ငါ့မှာပြန်ရမဲ့နေရာရှိတယ် (၁)
လေပြည်လေးက အယ်လီနာ၏မျက်နှာကို ညင်သာစွာဖြတ်တိုက်သွားပြီး ရထားလုံးပြတင်းပေါက်ဘောင်ကို သူ(မ)၏ဦးခေါင်းမှီ၍ ဖြတ်ကျော်လာသော ရှုမျှော်ခင်းများကို ကြည့်ရှုနေခဲ့သည်။ သူ(မ)က သာယာလန်းဆန်းသောာတောအုပ်မြင်ကွင်းကို ကြည့်နေသော်လည်း ၎င်းတို့ကို ပျော်ရွှင်ခံစားဖို့ စိတ်ခံစားချက်မရှိပေ။
ကာလိုင်း၏အသက်ကို ကယ်တင်ပြီးနောက် အယ်လီနာ စားသောက်ဆိုင်ထဲဝင်ဝင်လာချင်း လဲကျသွားခဲ့သည်။ သူ(မ) သူ့ကို ကယ်တင်လိုက်သည့် အခိုက်အတန့်မှစ၍ သူ သူ(မ)၏လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်သည့်အချိန်ထိ သူ(မ)၏ခန္ဓာကိုယ်သည် လေလေးတစ်ချက်အဝှေ့တွင် ဆုတ်ပြဲသွားတော့မလို ခံစားနေခဲ့ရသည်။ ၎င်းမှာ သူ(မ)၏ ဆိုးဝါးလှသော ရုပ်ပိုင်းဆိုင်ရာအခြေအနေအတွက် တော်တော်လေးပြင်းထန်လှ၏။
"... ဟား။"
အယ်လီနာ သက်ပြင်းချလိုက်၏။ ကာလိုင်းနှင့်စကားဝိုင်းကို ပြန်လည်တွေးတောလိုက်သော်လည်း ဝင်္ကပါထဲကို ကျရောက်သွားသလို ခံစားလိုက်ရသည်။ သူက အဘယ့်ကြောင့် သူ(မ)၏လက်ထပ်ခွင့်ကို လက်ခံခဲ့သနည်း။ သူ(မ)မှာ သူ့ကိုလက်ထပ်ဖို့ ရှင်းလင်းသောအကြောင်းပြချက်ရှိသော်လည်း အိမ်ရှေ့စံမင်းသားက လက်ခံစရာ အကြောင်းပြချက်မရှိပေ။ ထိုခံ့ညားသောမျက်နှာ၊ စစ်မြေပြင်၌ စွမ်းဆောင်နိုင်စွမ်းနှင့် အိမ်ရှေ့စံမင်းသားဖြစ်သည်ဆိုသောအချက်နှင့်ပင် အယ်လီနာထက် ပိုကောင်းသည့်သူကို ရှာဖွေနိုင်ပေသည်။ သူ့ကို အဘယ့်ကြောင့်ကယ်တင်ခဲ့လဲဟု မေးခဲ့စဥ်က သူ(မ)ကို ယုံကြည်သည့်ပုံလည်းမပေါ်ပေ။ သူ(မ)၏ မည်သည့်အပိုင်းကို သူက သဘောကျသွားသနည်း။
'အိမ်ရှေ့စံမင်းသားရဲ့အတွေးတွေကို ငါ လုံးဝလိုက်မမီတာ့ဘူး။'
သူက သူ(မ)၏ ခေါင်းဆောင်းမချွတ်လိုက်ခင်ကထိ သူ(မ)ကို စက်ဆုပ်နေသေး၏။ ၎င်းမှာ သူ(မ)က ထိုသံချပ်ကာဝတ်စုံနှင့် ယောက်ျားလေးပုံစံပေါက်နေသဖြင့် လိင်တိမ်းညွတ်စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ အမျိုးမျိုးသောအတွေးများက အယ်လီနာ၏ဦးခေါင်းထဲ ဖြတ်ပြေးသွားခဲ့သည်။ ၎င်းတို့၏ဆုံတွေ့မှုက တိုတောင်းလှပြီး သူ၏ရည်ရွယ်ချက်များကို သူ(မ) နားမလည်နိုင်ပေ။
