ငါ နောက်မကျသွားဖို့ မျှော်လင့်တယ် (၂)
ခရီးစဥ်၏ တတိယမြောက်နေ့တွင် ဆိုဖီယာတစ်ယောက် သူ(မ)၏အထင်နှင့် တက်တက်စင်အောင်လွဲချော်နေကြောင်း သတိပြုမိသွား၏။ ရပ်နားခြင်းမရှိသော ရထားလုံးကြောင့် သူ(မ)မှာ အသက်ရှူသံကို ထိန်းညှိဖို့ရာ ခက်ခက်ခဲခဲ ကြိုးစားနေရ၏။ ထိုစဥ် အယ်လီနာကတော့ လုံးဝအခြေအနေမဆိုးပေ။ အယ်လီနာသည် ဆိုဖီယာ့အား ရထားလုံးထဲမှာ သူ(မ)နှင့်အတူထိုင်ဖို့ ခွင့်ပြုခဲ့သော်လည်း သူ(မ)၏ မသက်မသာဖြစ်မှုတို့က လျော့ကျမသွားပေ။
'သူ(မ)က ဘယ်လိုလုပ်ပြီး ဒီလိုကြမ်းတမ်းတဲ့ခရီးစဥ်ကို ခံနိုင်ရည်ရှိနေရတာလဲ။'
လူတိုင်း၏မျက်နှာထက်ဝယ် ပင်ပန်းနွမ်းနယ်နေပြီဟု ရေးသားထားသော်လည်း အယ်လီနာကတော့ မညည်းညူခဲ့ပေ။ ဆိုဖီယာသည် ကနဦးတုန်းက အယ်လီနာ ဤခရီးအား ခံနိုင်ရည်မရှိလောက်ဘူးဟုသာ ထင်နေခဲ့သည်။
ဆိုဖီယာ အသားခြောက်အပိုင်းအစလေးကို မဝံ့မရဲဖြင့် တတိတိကိုက်ဝါးနေပြီး ရထားလုံးမူးဝေသည့်ဒဏ်ကြောင့် သူ(မ)၏နှုတ်ခမ်းတို့က ဖြူဖျော့နေလေသည်။ အစားအသောက်က ဆိုးဝါးလွန်းသည့်အပြင် သူ(မ)အိပ်ပျော်နေလျှင်တောင် ရထားလှည်း၏လှုပ်ယမ်းနေမှုက ရပ်တန့်မသွားခဲ့ပေ။
"သခင်မလေး၊ ကျွန်မတို့ မြို့ထဲမှာ အစားအသောက်အတွက် မရပ်တော့ဘူးလား။ မကောင်းတော့တဲ့အစားအသောက်တွေစားရင် အစာအိမ်ထိခိုက်ပါလိမ့်မယ်..."
ဆိုဖီယာ၏စကားတို့ကို ကြားလိုက်ရသောအခါ အယ်လီနာ အေးခဲသွား၏။ အစီအစဥ်က အကောင်အထည် ပေါ်လာလေပြီ။ ၎င်းတို့ အရှိန်မြန်မြန်ဖြင့် ခရီးနှင်နေချိန်တစ်လျှောက်လုံး သူ(မ)၏စိတ်ထဲမှာ မည်သို့ခွဲထွက်သွားပြီး သူ(မ)ဘာသာ မည်သို့ ဆက်လက်လှုပ်ရှားရမလဲဟု တွေးနေခဲ့သည်။ သို့သော် အဖြေက သူ(မ)၏မျက်စိရှေ့မှာ ရှိနေပုံပင်။ အယ်လီနာ သဘောတူကာ ခေါင်းညိတ်ပြလိုက်သည်။
"မင်းပြောတာမှန်တယ်။"
လာမဲ့မြို့မှာ အယ်လီနာက ရပ်နားဖို့ သဘောတူလိုက်သည့်အတွက် ဆိုဖီယာ၏မျက်နှာမှာ အနည်းငယ်တောက်ပသွားလေသည်။ သူ(မ)က ရထားလုံးပြတင်းပေါက်ကိုဖွင့်ကာ အပြင်ဘက်က ရထားလုံးမောင်းနှင်သူအား ပြောလိုက်၏။
"သခင်မလေးအယ်လီနာက အခုရောက်မဲ့မြို့မှာ ခဏနားမယ်တဲ့။"
"မြို့မှာလား။ နားလည်ပါပြီ။"
