ငါ အနာဂတ်ကိုပြောင်းလဲမယ် (၂)
အယ်လီနာ သူ(မ)အစ်ကိုနှင့်တွေ့ဆုံပြီးနောက် ဓား၊ လှံ၊ လေးမြား စသည်ဖြင့် လက်နက်မျိုးစုံ သိုလှောင်ထားသော လက်နက်တိုက်သို့ သွားခဲ့သည်။ သာမန်လူများ ဝင်ရောက်ခြင်းကို တားဆီးထားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘလေဆယ်ရဲတိုက်၌ သူ(မ) မသွားနိုင်သည့်နေရာဟူ၍ မရှိပါချေ။ သို့သော်လည်း လူတိုင်း၏မျက်လုံးများကို ရှောင်ရှားရန် သပ်ရပ်စွာခင်းကျင်းထားသော လက်နက်များကို ဖြတ်ကျော်၍ အခန်း၏ အတွင်းအကျဆုံးနေရာသို့ သွားခဲ့၏။ မှောင်မိုက်ကာ ကျဥ်းမြောင်းသော ထောင့်ချိုးများကို ဖြတ်ကျော်လာပြီးနောက် ခမ်းနားစွာ ချိတ်ဆွဲထားသော ပိန်းပိတ်အောင်မည်းမှောင်နေသည့် ချပ်ဝတ်တန်ဆာကို တွေ့လိုက်ရသည်။
ထိုချပ်ဝတ်တန်ဆာက မည်မျှထူးခြားကြောင်း အယ်လီနာသိပါ၏။ အယ်လီနာ ကလေးဘဝတုန်းက သူ(မ)၏အမေ အသုံးပြုခဲ့သော ချပ်ဝတ်တတ်ဆာပင်။ ထိုချပ်ဝတ်တန်ဆာပြုလုပ်ရန် အသုံးပြုထားသော သတ္တုက တရားဝင်သူရဲကောင်းများတောင် မတတ်နိုင်လောက်အောင် အလွန်စျေးကြီးပြီး သန့်စင်လွန်းလှသည်။ သူ(မ) ဓားသမားဖြစ်လာချိန်မှသာ ၎င်း၏တန်ဖိုးကို သိရှိခဲ့ရသော်လည်း သူ(မ) မဝတ်လိုက်ရခင်မှာပင် ယူဆောင်သွားခံခဲ့ရသည်။
ချပ်ဝတ်တန်ဆာပေါ် လက်ကလေးတင်လိုက်တာနှင့် စိတ်ခံစားချက်တို့ လှိုင်တက်လာပြီး သူ(မ)၏မျက်လုံးများ စိုစွတ်လာခဲ့၏။ အေးစက်ပြီး မာကျောသောအထိအတွေ့က သူ(မ)၏မှတ်ဉာဏ်များကို မွှေနှောက်ခဲ့ပေသည်။ ကလေးဘဝတုန်းက သူ(မ)သည်လည်း ချပ်ဝတ်တန်ဆာဝတ်ဆင်ဖို့ တွေးခဲ့သော်လည်း သူ(မ)၏အမေ ကွယ်လွန်သွားပြီးနောက် သူ(မ)၏အဖေက အမျိုးသမီးများ ဓားကိုင်ပြီးတိုက်ပွဲဝင်မှာကို ဆန့်ကျင်ခဲ့သည်။ ထို့အကြောင်းပြချက်ကြောင့် သူ(မ)သည် သူရဲကောင်းမိသားစုမှာ မွေးဖွားလာသော်ငြား ဓားရေးကို တစ်ခါမှ မသင်ခဲ့ရပေ။ ဤသည်မှာ ကံကြမ္မာဖြစ်လောက်သည်။ အတိတ်ကို ပြန်တွေးပြီးနောက် ထိုချပ်ဝတ်တန်ဆာကိုယူကာ သူ(မ)၏ ကြီးမားလှသောအဝတ်အိတ်ထဲသို့ ထည့်ခဲ့လေ၏။
'ဖေဖေ မေမေ့ကို လွမ်းဆွတ်နေပြီး သူ(မ)ရဲ့ အဖိုးတန်ပစ္စည်းတွေကို မသုံးရက်ဘူးဆိုတာ သမီးသိပါတယ်၊ ဒါပေမဲ့ သူ့ကိုကယ်ဖို့ သမီး ဒါကိုသုံးမှဖြစ်မှာ။'
ထို့ပြင် သူ(မ)၏ခန္ဓာကိုယ်က ယခင်ဘဝကလောက် ရုပ်ပိုင်းဆိုင်ရာမသန်မာပါချေ။ ထို့ကြောင့် သူ(မ)ကို ကာကွယ်ပေးဖို့ ကောင်းမွန်သည့်ချပ်ဝတ်တန်ဆာလိုအပ်သည်။
အဝတ်အိတ်ထဲသို့ အနက်ရောင်ဦးဆောင်းကို ထည့်ပြီးနောက်တွင် အသုံးမပြုရသေးသော ဓားတစ်လက်ကို ရွေးချယ်ခဲ့သည်။ အတိတ်ကို ပြန်ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ဓားကိုင်ဖူးခြင်းဖြစ်သော်လည်း သူ(မ)အတွက်တော့ မနေ့တစ်နေ့ကလိုပင်။ အသားမာများမရှိသော လက်ဖဝါးနုနုလေးက မာကျောသောလက်ကိုင်ကို ဆုပ်ကိုင်လိုက်သော်လည်း သူ(မ)စိတ်ထဲတွင် ထူးထူးဆန်းဆန်း နားလည်နေပေ၏။ သူ(မ)၏လေ့ကျင့်ရေးများက သူ(မ)ကို ထားမသွားသည်က ကံကောင်းတာပင်။
အယ်လီနာ ဓားအိမ်ထဲကနေ ဓားကိုဆွဲထုတ်လိုက်ရာ ထိုဓားသွားထက်၌ သူ(မ)၏မျက်နှာ ထင်ဟပ်နေသည်။ ထိုအမျိုးသမီး၏မျက်နှာက အတိတ်တုန်းက အေးစက်နေသည့် ဓားသမားနှင့် အများကြီးကွဲပြားသော်လည်း သူ(မ)နှလုံးသားထဲက ဆုံးဖြတ်ချက်တို့မှာ အရင်ကထက်ပင် ပို၍ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။ အယ်လီနာ ဓားကို လေထဲမှာ အကြိမ်အနည်းငယ် လွှဲယမ်းလိုက်ပြီး သူ(မ)ဘာသာသူ(မ) တီးတိုးရေရွတ်နေခဲ့၏။
"... ငါ့လက်ရည်က တစ်ဝက်လောက်ကျသွားပြီ။"
ဤခန္ဓာကိုယ်လေး၌ သူ(မ)၏အရှိန်နှင့် အင်အားတို့မှာ အကန့်အသတ်ရှိ၏။ သို့သော်လည်း သူ(မ) အသက်အန္တရာယ်ကို စွန့်စားခဲ့ရသော စစ်ပွဲများမှာ မရေမတွက်နိုင်အောင်ရှိပြီး ဓားအား အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်း လွှဲယမ်းခဲ့ဖူးသည်။ သူ(မ) မည်မျှပင်အားနည်းကာ နှေးကွေးနေပါစေ၊ သူ(မ)၏ဓားအား မည်သည့်နေရာကို လွှဲယမ်းရမလဲဆိုသည်အား အတိအကျသိပါ၏။ သူ(မ)အတွက် အနိုင်ရနိုင်ခြေမမြင့်သော တိုက်ပွဲများလည်း တစ်ကြိမ်ထက်မကရှိခဲ့ဖူးပြီး ဆိုးဝါးသောအခြေအနေများမှာတောင် အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။
တိုက်ပွဲတစ်ခုမှာဆို ၎င်းတို့၏ရိက္ခာထောက်ပံ့ရေးတပ်ဖွဲ့က သုတ်သင်ခံလိုက်ရတာကြောင့် သုံးရက်၊ သုံးည အငတ်နေခဲ့ရပြီး တချို့မှာ အားအင်ပြတ်လပ်ကာ မလှုပ်ရှားနိုင်ခဲ့တော့ပေ။ သို့သော် ၎င်းတို့တွေ ရှင်သန်ခဲ့ကြ၏။ ဤကဲ့သို့ နှစ်ပေါင်းများစွာကြာ ခံနိုင်ရည်ရှိခဲ့ပြီးနောက် ယခုလက်ရှိတွင် လေ့ကျင့်မှုမရှိသောခန္ဓာကိုယ် ဖြစ်လင့်ကစား၊ အရည်အချင်းများ ပျောက်ကွယ်မသွားသေးပေ။ သူ(မ)၏ ခွန်အားတို့ သိသိသာသာ ကျဆင်းသွားသော်လည်း အတွေ့အကြုံနှင့် ဗီဇတို့ကြောင့် အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ပေလိမ့်မည်။
အယ်လီနာ သူ(မ)၏ဓားအား အဝတ်အိတ်ထဲ ပြန်ထည့်ကာ အလွယ်တကူဖွင့်လို့မရအောင် အသေချည်လိုက်၏။ ရုတ်တရက်ဆိုသလို သူ(မ)ဘာသာ အိတ်အကြီးကြီးကို သယ်သွားလျှင် အာရုံစိုက်စရာဖြစ်နေလိမ့်မည်မှန်း သတိရမိလိုက်သည်။ သူ(မ)၏ မာကျောသောလူသတ်သမားစိတ်ဓာတ်ကို အလွယ်တကူ မဖယ်ရှားနိုင်ခဲ့သော်လည်း ယခု သူ(မ)က မင်းမျိုးမင်းနွယ်တစ်ယောက်ဆိုတာကို မေ့ထားလို့မရပေ။ လက်နက်တိုက်ကထွက်ကာ ဖြတ်သွားသောအစေခံတစ်ယောက်ကိုခေါ်၍ ထိုအိတ်အကြီးကြီးကို ညွှန်ပြလိုက်သည်။
"ဒါကို ငါ့ရဲ့ရထားလုံးထဲ သယ်ခဲ့ပေး။"
"ဒါတွေက ဘာပစ္စည်းတွေပါလဲ၊ သခင်မလေး။"
"ဂျလင်းအတွက် လက်ဆာင်တွေပါ။"
"အဲ့လောက်တောင်များတာလား။ ဂျလင်းမြင်ရင်တော့ ဝမ်းသာသွားတော့မှာပဲ။"
အဝတ်အိတ်၏အရွယ်အစားနှင့် အလေးချိန်က အမျိုးသမီးတစ်ဦးအတွက် လက်ဆောင်ပေးရန် အနည်းငယ်ထူးဆန်းနေသော်လည်း အစေခံက များများစားစားတွေးမနေဘဲ အယ်လီနာ၏အမိန့်အတိုင်း ဆောင်ရွက်ခဲ့သည်။ အဝတ်အစားများနှင့် အခြားသော အသုံးအဆောင်များထည့်ထားသည့် ခရီးဆောင်အိတ်များအားလုံးကို တခြားအစေခံများက တင်ထားပြီးဖြစ်၏။ လိုအပ်သောအရာမှန်သမျှ တင်ပြီးကြောင်း အယ်လီနာ အတည်ပြုလိုက်ပြီးနောက် ရထားလှည်းပေါ် တက်သွားလေသည်။
"နေပါဦး။"
မိုင်ယာဘယ်လာတစ်ယောက် လက်တစ်ဖက်က ဂါဝန်စကိုကိုင်မပြီး နောက်တစ်ဖက်က ခြင်းတောင်းကြီးကိုကိုင်ကာ သူ(မ)ဆီ ပြေးလာနေသည်။ အယ်လီနာ အမောတကောပြေးလာနေသော မိုင်ယာဘယ်လာကို မြင်လိုက်ရသောအခါ ရထားလုံးပေါ်မှ ပြန်ဆင်းပြီး သူ(မ)လာနေရာဆီ ပြေးသွားလိုက်သည်။
"မိုင်ယာဘယ်လာ၊ ဂရုစိုက်ဦး။ ထိခိုက်လိမ့်မယ်။"
သို့သော် မိုင်ယာဘယ်လာကတော့ အယ်လီနာ့ရှေ့မရောက်မချင်း အရှိန်မလျှော့ခဲ့ပေ။ သူ(မ)က အသက်ပြင်းပြင်းရှူကာ သူ(မ)၏အစ်မကို တောက်ပစွာပြုံးပြလိုက်သည်။
"မမကို ဘာမှမစားဘဲနဲ့ မသွားစေချင်ဘူး။ အဲ့ဒါကြောင့် ဒါလေးတော့ယူသွား။"
မိုင်ယာဘယ်လာက သူ(မ)အား ခြင်းတောင်းပေးလာရာ အယ်လီနာ ရှုပ်ထွေးစွာဖြင့် ယူလိုက်ရသည်။ ခြင်းတောင်း၏အလေးချိန်က တော်တော်လေးဝိတ်ပါပေသည်။
"အချိန်တိုလေးအတွင်းကို ဒီလောက်အများကြီး ပြင်ဆင်လာတယ်။ စားတော်ပွဲကြီးအတိုင်းပဲ။"
"ညီမလေးကို နေ့တိုင်း ကောင်းကောင်းစားတာက ကျန်းမာရေးကောင်းစေတယ်ဆိုပြီး ပြောပြောနေတာက ဘယ်သူလဲ။"
အယ်လီနာ ယာယီ ဆွံအသွားလေသည်။ ဤသည်မှာ အစားအသောက်နည်းသော မိုင်ယာဘယ်လာကို သူ(မ) ပြောနေကျစကားပင်။
မိုင်ယာဘယ်လာ သူ(မ)၏အစ်မကို အချိန်ဆွဲနေမိကြောင်း သတိပြုမိလိုက်ပြီး အယ်လီနာ့အား ရထားလုံးထဲ အလျင်အမြန် တွန်းတင်လိုက်၏။
"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့နော်။ ညီမလေးဖို့ လက်ဆောင်ယူခဲ့ဖို့လည်း မမေ့ခဲ့နဲ့ဦး။"
အထဲကို အသွင်းခံလိုက်ရပြီးနောက် အယ်လီနာ ပြတင်းတံခါးကနေ သူ(မ)၏ညီမကို ကြည့်လိုက်သည်။
"... မကြာခင် ပြန်လာခဲ့မယ်။"
"အင်း၊ ဂရုစိုက်ဦးနော်၊ မမ။"
ရထားလုံးကြီးက ထွက်ခွာသွားပြီး မိုင်ယာဘယ်လာက နှုတ်ဆက်လက်ပြနေခဲ့၏။ အယ်လီနာ ပြတင်းပေါက်ကနေခေါင်းထုတ်ကာ သူ(မ)၏ညီမကို မတွေ့ရတော့သည်အထိ ကြည့်နေခဲ့သည်။ သူ(မ) ပြန်လာခဲ့မည်ဟု ကတိပေးလိုက်သည့်အချိန်မှာ ငိုချင်လာခဲ့၏။ သူ(မ)မှာ ပြန်စရာနေရာတစ်ခု ရှိလာတာကို မယုံကြည်နိုင်သေးပေ။
အယ်လီနာ သူ(မ)၏ပေါင်ပေါ်မှ ခြင်းတောင်းကို သတိရလိုက်မိ၏။ ထို့နောက် ခြင်းတောင်းကို သူ(မ)၏ဘေးမှာချကာ အထဲက အစားအစာများကို တစ်ခုချင်းထုတ်ယူလိုက်သည်။ ဆလတ်ရွက်နှင့် ကြက်သားသုပ်၊ ဝက်ပေါင်ခြောက်အသားညှပ်ပေါင်မုန့်၊ ကြက်ဥပြုတ်များ၊ အလှဆင်ထားသော ထမင်းဆုပ်များ၊ သေသေချာချာ လှီးဖြတ်ထားသော သစ်သီးများ ပါဝင်ပေသည်။ မိုင်ယာဘယ်လာ၏နေ့လယ်စာထမင်းဘူးက အယ်လီနာ့အကြိုက်များအားလုံးနှင့် မဆုံးနိုင်သော စားတော်ပွဲကြီးနှယ်။
"..."
သူ(မ)သည် ရထားလုံးထဲမှာ အစားအသောက်များကို သပ်သပ်ရပ်ရပ် ခင်းကျင်းထားသော်လည်း မစားနိုင်ခဲ့ပေ။ ရထားလုံးမောင်းနှင်သူနှင့် အရှေ့မှာထိုင်နေသော ရံရွေတော်ဆိုဖီယာက ပြတင်းတံခါးမှဖြတ်ကာ သူ(မ)အား စိုးရိမ်တကြီးကြည့်နေ၏။
"သခင်မလေး၊ ဆင်ပြေရဲ့လား။"
အယ်လီနာတစ်ယောက် သူ(မ)၏မျက်နှာကို လက်ဖဝါးဖြင့်အုပ်ကိုင်ထားရာ ငိုနေသည့်ပုံစံပေါက်နေသည်။
"...အဆင်ပြေပါတယ်။ ငါက- ငါက ငါထင်ထားတာထက်ကို ပျော်ရွှင်နေရတဲ့လူသားတစ်ယောက်ပဲ..."
ယခင်ဘဝတုန်းက သူ(မ)၏မိသားစု အသက်ရှိစဥ်မှာ ယခုလိုအခိုက်အတန့်များကို အမြဲတမ်း လွဲချော်ခဲ့ရသည်။ သူ(မ)၏အဖေ၊ သူ(မ)၏အစ်ကို၊ မိုင်ယာဘယ်လာ။ သူတို့တွေ အသက်ဆက်ရှင်နေဖို့ သူ(မ) အကြိမ်ပေါင်းထောင်သောင်းမက ဆုတောင်းခဲ့ရသည်။ ယခုတွင်မူ အိပ်မက်ဟုထင်ရလောက်အောင်ကို ပျော်ရွှင်နေရလေသည်။
"... ငါ ဘယ်လိုလုပ်ပြီး ဒါတွေအားလုံး စားကုန်မှာလဲ။"
ဆိုဖီယာက ထိုအစားအသောက်များသည် အယ်လီနာ့အတွက် မည်မျှအဖိုးတန်ကြောင်း နားမလည်ပါဘဲ ပြောလာခဲ့သည်။
"သခင်မလေးကြိုက်တယ်ဆိုရင် နောက်ကျရင်စားဖို့ သိမ်းထားလိုက်လို့ရပါတယ်။"
အယ်လီနာ ခေါင်းညိတ်ပြကာ စိုစွတ်နေသောမျက်လုံးများကို သူ(မ)၏လက်ဖဝါးဖြင့် ပွတ်သပ်လိုက်၏။
"အင်း... အဲ့လိုလုပ်လိုက်ပါ။"
သူ(မ)၏မိသားစုတစ်ခုလုံးက ယခု အသက်ရှင်သန်နေပြီ။ ထိုသို့ဖြစ်နေသရွေ့ သူ(မ)၏ပျော်ရွှင်မှုက ထာဝရတည်မြဲနေပေမည်။ ယခု အယ်လီနာ ထွက်လာခဲ့သည့်အတွက် ထိုအရာအား နောက်တစ်ကြိမ် ထပ်ပြီးဆုံးရှုံးတော့မှာမဟုတ်ပေ။ သူ(မ) အနာဂတ်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သေချာပေါက်ပြောင်းလဲပစ်မည်။
*****
Aurora Novel Translation Team