးကြ။ ပြီးရင် အရင်ဆုံးပြီးတဲ့သူက အနားယူပြီး ကျန်တဲ့သူတွေကဆက်ပြေး။ နောက်ဆုံးတစ်ယောက်ကျန်တဲ့ထိ အဲ့လိုဆက်လုပ်သွား။"
ဒဲရက် ဆုံးဖြတ်ပြီးလျှင် မည်သူကမှ သူ့ကို စိတ်ပြောင်းအောင်မလုပ်နိုင်တော့ပေ။ ဤသည်မှာ အလေ့ကျင့်ခံရသောသူများနှင့် ၎င်းတို့ကို ကြည့်ရှုနေသူများအတွက် မမေ့နိုင်သည့်အဖြစ်အပျက်တစ်ခုပင်။ အယ်လီနာက သခင်မလေးအဖြစ်ကနေ ၎င်းတို့၏အသက်ကိုစွန့်စားကာ ကာကွယ်ပေးရမည့်တစ်စုံတစ်ယောက် ဖြစ်လာခဲ့ပြီး အယ်လီနာကတော့ ထိုအကြောင်းကို မသိခဲ့ချေ။
နေ့အချိန်ကုန်ဆုံးကာ ညရောက်လာသည်နှင့် မြို့စားအဲလ်ဖော့ဘလေဆယ်က ရဲတိုက်ဆီသို့ ပြန်ရောက်လာခဲ့သည်။
"ကြိုဆိုပါတယ်၊ အရှင်။"
အစေခံများအားလုံးနှင့် အိမ်တော်ထိန်းနော်မန်က စီတန်း၍ရပ်နေ၏။ အဲလ်ဖော့ အိမ်ထဲကိုဝင်လာသည်နှင့် ၎င်းတို့အားလုံး လေးလေးစားစား ဦးညွတ်ခဲ့ကြသည်။ အမှန်မှာ အဲလ်ဖော့သည် ယခုလို ခမ်းခမ်းနားနားကြိုဆိုပုံမျိုးကို သဘောမကျသော်လည်း အယ်လီနာက ယခင်ဘဝတွင် သူ(မ)၏အဖေအတွက် ယခုလိုမျိုး ပြင်ဆင်ပေးခဲ့ဖူးသည်။ သူမရှိတာ တော်တော်ကြာနေပြီမို့ အလုပ်သမားအသစ်များသည် သူ၏မျက်နှာကို မမှတ်မိကြရာ အယ်လီနာက သူ(မ)အဖေကို ယခုလိုကြိုဆိုရန် တွေးလိုက်မိခြင်းပင်။
ယနေ့လည်း အတူတူပင်။ အတန်းရှည်ကြီး၏ အဆုံးသတ်မှာ အယ်လီနာ၊ မိုင်ယာဘယ်လာနှင့် ဒဲရက်တို့က သူ့ကို ရပ်စောင့်နေကြ၏။ အချိန်အတော်ကြာပြီးမှ သူ(မ)၏အဖေကို ပြန်တွေ့ရတာဖြစ်၍ အယ်လီနာ၏ပါးပြင်များမှာ ပျော်ရွှင်မှုကြောင့် နီမြန်းနေသည်။
"ထူးဆန်းတယ်။ ဖေဖေ မကြာခဏအိမ်ပြန်လာတာတောင် သူ့ကိုမတွေ့ရတာ နှစ်ချီနေပြီလို့ ခံစားနေရတယ်။"
မိုင်ယာဘယ်လာ၏စကားကြောင့် အယ်လီနာ ပြုံးလိုက်မိသည်။ အယ်လီနာ၏ရှုထောင့်ကနေဆို သူ(မ)၏ညီမလေးပြောသည်မှာ မမှားယွင်းပေ။ အယ်လီနာ သူ(မ)အဖေ၏အရိပ်က ဖြည်းဖြည်းချင်း ချဥ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူ(မ)၏အဝတ်အစားတို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။
"မိုင်ယာဘယ်လာ၊ မမကိုကြည့်ရတာ အဆင်ပြေလား။"
"မင်း၊ လှပါတယ်ဆို။ ဒီနေ့ ညီမလေးကို ဘယ်နှခါလောက် မေးနေဦးမှာလဲ။"
"အိုး၊ ဟုတ်လား။"
မိုင်ယာဘယ်လာက သူ(မ)အစ်မ၏ စိတ်လှုပ်ရှားနေသောအပြုအမူကို ခေါင်းလေးစောင်းငဲ့ကာ ကြည့်လိုက်သည်။ မိုင်ယာဘယ်လာက အယ်လီနာ ခရီးစဥ်မှာပင်ပန်းလာသည်ကို ကြားလိုက်ရသောအခါ သူ(မ)အား တစ်နေ့လုံး အနားယူစေချင်ခဲ့သော်လည်း နောက်ဆုံးတွင် အယ်လီနာက ထရပ်ကာ ပြောလာခဲ့သည်။ "ဖေဖေပြန်လာမှာကို ထပ်ပြီး လှဲမနေနိုင်ပါဘူး။"
ထိုအချိန်ကတည်းက အယ်လီနာတစ်ယောက် ထူးဆန်းနေခဲ့သည်။ သူ(မ)က ပုံမှန်အားဖြင့် ဝတ်စားဆင်ယင်ပုံတို့ကို စိတ်မပူတတ်ခဲ့သော်လည်း ယနေ့ ဂါဝန်အမျိုးမျိုးလဲကာ သူ(မ) ကြည့်ကောင်းလားဟူ၍ မေးမြန်းနေခဲ့၏။ အယ်လီနာ၏အလှကို အခြားလူတိုင်းက မနာလိုအားကျတတ်ကြသည်။ ထိုအားကျမှုတို့က မိုင်ယာဘယ်လာဂုဏ်ယူရသောအရာဖြစ်၏။ သူ(မ)သည် ဤကမ္ဘာပေါ်၌ သူ(မ)၏အစ်မထက်လှသည့်သူကို မတွေ့ဖူးချေ။
အယ်လီနာက သဘာဝအတိုင်း လှပနေသော်လည်း သူ(မ)က ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တတ်ပေ။ ဤသည်မှာ သူ(မ)၏အသွင်အပြင်ကို ပထမဆုံးအကြိမ် ဂရုစိုက်ခြင်းဖြစ်ပြီး အရင်တုန်းကဆို ထိုသို့လုပ်ရန် ရှက်ရွံ့နေတတ်သည်။ သူ(မ)သာ အခြားယောက်ျားတစ်ယောက်နှင့် တွေ့ရမည်ဆိုလျှင် မိုင်ယာဘယ်လာ သူ(မ)၏အစ်မက ထိုအမျိုးသားအား သဘောကျနေသည်ဟု ထင်မိမည်ပင်...