စထားလုံးမောင်းနှင်သူက ပြတ်တိပြတ်တောင်း ပြန်ဖြေလိုက်သော်လည်း သူ၏စိတ်သက်သာရာရသွားသော အမူအရာကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။ အယ်လီနာက ခွင့်ပြုချက်ပေးလိုက်သည်နှင့် ခရီးနှင်လာသောအဖွဲ့သည် အနီးဆုံးမြို့တစ်ခုသို့ ဦးတည်လိုက်ကြ၏။ အယ်လီနာက ခေါင်းမာစွာဖြင့် ခရီးအသော့နှင်နေရာ ဆိုဖီယာက သူ(မ)အား ခဏလောက်နားပြီးတော့မှ လမ်းမထက်ပြန်တက်ရန် မျှော်လင့်နေချိန်မှာ မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်လာခဲ့၏။
လွန်ခဲ့သောအခိုက်အတန့်တုန်းက အကောင်းကြီးရှိနေသေးသည့် အယ်လီနာတစ်ယောက် သူ(မ)၏မျက်နှာထက်မှာ နေမထိထိုင်မသာအမူအရာမျိုး ပြသလာခဲ့သည်။
"ငါစားလိုက်တဲ့ထဲမှာ မကောင်းတဲ့ဟာတစ်ခုခုပါသွားတာထင်တယ်။ ငါ နေလို့မကောင်းဘူး။ ငါထင်တာတော့ ခဏလောက် အနားယူရမယ့်ပုံပဲ။"
"ကျွန်မပြောသားပဲ! သခင်မလေး၊ ဒါက အရမ်းလွန်လွန်းပါတယ်။"
ကြမ်းတမ်းသောခရီးစဥ်က အယ်လီနာ့ကို ဖျားနာစေခဲ့ပြီး သူ(မ)၏ကျန်းမာရေးက ခရီးစဥ်အတွင်း ဆိုးဝါးသွားခဲ့သည်။ ၎င်းတို့သည် ထိုမြို့၌ နေရာထိုင်ခင်းကို အမြန်ပြင်ဆင်၍ ဤနယ်ပယ်၌ နာမည်အကြီးဆုံးသမားတော်တစ်ဦးကို ပင့်ဆောင်ခဲ့သည်။ ထိုခရီးစဥ်မှာ ကနဦးကတည်းက အလျင်မလိုသောကြောင့် အယ်လီနာ အပြည့်အဝသက်သာလာတော့မှ ခရီးဆက်မည်ဟု သဘောတူခဲ့ကြ၏။ ထို့ပြင် ၎င်းတို့အတွက် ထိုခရီးစဥ်က ကြမ်းတမ်းခဲ့ရာ လူတိုင်းမှာ အနားယူဖို့အတွက် စိတ်အားထက်သန်နေပေသည်။
အယ်လီနာ၏အခန်းထဲသို့ မည်သည့်အမျိုးသားကိုမှ ဝင်ခွင့်မပြုဘဲ ထိုအစား သူ(မ)၏တံခါး၌ သူရဲကောင်းများက အလှည့်ကျ ကင်းစောင့်ပေးခဲ့ကြသည်။ အဖွဲ့ထဲရှိ တစ်ဦးတည်းသောအမျိုးသမီးဖြစ်သူ ဆိုဖီယာက အယ်လီနာ့ကို ဂရုစိုက်ဖို့ တာဝန်ယူရပြီး အယ်လီနာ၏အခြေအနေ ပိုဆိုးလာပါက သူရဲကောင်းများကို သတိပေးမည်ဟု ကတိပေးခဲ့၏။ ထို့နောက် အယ်လီနာ့၏နဖူးပေါ် ရေစွတ်ထားသောတဘက်အား တင်ပေးခဲ့သည်။ အိပ်ချင်ယောင်ဆောင်နေသော အယ်လီနာက ကျေနပ်စွာဖြင့် နှုတ်ခမ်းများလှုပ်ရှားသွားခဲ့၏။
'အင်း၊ ဒီလိုပဲ ဖြစ်ရမယ်။'
သူ(မ)သည် ကနဦးတုန်းက ၎င်းတို့က သူ(မ)ကို ပိတ်လှောင်ထားသည်ဟု ထင်နေခဲ့သော်လည်း အမှန်မှာ သူ(မ)ကသာ ၎င်းတို့ကို ပိတ်လှောင်ထားတာဖြစ်သည်။ သူ(မ)၏ကျန်မာရေးက ၎င်းတို့အတွက် ဦးစားပေးဖြစ်သည်။ သူ(မ) နေမကောင်းဖြစ်နေသည်ဟု ပြောလိုက်သည့်အခိုက်အတန့်မှာ သူရဲကောင်းများသည် မြို့ကနေ ထွက်မသွားနိုင်သလို သူ(မ)၏အခန်းထဲကိုလည်း သွားခွင့်မရှိပေ။ သူ(မ) ပြန်လည်သက်သာလာချိန်အထိ ရက်အနည်းငယ်လောက် နေရပေဦးမည်။
သို့သော် သူ(မ) ပျောက်ကွယ်သွားလျှင် သတိထားမိမည့်သူတစ်ယောက် ရှိနေဆဲဖြစ်၏။ သူ(မ)၏ရံရွေတော် ဆိုဖီယာပင်။ အယ်လီနာ သူ(မ)ကိုသာ လှည့်စားနိုင်ခဲ့လျှင် သူ(မ)၏ပျောက်ကွယ်သွားမှုကို မည်သူကမှ သတိထားမိမှာမဟုတ်ချေ။ ဆယ်လီနာ မျက်လုံးများဖွင့်ကာ အိပ်ရာဘေးမှာထိုင်နေသော ဆိုဖီယာ့ကို ကြည့်လိုက်၏။
"ဆိုဖီယာ။"
"ဟုတ်၊ ဟုတ်! ကျွန်မရှိပါတယ် သခင်မလေး။ သခင်မလေး သက်သာရဲ့လား။"
"ငါ အကူအညီတောင်းစရာတစ်ခုရှိတယ်..."
"ကျေးဇူးပြုပြီး ပြောပါ သခင်မလေး။"
"တကယ်တော့ ဒီနေရာတစ်ဝိုက်မှာ ငါ သိပ်ကိုချစ်ရတဲ့သူရှိတယ်။ ငါ သမားတော်နဲ့ပြပြီးနောက်မှာ အခြေအနေတွေက တိုးတက်လာပေမဲ့ ခံစားချက်တွေက သိပ်ပြီးမကောင်းသေးဘူး။"
အယ်လီနာ၏ပါးစပ်မှ အလိမ်အညာတစ်ခုက အလွယ်တကူထွက်လာခဲ့သည်။ ထိုရံရွေတော်၏နှလုံးသားကို ပျော့ပျောင်းအောင်လုပ်နိုင်မည့် ဇာတ်လမ်းက သက်ရောက်မှုအရှိဆုံးပင်။
"အိုး! သခင်မလေးဆိုလိုတာက။"
ဆိုဖီယာတစ်ယောက် မမျှော်လင့်ထားသည့် ဖော်ထုတ်ချက်ကြောင့် အံ့သြကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
"ငါတို့နှစ်ယောက်ကြားက ကွာဟချက်တွေကြောင့် ငါ သူ့ကို လက်လွှတ်ဖို့ကြိုးစားခဲ့ပေမဲ့ နာကျင်မှုတွေခံစားပြီးတာတောင် ငါ သူ့ကို မမေ့နိုင်သေးဘူး။"
"အိုး၊ သခင်မလေးရယ်..."
"ငါ သူ့ကို ခဏလောက်သွားတွေ့ချင်လို့ မင်း သူရဲကောင်းတွေကို လျှို့ဝှက်ထားပေးလို့ရမလား။"
"ဒါပေမဲ့ တစ်ခုခုဖြစ်ရင်...!"
"အိုး၊ ဒါပေမဲ့ ငါ သူမရှိဘဲ အသက်မရှင်ချင်ဘူး။"
အယ်လီနာ သူ(မ)၏မျက်နှာကို လက်ဖဝါးဖြင့်အုပ်လိုက်သည်။ ဆိုဖီယာမှာ မဆုံးဖြတ်တတ်တော့ဘဲ သူ(မ)ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။ ဆိုဖီယာ့အပေါ် နည်းနည်းလောက် ဖိအားပေးဖို့လိုသည့်အတွက် သူ(မ)ပြင်ဆင်ထားသည့်စာသားကို တမင်ပြောလိုက်လေသည်။
"ငါ သူနဲ့မတွေ့ရရင် သေလိမ့်မယ်။"
"အဲ့လိုစကားမျိုး မပြောပါနဲ့၊ သခင်မလေးရယ်!"
အယ်လီနာသည် ထိုစကားအား လွန်ခဲ့သောနှစ်ပေါင်းများစွာက ပြဇာတ်ရုံထဲမှာ သူ(မ)ကြည့်ခဲ့ဖူးသောဇာတ်လမ်းမှ ယူသုံးထားခြင်းဖြစ်သည်။ ဆိုဖီယာ အနည်းငယ်ယိမ်းယိုင်လာကြောင်း သူ(မ) ပြောနိုင်ပေ၏။ အယ်လီနာ သူ(မ)အား အဆုံးစွန်ထိ တွန်းပို့နိုင်ရန်မျှော်လင့်ရင်း သူ(မ)ကိုပေးရန် ရွှေဒင်္ဂါးတစ်ပြား ထုတ်ယူလိုက်သည်။
"ဒါကို မင်းရဲ့အကူအညီအတွက် ပြန်ဆုချတာလို့ သဘောထားလိုက်ပါ။"
အားတုံ့အားနာအရိပ်များဖြင့် ပြည့်နှက်နေသော ဆိုဖီယာ၏မျက်လုံးများက ရုတ်တရက်ဆိုသလို လောဘစိတ်တို့ ဖြတ်ပြေးသွား၏။ ကနဦးတုန်းက သူ(မ)သည် အယ်လီနာက မည်သူ့ကိုမှမပြောဘဲ ထွက်သွားတာကိုသာ ရှာတွေ့သွားလျှင် သူ(မ)ခေါင်းပေါ် ပုံကျလာမည်စိုး၍ တွန့်ဆုတ်နေခဲ့၏။ သို့သော် ရွှေဒင်္ဂါးပြားကိုတော့ လက်မလွှတ်လိုက်နိုင်ချေ။ ထို့ပြင် အယ်လီနာကသာ သူ(မ)အပေါ် ကောင်းမွန်သောအမြင်များရှိလာလျှင် ရံရွေတော်တစ်ဦးဖြစ်သည့် ဆိုဖီယာ၏ဘဝက အောင်မြင်လာနိုင်ပေ၏။ သူ(မ)၏ ဆွဲငင်အားက ကြာရှည်မခံခဲ့ချေ။
"ကျွန်မ သခင်မလေးစကားကို မနာခံလို့မရပါဘူး။ ဒါပေမဲ့ မြန်မြန်ပြန်လာခဲ့ပါ။"
စွန့်စားမှုလေးများကို ယူဆောင်ခြင်း၏ အကျိုးအမြတ်က သိပ်ကိုကောင်းမွန်လှ၏။ ဆိုဖီယာ၏မျက်နှာထက်ဝယ် တွန့်ဆုတ်မှုတို့ မရှိတော့ပေ။
"စိတ်မပူပါနဲ့၊ ငါ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်။ သူရဲကောင်းတွေအားလုံးက ငါ နေမကောင်းဖြစ်နေတယ်လို့ပဲ ထင်နေကြတာ။ အဲ့ဒါကြောင့် သင့်တော်မဲ့ဆင်ခြေရှာလိုက်ရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး။"
"ဟုတ်ကဲ့ပါ သခင်မလေး။"
ဆိုဖီယာက ခေါင်းညိတ်ပြလာ၏။ အယ်လီနာသည် ဤသည်ကသာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သူ(မ)ကိုယ်သူ(မ) အာမခံနေခဲ့၏။ သူ(မ)သည် မည်သည့်မျက်မြင်သက်သေကိုမှ အလိုမရှိခဲ့သော်လည်း လက်တွေ့နှင့် ထပ်တူမကျခဲ့ပေ။ အမှန်မှာ ၎င်းတို့၏ပါးစပ်များကိုပိတ်ရန် အလွယ်ကူဆုံးနှင့် အသေချာဆုံးနည်းလမ်းက အားလုံးကို သတ်လိုက်ရန်ဖြစ်သော်လည်း သူ(မ)၏ရဲတိုက်မှလူများကို သတ်ရလောက်သည်အထိ မလုပ်ချင်ခဲ့ပေ။ ခြုံငုံသုံးသပ်ရလျှင် ဤသည်မှာ ဆိုးဝါးသောရလဒ်မဟုတ်ချေ။ အယ်လီနာ ဆိုဖီယာကို ရွှေဒင်္ဂါးပြား ပေးလိုက်၏။
"ဒါဆို ရှေ့လျှောက်လည်း မင်းနဲ့အတူအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်၊ ဆိုဖီယာ။"
တစ်စုံတစ်ယောက် ရှာတွေ့သွားလျှင်တောင် လျှို့ဝှက်အချစ်ရေးအတွက် ထွက်ခွာသွားတာဟု ဟန်ဆောင်နိုင်ပေသည်။
ဆိုဖီယာ၏ပူးပေါင်းမှုနှင့်အတူ အခန်းထဲ၌ အယ်လီနာတစ်ယောက်တည်း ကျန်နေခဲ့၏။ နောက်ဆုံးတော့ အချိန်ကျလာခဲ့ပြီ။ ဝှက်ထားခဲ့သော အနက်ရောင်သံချပ်ကာဝတ်စုံကိုထုတ်ကာ ရင်းနှီးကျွမ်းဝင်သော လှုပ်ရှားမှုများဖြင့် သူ(မ)၏ခန္ဓာကိုယ်ထက် ဝတ်ဆင်ခဲ့သည်။ အဆုံးသတ်အနေဖြင့် သူ(မ)၏ဦးခေါင်းမှာ အနက်ရောင်ခေါင်းဆောင်းကို တပ်ဆင်လိုက်၏။ သူ(မ)က မြိုစားမင်း၏သမီးနှင့် မတူတော့ဘဲ ထက်မြက်သောဓားတစ်လက်နှင့် သူရဲကောင်းတစ်ဦးအသွင် မားမားမတ်မတ်ရပ်တည်နေခဲ့၏။ ဤသည်မှာ သူ(မ)၏ပုံစံအစစ်အမှန်ပင်။
အယ်လီနာ အခန်းအပြင်ဘက်မှလမင်းကြီးကို ကြည့်လိုက်၏။
"... ငါ နောက်ကျမသွားဖို့ မျှော်လင့်ပါတယ်။"
***
အယ်လီနာ သူ(မ)စွမ်းနိုင်သလောက် မြင်းကို အသော့နှင်လာခဲ့၏။ အတိတ်တုန်းက မင်းသားသေဆုံးခဲ့သည့်နေရာနှင့် နီးသည်ထက်နီးလာလေ သွေးနံ့များက ပိုမိုထူထဲလာလေပင်။ မကြာမီ သူ(မ)မျှော်လင့်မထားသည့်အရာတို့ကို တွေ့လိုက်ရလေသည်။ သစ်ပင်ခြုံနွယ်များ ပိတ်ပေါင်းထူနေသော တောအုပ်သဖွယ် မြေပြင်ပေါ်မှာ လူသေအလောင်းများစွာ ပြန့်ကျဲနေ၏။ စစ်ပွဲနှင့်ရင်းနှီးကျွမ်းဝင်သော အယ်လီနာတောင် ထိုမြင်ကွင်းကြောင့် မျက်နှာမဲ့သွားမိသည်။ တစ်၊ နှစ်၊ သုံး... အလောင်းများမှာ များလွန်းသဖြင့် ရေတွက်လို့မရနိုင်ပေ။
'ဒါက စစ်ပွဲဖြစ်သွားတာနဲ့တူတယ်။'
မြေပြင်ပေါ်က အလောင်းများကိုကြည့်ရုံဖြင့် ဤတိုက်ပွဲက မည်မျှပြင်းထန်ကြောင်း သူ(မ)တွေးကြည့်လို့ရပေသည်။ သူ(မ)ကြောက်ရွံ့ခဲ့သော အဆိုးဆုံးအခြေအနေဖြစ်လာခဲ့သော်လည်း ကံကောင်းစွာဖြင့် အလောင်းများက လတ်ဆတ်နေသေးရာ တိုက်ပွဲဖြစ်တာ မကြာလောက်သေးချေ။ ထို့ပြင် တိုက်ပွဲအခြေအနေကို သုံးသပ်ရလျှင် အိမ်ရှေ့စံမင်းသားသည် လူများစွာထံမှ ကောင်းကောင်းမွန်မွန် ကာကွယ်ခံခဲ့ရသည့်ပုံပင်။ သို့သော် စိတ်ချလက်ချနေဖို့ စောလွန်းပေ၏။ အိမ်ရှေ့စံမင်းသား သေသွားမှာကို စိုးရိမ်နေသည့် စိတ်ခံစားချက်များနှင့်အတူ အယ်လီနာ မြင်းကို ဒုန်းစိုင်းနှင်ခဲ့၏။
ချွင်၊ ချွင်၊ ချွင်။ (ဓားချင်းထိခတ်သံ။)
ကံကောင်းစွာဖြင့် သိပ်မကြာခင်တွင် ဓားချင်းရိုက်ခတ်သည့်အသံကို ကြားလိုက်ရသည်။
'ကျေးဇူးပြုပြီး အသက်ရှင်နေပါစေ။'
အယ်လီနာ စိတ်ပျက်အားငယ်စွာ ဆုတောင်းနေမိ၏။ နောက်ဆုံးတွင် တိုက်ခိုက်မှုဖြစ်ပွားနေသောနေရာသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ၎င်းမှာ သူ(မ)မျှော်လင့်ထားသလိုမဟုတ်ခဲ့ပေ။ လုပ်ကြံသူများနှင့် မင်းသား၏အစောင့်အကြပ်များကြား ပြင်းထန်သောတိုက်ပွဲဖြစ်လိမ့်မည်ဟု သူ(မ)ထင်နေခဲ့သော်လည်း ထိုအစား အမျိုးသားတစ်ယောက်တည်းအား လူများစွာက ဝန်းရံနေပေ၏။
'ဒါဆို အလောင်းတွေက သူ့တစ်ယောက်တည်းရဲ့လက်ချက်လား။'
၎င်းမှာ ယုံကြည်ဖို့ခက်ခဲသော်လည်း သူ(မ)၏မျက်စိရှေ့မှာတင် မထင်မှတ်ထားသောတစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည်။
"အာ..."
အံ့သြတုန်လှုပ်သံက အယ်လီနာ၏ပါးစပ်မှ အလိုလိုထွက်လာခဲ့သည်။
ထိုလူတစ်ယောက်တည်း ရန်သူများစွာ ဝန်းရံခံနေရသော်လည်း ထိုလူ့ကိုကြည့်ရတာ လူသားအပြည့်အဝမဟုတ်သလိုပင်။ သူ့မှာ ကြမ်းကြုတ်သောမျက်ဝန်းတစ်စုံ၊ နှာတံခပ်မြင့်မြင့်၊ ထင်းထွက်နေသောမေးရိုးတို့ရှိပြီး ခြုံငုံကြည့်လျှင် ချောမောခံ့ညားပေသည်။ သို့သော် သူ၏ညာဘက်လက်ကနေ ပခုံးအထိ ဖွတ်ပုတက်လို ကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး သူ၏လက်သည်းများက ရှည်လျားကာ သိမ်းငှက်ခြေသည်းများလို ချွန်ထက်နေ၏။
အယ်လီနာတစ်ယောက် ကိုယ့်နှလုံးခုန်သံကို ပြန်ကြားနေရသည်။
ထို့နောက် အေးစက်နေသော အပြာရောင်မျက်လုံးများအား ကြည့်လိုက်သည့်အခိုက်အတန့်မှာ တော်ဝင်မိသားစု၏ အမေ့လျော့ခံ ဒဏ္ဍာရီတစ်ပုဒ်က သူ(မ)စိတ်ထဲ ဝင်ရောက်လာခဲ့သည်။
"လူသားနဲ့ နဂါးတစ်ကောင်ကြား မွေးဖွားလာတဲ့သတ္တဝါက ရုဖို့ဒ်အင်ပါယာရဲ့ ဧကရာဇ်ဖြစ်လာပြီး မျိုးဆက်ပေါင်းများစွာ အကြွင်းမဲ့အာဏာကို ထိန်းချုပ်နိုင်လိမ့်မယ်။"
သူ(မ)သည် ၎င်းအား အင်ပါယာကို ထူးခြားသည့်ပုံပေါ်စေရန် တမင်ဖန်တီးထားသည့် ပုံပြင်တစ်ပုဒ်ဟုသာ ထင်နေခဲ့သည်။
'... ဒါဆို ဒဏ္ဍာရီက အစစ်အမှန်ပေါ့။'
*****
Aurora Novel Translation Team