ရှင်က မိန်းမပွေတဲ့သူလား (၁)
သဘောတူညီချက်များ
၁။ အများရှေ့မှာ ချစ်ဟန်ဆောင်ရန်။
၂။ အယ်လီနာ ဧကရီဖြစ်မလာခင်အထိ အိပ်ရာတစ်ခုတည်းမှာ မအိပ်စက်ရန်။
၃။ ချစ်စနိုးနာမည်ပြောင်ခေါ်ဝေါ်ရန်။
၄။ ချိန်းဆိုချက်မရှိလျှင် နေ့တိုင်း ထမင်းလက်စုံစားရန်။
.
စာရွက်ပေါ်၌ စာကြောင်းလေးအနည်းငယ်ကို ရေးသားထားသော်လည်း အနာဂတ်အိမ်ထောင်ရေးအပေါ် ဤသဘောတူညီချက်၏အလေးချိန်က မည်မျှကြီးမားကြောင်း သူ(မ)သိပေ၏။ အရာအားလုံးက အယ်လီနာဆန္ဒရှိသလို ချောမွေ့နေသော်လည်း အာမခံချက်မရှိသလို ခံစားနေရဆဲပင်။
စာရွက်ပေါ်မှာ ရေးသားပြီးနောက် အယ်လီနာ ကာလိုင်းကိုမော့ကြည့်လိုက်သည်။
"ကျွန်မတို့ မတော်တဆတွေ့ဆုံပြီး အချင်းချင်းဆီကနေ အကူအညီတွေရယူခဲ့ကြတယ်။"
အယ်လီနာ၏တောင်းဆိုချက်များက နိုင်ငံရေးလက်ထပ်မှုအတွက် သင့်လျော်ပြီး ကာလိုင်းက ချစ်သူများအဖြစ် အသွင်ပေါ်စေချင်သည်။
ကာလိုင်းက တိုးတိုးလေးပြောလာပြီး သူ၏အမူအရာအား ဖတ်ကြည့်လို့မရပေ။
"အင်း။ မင်း ထပ်ဖြည့်ချင်တာရှိရင် ကိုယ့်ကိုပြောလို့ရပါတယ်။"
"ကျွန်မ ရှင့်ရဲ့လျှို့ဝှက်လက်နက်ဖြစ်ချင်တယ်လို့ စောစောက ပြောခဲ့ပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်းပြောရရင် အယ်လီနာဘလေဆယ်ရော၊ မင်းသမီးရောမဟုတ်တဲ့ အထောက်အထားတစ်ခုကို ကျွန်မဖန်တီးချင်တယ်။"
"ဘာကိုဆိုလိုတာလဲ။"
"ကျွန်မ သူရဲကောင်းတစ်ယောက်အနေနဲ့ နာမည်တစ်ခုဖန်တီးပြီး ညဘက်မှာ ရှင့်ရဲ့သက်တော်စောင့်ဖြစ်-"
"မရဘူး။"
သူ(မ) ဆုံးအောင်မပြောနိုင်ခင်မှာပင် ကာလိုင်းက ယတိပြက် ငြင်းဆိုလိုက်သည်။ သို့သော်လည်း အယ်လီနာက လွယ်လွယ်အရှုံးမပေးတတ်ချေ။ သူ(မ)၏အနေအထားနှင့်ဆို သူ(မ)၏လုပ်နိုင်စွမ်းက အကန့်အသတ်ရှိ၏။ အယ်လီနာ မင်းသမီးတစ်ပါးအနေဖြင့်သာမက သူရဲကောင်းတစ်ယောက်အနေနှင့်ပါ ကာလိုင်းအား ခွန်အားများပေးချင်သည်။
ထို့ပြင် သူ(မ)မရှိသည့် အချိန်ခဏလေးအတွင်းမှာ သူလုပ်ကြံခံရမည်ကို စိုးရိမ်သဖြင့် သူ(မ)သည် သူ့ဆီကနေ အခိုက်အတန့်တစ်ခုလေးတောင် အကြည့်ခွာဖို့ မစွန့်စားရဲချေ။ ဖေးဗလု ပုန်ကန်မှုစရန် အချိန်သိပ်မလိုတော့ပေ။ ထိုအချိန်ဆို အရာအားလုံး အဆင်သင့်ဖြစ်နေဖို့လိုသည်။
"ကျွန်မ ရှင်ပြောခဲ့တဲ့စကားအတိုင်း တောင်းဆိုခဲ့တာပါ။"
"မင်းကို လက်နက်သုံးခွင့်ပေးတယ်ဆိုတာက အန္တရာယ်ကြုံလာတဲ့အခြေအနေမှာ မင်းကိုယ်မင်း ကာကွယ်နိုင်ဖို့၊ ညတိုင်း ချပ်ဝတ်တန်ဆာဝတ်ခိုင်းတာမျိုး မဟုတ်ဘူး။"
"ကျွန်မရဲ့ဓားရေးကို ရှင်သိပါတယ်။ ကျွန်မရဲ့ အရည်အချင်းတွေကို အချည်းနှီးဖြစ်စေချင်တာလား။"
"မရဘူးလို့ ကိုယ်ပြောပြီးသွားပြီ။"
သူက ခိုင်မာစွာ ပြောနေ၏။ သူ(မ)သည် သူ(မ)၏ ပန်းတိုင်ရောက်ရန်စိတ်တစ်ခုတည်းဖြင့် ရှေ့တက်တိုးနေသောကြောင့် စိတ်မကောင်းဖြစ်မိသော်လည်း ဤသည်မှာ သူ့ကို ဧကရာဇ်ဖြစ်အောင် ပြုလုပ်နေခြင်းသာ။ သူ(မ)က ကာလိုင်းနားမှာရှိတာ အချိန်သိပ်မကြာသေးသော်လည်း သူက အလွယ်တကူစိတ်ပြောင်းတတ်သူမဟုတ်ကြောင်း သူ(မ) သတိပြုမိလေ၏။
'... ငါ ဘာလုပ်သင့်လဲ။'
သူ(မ) မည်မျှပင် အတင်းအကျပ်တိုက်တွန်းနေပါစေ၊ သူက စိတ်ပြောင်းမှာမဟုတ်ကြောင်း သူ(မ) ခံစားမိ၏။
သူ(မ) စောစောက သူ့ကို ချစ်စနိုးနာမည်ခေါ်လိုက်ချိန် သူပြုံးလိုက်ပုံအား ပြန်လည်မှတ်မိသွားသည်။
"ကားလ်... ကျေးဇူးပြုပြီး။"
ဤနည်းလမ်းက အလုပ်ဖြစ်မလားဆိုတာ သူ(မ) သံသယဖြစ်မိသော်လည်း သူ့မျက်လုံးထဲမှ အလင်းတန်းများသည် မမျှော်လင့်စွာဖြင့် တောက်ပလာခဲ့၏။
"... ကိုယ် မင်းကို အန္တရာယ်မဖြစ်စေချင်ဘူး။"
သူ့လေသံထဲရှိ ခိုင်မာမှုတို့က တစ်နည်းနည်းဖြင့် ပျော့ပျောင်းသွားသည်။
အယ်လီနာ သူ(မ)ဘဝမှာ ယခုလိုမျိုး အခြေအနေအား မကြုံခဲ့ဖူးချေ။ ချစ်စရာကောင်းအောင် ပြုမူခြင်းက သူ(မ)အား ကြက်သီးထစေသော်လည်း ၎င်းကသာအလုပ်ဖြစ်ပါက သူ(မ) ထိုထက်ပိုပြီး လုပ်ဆောင်လိမ့်မည်။
ထို့ကြောင့် မျက်စိစုံမှိတ်ကာ ထပ်ပြောလိုက်၏။
"ရှင်ဆိုလိုတာကို ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်တာမို့ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။"
အယ်လီနာ ကျေးဇူးပြုပြီးဟု ထပ်ဖြည့်ပြောလိုက်ပြီး သူ၏စကားပြန်အတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့၏။ ကာလိုင်း၏မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများက ပိုပြီးနူးညံ့လာခဲ့သည်။
"မရဘူး..."