သို့သော် ယခုတွေ့ရမည့်အမျိုးသားက ရက်အနည်းငယ်လောက် မတွေ့ခဲ့ရသော သူ(မ)တို့၏အဖေဖြစ်နေသည်။ မိုင်ယာဘယ်လာ အယ်လီနာ့ကို စူးစမ်းသောအကြည့်ဖြင့်ကြည့်နေပြီး သူ(မ) စိတ်ပူနေခဲ့၏။
အဲလ်ဖော့၏ခြေသံများက နီးကပ်လာပြီး နောက်ဆုံးတွင် အရှေ့ကိုရောက်လာခဲ့သည်။ သူက သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း ခံ့ညားသောအသွင်သဏ္ဌာန်က ရှိနေဆဲပင်။ သူက အရပ်ရှည်ကာ မိုင်ယာဘယ်လာ့လို မျက်ဝန်းစိမ်းများရှိ၏။ သူရဲကောင်းအဖြစ် သူ့အလုပ်၏ကျေးဇူးကြောင့် သူ့မှာ သန်မာသောကိုယ်နေဟန်ထားရှိသော်လည်း ယခု သံချပ်ကာဝတ်စုံအစား အနွေးထည်ဝတ်ရုံကို ဝတ်ဆင်ထားရာ လူကြီးလူကောင်းတစ်ယောက်နှင့် ပိုတူပေ၏။ သူ့မှာ ဒဲရက်လိုမျိုး တင်းမာသောအမူအရာရှိသော်လည်း ခေါင်းမာသော မေးရိုးကျပုံစံက အယ်လီနာနှင့်ဆင်သည်။
အယ်လီနာ သူ(မ)အဖေ၏ နောက်ဆုံးသောပုံရိပ်ဖြစ်သည့် သူ(မ)အစ်ကိုနှင့်အတူ နံရံထက် ချိတ်ဆွဲခံထားရသော အေးစက်သည့်အလောင်းအား ပြန်လည်တွေးမိသွားပြီး စိတ်ခံစားချက်များဖြင့် လွှမ်းမိုးသွားသည်။ ဘလေဆယ်ရဲတိုက် ဖောက်ထွင်းခံရသောနေ့က သူ(မ)အဖေသည် ရဲတိုက်မှာရှိမနေသောကြောင့် သူ မည်သို့အဆုံးသတ်သွားကြောင်း သေချာမသိပေ။ သူ(မ)က ဒဲရက်ပြောသည့်နေရာမှာ ပုန်းအောင်းနေပြီး ထိုနေရာ၌ သူ(မ)အဖေဆီက စာတစ်စောင်ရှိနေသည်ဟု ပြောခဲ့သော်လည်း ထိုစာအား သူ(မ) မရရှိခဲ့ပေ။ နောက်ဆုံးတွင် မိသားစုဝင်များ၏အလောင်းများကို နံရံထက်၌ တွေ့လိုက်ရပြီး အယ်လီနာ ထွက်ပြေးခဲ့ရ၏။ သူ(မ) ရုဖို့ဒ်အင်ပါယာမှာ မနေနိုင်တော့ပေ။ သူ(မ)သည် စာပါအကြောင်းအရာများကို သိချင်ခဲ့သော်လည်း ယခု သူ(မ) ဘယ်တော့မှ မသိနိုင်တော့ပေ။
'ကောင်းပြီလေ၊ အခု အဲ့စာက ဘာပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ သူတို့အားလုံး အသက်ရှင်ပြီး အခု ငါနဲ့အတူရှိနေတာပဲလေ။'
အယ်လီနာ သူ(မ)ဘေးမှာရပ်နေသော မိုင်ယာဘယ်လာနှင့် ဒဲရက်တို့ကိုကြည့်ကာ ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။ ဒီလိုပဲ လုပ်တာပေါ့။ သူ(မ) လောဘမကြီးသင့်ပါဘူး။
အဲလ်ဖော့ရောက်လာသောအခါ ဒဲရက်က အသာအယာ ခေါင်းညိတ်လိုက်ပြီး မိုင်ယာဘယ်လာက လူကြီးတစ်ယောက်လို စကတ်လေးကိုမကာ အရိုအသေပေးလိုက်၏။ အယ်လီနာက မြတ်နိုးမှုတို့ပြည့်ဝနေသော လေသံဖြင့် ပြောလာခဲ့သည်။
"ကြိုဆိုပါတယ်၊ ဖေဖေ။"
*****
Aurora Novel Translation Team