အံ့သြစရာကောင်းလောက်အောင်ကို တူတယ် (၁)
နေ့ရက်များ ကုန်လွန်သွားပြီးနောက် ကပွဲမတိုင်ခင် တစ်ရက်အလို၌ အယ်လီနာ မြို့တော်ကိုသွားရန် စီစဥ်ခဲ့သည်။ ကာလိုင်းက သူ(မ)ကို အမြန်ရောက်လာဖို့တိုက်တွန်းခဲ့ရာ သူရှိနေသောနေရာသို့သွားရန် သူ(မ)အတွက် သဘာဝကျပေ၏။ သူ(မ)ကလည်း သူ(မ)မရှိခင်အတောအတွင်း သူတစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော် သူ(မ)မထွက်ခွာမီ သူ(မ)မရှိခိုက်မှာ အိမ်တော်တစ်ခုလုံး ချောချောမွေ့မွေ့လည်ပတ်စေရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ စာရွက်စာတမ်းများကို ဖြေရှင်းရပြီး အလုပ်သမားများနှင့် ဆွေးနွေးရသည်က သူ(မ)ထင်ထားတာထက် ပိုကြာပြီး အယ်လီနာတစ်ယောက် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မနက်မိုးလင်းခါနီးမှသာ အိပ်ရာဝင်နိုင်ခဲ့သည်။
"အမ်း~"
အယ်လီနာ သူ(မ)၏မျက်လုံးများကိုပွတ်သပ်ကာ အိပ်ရာထဲကနေ ကုန်ရုန်းထလိုက်ရသည်။ သူ(မ) မနေ့ညက အလွန်နောက်ကျမှ အိပ်ရာဝင်ခဲ့ရသည်။ တစ်နည်းပြောရလျှင် နေမင်းကြီး မြင့်တက်လာတော့မည့်အချိန်မှ အိပ်ရာဝင်ခဲ့၏။ သူ(မ)ရှေ့မှာ အလုပ်များသောနေ့ရက်များက စောင့်ကြိုနေပြီး အချိန်ဆွဲနေဖို့ အချိန်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် မြို့တော်သို့ မိုင်ယာဘယ်လာနှင့်အတူ တတ်နိုင်သလောက် မြန်မြန်သွားဖို့လိုအပ်သည်။
ကလင်၊ ကလင်-
အယ်လီနာ စားပွဲပေါ်ရှိခေါင်းလောင်းကို တီးလိုက်ရာ မယ်ရီက အခန်းထဲကို ဝင်ရောက်လာခဲ့၏။
"သခင်မလေး၊ နိုးပါပြီလား။"
"အင်း။ ငါ ချက်ချင်းရေချိုးချင်တယ်၊ ပြင်ဆင်ထားပေးပါ။"
"ဟုတ်ကဲ့ပါ၊ သခင်မလေး။"
မယ်ရီက အယ်လီနာ့အား ညင်သာစွာ ရေချိုးသန့်စင်ပေးနေ၏။ ဆိုဖီယာ့ကို အလုပ်ထုတ်လိုက်စဥ်က သူ(မ) ထိတ်လန့်တကြားဖြင့် ဖြူဖျော့သွားခဲ့သော်လည်း ကံကောင်းစွာဖြင့် သိပ်မကြာခင် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ သူ(မ)က သူ(မ)ကိုယ်သူ(မ) အပြစ်တင်နေလောက်၏။ ၎င်းမှာ အဆုံးသတ်ထိ မယ်ရီ့အပေါ် ဆိုဖီယာ၏သဘောထားနှင့်ယှဥ်လျှင် လုံးကွဲပြားသော တုံ့ပြန်မှုတစ်ခုပင်။
မည်သို့ပင်ဆိုစေ အိမ်တော်ထဲမှာ ပျံ့နှံ့နေခဲ့သော အယ်လီနာ့အကြောင်းကောလာဟလသည် လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ငြိမ်သက်သွားခဲ့၏။ ကောလာဟလများက ပြင်ပသို့မရောက်လိုက်သောကြောင့် ကံကောင်းစွာဖြင့် မြင့်မားသော လူ့အဖွဲ့အစည်းကြား မပျံ့နှံ့သွားခဲ့ဘဲ တိတ်တဆိတ် အဆုံးသတ်သွားခဲ့သည်။ မယ်ရီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရမိသွား၏။
"အို၊ သခင်မလေး၊ မြို့စားမင်း မနေ့ညက မြို့တော်ကိုထွက်ခွာသွားပါတယ်။ အရေးတကြီးကိစ္စပေါ်လာလို့ဆိုပြီး ပြောခဲ့ပါတယ်။"
"... ငါသိပြီ။"
သူရဲကောင်းခေါင်းဆောင်တစ်ယောက်အနေဖြင့် အဲလ်ဖော့သည် အချိန်အများစု၌ မြို့တော်ရှိ အိမ်တော်တစ်လုံးတွင် နေထိုင်၏။ ယခုတစ်ကြိမ်၌ ၎င်းတို့၏အစီအစဥ်များကို ချိန်ညှိထားပြီး အယ်လီနာနှင့် မိုင်ယာဘယ်လာတို့က မြို့တော်ကို သူနှင့်အတူသွားရန် ပြင်ဆင်ထားကြသည်။ သို့သော် အရေးကြီးသော တစ်စုံတစ်ခုက သူ(မ)၏အဖေကို အလောတကြီးခေါ်ဆောင်သွားပုံပင်။ သူနှင့်အတူရှိနိုင်မည့် အခွင့်အရေးကို လွဲချော်သွားသည့်အတွက် သူ(မ) စိတ်မကောင်းဖြစ်မိသော်လည်း သူ၏အလုပ်နှင့်ပတ်သက်နေသောကြောင့် သူ(မ) မတတ်နိုင်ပေ။
နောက်ဆုံးတွင် မနက်ခင်းပြင်ဆင်မှုများကို ပြုလုပ်ပြီးနောက် ချက်ချင်း စားပွဲမှာထိုင်ကာ သူ(မ)၏အလုပ်များကို စတင်လုပ်ဆောင်တော့သည်။
...
သူ(မ)ကိုယ်သူ(မ) စာရွက်စာတမ်းထဲမှာ ခေါင်းမြှုပ်ထားပြီး အစားအသောက်များကိုလည်း သူ(မ)၏ရုံးခန်းထဲယူဆောင်လာခဲ့သည်။ အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။ သို့သော် သူ(မ) အနားယူချိန်တိုင်း လေ့ကျင့်ခန်းလုပ်သဖြင့် ထိုသို့ မခံစားရချေ။ အခန်းထဲမှာ တိတ်ဆိတ်နေပြီး သူ(မ)၏ဘောပင်ရေးခြစ်သံများသာ ထွက်ပေါ်နေစဥ်-
ဒေါက် ဒေါက်။
တံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။ အယ်လီနာ အသံလာရာဆီ ခေါင်းမော့ကြည့်လိုက်သည်။ ဘာအကြောင်းနှင့်မှ သူ(မ)ကို နှောင့်ယှက်မည့်သူ မရှိလေရာ မည်သူရောက်လာကြောင်း သူ(မ) မသိပေ။ သို့သော်လည်း သူ(မ)က အစေခံတစ်ဦးအား သတိပေးသလိုပြောလိုက်သည်။
"ဝင်ခဲ့။"
ထို့နောက် တံခါးက ပွင့်သွားပြီးနောက် သူ(မ) မျှော်နေခဲ့သော အမျိုးသားတစ်ယောက်၏မျက်နှာ ပေါ်ထွက်လာခဲ့သည်။ ထိုလူ့မှာ နက်ပြာရောင်ဆံပင်များနှင့် ဖြူဖျော့သောအသားအရေတို့ရှိ၏။ ထိုသူမှာ ခွန်းပင်။
"ကြိုဆိုပါတယ်၊ ဆာကာရှာ။ ကျွန်မတောင်းဆိုထားတဲ့အရာကို လုပ်ဆောင်ပြီးသွားပြီလား။"
အယ်လီနာက အရင်တစ်ခေါက်ကလို ခွန်းတစ်ယောက် ရဲတိုက်ထဲကို မည်သို့ဝင်ရောက်လာကြောင်း မေးမြန်းမနေတော့ပေ။
"ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြည့်ပါဦး။"
ခွန်းက အယ်လီနာ့ဆီလျှောက်လာပြီး သူ၏အစီရင်ခံစာကို လက်လွှဲလိုက်၏။ သူ(မ)က ယခုအချက်အလက်များကို အဘယ့်ကြောင့်လိုချင်နေကြောင်း သူ့ဘက်က မမေးမြန်းခဲ့ပေ။ ခွန်းနှင့်ပတ်သက်၍ ထိုအချက်ကို အယ်လီနာ သဘောကျသည်။ အလုပ်ကိုပြီးစီးအောင်လုပ်နိုင်သည့် သူ့အရည်အချင်းကိုတော့ သူ(မ) အကြိုက်ဆုံးဖြစ်၏။
"ကျေးဇူးတင်ပါတယ်။"
စာရွက်အထပ်လိုက်ကြီးမှာ ကြွယ်ဝချမ်းသာမှု အချက်အလက်များပါဝင်ပြီး အယ်လီနာက အကြောင်းအရာများကို အလျင်အမြန် အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။ သူ(မ)သည် အခြေအနေအားလုံးကို မှတ်သားနေသော်လည်း အရေးကြီးသော အသေးစိတ်အချက်အလက်များက သူ(မ)ထံ ဝင်ရောက်လာခဲ့သည်။
ခွန်း၏တင်ပြချက်အရ ရုဖို့ဒ်အင်ပါယာ၌ အင်အားအကြီးဆုံးပုဂ္ဂိုလ်မှာ...
ဧကရီအိုဖီလီယာ။
'ဘုရားရေ။'
အယ်လီနာ့အတွက် ၎င်းမှာ လုံးဝမျှော်လင့်မထားသော ထုတ်ဖော်ချက်တစ်ခုဖြစ်၏။ သူ(မ)၏အတိတ်ဘဝ၌ သူ(မ)၏မိသားစု မသေဆုံးခင်အထိ နိုင်ငံရေးကို သူ(မ) စိတ်မဝင်စားခဲ့ပေ။ ထို့ကြောင့် သူ(မ)မသိခဲ့ရသော အချက်အလက်များကို ဂရုတစိုက် ဖတ်ရှုခဲ့သည်။
ဧကရာဇ်စူလီဗန် အိပ်ရာထဲလဲနေချိန် ဧကရီအိုဖီလီယာက အာဏာကြီးထွားလာခဲ့သည်။ ရုဖို့ဒ်အင်ပါယာအား ခိုင်ခံ့သောအင်ပါယာအုပ်ချုပ်မှုကို ထိန်းသိန်းနိုင်ခဲ့သည်က သူ(မ)ကြောင့်ပင်။
အန်နီတာ မိသားစု။
ရုဖို့ဒ်အင်ပါယာအတွက် မရေမတွက်နိုင်သော အောင်မြင်သည့်စစ်သူကြီးများကို မွေးထုတ်ပေးခဲ့သော မြို့စားမိသားစုတစ်ခုဖြစ်ပြီး ရှည်လျားသောစစ်ပွဲကြောင့် စွမ်းအားကြီးမားလာခဲ့သည်။
ထိုထက်ပိုပြီး အံ့အားသင့်စရာကောင်းသည့်အချက်ကို အောက်မှာရေးထား၏။
'ဘာ? ဖေးဗလုကို ဧကရီရဲ့အင်အားစုအောက်မှာ ဖော်ပြထားတယ်?'
သူ(မ)သည် အံ့အားသင့်သည့်ရယ်သံကို မထိန်းချုပ်ထားနိုင်ခဲ့ပေ။ အနာဂတ်တွင် ဖေးဗလုက ဧကရီအိုဖီလီယာကို သတ်ခဲ့သော်လည်း လက်ရှိ၌ ၎င်းတို့နှစ်ဦးသည် မဟာမိတ်များဖြစ်နေကြ၏။ သို့သော်လည်း ဤနေရာ၌ အရေးကြီးသောအချက်ကို အယ်လီနာ သတိပြုမိလိုက်သည်။ ဖေးဗလုသည် အစကတည်းက အာဏာရှိသူမဟုတ်ဘဲ ဧကရီကို ကပ်တွယ်ကာ အခွင့်အရေးက ရင့်မှည့်လာသောအခါမှ ထီးနန်းကိုခူးယူဖို့ ပြုလုပ်ခဲ့သည်။
သူ(မ)၏မျက်လုံးများကို အရှိန်တင်ကာ ပိုပြီးဖတ်ကြည့်လိုက်သည်။ သူ(မ) အရင်တုန်းကမသိခဲ့သော စိတ်ဝင်စားစရာကောင်းသည့် အချက်အလက်များစွာ ရှိပေသည်။ ရုဖို့ဒ်အင်ပါယာ၏အင်အားကို အရေအတွက် ဆယ်ခုခွဲလိုက်မည်ဆိုပါက ဧကရာဇ်က သုံးခု၊ ဧကရီက လေးခု၊ ဖေးဗလုက တစ်ခုဖြစ်ပြီး ကျန်သောနှစ်ခုမှာ...
ခါရက်မိသားစုဖြစ်သည်။ ထိုအမည်ကို လူတိုင်း မှတ်မိကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အင်ပါယာရှိလူတိုင်း ခါရက်တို့ဆီမှ အနည်းဆုံးပစ္စည်းတစ်ခုကို ဝယ်ယူဖူးသောကြောင့်ပင်။ ၎င်းမှာ အလွန်ကောင်းမွန်စွာ တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းဖြစ်ပြီး ရုဖို့ဒ်အင်ပါယာ၌ ၎င်းတို့၏တည်ရှိမှုက စဥ်ဆက်မပြတ် ကြီးထွားလာခဲ့သည်။
ဧကရာဇ်စူလီဗန်က လူတိုင်းအတွက် လွယ်ကူသောဘဝမှာနေထိုင်နိုင်ရန် အုပ်ချုပ်မှုပေးစဥ် ခါရက်မိသားစုက လူများအတွက် ပစ္စည်းကောင်းများဝယ်ယူနိုင်အောင် ပြုလုပ်ပေးသည်ဟုဆိုရမည်။ ၎င်းတို့၏ ကြွယ်ဝမှုအား လျစ်လျူရှုထားလို့မရသော်လည်း ၎င်းတို့သည် အင်ပါယာ၏ နိုင်ငံရေးကိစ္စများတွင် စိတ်ဝင်စားမှုမရှိကြပေ။
အယ်လီနာတစ်ယောက် အချက်အလက်များကို အမြန်ဖတ်ကြည့်နေရင်း ခေါင်းက ဘယ်ညာလွှဲယမ်းနေ၏။ သူ(မ)၏ရည်ရွယ်ချက်က မင်းသားကာလိုင်းကို ထီးနန်းရရှိစေဖို့ဖြစ်သည်။ ထိုသို့ဆိုလျှင် လက်ရှိဧကရာဇ်စူလီဗန်က ကာလိုင်းကို အာဏာလွှဲပြောင်းပေးရမည်။ ဧကရီအိုဖီလီယာနှင့် ဖေးဗလုတို့ကို လုပ်ပိုင်ခွင့်မရအောင် ထိန်းသိမ်းထားနိုင်မည့် အလွယ်ကူဆုံးနည်းလမ်းမှာ ခါရက်မိသားစု၏ အထောက်အပုံကို ရယူခြင်းဖြစ်သည်။
အယ်လီနာ ခွန်းယူလာပေးသော အချက်အလက်များကိုကြည့်ပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းမော့လိုက်သည်။ သူ(မ)တစ်ယောက်တည်းသာ စုံစမ်းစစ်ဆေးမည်ဆိုလျှင် ယခုလိုအချက်အလက်များကို ရှာတွေ့နိုင်မှာမဟုတ်ပေ။ ဧကရာဇ်စူလီဗန်က နာမကျန်းဖြစ်နေသည်ကို သူ(မ)သိထားပြီးသားဖြစ်သော်လည်း တင်ပြချက်တွင်ပါဝင်သော ထိပ်ဆုံးပိုင်းရှိ တော်ဝင်မိသားစုအနည်းငယ်လောက်သာသိဦးမည့် ဤလျှို့ဝှက်သတင်းများက ခွန်း၏လုပ်ကိုင်နိုင်စွမ်းအပေါ် သိသိသာသာ အမြင်ကောင်းများ တိုးတက်လာစေခဲ့၏။
"တော်တယ်။ ရှင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အချက်အလက်တွေ အများကြီးရှာနိုင်ခဲ့တာပဲ။"
"..."
အယ်လီနာဘက်က ကြုံတောင့်ကြုံခဲ ချီးကျူးလိုက်သော်ငြား ခွန်းကတော့ မည်သည့်စိတ်ခံစားချက်မှ မပြသခဲ့ပေ။ သူ(မ)သည် သူ၏ဆိတ်ငြိမ်သောသဘာဝကို ရင်းနှီးနေပြီဖြစ်ရာ ဆက်လက်ပြောကြားခဲ့သည်။
*****
Aurora Novel Translation Team