"ကားလ်၊ ခွင့်ပြုပေးပါ။"
အယ်လီနာက တောင်းဆိုသည့်အမူအရာလိုမျိုး သူ(မ)၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ထား၏။
"...ဟား။"
ကာလိုင်း၏ ရုတ်ခြည်းရယ်သံက အယ်လီနာ၏မျက်လုံးများကို ပြူးကျယ်သွားစေ၏။ သူ(မ) လိမ်ညာခံလိုက်ရသည်ဟု ခံစားလိုက်မိသည်။
"ကိုယ် မင်းကိုထပ်စချင်သေးပေမဲ့ ကိုယ်သာ ထပ်စရင် မင်း ဒေါသထွက်လာလောက်တယ်။"
အယ်လီနာတစ်ယောက် အံကြိတ်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"ရှင်က လူတွေနဲ့ ကစားနေတာပဲ။"
"မဟုတ်ပါဘူး။ ကိုယ် မင်းတောင်းဆိုတာမှန်သမျှကို လက်ခံပေးမိမှာကို စိုးရိမ်မိရုံတင်ပါ။ ကိုယ်ထင်ထားတာထက်ပိုပြီး မင်း အန္တရာယ်များနိုင်တယ်။"
"ကျွန်မကို တကယ်ကူညီချင်ရင် ဒါကို သဘောတူပေးလိုက်ပါ။"
"ကိုယ် မင်းကို ပြောပြီးသားပါ၊ မရဘူး။ ကိုယ် မင်းကို အန္တရာယ်ကြားထဲသွားမှာကို ခွင့်မပြုနိုင်ဘူး။"
ကာလိုင်း၏သဘောထားကြောင့် အယ်လီနာ စိတ်မရှည်ဖြစ်လာခဲ့သည်။ သူ(မ) ထိန်းချုပ်လို့မရတော့ပေ။
"ရှင့်ကိုလက်ထပ်မဲ့ ပထမဆုံးအမျိုးသမီးက တစ်သက်လုံး မပျော်မရွှင်ဖြစ်ရမှာ။ ရှင် ကျွန်မအတွက် ဒီလောက်လေးခွင့်ပြုပေးဖို့ကို လုပ်မပေးနိုင်ဘူးလား။"
"ဒီလက်ထပ်ပွဲမှာ ကိုယ်က မင်းထက်ပိုပြီး အကျိုးရှိတယ်လို့ ပြောနေတာလား။"
"ဟုတ်ပါတယ်။"
"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလက်ထပ်ပွဲကိုအလိုရှိတာက ကိုယ်မဟုတ်ဘဲ မင်းနော်။ မမေ့လိုက်နဲ့၊ အဲ့ဒီနေ့က ကိုယ့်ဆီကို မင်းကအရင်ရောက်လာခဲ့တာ။"
သူ(မ)သည် သူ၏နှလုံးသားအား ကျေနပ်စေဖို့ ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ စွဲဆောင်မှုနှင့် ချစ်စရာကောင်းမှုတို့အတွက် အဖြေမရှိလျှင် ကျန်ရှိသည့် တစ်ခုတည်းသောနည်းလမ်းက အကျိုးကြောင်းသင့်သော တန်ကြေးတစ်ခုဖြင့် ညှိနှိုင်းဖို့ပင်။ ၎င်းက အလုပ်ဖြစ်ပါ့မလား အယ်လီနာ မသိသော်လည်း ဖွင့်ဟပြောလိုက်၏။
"ရှင် ကျွန်မကို သဘောတူပေးရင် အနာဂတ်မှာ ရှင်လိုချင်တဲ့အရာတစ်ခုကို ကျွန်မလုပ်ပေးမယ်။"
"... ဘာမဆိုလား။"
"အင်း။ လူသတ်တာ ဒါမှမဟုတ် အမတလိုမျိုးအရာမဟုတ်ရင်ရပြီ။"
ကာလိုင်း၏လက်ချောင်းများက သူ၏မေးစေ့ကို ပွတ်သပ်နေ၏။
သူ(မ)ထင်ထားတာထက်ပိုပြီး သူ၏အာရုံကို ဆွဲဆောင်ရမည်။ ဤသည်က အလုပ်ဖြစ်ဖို့ သူ(မ) မျှော်လင့်မိ၏။ ကာလိုင်းမှာ ဆုံးရှုံးစရာမရှိချေ။ ဤအနာဂတ်တွင် ပြောင်းလဲသွားမည့် အရာအားလုံးကို သူ(မ)မသိသော်လည်း သူ၏သူရဲကောင်းအဖြစ် ပြုမူခြင်းက ပိုကောင်းလိမ့်မည်။
"...ကောင်းပြီလေ။ ကိုယ့်နဲ့ ဝေးဝေးမှာသာမနေနဲ့။"
"ဟုတ်ကဲ့ပါ။ ကျွန်မ အတတ်နိုင်ဆုံး အနီးဆုံးမှာ ရှိနေပါ့မယ်။"
သူ(မ)သည် ကာလိုင်း စိတ်မပြောင်းခင် စာရွက်ပေါ်တွင် ငါးခုမြောက်သဘောတူညီချက်ကို အမြန်ရေးချလိုက်၏။
.
၅။ အယ်လီနာဘလေဆယ်ကို ညတိုင်း သူ(မ)ရဲ့အထောက်အထားကိုဖျောက်ခွင့်ပေးပြီး သူရဲကောင်းတစ်ယောက်အဖြစ် ဆောင်ရွက်စေရန်။ အပြန်အလှန်အနေနှင့် သူ(မ)က ကာလိုင်းအတွက် တစ်စုံတစ်ခုကို လုပ်ပေးရမည်။
.
စာရွက်ပေါ်မှာ ရေးသားထားသော စကားလုံးများကိုကြည့်နေရင်း ကာလိုင်း သူ့ဘာသာသူ တီးတိုးဆိုလိုက်၏။
"... ဒီသဘောတူညီမှုအတွက် တန်ကြေးက မြင့်မားတယ်။"
ထို့နောက် သေးသေးကြီးကြီး ကိစ္စများစွာကို ထပ်ထည့်ခဲ့ကြသည်။
*****
Aurora Novel Translation Team