သူက ဒဏ္ဍာရီလာသားရဲတစ်ကောင်ဖြစ်နေရင်တောင် ဂရုမစိုက်ဘူး (၂)
"ဟ့၊ ဟား။" (မောဟိုက်သံ)
အယ်လီနာ မောပန်းနွမ်းနယ်၍ အသက်ရှူသံများ မြန်ဆန်နေ၏။ ယခင်ဘဝတုန်းကဆို ယခုလိုမျိုး မဖြစ်ခဲ့ဖူးသော်လည်း သူ(မ)၏ရုပ်ပိုင်းဆိုင်ရာက အထွတ်အထိပ်အခြေအနေမှာ ရှိမနေချေ။ ၎င်းတို့ လွတ်မြောက်လာသောအခါ အယ်လီနာ ကာလိုင်း၏အခြေအနေကို စစ်ဆေးလိုက်၏။ သူ့မျက်နှာက အလွန်ဖြူဖျော့နေသည်။ သူ ယခုလိုဒဏ်ရာရထားသော အခြေအနေဖြင့် မည်သို့ကြာကြာတောင့်ခံနိုင်မှန်း သူ(မ) မသိပေ။
"အရှင့်သား၊ ဆင်းလာခဲ့ပါ။ ဒဏ်ရာကို ကြည့်ကြည့်ရအောင်။"
အယ်လီနာ မြင်းပေါ်ကဆင်းကာ သူ(မ)၏လက်ကို ဆန့်တန်းပေးလိုက်၏။ ကာလိုင်းက သူ့ကို ကလေးတစ်ယောက်လိုမျိုး မြင်းပေါ်ကဆင်းရန် ကူညီပေးနေသည့်သူ(မ)အား စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း သူ၏စူးရှသောအမူအရာနှင့် ဆန့်ကျင်စွာဖြင့် သူ(မ)၏လက်ကို လက်ခံယူလိုက်သည်။ သူ မြင်းပေါ်ကဆင်းပြီး သစ်ပင်တစ်ပင်ကိုမှီကာ သူ၏စုတ်ပြတ်နေသောအဝတ်အစားတို့ကို ဆွဲဖွင့်လိုက်၏။ အစတုန်းက ဖွတ်ပုတတ်လို မာကျောသောကြေးခွံများ ဖုံးလွှမ်းနေသည့် သူ၏ညာလက်သည် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေပြီ။
"အာ..."
ကြေးခွံများက ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပင်။ သို့သော် ဖြစ်ပျက်သွားသည်တို့ကို မသိရအောင်ထိ အယ်လီနာ မတုံးအပေ။ ကာလိုင်းက သူ(မ)၏ တိုတောင်းလှသောတုံ့ပြန်မှုကို ချက်ချင်း သဘောပေါက်သွား၏။
"အခု ငါ့လက်က ဘာလို့ ပုံမှန်ပြန်ဖြစ်သွားတာလဲဆိုပြီး သိချင်နေတာမလား။"
သူ၏လေသံထဲမှာ ခါးသီးမှုတချို့ရှိနေ၏။ အယ်လီနာ ဘာ့ကြောင့်လဲဆိုပြီး သိချင်နေသော်လည်း ယခုအခိုက်အတန့်တွင် ကာလိုင်းအားကုသဖို့က ပိုပြီးအရေးကြီးသည်။
"ရှင့်ရဲ့ဒဏ်ရာကို အရင်ကုသရမယ်။"
ကံကောင်းစွာဖြင့် အရေးပေါ်အခြေအနေအတွက် အယ်လီနာ ဆေးများသယ်ဆောင်လာခဲ့သည်။ သံချပ်ကာထဲမှာ ထည့်လာရသည့်အတွက် များများစားစား ယူမလာခဲ့နိုင်သည်ကတော့ နှမြောစရာပင်။
"နည်းနည်းတော့ နာပါလိမ့်မယ်၊ အရှင့်သား။"
ကာလိုင်း၏အပြာရောင်မျက်ဝန်းများက အယ်လီနာကို စူးစိုက်ကြည့်နေစဥ် သူ(မ)က ဆေးများကို တည်ငြိမ်စွာ ထုတ်ယူလိုက်သည်။ သို့သော် အယ်လီနာ ကာလိုင်း၏ ဒဏ်ရာများကို ရှုပ်ထွေးစွာဖြင့် ကြည့်နေခဲ့မိ၏။ နေရာပေါင်းစုံမှာ ဒဏ်ရာများရှိနေပြီး ခန္ဓာကိုယ်ထက်တွင် နက်ရှိုင်းသော အမာရွတ်များ၊ ဒဏ်ရာဟောင်းများကိုလည်း မြင်တွေ့လိုက်ရပေသည်။ ကြည့်လိုက်ရုံဖြင့် နာကျင်သည့်ပုံပေါ်သည့် ဒဏ်ရာများကို သူ(မ)ထိလိုက်တာတောင် ကာလိုင်းက အသံတစ်သံမှ မထွက်ခဲ့ပေ။ ယခုအခြေအနေမျိုးက သူ့အတွက် အလွန်ရင်းနှီးကျွမ်းဝင်နေပုံပင်။
'... ကံကောင်းထောက်မစွာနဲ့ အိမ်ရှေ့စံမင်းသားရဲ့ ဂုဏ်သတင်းတွေက ချဲ့ကားပြောထားတာမဟုတ်ဘူးပဲ။'
၎င်းအား တွေးလိုက်သောအခါ ဤသည်မှာ သူ(မ) အိမ်ရှေ့စံမင်းသားကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ကြောင်း သတိရသွားသည်။ ကြောက်မက်ဖွယ်ရာ ကောလာဟလများအရ သူက ကြီးမားပြီး အမွေးထူကာ ရုပ်ဆိုးသောအမျိုးသားတစ်ယောက်ဖြစ်သည်။ သို့သော် ယခုလိုမျိုး ချောမောနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ...
သူ(မ) အလုပ်လုပ်နေရင်း သူ၏စုတ်ပြဲနေသောအဝတ်အစားများမှတစ်ဆင့် ထိုးထွက်နေသော တင်းမာသည့်ကြွက်သားများကိုလည်း သတိပြုမိပေသည်။ သူက စံပြအမျိုးသားတစ်ယောက်နှယ်။ တကယ်တော့ အရပ်ရှည်ပြီး ခံ့ညားသည့် သူ့လိုအမျိုးသားမျိုးက စစ်မြေပြင်မှာရှင်သန်နေထိုင်ခြင်းထက် မြို့ထဲမှာ သောက်စားပျော်ပါးနေသည့်သူနှင့် ပိုပြီးတူပေ၏။
သို့သော်လည်း သူ့မှာ အန္တရာယ်များသော အငွေ့အသက်တို့ရှိသည်။ သူသည် မြေပြင်ပေါ်မှာ ထိုင်နေတာတောင် လွှမ်းမိုးအုပ်စိုးနိုင်သော အသွင်အပြင်ရှိပြီး အားနည်းချက်လေးတစ်ခုကိုတောင် သူ(မ) မရှာဖွေနိုင်ပေ။
ရုဖို့ဒ်က မည်သို့သောအင်ပါယာဖြစ်ကြောင်း အယ်လီနာ မှတ်မိပေသည်။ စစ်ပွဲများကို စွဲလမ်းနေသော အင်ပါယာတစ်ခုပင်။ သားသတ်သမား၊ သွေးသံတရွှဲရွှဲနတ်ဆိုး၊ လွှမ်းမိုးချုပ်ကိုင်သူ... ထိုစကားလုံးများကို လွှမ်းမိုးလိုသောရောင်ဝါတို့ ထွက်ပေါ်နေသည့်သူအတွက် အသုံးပြုလို့ရပေ၏။ အယ်လီနာ ကာလိုင်းအား အသံတိတ်ကြည့်လိုက်စဥ် သူက အရင်ကထက် တင်းမာသောအသံဖြင့် ပြောလာခဲ့၏။
"မင်းက ငါ့စစ်တပ်ကဖြစ်မယ် မထင်ဘူး။ ငါ့ကို ဘာအတွက်ကယ်တင်ခဲ့တာလဲ။"
အယ်လီနာ ထိုမေးခွန်းကိုဖြေဖို့ စဥ်းစားနေမိ၏။ မင်းသားကိုကယ်တင်ဖို့က မလွယ်ကူခဲ့သော်လည်း သူနှင့်စကားပြောရန်မှာ ပိုပြီးတောင် ကြောက်စရာကောင်းနေ၏။ သို့သော် သူ(မ)သည် သူ့ကို အဖြေပြန်ပေးဖို့ ဆုံးဖြတ်ထားလေသည်။