နောက်ဆုံးတစ်ခေါက်က သူ၏ပုံရိပ်ကို သူ(မ) မှတ်မိနေသေး၏။ အဖြူရောင်ပတ်တီးစည်းထားသောနေရာမှ သွေးများ စိမ့်ထွက်နေသော်လည်း သူ(မ)၏စိတ်ထဲ စွဲထင်ကျန်နေသောအရာက မဆုတ်မနစ်အမူအရာဖြင့် သူ(မ)ကို စိုက်ကြည့်နေသော အပြာရောင်မျက်ဝန်းများပင်။ သူ(မ) ထိုမျက်ဝန်းများကို အရင်က တွေ့ဆုံခဲ့ဖူးသလို ခံစားနေရ၏။ သူတို့တွေ အတိတ်တုန်းက တကယ်ပဲတွေ့ခဲ့ဖူးတာလား။ ၎င်းမှာ သူ(မ)ကို ရူးသွပ်သွားစေသော်လည်း အဖြေရှာဖို့ နည်းလမ်းမရှိပေ။
'တော်ပြီ။ အဲ့အကြောင်းကို မတွေးနဲ့တော့။ အရာအားလုံးက ငါ့အစီအစဥ်အတိုင်း ဖြစ်နေပြီပဲ။"
အခြားအရာများကို မေ့ထားလိုက်လို့ရသည်။ ကာလိုင်းက ဧကရာဇ်ဖြစ်လာပြီး ဖေးဗလုအား အာဏာမရအောင်လုပ်နိုင်လျှင် သူ(မ)မိသားစုကို ဘေးကင်းလုံခြုံအောင် လုပ်နိုင်ပြီမို့ တခြားမလိုတော့ချေ။ သူ(မ)သာ မင်းသမီးတစ်ပါးဖြစ်အောင် လုပ်နိုင်ခဲ့လျှင် သူ့ကို ခုခံနိုင်မည်ဖြစ်ပြီး နောက်ဆုံးတွင် အိမ်ရှေ့စံမင်းသားကိုလည်း ဧကရာဇ်ဖြစ်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်။ ထို့နောက် သူ(မ) နယ်နှင်ဒဏ်ပေးခံရလည်း ကိစ္စမရှိပေ။ မဟုတ်သေး၊ သူ(မ)၏မိသားစုထံ ပြန်သွားရလျှင် ပိုကောင်းပေလိမ့်မည်။ သူ(မ)က အနာဂတ်ကိုပြောင်းလဲဖို့တွေးရင်း အလုပ်များနေ၏။ အသေးစိတ်ကို စဥ်းစားရန် နောက်မကျသေးချေ။ သူ(မ)၏မိသားစု အသက်ရှင်နေသရွေ့ သူ(မ) ယခင်ဘဝကထက် ပိုပြီးပျော်ရွှင်ရလိမ့်မည်။
'သူ ငါ့ကို ဆယ်ရက်နေရင် လာတွေ့မယ်လို့ပြောခဲ့တာဆိုတော့ ငါပြင်ဆင်ထားတာ ပိုကောင်းမယ်။'
ဆိုဖီယာက ပြတင်းတံခါးအပြင်ဘက်ကိုကြည့်နေသော အယ်လီနာ့ကိုကြည့်ကာ သတိထားသောလေသံဖြင့် ပြောလာခဲ့သည်။
"သခင်မလေး၊ အခု နေမကောင်းမဖြစ်တော့ဘူးမလား။"
ထိုညက အယ်လီနာထွက်သွားတာကို မည်သူမှမသိသော်ငြား ဆိုဖီယာကတော့ သိပေသည်။ သူ(မ)က မီးခိုးငွေ့လို ပျောက်ကွယ်သွားပြီး နောက်တစ်နေ့မိုးသောက်ချိန်မှာ ပြန်ရောက်လာခဲ့၏။ ထိုအချိန်ကတည်းက အယ်လီနာတစ်ယောက် တမှိုင်မှိုင်တတွေတွေဖြစ်နေခဲ့သည်။ သူ(မ)က အချစ်နာကျနေသော မိန်းကလေးနှင့်တူနေပြီး ဆိုဖီယာမှာ ထိုနေ့ညကအဖြစ်အပျက်ကို သိချင်နေသော်လည်း တိုက်ရိုက်မမေးရဲဘဲ ကွေ့ပတ်ကာမေးခဲ့သည်။
ဆိုဖီယာ၏ ထူးဆန်းစွာတောက်ပနေသော မျက်ဝန်းများကို အယ်လီနာ သတိပြုမိပြီး ထိုနေ့ညက သူ(မ)၏လှုပ်ရှားမှုနှင့်ပတ်သက်ပြီး သူ(မ)၏ရံရွေတော်က သိချင်နေကြောင်းကိုလည်း သူ(မ) သိပေသည်။
