no

Font
Theme

ကားလ် (၂)


"ကိုယ့်ကို ကားလ်လို့ခေါ်။"


"တ-တစ်စိတ်လောက်?"


အယ်လီနာတစ်ယောက် အရူးတစ်ယောက်လို ပါးစပ်အဟောင်းသားဖြစ်နေ၏။ ရုတ်တရက်ကြီး အဘယ့်ကြောင့် သူ့အား ချစ်စနိုးအမည်ဖြင့် ခေါ်စေချင်ရသနည်း။


ကာလိုင်းက ပြေပြစ်သောအမူအရာဖြင့် ဆက်ပြောလာခဲ့သည်။


"မင်းက ကိုယ့်ကို မင်းကိုချစ်သလိုမျိုးဟန်ဆောင်ဖို့ တောင်းဆိုခဲ့ပြီးတော့ ကိုယ့်ကို ယဥ်ယဥ်ကျေးကျေး ဆက်ခေါ်နေဦးမလို့လား။ ကိုယ်က မင်းရဲ့ခင်ပွန်းဖြစ်လာမှာလေ၊ ဟုတ်တယ်မလား။"


"အာ၊ ဒါပေမဲ့..."


စုံတွဲတွေက ချစ်စနိုးနာမည်မျိုး မဖြစ်မနေမလိုအပ်ဘူးလေ။ မင်းမျိုးမင်းနွယ်မိသားစု၌ နိုင်ငံရေးလက်ထပ်မှုများသည် ပုံမှန်ကိစ္စတစ်ခုဖြစ်ပြီး စုံတွဲများစွာက ၎င်းတို့သေဆုံးချိန်အထိ ယဥ်ကျေးသောအခေါ်အဝေါ်များကိုသာ သုံးစွဲခဲ့ကြ၏။ ချစ်စနိုးနာမည်က ချစ်သူများအတွက်သာ သုံးစွဲနိုင်သည့် ရင်းနှီးသောအပြုအမူမျိုးဖြစ်၏။


မေးခွန်းများစွာက သူ(မ)အား ထုတ်ပြောဖို့ခြိမ်းခြောက်နေသော်လည်း ကာလိုင်း၏မျက်နှာပေါ်မှ ဆုံးဖြတ်ထားပြီးသားအကြည့်ကို မြင်လိုက်ရသောအခါ ရိုးရိုးရှင်းရှင်းသာ ခေါင်းညိတ်ပြခဲ့သည်။


"ကောင်းပါပြီ... ကျွန်မ အဲ့လိုခေါ်ပါ့မယ်။"


အင်း၊ သူ(မ) သူ့ကို ကားလ်လို့ခေါ်တာ အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ သူသာ သူ(မ)၏အခြေအနေများကို သဘောတူလက်ခံပေးပါက သူ့အား ခွေးပေါက်လေးနာမည်ဖြင့် ကျေကျေနပ်နပ်ကြီး ခေါ်ပေးလိုက်မည်။


"အစပိုင်းမှာကတည်းက ချစ်စနိုးနာမည်သုံးရင် တခြားသူတွေအတွက် ထူးဆန်းနေပါလိမ့်မယ်။ ဒီတော့ ပြင်ပအခြေအနေတွေမှာ ကျွန်မ ယဥ်ယဥ်ကျေးကျေးပဲ ပြုမူပါ့မယ်။ ကျေးဇူးပြုပြီး အဲ့ဒါကို နားလည်ပေးပါ။"


"မင်း အဆင်ပြေသလိုလုပ်ပါ။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်တည်းရှိနေရင် ကိုယ့်ကို အဲ့လိုခေါ်လို့ရတယ်။"


"ဟုတ်ကဲ့ပါ... ကားလ်။"


ပန်းချီဆွဲထားသလို အပြုံးတစ်ခုက ကာလိုင်း၏နှုတ်ခမ်းထက်မှာ ဖြစ်တည်လာ၏။ ဤသည်မှာ လှောင်ပြောင်ရိပ်မပါ၊ ဟာသမနှောသည့် ပထမဆုံးသော စစ်မှန်သည့်အပြုံးပင်။


အယ်လီနာ အခိုက်အတန့်တစ်ခုလောက် သူ့ကို မှင်တက်စွာစိုက်ကြည့်နေမိပြီးမှ အသိစိတ်ပြန်ဝင်လာခဲ့သည်။


'... အဲ့ဒါက ဘာလဲဟ။'


တစ်စုံတစ်ယောက်အား ချစ်စနိုးနာမည်ကို ခေါ်လိုက်သောကြောင့် ယခုလိုပြုံးသွားသည့်သူအား သူ(မ) မမြင်ဖူးခဲ့ပေ။ သို့သော် သူ၏တောင်းဆိုချက်များက အဆုံးမသတ်သေးချေ။


"မင်းမှာ ချိန်းဆိုထားတာမျိုးမရှိရင် ကိုယ်တို့ အမြဲတမ်း ထမင်းလက်စုံစားရမယ်။"