ကာလိုင်း အသက်ရှည်ရှည်နေပြီး ဧကရာဇ်ဖြစ်လာကာ ဖေးဗလုအားအနိုင်ယူနိုင်ဖို့ အယ်လီနာမျှော်လင့်မိသည်။ သူ(မ) သူ့ကိုကူညီရန် အရာအားလုံးကို စွန့်စားနိုင်ပေ၏။ ကာလိုင်းအား ဧကရာဇ်ဖြစ်လာစေရန် ခရီးလမ်းက ခက်ခဲလိမ့်မည်ဖြစ်ပြီး အခြားမည်သည့်အန္တရာယ်များ ကျရောက်လာဦးမလဲဆိုတာကို မသိနိုင်ပေ။ သူ(မ) သူ့ကို ထိုအကြောင်းအား ပေးသိလို့မဖြစ်ချေ။
"...အရှင့်သား။"
"ငါ့ကိုပြော။"
အယ်လီနာ ကာလိုင်း၏အစွမ်းအစကို မြင်ဖူးသည့်အတွက် သူက ဧကရာဇ်ဖြစ်ရန် သင့်တော်ကြောင်း သူ(မ)လက်ခံပေသည်။ ကာလိုင်းသာ အသက်ရှင်နေလျှင် ဖေးဗလုတစ်ယောက် ထီးနန်းကိုမသိမ်းပိုက်နိုင်ဘူးဟု လူအများပြောခဲ့ကြသည်ကို သူ(မ) မှတ်မိနေသေး၏။
အယ်လီနာက မင်းမျိုးမင်းနွယ်ဖြစ်သည့်အတွက် သူ(မ)သည် သူ(မ)အဖေရွေးချယ်ပေးသည့်သူနှင့် လက်ထက်ရပေမည်။ သူ(မ)၏ယခင်ဘဝတွင် သူ(မ)၏မိသားစုက ဖျက်ဆီးခံလိုက်ရပြီး ထိုကဲ့သို့တာဝန်များနှင့် ကင်းကွာခဲ့သော်လည်း ယခု ထိုသို့မဖြစ်နိုင်တော့ပေ။ အယ်လီနာအနေနှင့် ဘလေဆယ်မိသားစုအတွက် အကျိုးအမြတ်ဖြစ်စေမည့်သူကို လက်ထပ်ရပေမည်။ ထိုသို့ဆိုလျှင်... သူ(မ)ရှေ့မှာ ထိုင်နေသောအမျိုးသားက...
သူ(မ) သူ့ကို အပြန်ပြန်အလှန်လှန် အကဲခတ်လိုက်သည်။ သူ့မှာ ထင်းထွက်နေသောမေးရိုး၊ နှာတံခပ်မြင့်မြင့်နှင့် ကြမ်းကြုတ်သောပုံပေါက်သည့် အပြာရောင်မျက်ဝန်းတို့ရှိပေ၏။ သူ၏ ညအမှောင်ကောင်းကင်ယံထက် ပိုပြီးနက်မှောင်သော အမည်းရောင်ဆံပင်များက နို့နှစ်ရောင်အသားအရည်နှင့်ဆန့်ကျင်စွာ အထင်းသားပေါ်နေသည်။ သူ၏ညာဘက်လက်ပေါ်ရှိ သားရဲတစ်ကောင်လို ကြေးခွံများကို သူ(မ)မှတ်မိသော်လည်း ကံကောင်းစွာဖြင့် ယခုအခိုက်အတန့်တွင် ၎င်းတို့ကို မမြင်တွေ့ရပေ။ ကာလိုင်းက မျက်လုံးများ မှေးကျဥ်းလိုက်စဥ် အယ်လီနာက သူ့ကို အသံတိတ်စိုက်ကြည့်နေဆဲပင်။
"တကယ်လို့-"
ကာလိုင်း ပါးစပ်ဟလိုက်စဥ် အယ်လီနာက ဖြတ်ပြောလိုက်၏။
"ကျွန်မ ရှင်နဲ့လက်ထပ်ချင်တယ်။"
"... ဘာ?"
ကာလိုင်း၏ တင်းမာနေသောအမူအရာက ချက်ချင်းဆိုသလို အံ့သြမှုအဖြစ် ပြောင်းလဲသွားသည်။ အယ်လီနာက နောက်တစ်ခေါက် ထပ်ပြောလာ၏။
"ကျေးဇူးပြုပြီး ကျွန်မကို လက်ထပ်ပါ၊ အရှင့်သား။"
*****
Aurora Novel Translation Team