"မလိုအပ်တဲ့စပ်စုမှုတွေက မကောင်းတဲ့အရာတွေကို ဖြစ်ပေါ်စေတယ်၊ ဆိုဖီယာ။ မင်းက ဉာဏ်ကောင်းတဲ့မိန်းကလေးပါ၊ ငါဆိုလိုတာကို မင်းသိပါတယ်။"
"အိုး- အို၊ ဟုတ်ပါတယ်၊ သခင်မလေး။"
ဆိုဖီယာက တွန့်ဆုတ်စွာဖြင့် ဖြေဆိုခဲ့သော်လည်း သူ(မ)၏နှလုံးသားထဲမှာတော့ လက်မခံနိုင်ခဲ့ပေ။ ထိုနေ့ညက အယ်လီနာ တစ်စုံတစ်ခုဖြစ်ခဲ့လောက်သည်။ မဟုတ်လျှင် ဂျလင်း၏မင်္ဂလာပွဲသို့ ကနဦးတုန်းက အလောတကြီးသွားနေခဲ့ပြီး ယခု မင်္ဂလာပွဲကို မတက်ရောက်ဖို့အတွက် အကြောင်းအရင်းမရှိချေ။
ညသန်းခေါင်ကျော်တွင် တည်းခိုဆောင်ကို ပြန်ရောက်လာပြီး အယ်လီနာက သူ(မ)နေမကောင်းသည့်အတွက် ဘလေဆယ်နန်းတော်သို့ ပြန်ချင်သည်ဟု ရုတ်တရက်ပြောလာခဲ့သည်။ အပြန်လမ်းမှာ အယ်လီနာက ကောင်းကောင်းမစားသည့်အပြင် တစ်ချိန်လုံး ပြတင်းပေါက်အပြင်ဘက်ကိုသာ စိုက်ကြည့်နေခဲ့သည်။
သခင်မလေးကို စွန်ပစ်လိုက်သည့်ထိုအမျိုးသားက မည်သူနည်း။ ထိုနေ့ညက အယ်လီနာ တစ်စုံတစ်ခုဖြစ်ခဲ့သည်လော။ သူ(မ)မှာ ကလေးရှိနေခဲ့လျှင်? ဆိုဖီယာ၏စိတ်ထဲ အတွေးပေါင်းစုံဖြတ်ပြေးနေ၏။ ထိုလျှို့ဝှက်ဆန်းပြားချစ်သူ၏ကျေးဇူးကြောင့် ဆိုဖီယာသည် သူ(မ)၏ရထားလုံးမူးဝေသည့်ဝေဒနာကို လုံးဝမေ့လျော့သွားတော့သည်။
နှစ်ဦးသားက ကိုယ်ပိုင်ကမ္ဘာထဲမှာ နစ်မြုပ်နေကြစဥ် ရထားလုံးသည် သူ(မ)တို့အား ဘလေဆယ်ရဲတိုက်သို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့သည်။
"...အာ။"
လတ်ဆတ်သောလေညင်းလေးက အယ်လီနာ၏ပါးပြင်ထက် ပွတ်တိုက်သွား၏။ သူ(မ)သည် ၎င်းဘက်သို့လှည့်ကာ ဖြတ်လာသောသစ်ပင်တန်းကြီးကိုကြည့်ရင်း ကြည်နူးနေခဲ့သည်။ တိမ်ကင်းစင်သော ကောင်းကင်ပြာကြီးနှင့် အေးချမ်းသောလေပြည်လေးက သူ(မ)ကို ထူးထူးဆန်းဆန်း စိတ်လှုပ်ရှားစေလာခဲ့သည်။ သူ(မ)စိတ်က ရှုပ်ထွေးသောအတွေးများနှင့် ရစ်ပတ်နေစဥ် သူ(မ)နှလုံးသားကတော့ ဤလမ်းသည် သူ(မ)၏မိသားစုဆီ ဦးတည်နေမှန်း မှတ်မိနေခဲ့သည်။ သူ(မ)အဖေ၊ အစ်ကိုနှင့် ညီမလေးတို့ကို ပြန်တွေ့ရတော့မည်ဖြစ်ရာ ရေးရေးလေး ပြုံးလိုက်မိသည်။ ယခုလိုမျိုး ပြန်ရမည့်နေရာတစ်ခုရှိခြင်းက ကောင်းမွန်ပေ၏။ သူ(မ)သည် ၎င်းကိုကာကွယ်ဖို့ ထောင်ချီသော သို့မဟုတ် သောင်းချီသော စမ်းသပ်မှုတို့ကို သည်းခံနိုင်ပေသည်။
***
ရထားလုံးက ရဲတိုက်ကိုရောက်သောအခါ တံခါးပွင့်သွားပြီး မိုင်ယာဘယ်လာ၏အသံက ပေါ်ထွက်လာခဲ့သည်။
"မမ!"
မိုင်ယာဘယ်လာက အယ်လီနာ့ဆီပြေးလာပြီး အယ်လီနာ ရထားလုံးပေါ်ကနေ အပြည့်အဝမဆင်းရသေးခင် သူ(မ)ကိုယ်သူ(မ) အယ်လီနာ၏ရင်ခွင်ထဲ ပစ်ဝင်လိုက်၏။ ၎င်းတို့မှာ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသလိုမျိုး ပွေ့ဖက်ထားကြပြီး အယ်လီနာ သူ(မ)၏ညီမကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ ပြုံးပြလိုက်သည်။
"အိမ်ပြန်ရောက်ပြီ၊ မိုင်ယာဘယ်လာ။"
"အင်း၊ မမကို အများကြီးလွမ်းနေတာ။"
"မမရောပဲ။ မမ အိမ်မှာမရှိတုန်း တစ်ခုခုဖြစ်သွားသေးလား။"
"ဟင့်အင်း။ ဖေဖေက အိမ်ပြန်လာပြီလို့ စာတွေပို့နေပေမဲ့ ဒီနေ့တော့ တကယ်ပြန်လာမယ်လို့ပြောတာပဲ။"
"ဖေဖေကလား..."
သူ(မ)၏အဖေသည် တော်ဝင်မိသားစု၏စတုတ္ထမြောက်အမိန့်တာဝန်၏ ခေါင်းဆောင်ဖြစ်ပြီး အချိန်အများစု၌ မြို့တော်ရှိအိမ်တော်တစ်ခုမှာနေပြီး ထိုနေရာ၌ အလုပ်လုပ်ရသည်။ အယ်လီနာက ဘလေဆယ်ရဲတိုက်၏ အိမ်မှုကိစ္စတို့ကို တာဝန်ယူ၍ ဒဲရက်က မိသားစုပိုင် သူရဲကောင်းများကို ဦးဆောင်ရ၏။ အတိတ်တုန်းက သူ(မ)အဖေကို အချိန်အတော်ကြာပြီးမှ တွေ့ရသည်မှာ ပုံမှန်ဖြစ်သော်လည်း ယခုကတော့ မတူတော့ချေ။ အယ်လီနာ့အတွက် သူ(မ)၏အဖေကိုမတွေ့ရတာ နှစ်ပေါင်းနှစ်ဆယ်ရှိနေလေပြီ။ သူ(မ)၏စိတ်ထဲမှာ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောထွေးနေ၏။
"ဒါဆို ဒီနေ့ညစာကို မမ အထူးတလှယ်ဂရုစိုက်ရတော့မယ်ထင်တယ်။"
ထိုအခါ မိုင်ယာဘယ်လာက အစီအစဥ်များ ပြုလုပ်ပြီးသည့်နှယ် ယုံကြည်ချက်အပြည့်ဖြင့် ပြောလာခဲ့သည်။
"ဖေဖေအကြိုက်ဆုံး ငါးစတူးကို စားဖိုးမှူးကိုပြင်ခိုင်းထားပြီးပြီ။"
မိုင်ယာဘယ်လာ၏ ချီးကျူးမှုကိုစောင့်မျှော်နေသည့် ဂုဏ်ယူဝံ့ကြွားနေသောအကြည့်က အလွန်ချစ်စရာကောင်းရာ အယ်လီနာ ပြုံးလိုက်မိပြီး မိုင်ယာဘယ်လာ၏ဆံပင်တို့ကို ပွတ်သပ်ပေးလိုက်သည်။
"တော်လိုက်တာ။ အခု အိမ်အလုပ်တွေကို ညီမလေးကိုလွှဲလို့ရပြီပေါ့?"
"ညီမလေးမှာ မမရှိတာပဲကို အဲ့လိုလုပ်စရာမလိုပါဘူး။"
မိုင်ယာဘယ်လာ၏ အပြစ်ကင်းစင်သောစကားကြောင့် အယ်လီနာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ အယ်လီနာက မင်းသားကာလိုင်းကို လက်ထပ်လိုက်လျှင် ဘလေဆယ်ရဲတိုက်၏ အိမ်မှုကိစ္စများက မိုင်ယာဘယ်လာ၏လက်ထဲ ကျရောက်သွားပေမည်။ သူ(မ)က မိုင်ယာဘယ်လာ၏ဆံပင်တို့ကို ပွတ်သပ်ကာ သူ(မ)၏နှလုံးသားက ခါးသီးနေခဲ့သည်။ သူ(မ)၏ညီမလေးသည် ငယ်ရွယ်ကာ နုနယ်နေဆဲပင်။
"တစ်ရက်ရက်ကျ မမလက်ထပ်သွားရင် ညီမလေးက ဦးဆောင်ရမှာလေ။ ဒီတော့ အခုကတည်းက အိမ်မှုကိစ္စတွေအကြောင်းကို ပိုပြီးလေ့လာထားသင့်တယ်။"
"အိုး၊ အဲ့ဒါက အဝေးကြီးလိုပါသေးတယ်။"
"ဘယ်သူသိနိုင်မလဲ။ တစ်ရက်ရက်မှာ မမ တစ်စုံတစ်ယောက်ကို မြင်မြင်ချင်းသဘောကျသွားပြီး လက်ထပ်ချင်လာနိုင်တာပဲ။ ညီမလေးလည်း အဲ့လိုဖြစ်သွား-"
"အဲ့လို လုံးဝလုပ်မှာမဟုတ်ဘူး!"
"ဘာအာမခံချက်မှမရှိရင်တောင် ညီမလေး လက်ထပ်သွားဖို့ကို မမ မျှော်လင့်မိတယ်။"
"ဟင့်အင်း! ညီမလေးမှာ မမထက် ပိုချစ်ရမဲ့သူ ရှိလာမှာမဟုတ်ဘူး!"
အယ်လီနာ မိုင်ယာဘယ်လာကို စိုးရိမ်စိတ်ဖြင့်ကြည့်လိုက်သော်လည်း တခြားတစ်ဖက်တွင် သူ(မ)ညီမလေး၏ ကြင်နာမှုအတွက် ကြည်နူးနေမိ၏။ အယ်လီနာသည် သူ(မ)၏မိသားစုက သူ(မ)အတွက် အရေးကြီးသလို ၎င်းတို့အတွက်လည်း သူ(မ)က အရေးကြီးမှန်းသိလိုက်ရသည့်အတွက် ပျော်ရွှင်နေမိ၏။
"...မမရောပဲ။ မမရဲ့မိသားစုထက် တန်ဖိုးထားရတဲ့သူဆိုတာ ဘယ်တော့မှရှိလာမယ်မထင်ဘူး။"
"မမပြောရမှာက မိသားစုတစ်ခုလုံးမှာ မိုင်ယာဘယ်လာက အရေးပါဆုံးလို့။"
မိုင်ရာဘယ်လာ၏မှတ်ချက်က သူ(မ)ကို ရယ်မောစေခဲ့သည်။ သူ(မ)၏ ချစ်စရာငှက်ပေါက်ကလေးက အမြဲတမ်း ယခုလိုလုပ်တတ်ပေသည်။ အယ်လီနာ မိုင်ယာဘယ်လာ၏ လက်သေးသေးလေးကိုဆွဲကာ ရဲတိုက်ထဲသို့ ဝင်သွားခဲ့သည်။
"အခု အထဲဝင်ကြရအောင်။
"ဟုတ်ကဲ့၊ မမ။ မမရဲ့ခရီးက ဘယ်လိုလဲ ပြန်ပြောပြဦး။"
"အာ၊ အင်း..."
မိုင်ရာဘယ်လာ၏မေးခွန်းက သူ(မ)အား ရထားလုံးထဲကနေ့ရက်ရှည်ကြီးကို ပြန်လည်အမှတ်ရစေခဲ့သည်။ အယ်လီနာ မင်းသားကာလိုင်းနှင့်တွေ့ဆုံခဲ့ပြီး လုပ်ကြံသူများနှင့် တိုက်ခိုက်ခဲ့သော်လည်း သူ(မ)အတွက် ထိုဇာတ်လမ်းကိုပြောပြဖို့က ခက်ခဲပေသည်။
*****
Aurora Novel Translation Team