ငါ အနာဂတ်ကိုပြောင်းလဲမယ် (၁)
အယ်လီနာ ဆုံးဖြတ်ချက်ချပြီးနောက် စိုးရိမ်ပူပန်မှုတို့ မြင့်တက်လာခဲ့သည်။ မင်းသားကာလိုင်း လုပ်ကြံခံရမည့်အချိန်က ယခုအချိန်နှင့် တစ်ထပ်တည်းကျနေခဲ့၏။ သူ အသတ်ခံရမည့် အချိန်အတိအကျကို သူ(မ) မသိသော်လည်း ထိုလုပ်ကြံမှုသည် ပုန်ကန်မှုမတိုင်ခင် လူပြောများသည့်ကိစ္စဖြစ်ရာ ကံကောင်းစွာဖြင့် တည်နေရာကိုတော့ မှတ်မိနေခဲ့သည်။
အချိန်ဖြုန်းနေလို့မဖြစ်ပေ။ ကာလိုင်း၏အသက်ကို ကယ်တင်ဖို့ သူ(မ)သာ အခွင့်အရေးကိုလွဲချော်သွားခဲ့လျှင် ကပ်ဘေးကြီးဖြစ်လာလိမ့်မည်။ ဘလေဆယ်ရဲတိုက်က မြို့တော်၏တောင်ပိုင်းမှာတည်ရှိပြီး ဤနေရာကနေ ထိုနေရာသို့ရောက်အောင် ရက်အနည်းငယ်ကြာ သွားရလိမ့်မည်။ သူ(မ) တတ်နိုင်သမျှ အမြန်ဆုံးသွားဖို့အပ်သည်။
"အစ်ကိုဒဲရက်က အခု လေ့ကျင့်ရေးဆင်းနေတာ ဟုတ်တယ်မလား။"
"ဟုတ်တယ်၊ အမြဲတမ်း အဲ့လိုပဲကို။ သူက တစ်နေ့လောက်ပဲ ဓားမကိုင်ရရင်တောင် သံချေးတက်သွားလိမ့်မယ်။"
မိုင်ယာဘယ်လာက ချစ်စရာကောင်းစွာ လျှာထုတ်ပြလာပြီး အယ်လီနာကတော့ ချစ်မြတ်နိုးစွာ ကြည့်နေခဲ့သည်။ အယ်လီနာ သူ(မ)၏ညီမလေးကို သိပ်လွမ်းခဲ့ရသည်။ စိုးရိမ်ပူပန်မှုကြောင့် ညီမလေးကိုပဲ မျက်စိဒေါက်ထောက်ကြည့်နေချင်သော်လည်း ယခု သူ(မ) အလျင်လိုနေ၏။ မိုင်ရာဘယ်လာ၏ဆံပင်လေးများကို ပွတ်သပ်ပေးကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
"မိုင်ယာဘယ်လာ၊ မမ တစ်နေရာရာကို ခဏလောက်သွားရမယ်။"
"ဟင်? မမက ဘယ်သွားမှာလဲ။"
"ရက်နည်းနည်းလောက်ပါပဲ။"
"အဲ့လောက်တောင်ကြာမှာလား။ ညီမလေး မမနဲ့လိုက်ခဲ့မယ်!"
မိုင်ယာဘယ်လာက အယ်လီနာ၏ညအိပ်ဂါဝန်ကို ဆုပ်ကိုင်ထားသည်။ မိုင်ယာဘယ်လာက အစောကြီးဆုံးပါးသွားသည့် သူ(မ)တို့၏အမေကို မမှတ်မိတာကြောင့် ဖြစ်နိုင်သော်လည်း ထိုမိန်းကလေးငယ်သည် ငယ်ငယ်လေးကတည်းက သူ(မ)၏အစ်မကြီးနှင့် ခွဲခွာရသည်ကို အလွန်မုန်းပေ၏။ အယ်လီနာကလည်း သူ(မ)၏အနောက်မှ မိုင်ယာဘယ်လာ တကောက်ကောက်လိုက်နေသည်ကို မမုန်းတီးပါချေ။ ၎င်းတို့၏ယခင်ဘဝ၌ ၎င်းတို့၏မိသားစု ပြိုလဲပျက်စီးသွားသည့်တိုင် သူ(မ)တို့ ခွဲခွာခဲ့ကြရသည်က လက်ချိုးရေလို့ရပေ၏။
မိုင်ရာဘယ်လာမရှိဘဲ ရှင်သန်နေထိုင်ရသည်က အလွန်အထီးကျန်လွန်းလှ၏။ အယ်လီနာ သူ(မ)၏ညီမလေးနှင့် ပူးကပ်နေပြီး သူ(မ)ပြောသမျှအရာအားလုံးကို နားထောင်ချင်သော်လည်း ယခုကတော့ ထိုသို့လုပ်ရန်အချိန်မဟုတ်ပေ။
"မမ တစ်ယောက်တည်းသွားမှရမှာ..."
သူ(မ) မင်းသားကာလိုင်းကိုကယ်တင်ဖို့ ရက်အနည်းငယ်လောက် အဝေးကိုသွားရမည်ဖြစ်သော်လည်း အကြောင်းအရင်းမရှိဘဲ ပျောက်ကွယ်သွားလို့မရပေ။ ဤသည်မှာ သူ(မ) ဓားသမားဖြစ်လာဖို့နှင့် သူ(မ) ဘာပဲလုပ်လုပ် အတားအဆီးမရှိသည့် အတိတ်ကဘဝလိုမျိုးမဟုတ်ပေ။ သူ(မ)က သူ(မ)၏လှုပ်ရှားမှုတိုင်းကို ပြောပြဖို့လိုအပ်သည့် မြို့စားမင်း၏သမီးတစ်ယောက်ဖြစ်သည်။
အယ်လီနာ၏ဦးနှောက်ထဲ အတွေးတစ်ခုဖြတ်ပြေးသွားပြီး အကြံတစ်ခုရလာ၏။
"မမ ဂျလင်းကို သွားတွေ့မှာမို့ ညီမလေးက အဲ့လောက်အဝေးကြီး ခရီးမသွားနိုင်ဘူးလေ။"
"ဂျလင်း?"
"အင်း၊ သူ(မ)ဆီကနေ မမ စာတစ်စောင်ရခဲ့ပေမဲ့ မမကိုယ်တိုင် အဲ့ကိုသွားသင့်တယ်လို့ထင်လို့။"
ဂျလင်းက ကျေးလက်တောရွာငယ်လေးမှာနေထိုင်သည့် ဘလေဆယ်မိသားစု၏ အဝေးကဆွေမျိုးတစ်ယောက်ဖြစ်သည်။ သူ(မ)က အယ်လီနာနှင့် မိုင်ရာဘယ်လာတို့ကို ချစ်ပြီး ခဏခဏ အလည်မလာတတ်သော်လည်း သူ(မ) တောင်ပိုင်းကိုရောက်လာတိုင်း ဘလေဆယ်ရဲတိုက်ဆီ ခရီးနှင်လာတတ်ပါ၏။ ဂျလင်းတစ်ယောက် သူ(မ)၏မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း အလွန်စိတ်လှုပ်ရှားနေတာကို အယ်လီနာ မှတ်မိနေပါသေးသည်။ အယ်လီနာ၏ ယခင်ဘဝတုန်းက သူ(မ)၏မင်္ဂလာပွဲနေ့မှာ သူ(မ)ကို ဂုဏ်ပြုဖို့ တက်ရောက်ခဲ့သော်လည်း ယခု ထိုအကြောင်းပြချက်ဖြင့် ဘလေဆယ်ရဲတိုက်ကနေ ထွက်ခွာခဲ့ရသည်။ ငယ်ငယ်လေးကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော ဂျလင်းသည် ဆင်ခြေကောင်းတစ်ခုပင်။
အယ်လီနာ မိုင်ယာဘယ်လာ၏မျက်နှာအား ထိတ်လန့်စွာစိုက်ကြည့်ကာ သူ(မ)၏မှတ်ဉာဏ်များ မှားနေမလားဟု စိုးထိတ်နေမိ၏။ ကံကောင်းစွာဖြင့် မိုင်ယာဘယ်လာက ဂျလင်း၏အကြောင်းကို သိထားပြီးသားဖြစ်သလို စိတ်မကောင်းသောအမူအရာဖြင့် ပြောလာခဲ့သည်။
"အဲ့ကို မမကိုယ်တိုင်သွားမှဖြစ်မှာလား။ မမစိုးရိမ်နေရင် တခြားတစ်ယောက်ယောက်ကို လွှတ်လိုက်လေ... တစ်ခုခုဖြစ်နေလားဆိုတာ သိရဖို့အတွက် အဲ့လောက်ခရီးအဝေးကြီး သွားစရာမလိုပါဘူး။ ပြီးတော့ ဒီအိမ်မှာက မမမရှိရင် မဖြစ်ဘူး။"
"မင်္ဂလာပွဲဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးအရာပဲ။ မမကိုယ်တိုင် သူ(မ)ဆီ သွားလည်ဖို့လိုအပ်လို့ပါ။"
"ဒါပေမဲ့..."
"ဂျလင်းမှာ ဆံပင်တွေအများကြီးရှိတာကြောင့် သူ(မ)က အဲ့ဒါကိုဂရုစိုက်ဖို့ နေ့တိုင်း စိုးရိမ်ကြောင့်ကြနေတာ။ မမ အဲ့ကို လူကိုယ်တိုင်သွားလိုက်ရင် သူ(မ)အတွက် အကူအညီဖြစ်တာပေါ့။"
"...ဟင့်။"
မိုင်ယာဘယ်လာက သဘောမတူသလိုမျိုး နှုတ်ခမ်းစူလာတာကြောင့် အယ်လီနာ သက်ပြင်းချလိုက်လေသည်။ အနာဂတ်ကသာ မင်းသားကာလိုင်းကိုကယ်တင်ခြင်းအပေါ် မူတည်မနေပါလျှင် သူ(မ)၏ညီမလေးကို အချိန်အတော်ကြာ ထားရစ်ခဲ့မှာမဟုတ်ပေ။
"ငါ့ရဲ့မမကတော့ သိပ်ကိုကောင်းလွန်းတယ်။"
အယ်လီနာ ထိုစကားကြောင့် ဖျော့တော့စွာ ပြုံးလိုက်မိသည်။ သူ(မ)၏မိသားစုအတွက် ကမ္ဘာလောကကြီး သွေးချောင်းစီးမှာကိုတောင် သူ(မ) ဂရုမစိုက်ရာ 'ကောင်းတယ်' ဆိုသောစကားလုံးက သူ(မ)နှင့် အလှမ်းကွာဝေးလွန်းပါ၏။ မင်းသားကာလိုင်းကိုကယ်တင်ဖို့ သူ(မ)၏လက်မှာ ဘယ်လောက်ထိသွေးစွန်းမလဲဆိုသည်ကို မှန်းဆဖို့ရာ မဖြစ်နိုင်သော်လည်း အယ်လီနာ အပြစ်ကင်းစင်စွာပြုံးလိုက်သည်။
"မမပြန်လာရင် လက်ဆောင်ယူလာခဲ့ပေးမယ်။"
"တကယ်နော်? ညီမလေး အဲ့ဒါကို စောင့်မျှော်နေမယ်။"
"အင်း၊ ညီမလေး သဘောကျမဲ့ဟာကို မမယူလာခဲ့မှာမို့ စိတ်ရှည်ရှည်စောင့်နေနော်။"
"ရေး!"
မိုင်ယာဘယ်လာတစ်ယောက် အယ်လီနာထွက်ခွာသွားမှာကို သဘောမတူသည်အား လုံးဝမေ့လျော့သွားသကဲ့သို့ မကြာခင်ဖူးပွင့်တော့မည့် ပန်းလေးတစ်ပွင့်နှယ် တောက်ပစွာ ပြုံးပြလာခဲ့သည်။ ဟုတ်ပါသည်၊ အယ်လီနာ ဤအပြုံးလေးကိုကာကွယ်ဖို့ ငရဲပြည်မှနတ်ဆိုးဖြစ်လာမှာကို မမှုပါချေ။
"ဒါဆို အိမ်မှာ ငြိမ်ငြိမ်လေးနေပြီး စောင့်နေနော်။ ဖေဖေပြန်လာရင် ဂျလင်းရဲ့မင်္ဂလာဆောင်ကိစ္စကို ကူညီဖို့သွားတာလို့ပြောပေးဦး။"
"ဟုတ်၊ မမ မြန်မြန်ပြန်လာခဲ့နော်။"
"ဟုတ်ပါပြီ။ မမ ဒဲရက်ကို နှုတ်ဆက်ပြီးတာနဲ့ သွားတော့မယ်။"
"သွားတော့မလို့လား။"
"မမ စောစောသွားလေ မြန်မြန်ပြန်လာလို့ရလေပဲလေ။"
မိုင်ရာဘယ်လာ၏အမူအရာက ဆူပုတ်ပုတ်ဖြစ်သွားသော်လည်း မကြာမီ အတွေးတစ်ခုရကာ ပြန်လည်တောက်ပလာခဲ့သည်။
"ဒါဆို မမ လမ်းမှာ နေ့လယ်စာစားလို့ရအောင် စားဖိုမှူးကို ပြင်ခိုင်းလိုက်မယ်။"
"မလိုပါ-"
"မမ ဒဲရက်ကို သွားနှုတ်ဆက်နေတဲ့အချိန်အတွင်း ပြီးစေရမယ်!"
မိုင်ယာဘယ်လာတစ်ယောက် အလျင်အမြန် ထွက်သွားခဲ့၏။ အယ်လီနာက သူ(မ)ထွက်သွားတာကိုကြည့်ကာ ဝမ်းနည်းကြေကွဲစွာ ပြုံးလိုက်မိသည်။
မိုင်ယာဘယ်လာက ဘယ်တုန်းကမှ ကောင်းကောင်းမပြေးနိုင်ခဲ့သော အားနည်းသည့် ကလေးတစ်ယောက်ဖြစ်သည်။ ဆယ့်ခုနစ်နှစ်ရှိနေပြီဖြစ်သော်လည်း ပိန်လွန်း၊ သေးကွေးလွန်းသဖြင့် အသက်ဆယ့်လေးနှစ်ဟုသာ ထင်ရပေသည်။ သူ(မ)တတ်နိုင်သလောက် ဖြည်းဖြည်းချင်း ပြေးသွားတာကို အယ်လီနာ စိတ်ပူနေသော်လည်း သူ(မ)၏အားထုတ်မှုကြောင့် စိတ်လှုပ်ရှားသွားခဲ့ရ၏။ ယခုလိုကြင်နာမှုလေးကို မြင်လိုက်ရတိုင်း သူ(မ) အတိတ်ဆီကို တကယ်ပြန်ရောက်လာသည်အား သတိပြုမိသွားခဲ့သည်။
အယ်လီနာ ကျေးဇူးတင်နေမိပြီး အသိစိတ်ပြန်ဝင်ကာ သူ(မ)၏စားပွဲမှာ ဝင်ထိုင်လိုက်သည်။ သူ(မ)သည် ဂျလင်း၏မင်္ဂလာပွဲကို ကူညီပေးမည့်ဆင်ခြေဖြင့် အိမ်ကနေထွက်ခွာထို့ စီစဥ်ထားသော်လည်း သူ(မ)ဆီကို အမှန်တကယ်သွားရောက်ဖြစ်ပါ့မလားကို သူ(မ)မသိပေ။ ထို့ကြောင့် ဂျလင်းဆီကို အလှပြင်ဆရာတစ်ယောက် ပို့ပေးကာ နောက်ပိုင်း ခက်ခဲသောကိစ္စများကို ရှောင်ရှားလို့ရအောင် သူ(မ)အား ကြိုတင်ပြီးအသိပေးထားဖို့ စီစဥ်ခဲ့လေသည်။ အယ်လီနာ ဂျလင်းဆီကို စာတစ်စောင်ရေးကာ သူ(မ)၏မင်္ဂလာပွဲကို လာရောက်ကူညီမည့်အကြောင်းနှင့် နောက်ထပ် မြို့တော်ရှိ နာမည်အကြီးဆုံး ဆံပင်အလှပြင်ဆိုင်ဆီသို့ စာတစ်စောင်ရေးခဲ့၏။ စာနှစ်စောင်အား မြို့စားဘလေဆယ်၏ တံဆိပ်နှင့် ချိတ်ပိတ်ပြီး ချက်ချင်းပို့ဆောင်စေလိုက်သည်။
*
*
*
"ဟ့!"
လေ့ကျင့်ရေးခန်းမထဲ၌ ချွေးနံ့များ၊ အမောတကောအသက်ရှူသံများဖြင့် ပြည့်နှက်နေ၏။ အစုအဖွဲ့အဖြစ် သူရဲကောင်းများ လေ့ကျင့်ကြသော ကြီးမားကျယ်ပြန့်သည့် နေရာများနှင့်မတူဘဲ နောက်တက်မည့်မြို့စား၊ သူ(မ)၏အစ်ကိုကြီးဖြစ်သူ ဒဲရက်သည် ဤနေရာကို ပိုပြီးသဘောကျပေ၏။ သူက လေ့ကျင့်ရေးထဲမှာပဲ နစ်မြုပ်နေရာ အယ်လီနာချဥ်းကပ်လာတာကို သတိမပြုမိချေ။ သူ(မ)က အခိုက်အတန့်တစ်ခုလောက်ထိ ဘာမှမပြောဘဲ သူ့အား တိတ်တဆိတ်လေ့လာနေခဲ့၏။
"...အစ်ကို။"
သူ(မ) တစ်ယောက်တည်းရှင်သန်ခဲ့ရသည့် အချိန်ကာလများတွင် သူ(မ)၏နှလုံးသားထောင့်စွန်းလေး၌ ဒဲရက်အပေါ် အငြိုးတရားတို့ကို သိမ်းဆည်းထားခဲ့မိသည်။ သူက သူ(မ)အား မိုင်ယာဘယ်လာကိုကယ်တင်ဖို့ တားဆီးခဲ့သည့်အပြင်...
သူက သူ(မ)ကိုကယ်တင်ဖို့ အသေခံခဲ့လေ၏။
အယ်လီနာ ရဲတိုက်ထဲနေ ဆွဲထုတ်ခံခဲ့ရပြီး အန္တရာယ်များကြား မိုင်ယာဘယ်လာကို ချန်ထားရစ်ခဲ့ရသည်။ အယ်လီနာ အိပ်မက်နှင့် လက်တွေ့ကိုတောင် မဝေခွဲနိုင်လောက်အောင် အလွန်မှင်တက်နေမိခဲ့၏။ အစေခံများ၏ အော်ဟစ်ငိုကြွေးသံများက လေထုထဲ ပျံ့နှံ့နေပြီး သွေးအနံ့များက သူ(မ)၏နှာခေါင်းတစ်ဝိုက် ဝေ့ဝဲနေလေ၏။ သူရဲကောင်းများ၏ ခြေသံများနှင့် အော်ဟစ်သံများလည်း ရှိခဲ့ပေသည်။
အယ်လီနာက မြို့စားမင်း၏ သာမန်သမီးတစ်ယောက်ဖြစ်ပြီး ထိုအိပ်မက်ဆိုးကနေ ခိုကိုးရာမဲ့နေခဲ့၏။ နောက်ဆုံးတွင် ဒဲရက်က လက်မြှောက်ကာ သူ(မ)၏ပါးကိုရိုက်ချလိုက်သည်။ ကျယ်လောင်သောအသံနှင့်အတူ သူ(မ)၏ဦးခေါင်းက လည်ထွက်သွားသည်။ တစ်ခါမှ အရိုက်မခံခဲ့ဖူးသော သူ(မ)၏ပါးပြင်က ချက်ချင်းအနီရောင်ပြောင်းသွားသော်လည်း သူ(မ)၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ ဒဲရက်က သူ(မ)၏မျက်နှာကို လက်နှစ်ဖက်လုံးနှင့်ဆုပ်ကိုင်ပြီး သူ(မ)၏မျက်လုံးကို တည့်တည့်ကြည့်ကာ လေးလေးနက်နက်ပြောလာခဲ့သည်။
-အယ်လီနာ၊ ငါ အချိန်ဆွဲပေးထားမှာမို့ ညီမလေးက လွတ်အောင်ပြေးရမယ်။ အနောက်ကို ပြန်လှည့်မကြည့်ဘဲ အာဒန်ကိုသွား။ ငါတို့မိသားစုရဲ့ လုံခြုံရေးအိမ်က အဲ့မှာရှိတယ်။ အဲ့ဒါကြောင့် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မသိမချင်း သေချာပုန်းနေ။
ဒဲရက်ပြောနေသည်တို့ကို သူ(မ) အပြည့်အဝ နားမလည်သော်လည်း သူ၏ ကြောက်မက်ဖွယ်ရာမျက်လုံးများကိုကြည့်ကာ သူ(မ) ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် ခြေသံများ ချဥ်းကပ်လာပြီး ဒဲရက်က သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ သူက သူ(မ)ကို လှည့်ကြည့်ကာ နောက်ထပ်ပြောလာခဲ့လေ၏။
-သွားတော့။ သွားပြီး အသက်ဆက်ရှင်နေရမယ်၊ ညီမလေး။
ဤသည်မှာ သူ့ကို နောက်ဆုံးအကြိမ်တွေ့ခဲ့ရခြင်းပင်။ တဖြည်းဖြည်းချင်းဝေးကွာသွားသော သူ(မ)အစ်ကို၏နောက်ကျောကို ကြည့်နေပြီးနောက် ပြန်လှည့်ကာ ဆန့်ကျင်ဘက်အရပ်သို့ ပြေးသွားခဲ့သည်။ သူ(မ) အသက်မရှင်ချင်သော်လည်း အလွန်ထိတ်လန့်နေခဲ့ပြီး သူ(မ)အစ်ကို၏အမိန့်များကိုသာ နာခံခဲ့သည်။ သူ(မ)၏အကြောက်တရားတို့ကိုဖြတ်ကာ သူ(မ)၏စုတ်ပြဲနေသောဂါဝန်၊ သွေးများစွန်းနေသော ခြေဗလာတို့ကို မြင်လိုက်ရတော့မှ သူ(မ)၏အစ်ကိုဒဲရက်က သူ(မ)အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခံခဲ့ခြင်းဖြစ်ကြောင်း သူ(မ) သတိပြုမိလိုက်သည်။ သူ(မ) ဘာကိုမှ မမြင်နိုင်သော်လည်း ပိန်းမှောင်နေသော တော်အုပ်ထဲကိုဖြတ်ကာ ဆက်လက်ပြေးနေမိသည်။ ထိုအမှောင်ယံညက အယ်လီနာ၏မှတ်ဉာဏ်ထဲတွင် ကြောက်စရာအကောင်းဆုံးညတစ်ညပင်။
နောက်ပိုင်းမှ သူ(မ)အဖေနှင့် အစ်ကို၏အလောင်းများကို အားလုံးမြင်တွေ့နိုင်ရန် နံရံပေါ်မှာ ချိတ်ဆွဲထားကြောင်း သူ(မ)သိလိုက်ရ၏။ သူတို့ကို မြင်တွေ့လိုက်ရချိန်မှာ သူ(မ)၏သွေးများ မရှိတော့သလို ခံစားလိုက်ရသည်။ သူ(မ)၏ပါးစပ်မှ အော်သံလေးတစ်ချက်တောင် ထွက်မလာနိုင်ခဲ့ဘဲ သူ(မ)အပေါ်သို့ မိုးပြိုကျလာသကဲ့သို့ပင်။ အယ်လီနာ သူ(မ)၏မိသားစုနောက်ကို လိုက်ချင်သော်လည်း သူ(မ)ကိုယ်သူ(မ) သတ်မသေနိုင်လောက်အောင်ထိ ခါးခါးသီးသီးဒေါသထွက်နေခဲ့သည်။ သူ(မ)၏အစ်ကိုက သူ(မ)ကို အသက်ရှင်သန်စေချင်ခဲ့၏။
အသက်ရှင်နေရခြင်းက ငရဲတစ်ခုပင်။ သူ(မ)နှင့်အတူ သူ(မ)မိသားစု၏ သေခြင်းတရားကို ထမ်းပိုးထားဖို့က လေးလံပြီး ခက်ခဲပေ၏။ သူ(မ)ကို ကယ်တင်ခဲ့ပြီး သူ၏အသက်ကို စတေးသွားသည့် သူ(မ)၏အစ်ကိုကို မကျေမနပ်ဖြစ်လာခဲ့လေသည်။
ဒဲရက်က အမြဲလိုလို ကြောက်စရာကောင်းပြီး စကားပြောရခက်သည့်လူတစ်ယောက်ဖြစ်သလို မြို့စားမင်း၏အမွေဆက်ခံသူဖြစ်သည့်အလျောက် သူ(မ)၏အဖေလိုပဲ ပြတ်သားပေသည်။ အယ်လီနာငယ်စဥ်ကတည်းက သူသည် ကျေးဇူးတင်ပါတယ်၊ သို့မဟုတ် တောင်းပန်ပါတယ် ဆိုသောစကားတို့ကို ပြောခဲပေ၏။ ထိုအချိန်က သူရဲကောင်းအားလုံးက ယခုလိုပဲလားဟု အယ်လီနာ သိချင်နေခဲ့သည်။
သို့သော် အဆုံးသတ်တွင် သူက သူ(မ)အတွက် သူ့ကိုယ်သူစတေးခဲ့၏။ အယ်လီနာ သူ့အား ကျေးဇူးတရားနှင့် နာကြည်းချက်တို့ကို ဖော်မပြနိုင်သလို သူ့ကိုပြောချင်နေသော စကားလုံးတို့က သူ(မ)၏နှလုံးသားထဲမှာ စုပုံနေခဲ့သည်။ ရယ်စရာကောင်းသည့်အချက်မှာ သူသေသွားတော့မှ သူ(မ) သူ့ကို မည်မျှထိချစ်မြတ်နိုးကြောင်း သတိပြုမိခဲ့ခြင်းပင်။ သူ(မ)ကို တစ်ယောက်တည်း ချန်ရစ်ခဲ့သည့်အတွက် သူ့ကို အပြစ်တင်နေခဲ့သည်...
သူ(မ) သူ့ကို ခါးခါးသီးသီး ဒေါသထွက်သလောက်လည်း သူ့ကို လွမ်းနေခဲ့ပါသည်။
"ရောက်နေတာ ကြာပြီလား။"
ဒဲရက်က အယ်လီနာ၏တည်ရှိမှုကို သတိပြုမိသွားပြီး သူ(မ)၏အတွေးတို့ကို သူ၏လေသံတိုးတိုးလေးဖြင့် ဝင်ရောက်နှောင့်ယှက်လိုက်သည်။ သူ(မ) ပြန်မဖြေခင် လည်ချောင်းရှင်းလိုက်၏။
"စောစောလေးကမှပါ။"
"ဘာကိစ္စရှိလို့လဲ။"
သူ၏တဲ့တိုးဆန်သော စကားပြောဆိုပုံကြောင့် အတိတ်တုန်းကလို လက်ပေါက်ကပ်သည့်သူဟု မခံစားရတော့ဘဲ သူ(မ)၏နှလုံးသားမှာ နွေးထွေးသွားခဲ့သည်။
"ညီမ ဂျလင်းရဲ့မင်္ဂလာပွဲကို ကူညီပေးဖို့ ရက်နည်းနည်းလောက် အဲ့ကိုသွားမလို့။ အဲ့ဒါ အစ်ကို့ကို လာနှုတ်ဆက်တာ။"
"အင်း၊ ဂရုစိုက်ပြီးသွား။"
ဒဲရက်က စိတ်မဝင်စားသလိုအမူအရာဖြင့် သူ၏ဓားကို သန့်ရှင်းနေ၏။ အယ်လီနာ လှည့်ထွက်လာပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်တန့်ကာ သူ့ကိုပြန်လှည့်ကြည်လိုက်သည်။ လက်ရှိဒဲရက်နှင့် ယခင်ဘဝက ဒဲရက်တို့သည် နှစ်ဦးလုံးထပ်တူညီနေကြောင်း သူ(မ) တွေ့လိုက်ရ၏။
"အစ်ကို။"
"...?"
သူ့အတွက် ထိုစကားဝိုင်းက ပြီးဆုံးသွားပြီဟု ထင်နေရာ သူက အယ်လီနာကို အံ့သြတကြီးကြည့်လာသည်။ ထို့နောက် တောက်ပနေသော နေရောင်ထဲမှာ လှိုင်းထနေသော ရွှေအိုရောင်ဆံပင်၊ ကျောက်မျက်လို တဖျပ်ဖျပ်တောက်ပနေသော အနီရောင်မျက်လုံးများနှင့် အယ်လီနာက မြင်ကွင်းထဲ ရောက်လာခဲ့လေ၏။
"... အစ်ကို့ကို တကယ် ကျေးဇူးတင်ပါတယ်။"
"ဘာကြီး?"
ဒဲရက်က ကြောင်အမ်းသွားသော်လည်း အယ်လီနာက လျှို့ဝှက်သောအကြည့်ဖြင့် ထွက်သွားခဲ့လေသည်။ ဒဲရက်တစ်ယောက် ခေါင်းလေးစောင်းငဲ့လိုက်၏။ အယ်လီနာက မနေ့ကနှင့် ကွဲပြားနေသည်။ သူ(မ)သည် သူ၏ အဖိုးတန်နှမကလေးဖြစ်သော်လည်း သိပ်ပြီးမရင်းနှီးချေ။ တဖြည်းဖြည်း ဝေးကွာသွားသော သူ(မ)၏ကျောပြင်ကိုကြည့်ကာ စိုးရိမ်သောအသံဖြင့် တီးတိုးရေရွတ်လိုက်၏။
"ဒါနဲ့ သူ(မ)က အစောင့်တွေကိုလည်း ခေါ်သွားမဲ့ပုံမပေါ်ဘူး။"
*****
Aurora Novel Translation Team