ဆိုလိုသည်မှာ သူနှင့် နေ့တိုင်းတွေ့ရမည်ဟူ၍။ နိုင်ငံရေးလက်ထပ်မှု၌ များသောအားဖြင့် စုံတွဲများသည် ကိုယ့်ဘာသာကိုယ် စားသောက်တတ်ကြပြီး မလိုအပ်ဘဲ မျက်နှာချင်းမဆိုင်ကြပေ။ အယ်လီနာ၏ကိစ္စမှာ ကာလိုင်းကို ကာကွယ်ရမည်ဖြစ်၍ သူနှင့် အတတ်နိုင်ဆုံး နီးနီးကပ်ကပ်နေရမည်ဖြစ်သော်လည်း သူကအရင် အကြံပြုလာလိမ့်မည်ဟု သူ(မ) စိတ်မကူးကြည့်ခဲ့ဖူးချေ။


"သိပါပြီ။ ကျွန်မ လက်ခံပါတယ်။"


၎င်းမှာ ဆိုးရွားသည့်အကြံမဟုတ်၍ သူ(မ) ချက်ချင်းသဘောတူလိုက်သော်လည်း သူ အမှန်တကယ်လိုချင်နေသည်က ဘာလဲဟူ၍ သူ(မ) စဥ်းစားနေမိ၏။ အခိုက်အတန့်တစ်ခုလောက် စေ့စပ်ညှိနှိုင်းပြီးနောက် သူ(မ)က ပြောလာခဲ့၏။


"ကျွန်မတို့ရဲ့သဘောတူညီချက်က များလာပြီဆိုတော့ ကျွန်မကို စာရွက်နဲ့ ဘောပင် ယူလာပေးလို့ရမလား။"


ကာလိုင်းက ထရပ်လိုက်ပြီးနောက် သူ(မ)ရှေ့မှာ စာရွက်နှင့်ဘောပင်တစ်ချောင်းကို ချပေးလိုက်သည်။ ထို့နောက် သူ(မ)က ၎င်းတို့၏အခြေအနေများအားလုံးကို ဂရုတစိုက် ချရေးနေခဲ့သည်။


အကြောင်းပြချက်တချို့ကြောင့် ယနေ့က ရှည်လျားလွန်းသောတစ်ရက်တာအဖြစ် ခံစားလိုက်ရ၏။


...


ဆိုဖီယာက ဒေါသထွက်နေ၏။ အယ်လီနာ သူ(မ)၏ချစ်သူနှင့် ခိုးတွေ့ရန်သွားချိန်က ဖုံးကွယ်ပေးခဲ့သူမှာ သူ(မ)ဖြစ်သည်။ ဆိုဖီယာက ရွှေဒင်္ဂါးကြောင့် ထိုသို့လုပ်ခဲ့တာမှန်သော်လည်း အယ်လီနာ၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပြီးနောက် ယခုလိုဆက်ဆံခံရမည်ဟု သူ(မ) မသိခဲ့ပေ။ အယ်လီနာက သူ(မ)ကို ရာထူးတိုးပေးလိမ့်မည်ဟု ထင်နေခဲ့သော်လည်း အယ်လီနာသည် သူ(မ)အား အထူးအခွင့်အရေးမျိုးမပေးခဲ့ဘဲ ခရီးကနေ ပြန်လာပြီးကတည်းက ဘာမှပြောင်းလဲမသွားပေ။


'သူ(မ)က ညကြီးမင်းကြီးမှာ ယောက်ျားတစ်ယောက်နဲ့တွေ့ဖို့ ခိုးထွက်သွားခဲ့တာကို ငါ သူ(မ)ကို ဖော်ထုတ်လိုက်မှာကို မကြောက်ဘူးလား။"


ဆိုဖီယာက သူ(မ)၏ဒေါသကို မထိန်းချုပ်နိုင်ဘဲ အကြမ်းပတမ်း အဝတ်လျှော်ဖွတ်နေ၏။ မယ်ရီက ခြင်းတောင်းထဲမှာ လျှော်စရာများနှင့် ချဥ်းကပ်လာခဲ့သည်။


"ဒီရက်ပိုင်း နင် ဘာဖြစ်နေတာလဲ။"


"ဘာဖြစ်နေလို့လဲ။"


"နင် ခရီးကပြန်လာပြီးနောက်ပိုင်း သခင်မလေးအယ်လီနာ့အပေါ် ရိုင်းပျနေတာမဟုတ်ဘူးလား။


"ဟား! ရိုင်းပျတယ်? ငါက?"


ဆိုဖီယာက ဒေါသတကြီး တံတွေးထွေးလိုက်၏။ အယ်လီနာက သူ(မ)ကို ယခုလိုဆက်ဆံလို့မရပေ။ ရွှေဒင်္ဂါးတစ်ပြားတည်းအတွက်နှင့် အယ်လီနာအပေါ် မျက်စိမှိတ်ထားခဲ့ရသည်မှာ အံ့သြစရာကောင်းနေပြီ။


"မယ်ရီ၊ နင်မသိဘဲနဲ့ ဘာမှလာမပြောနဲ့။ သူ(မ)ကသာ ငါ့အပေါ် အကြွေးတင်နေတာ။"


"ဘာ? အကြွေး? နင့်လိုမျိုးပဲ ငါလည်း သူ(မ)ဆီမှာ အကြွေးရှိတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့၊ ကောင်းကောင်းပြုမူဦး။ ငါက နင်ကောင်းဖို့အတွက် ပြောနေတာ..."


"နင်က ဘာသိလို့လဲ။ နင် သူ(မ)ရဲ့ချစ်သူအကြောင်းကို မသိဘဲနဲ့။"


"ဘ-ဘာ?"


ဆိုဖီယာ သူ(မ)၏ပါးစပ်ကနေ အမှတ်မထင်ထွက်လာသောစကားလုံးများကြောင့် အံ့အားသင့်သွား၏။ သို့သော်လည်း သူ(မ) ပြန်ရုပ်သိမ်းလို့မရတော့ပေ။ သူ(မ)၏လက်ရှိဘဝက ဘာမှပြောင်းလဲမသွားလျှင် သူ(မ)အနေနှင့် အယ်လီနာ၏လျှို့ဝှက်ချက်ကို ဖုံးကွယ်မပေးတော့ပေ။ အယ်လီနာက သူ(မ)ကို သံသယရှိလျှင်တောင် သူ(မ)ငြင်းလိုက်လို့ရသည်။ ဆိုဖီယာက ကောလာဟလများကို စတင်ဖြန့်ခဲ့သည်ဟု သက်သေပြရန်နည်းလမ်းမရှိချေ။ ထိုလျှို့ဝှက်ချက်အတွက် တန်ကြေးက ရွှေဒင်္ဂါးတစ်ပြားသာဆိုလျှင် သူ(မ) လက်ခံပြီးပြီမို့ ဆုံးရှုံးစရာမရှိတော့ပေ။


"နင် ဘာတွေပြောနေတာလဲ။"


"ငါတို့ ဂျလင်းရဲ့မင်္ဂလာပွဲကို သွားခဲ့တုန်းက ညသန်းခေါင်ကြီး လေဒီအယ်လီနာ ယောက်ျားတစ်ယောက်နဲ့တွေ့ဖို့ဆိုပြီး ထွက်သွားလိုက်တာ မနက်အထိ ပြန်မလာခဲ့ဘူး။"


"ဘ-ဘာ? တကယ်လား။"


"ငါက ဘာလို့လိမ်ပြောရမှာလဲ။ အဲ့မှာ သူ(မ)ချစ်ရတဲ့သူရှိတယ်ဆိုပြီး သူ(မ)ကိုယ်တိုင် ငါ့ကိုပြောပြခဲ့တာ။"


"ငါ မယုံနိုင်သေးဘူး..."


ဆိုဖီယာက မယုံကြည်နိုင်ဖြစ်နေသော မယ်ရီကိုကြည့်ကာ သူ(မ)၏နှုတ်ခမ်းထက် လက်ညှိုးဖြင့်ဖိလိုက်၏။


"ငါက နင့်ကိုပဲပြောပြတာ။ နင့်ဘာသာနင် သိမ်းထားနော်။ ဟုတ်ပြီလား။"


"အိုး၊ ငါ သိပါပြီ။ ဒါဆို သူ(မ)က ဒါကို ညတိုင်းလုပ်နေတာလား။"


အယ်လီနာက တစ်ကြိမ်သာထွက်သွားခဲ့သော်လည်း ဆိုဖီယာက ခေါင်းညိတ်လိုက်၏။


"အင်း။"


"ဒီအကြောင်းကိုသိတာ နင်တစ်ယောက်တည်းရှိတာလား။"


"အင်း၊ ဒါပေမဲ့ လေဒီအယ်လီနာက ငါသိတယ်ဆိုတာကို မသိဘူး။ အဲ့ဒါကြောင့် ဒါကို နင်လျှို့ဝှက်ထားပေးနိုင်မလား။"


"သူ(မ)က အဲ့လိုလုပ်လိမ့်မယ်လို့ ငါ မယုံကြည်နိုင်သေးဘူး။"


"နင် ဘယ်သူ့မှပြောလို့မရဘူးနော်။"


ဆိုဖီယာက မယ်ရီကို လျှို့ဝှက်ထားဖို့ သတိပေးခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ထိုကောလာဟလက နှင်းဘောလုံးလေးလို ကြီးထွားလာမည်ဖြစ်ကြောင်း သူ(မ) သိပေ၏။ ပေါက်ကွဲနိုင်သော တစ်စုံတစ်ခုက ဖြစ်လာလိမ့်မည်။


ဆိုဖီယာတစ်ယောက် အရှုပ်အထွေးထဲမှာ ချောင်ပိတ်မိနေမည့် အယ်လီနာ၏ပုံရိပ်ကိုစိတ်ကူးကြည့်ကာ သူ(မ)၏အပြုံးကို ဖုံးဖိထားရသည်။


ငါ့ကို လျစ်လျူရှုတဲ့အတွက် သူ(မ) ပြန်ပေးဆပ်ရမယ်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment