no

Font
Theme

ဒါကအစပဲ (၁)


ဟယ်လင်မှာ ရုတ်ခြည်းစိုက်ကြည့်ခံရမှုကြောင့် စကားမပြောနိုင်ခဲ့ချေ။


ထိုအခိုက်အတန့်တွင် မာရီဆာ၏ တင်းမာနေသောမျက်နှာက သူ(မ)၏မြင်ကွင်းထဲ ရောက်ရှိလာခဲ့၏။ ဤပါတီက တောင်ပိုင်းလူ့အဖွဲ့အစည်းတွင် အင်အားအကြီးဆုံး အမျိုးသမီးများထဲက တစ်ယောက်ဖြစ်သူ မာရီဆာက ဦးဆောင်ကျင်းပခဲ့ကြောင်း ဟယ်လင် မမေ့လျော့သွားပေ။ သူ(မ)က ဤပွဲကို ဖျက်ဆီးသူဖြစ်လို့မရချေ။


မမျှော်လင့်ထားသော အခြေအနေကြောင့် ဆာရာနှင့် မာဂရတ်တို့က ကြောင်အမ်းနေကြစဥ် ဟယ်လင်က အခြေအနေအား လိုက်လံကြည့်ရှုနေ၏။ အယ်လီနာက လက်ဖက်ရည်ခွက်ကို အဘယ့်ကြောင့် တိုက်ချပစ်မှန်း ဟယ်လင်နားမလည်နိုင်သော်လည်း သူ(မ)သည် အစီအစဥ်အသစ်ကို ချက်ချင်း စဥ်းစားမိလိုက်၏။


သူ(မ) ဘလေဆယ်ညီအစ်မနှစ်ယောက်ကို ဤနေရာ၌ မြှုပ်နှံပစ်မည်။ မိုင်ယာဘယ်လာက သူ(မ)ကို လှောင်ပြောင်ရဲပြီး သူ(မ) ယနေ့ရရှိခဲ့သော အရှက်ကွဲမှုကြောင့် ဆားလေးထည့်ရုံလောက် လှည့်ကွက်မျိုးသုံးပြီး ပြန်ထိုင်မနေနိုင်တော့ပေ။ 


လက်ဖက်ရည်ခွက် ကျကွဲသံကြောင့် ပါတီက ငြိမ်ကျသွားသော်လည်း ယခု တီးတိုးပြောသံများ ထွက်ပေါ်လာခဲ့သည်။ လူတိုင်း၏အာရုံက ၎င်းတို့ထံ ချဥ်းကပ်သွားသော မာရီဆာ့ထံ ကျရောက်သွားကြ၏။


သူ(မ) အယ်လီနာ့ဘေးရောက်လာပြီး ဖြစ်ပျက်ခဲ့သည်တို့ကို မေးရန်ပြင်လိုက်ချိန်၌-


"...အဟင့်။"


ဟယ်လင်က ရုတ်တရက် မျက်ရည်ကျလာခဲ့သည်။


သူ(မ) ငိုနေသည်ကို မြင်လိုက်ရသောအခါ ဆာရာနှင့် မာဂရက်တို့က ရှက်ရွံ့သွားကြ၏။ မာရီဆာ၏မျက်နှာက အယ်လီနာ၊ မိုင်ယာဘယ်လာ၊ ဆာရာနှင့် မာဂရက်တို့ကိုကြည့်ရင်း တင်းမာလာခဲ့သည်။ သူ(မ)၏ပါတီပွဲမှာ မျိုးရိုးမြင့်အမျိုးသမီးဖြစ်သူ ဟယ်လင် ငိုနေသည်က သွေးရိုးသားရိုးကိစ္စတော့မဖြစ်နိုင်ချေ၊


"ဘာတွေဖြစ်နေကြတာလဲ။"


ဟယ်လင်က ပြတ်တိပြတ်တောင်းအသံဖြင့် ပြန်ဖြေလာခဲ့၏။


"လေဒီလောရင့်က မတော်တဆ လက်ဖက်ရည်တွေကို မှောက်ချလိုက်မိလို့ ကျွန်မက ဘလေဆယ်တို့ကို တောင်းပန်တဲ့အနေနဲ့ လက်ဖက်ရည်အတူသောက်ကြဖို့ ပြောခဲ့တာပါ... အဟင့်။"


ဟယ်လင်၏မျက်လုံးများက မျက်ရည်များစိုးရွှဲနေပြီး သူ(မ)၏ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ကွယ်ထားလေ၏။ မာရီဆာက ဟယ်လင့်အား နှစ်သိမ့်သလိုအမူအရာဖြင့် လက်ကိုင်ပဝါပေးလိုက်၏။


"အိုး၊ မျက်ရည်တွေကို သုတ်လိုက်ပါဦး။"


"အဲ့နောက်တော့ လေဒီဘလေဆယ်က လက်ဖက်ရည်ခွက်ကို လွှင့်ပစ်လိုက်ပါတယ်... ကျွန်မ- ကျွန်မ အရှမ်းရှက်ပြီး စိတ်ထိခိုက်သွားလို့ပါ..."


ဟယ်လင်က မာရီဆာကမ်းပေးလာသော လက်ကိုင်ပဝါကိုယူကာ သူ(မ)၏မျက်ရည်များကို သုတ်လိုက်၏။ ထို့နောက် သူ(မ)၏ငိုရှိုက်သံများကို ထိန်းထားရသလို ဟန်ဆောင်ကာ ထပ်ပြောလာ၏။


"လေဒီဘလေဆယ်၊ တို့ ရှင့်ကို တစ်ခုခု အမှားလုပ်မိလို့လားဟင်။"


သူ(မ)က လက်ကိုင်ပဝါအား ဆုပ်ကိုင်ထား၏။ စပ်စုနေသော လူအုပ်ကြီးက အယ်လီနာနှင့် မိုင်ယာဘယ်လာ့ကို ကြည့်လိုက်ကြသည်။ မာရီဆာက အယ်လီနာ့ကို ကြည့်လိုက်ပြီး အရင်ကထက် ပိုပြီးအေးစက်သည့်ပုံပေါ်နေ၏။


"လေဒီဘလေဆယ်၊ ဒါအမှန်ပဲလား။"


အခြေအနေများက အားသာသည့်ဘက်သို့ ပြောင်းလဲသွားသောအခါ ဆာရာနှင့် မာဂရက်တို့က စိတ်သက်သာရာရသွားကြ၏။ မိုင်ယာဘယ်လာ၏မျက်နှာကသာ ရုတ်ခြည်းပြောင်းလဲသွားသော အနေအထားကြောင့် စိုးရိမ်ပူပန်နေခဲ့သည်။


"အမ်၊ မမ..."


မိုင်ယာဘယ်လာ၏ တုန်ယင်နေသောအသံကြောင့် အယ်လီနာက သူ(မ)၏လက်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် အယ်လီနာက သူ(မ)အရှေ့မှာရှိသော ဆာရာ၊ မာဂရတ်နှင့် ဟယ်လင်တို့ကို ကြည့်လိုက်သည်။


ဤအဖြစ်အပျက်ကို ချက်ချင်းမမှတ်မိရခြင်းမှာ ထိုအချိန်က သူ(မ)သည် အတော်လေးငယ်သေးသောကြောင့်ဖြစ်၏။ သူ(မ)မိသားစု အသတ်ခံလိုက်ရပြီးနောက် ကြုံတွေ့ခဲ့ရသော အခက်အခဲများကြား ဤရယ်စရာကောင်းသော အသေးအမွှားကိစ္စလေးက ဘာမှမဟုတ်တော့ပေ။ အယ်လီနာ ကြေးစားစစ်သည်အဖြစ် လုပ်ကိုင်ခဲ့တုန်းကဆို အဆိပ်သင့်သည့်အန္တရာယ်ကြား အမြဲတမ်းနေထိုင်ခဲ့ရပြီး တစ်ခါက သေမလိုတောင်ဖြစ်သွားခဲ့၏။ ငံတူးနေသော လက်ဖက်ရည်တစ်ခွက်က အယ်လီနာ့အတွက် ပြောပလောက်စရာမဟုတ်ပေ။ သူ(မ)တစ်ယောက်တည်း သောက်ရလျှင် သူ(မ) ရယ်တောင်ရယ်နေမိဦးမည်။ သို့သော်...


သို့သော် မိုင်ယာဘယ်လာနှင့်တော့ မဟုတ်ပေ။ ဟယ်လင် သူ(မ)၏ညီမအား ဤအရာကိုသောက်ဖို့ လှည့်စားသည်ကို လုံးဝခွင့်မလွှတ်နိုင်ပေ။ သူ(မ)သာ သူ(မ)၏ဓားကို ယူဆောင်လာခဲ့ပါက အယ်လီနာသည် ၎င်းတို့အား သူ(မ)၏ခွန်အားဖြင့် တွန့်ဆုတ်မှုမရှိဘဲ အနိုင်ယူပစ်လိုက်မည်။


အနည်းဆုံးတော့ ၎င်းတို့ကို သင်ခန်းစာပေးရန် လက်တစ်ဖက်ဖြတ်ပစ်လိုက်မည်။


သို့သော်လည်း မြင့်မားသော လူ့အဖွဲ့အစည်း၌ အယ်လီနာ၏ဓားစွမ်းရည်က အထောက်အကူမပြုချေ။ ယခုလိုအခြေအနေ၌ သူ(မ)၏ကျွမ်းကျင်မှုဖြင့် ဗျူဟာကျကျဖြေရှင်းသည်က ပို၍သက်သောင့်သက်သာရှိကြောင်း သူ(မ)ခံစားမိသည်။


အယ်လီနာသည် လူမှုအဖွဲ့အစည်းအပေါ် စိတ်ပျက်မိသော်လည်း သူ(မ)သည် အရင်ကလို သနားစရာကောင်းနေလိမ့်မည်ဟု မဆိုလိုပေ။ လူများ၏စကားလုံးများက ဓားများထက် ကြောက်စရာကောင်းကြောင်း သူ(မ) ကောင်းကောင်းကြီးသိပေ၏။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပင်။ ဟယ်လင်က ဤကစားပွဲအတွက် သူ(မ)၏မျက်ရည်များကို အသုံးပြုလျှင် အယ်လီနာကလည်း တန်ပြန်ရင်ဆိုင်ရလိမ့်မည်။


"လေဒီရှယ်ဘီပြောတာက အမှန်မဟုတ်ပါဘူး၊ မဒမ်။"


အယ်လီနာ၏ တည်ငြိမ်သောအဖြေကြောင့် မာရီဆာ ပါးစပ်အဟောင်းသားဖြစ်သွားသော်လည်း ဟယ်လင်က သူ(မ) ဘာမှမပြောနိုင်ခင် စကားဖြတ်ပြောလိုက်သည်။


"မမှန်ဘူး။ ဒါဆို တို့က လူလိမ်လား။"


"ကျွန်မတို့ လက်ဖက်ရည်အတူသောက်မယ်ဆိုတာ မှန်ပေမဲ့ ကျွန်မတို့ကိုထည့်ပေးခဲ့တာက လက်ဖက်ရည်မဟုတ်ပါဘူး။"


အမျိုးသမီးနှစ်ယောက်ကြား နားထောင်နေသော မာရီဆာက ပြောလာခဲ့သည်။


"အဲ့ဒါက ဘာကိုဆိုလိုတာလဲ။ လက်ဖက်ရည်မဟုတ်ဘူး?"


ဟယ်လင်၏မျက်နှာက ချက်ချင်းဆိုသလို တင်းမာသွား၏။ ဒါဆို သူ(မ)တို့ လက်ဖက်ရည်ထည့်ပေးနေတုန်း အယ်လီနာက သူ(မ)တို့အကြံကို သတိပြုမိသွားတာပဲ။ ဒါပေမဲ့ ဘယ်လိုသိသွားတာလဲ။ လက်ဖက်ရည်ကို သောက်မကြည့်ရသေးဘဲ ဆားခတ်ထားသည်အား အယ်လီနာ မည်သို့သိသွားကြောင်း သူ(မ) နားမလည်နိုင်ခဲ့ပေ။ ဟယ်လင် မည်မျှစဥ်းစားနေပါစေ သူ(မ) မည်ကဲ့သို့အဖမ်းခံလိုက်ရကြောင်း သဘောမပေါက်ခဲ့ချေ။


'သူ(မ)က တစ်ခုခုကို သံသဖြစ်လို့ သူ(မ)ညီမကို မသောက်အောင် တားလိုက်တာလား။'


သူ(မ)က အယ်လီနာ့ကို လူတိုင်းရှေ့မှာ သက်သေမပြနိုင်ခင် အရှက်ကွဲစေချင်၏။ သို့သော်လည်း အယ်လီနာက သူ(မ)၏အကြံအစည်ကို သတိပြုမိသွားရာ ဟယ်လင်က နောက်ထပ်အဖြေတစ်ခုကို စဥ်းစားပြီးသွားလေပြီ။


'ဒါက တစ်ခုတည်းသောနည်းလမ်းပဲ... ဟုတ်တယ်။"


အယ်လီနာ စကားပြောနေသည်ကို လူများက နားထောင်နေခိုက် ဟယ်လင်က မကျေနပ်သောမျက်နှာအမူအရာဖြင့် အရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သက်သေက ဆားငံသောလက်ဖက်ရည်များပါဝင်သည့် လက်ဖက်ရည်အိုးဖြစ်သည်။ ဟယ်လင်သာ လက်ဖက်ရည်အိုးအား မတော်တဆ တိုက်မိချင်ယောင်ဆောင်လိုက်ပါက အယ်လီနာ မည်မျှကြိုးစားနေပါစေ သက်သေမပြနိုင်တော့ပေ။


လူများက အတင်းအဖျင်းကို နှစ်သက်ကြသည်။ ဘလေဆယ်မိသားစုအကြောင်း မကောင်းသည့်ကောလာဟလများ ထွက်ပေါ်လာသည်နှင့် မှန်မှန်၊ မှားမှား ရပ်တန့်ဖို့ ခက်ခဲလိမ့်မည်။ ၎င်းက မြင့်မားသော လူ့အဖွဲ့အစည်း၏ ကစားနည်းဖြစ်ပြီး ဟယ်လင်က ထိုကစားနည်းကို လူတိုင်းထက် ယုံကြည်ချက်ရှိပေ၏။


ထို့ပြင် လူတိုင်း၏နှလုံးသားက ငိုကြွေးနေသော အမျိုးသမီးတစ်ယောက်အပေါ် အားနည်းတတ်ကြသည်။ ဟယ်လင်က အရင်ဆုံး မျက်ရည်ကျခဲ့ပြီး သူ(မ)သည် အယ်လီနာ့ထက် စာနာသနားသည့်အကြည့်တို့ကို ပိုရထားကြောင်း သူ(မ)သိပေ၏။


ဟယ်လင်က ဆုံးဖြတ်ထားသော မျက်နှာထားနှင့် အရှေ့စို့တိုးလာ၏။ ထို့နောက် ခြေချော်ကာ စားပွဲပေါ်ကျသွားသလို ဟန်ဆောင်လိုက်သည်။ မာဂရက်၏ ကြောင်တောင်တောင်လှုပ်ရှားမှုနှင့် ယှဥ်လိုက်လျှင် ဟယ်လင်က စားပွဲခင်းအား သဘာဝကျစွာ ဆုပ်ကိုင်လိုက်နိုင်၏။


စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးက လှုပ်ယမ်းသွားပြီး စားပွဲထောင့်စွန်းလေးမှာ တဝဲလည်လည်ဖြစ်နေပြီး မြေပြင်ပေါ်ကို ကျသွားတော့မည်။


ဒုတ်!


လေပြင်းတစ်ချက် ဝှေ့အတိုက်တွင် ထိုင်ခုံတစ်လုံးက မြေပြင်ပေါ်ကနေ ဖြတ်ပြေးသွားပြီး စားပွဲနှင့်ထိကပ်ကာ လက်ဖက်ရည်အိုးအား မြေပြင်ပေါ်ကျမသွားအာင် ထိန်းထားလိုက်နိုင်၏။


အံ့သြဖွယ်လှုပ်ရှားမှုကြောင့် ဟယ်လင်၏မျက်လုံးများ ပြူးကျယ်သွားပြီး ထိုင်ခုံရောက်လာသောဦးတည်ရာအား ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။


ထိုနေရာ၌ အယ်လီနာက ပြောင်းလဲမှုမရှိသောမျက်နှာဖြင့် မတ်တတ်ရပ်နေသည်။ အဝေးကလူများက ဖြစ်ပျက်ခဲ့သည်တို့ကို မမြင်လိုက်ရသော်လည်း မိုင်ယာဘယ်လာ၊ မာရီဆာ၊ ဆာရာနှင့် မာဂရက်တို့က ကိုယ်ပိုင်မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရ၏။ ပျော့ပျောင်းသော လှုပ်ရှားမှုဖြင့် အယ်လီနာက သူ(မ)ဘေးနားကထိုင်ခုံကိုကောက်ယူကာ ဟယ်လင်ရှိရာဆီ ပစ်လိုက်သည်။ အယ်လီနာအနေနှင့် ကျွမ်းကျင်သော လေ့ကျင့်မှုမရှိဘဲ ထိုကဲ့သို့အရာမျိုးကို လုပ်နိုင်မှာမဟုတ်ပေ။


သို့သော် ထိုမျှသာမကပေ။ လူတိုင်း ဘာမှမပြောနိုင်ခင် ဟယ်လင်က လက်မြှောက်ကာ ဟန်ချက်ညီသွားသော လက်ဖက်ရည်အိုးအား တိုက်ချလိုက်၏။ ၎င်းက မြေပြင်နှင့် ထိတော့မည့်အခိုက်အတန့်မှာ အယ်လီနာက လျှပ်စီးလို ပျံသန်းသွားပြီး သူ(မ)၏လက်ကိုဆန့်ကာ လက်ဖက်ရည်အိုးအား ဖမ်းလိုက်သည်။


"ကျွန်မ- ကျွန်မ...!"


ဟယ်လင်မှာ စကားမပြောနိုင်တော့ဘဲ ဒေါသထွက်ကာ တုန်ယင်လာ၏။ အယ်လီနာက လက်ဖက်ရည်အိုးထဲမှ ငံတူးနေသော လက်ဖက်ရည်တို့ကို ခွက်ထဲလောင်းထည့်လိုက်သည်။ သူ(မ)၏လှုပ်ရှားမှုက ရေလိုပဲ ပျော့ပျောင်းလှ၏။


"ဒါက ကျွန်မနဲ့ ကျွန်မညီမကို ထည့်ပေးခဲ့တဲ့ လက်ဖက်ရည်အိုးထဲကပါ။ တကယ်လို့ ဒီထဲမှာ ဘာမှမပါဘူးဆိုရင် ရှင် သောက်ကြည့်လိုက်ပါလား။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment