no

Font
Theme

လူတိုင်းမှင်တက်သွားကြတယ် (၁)


နောက်တစ်နေ့တွင် မိုင်ယာဘယ်လာက သူ(မ)၏လက်သေးသေးဖြင့် အယ်လီနာ့အား သူ(မ)၏အခန်းထဲသို့ ခေါ်သွားပေးခဲ့သည်။ အယ်လီနာက မျက်လုံးများမှိတ်ထားရပြီး မိုင်ယာဘယ်လာ၏ခြေလှမ်းများ မရပ်တန့်ခင်အထိ လိုက်ပါသွားခဲ့၏။


"တာ့ဒါ!"


ထိုသို့ဆိုလိုက်သော် အယ်လီနာ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကာ သူ(မ)အရှေ့ကမြင်ကွင်းကို ကြည့်လိုက်၏။


သူ(မ)၏အရှေ့၌ ချိတ်ဆွဲထားသောဂါဝန်မှာ မနေ့က မိုင်ယာဘယ်လာ ယူသွားသောဝတ်စုံဖြစ်သည်။ အရင်က ထိုဂါဝန်၏ပြဿနာမှာ လက်များ၊ ခါးလိုင်းနှင့် စကတ်အောက်ပိုင်းတို့က ပြောင်ရှင်းနေလွန်းသော်လည်း ယခု မနေ့တုန်းကတွေ့လိုက်သည်နှင့် လုံးဝ ကွဲပြားသွားလေသည်။ လက်များနှင့် ပခုံးနားမှာ ဇာများတပ်ထားပြီး စကတ်ပေါ်တွင် ပုလဲလုံးလေးများကို သီကုံးထားရာ ပိုပြီးကျော့ရှင်းသွား၏။ လည်ပင်းအနားသတ်က သူ(မ)၏ရင်ဘတ်ကို ပေါ်လွင်စေပြီး ပြင်ဆင်ထားသောဂါဝန်က သူ(မ)၏သေးသွယ်သောခါးလေးကို ထင်ပေါ်စေသည်။


အကြည့်တစ်ချက်ဖြင့် ဂါဝန်၏ပြင်ဆင်မှုများမှာ ကျွမ်းကျင်အပ်ချုပ်ဆရာပြုလုပ်ထားသည်နှင့် ခွဲခြားလို့မရနိုင်ပေ။ သူ(မ) အံ့သြစွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။


"ကိုယ့်ဘာသာကိုယ် လုပ်ထားတာလား။"


"ဟုတ်တယ်။ ညီမလေးဘာသာ ဒီဇိုင်းထွင်ထားတာ။ ဒါပေမဲ့ ရံရွေတော်တွေကလည်း အများကြီးကူညီပေးထားတယ်။"


"လှလိုက်တာ။ ညီမလေးမှာ ဒီလိုအရည်အချင်းမျိုးရှိတာ မသိခဲ့ဘူး။"


သူ(မ) လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်၏။ အယ်လီနာ မိန်းမပျိုလေးစဖြစ်ကတည်းက ဖက်ရှင်နှင့်ပတ်သက်လာလျှင် လုံးဝအမြင်မရှိပေ။ သူ(မ)က တလက်လက်တောက်ပပြီး စွဲမက်ဖွယ်ကောင်းသည်ထက် အမြဲတမ်း ရိုးရှင်းပြီး ရိုးရာဆန်သည်။ အာရုံစိုက်ခံရပြီး ချွန်ထွက်နေသည်ထက် နှိမ့်ချနေချင်၏။ အဝတ်အစားကနေ လက်ဖက်ရည်ခွက်အထိ သူ(မ)၏ရွေးချယ်မှုများက အလွန်မှေးမှိန်နေသည့်အတွက် အယ်လီနာ သူ(မ)ကိုယ်သူ(မ) မိန်းမဆန်သည်ဟု မခံစားရပေ။ သူ(မ)၏မိသားစု သေဆုံးသွားပြီးနောက် သူ(မ)အနေနှင့် ဇိမ်ခံပစ္စည်းများကို မတတ်နိုင်ခဲ့သော်လည်း မျိုးရိုးမြင့်မိသားစုမှာ နေခဲ့ရစဥ်ကနှင့် အကြိုက်တူနေဆဲဖြစ်သည်။ သူ(မ)သည် မိုင်ယာဘယ်လာတွင် ယခုလိုအရည်အချင်းမျိုးရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။


"မမနဲ့ လိုက်မယ်လို့ထင်လား။"


"မမပြောနေတာ ဘယ်သူမို့လို့လဲ။ ကြည့်ရုံနဲ့တင် လိုက်မယ်ဆိုတာ ပြောနိုင်တယ်။"


မိုင်ယာဘယ်လာက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။


"ဒီပညာကို လေ့လာချင်လား။"


"ညီမလေး ဘယ်လိုပဲတွေးတွေး အရေးမကြီးပါဘူး။ အဖေက အမျိုးသမီးတစ်ယောက်ဆိုတာ ကျိုးနွံရပြီး အိမ်မှာပဲနေသင့်တယ်လို့ ပြောလိမ့်မယ်။"


အယ်လီနာ သူ(မ)အဖေနှင့် စကားမများချင်သော်လည်း မိုင်ယာဘယ်လာ့ကိုလည်း လက်မလျှော့စေချင်ပေ။ အယ်လီနာ စီစဥ်ထားသည့်အတိုင်း မင်းသမီးတစ်ပါး - ထိုမှတစ်ဆင့် ဧကရီဖြစ်လာလျှင် မိုင်ယာဘယ်လာက အနာဂတ်တွင် လွတ်လပ်တော့မှာမဟုတ်ပေ။ သို့သော် သူ(မ)၏ညီမလေးကမူ လွတ်လွတ်လပ်လပ်နေချင်သည်။ မိုင်ယာဘယ်လာသာ ကျွမ်းကျင်အလုပ်တစ်ခု ရှိလိုလျှင် အယ်လီနာ သူ(မ)တတ်နိုင်သလောက် ပံ့ပိုးပေးချင်၏။


"အဖေ့ရဲ့အမြင်က အရေးကြီးပေမဲ့ ကိုယ့်ဘဝကို ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်။ ညီမလေးဆန္ဓရှိရင် မမကူညီမှာမို့ အဲ့လိုလုပ်ချင်ရင် မမကိုသာပြော။"


အယ်လီနာ၏ နွေးထွေးသောအကြံကြောင့် မိုင်ယာဘယ်လာက ခေါင်းညိတ်ကာ ကျေးဇူးတင်သောအပြုံးတစ်ခုက သူ(မ)၏မျက်နှာထက် ပျံ့နှံ့သွား၏။


"ဟုတ်၊ ကျေးဇူးတင်ပါတယ် မမ။"


"ရပါတယ်။ မမလည်း အရမ်းကျေးဇူးတင်ပါတယ်၊ မိုင်ယာဘယ်လာ။"


အယ်လီနာ၏ဂါဝန်က ကျေနပ်စရာဖြစ်သွားသော်လည်း မိုင်ယာဘယ်လာ၏ဂါဝန်ကတော့ ဇာများ၊ ပုလဲများယူရန်အတွက် အပိုင်းပိုင်းဖြစ်သွားလေ၏။ အယ်လီနာတစ်ယောက် မိုင်ယာဘယ်လာ၏ဂါဝန်အသစ်ကို ဖျက်စီးလိုက်ရသည့်အတွက် အနည်းငယ် ဝမ်းနည်းနေမိသည်။ ကိစ္စသေးသေးလေးကနေ ကိစ္စအကြီးကြီးအထိ မိုင်ယာဘယ်လာက သူ(မ)ကိုသာတွေးပေးရာ နွေးထွေးသောပျော်ရွှင်မှုလေးက သူ(မ)၏ခန္ဓာကိုယ်ထဲ ပြည့်နှက်သွားလေ၏။


"ဟင်း၊ နှမြောစရာကြီး..."


မိုင်ယာဘယ်လာက နှာခေါင်းကို အသာလေးကုတ်ကာ ပြုပြင်ထားသောဂါဝန်ကို ညွှန်ပြ၍ မေးလိုက်၏။ "မမ စမ်းဝတ်ကြည့်ချင်လား။"


"ဒါပေါ့။"


အယ်လီနာက သူ(မ)ရံရွေတော်၏ အကူအညီဖြင့် ဂါဝန်ကို ဝတ်လိုက်သည်။ မိုင်ယာဘယ်လာ တစ်ရက်တည်းနှင့် အစအဆုံးဖန်တီးထားသောဂါဝန်ကို ဝတ်ဆင်ရတာ အံ့သြစရာကောင်းသည်ဟု အယ်လီနာ တွေးနေမိ၏။


ဂါဝန်လဲပြီး လိုအပ်သော ပြုပြင်မှုများလုပ်ပြီးနောက် ရံရွေတော်က အဝတ်လဲခန်း၏ကန့်လန့်ကာကို ဖွင့်လိုက်သည်။ မိုင်ယာဘယ်လာ၏ပါးစပ်က ပွင့်ဟသွား၏။ အမှန်တော့ ဂါဝန်ကို ပြုပြင်ပြီး မူလပုံစံ ပြောင်းမသွားသော်လည်း အယ်လီနာက သူ(မ)ကို အလွန်အကျွံချီးကျူးပေးခဲ့သည်ဟု ခံစားရသည်။ သို့သော် အယ်လီနာဝတ်လိုက်သည်နှင့် ၎င်းက ပြောင်းလဲသွား၏။


နေရောင်ကျရောက်နေသော ရွှေအိုရောင်ဆံနွယ်များနှင့် ကြည်လင်ရှင်းသန့်သော အသားအရေက ထိုဂါဝန်အား အဆပေါင်းများစွာ တန်ဖိုးရှိသွားစေသည်။ သူ(မ)၏ ဖြူဖျော့သောအသားအရေက ကြည့်ရှုနေသူများကို စွဲမက်စေပြီး သူ(မ)၏ခန္ဓါကိုယ်ကောက်ကြောင်းများက သေးငယ်သောခါးလိုင်းကြောင့် ပို၍ပေါ်လွင်သွား၏။ မိုင်ယာဘယ်လာက ဇာအနည်းငယ်နှင့် ပုလဲလုံးများကိုသာ ထပ်ဖြည့်ထားသော်လည်း ၎င်းကပင် ကမ္ဘာပေါ်၌ အခြားသောဂါဝန်များထက် ပိုပြီးကျော့ရှင်းသွားစေသလို ခံစားရသည်။


ဂါဝန်က အရေးမကြီးပေ။ သို့သော် ထိုဂါဝန်ဝတ်ဆင်သူက ခမ်းနားလွန်းလှ၏။ မိုင်ယာဘယ်လာက အံ့သြတကြီးကြည့်နေစဥ် အယ်လီနာက မေးလာ၏။


"ထူးဆန်းနေလို့လား။"


"အိုး၊ မဟုတ်တာ! အရမ်းလှတယ်! မမက အလှဆုံးပဲ!"


မိုင်ယာဘယ်လာက လက်ဆန့်ထုတ်ကာ လက်မနှစ်ဖက်ထောင်ပြလိုက်သည်။ သူ(မ)က ဟန်ဆောင်မှုမရှိဘဲ အတည်ပြောနေခြင်းဖြစ်သည်။ တကယ်တော့ ထိုဂါဝန်ကသာ မိုင်ယာဘယ်လာပြုပြင်ပေးထားတာမဟုတ်လျှင် အယ်လီနာ မူလပုံစံကိုသာ လက်ခံနိုင်ပေလိမ့်မည်။ အယ်လီနာ မှန်ရှေ့မှာ နှစ်ပတ်လောက်ပတ်လိုက်ပြီး သူ(မ)ညီမလေး၏ဖန်တီးမှုကို သဘောကျနေတော့သည်။


"ညီမလေးလုပ်ပေးတဲ့ ဂါဝန်ကြောင့်ပါ။"


"တခြားသူတွေကြားရင် နားလည်မှုလွဲနေပါဦးမယ်။ ညီမလေးက နည်းနည်းလေးပဲ ပြင်ပေးထားတာပါ။"


"မဟုတ်ပါဘူး၊ မမသဘောကျတယ်။ ဒါက မိုင်ယာဘယ်လာရဲ့ ပထမဆုံးလက်ရာမို့ မမ သေသေချာချာသိမ်းထားပါ့မယ်။"


မိုင်ယာဘယ်လာသည် အယ်လီနာ သူ(မ)၏ဂါဝန်ကို သဘောကျနေကြောင်း မြင်လိုက်ရပြီး ဂုဏ်ယူသောခံစားချက်ကိုလည်း ခံစားလိုက်ရ၏။ မိုင်ယာဘယ်လာတစ်ယောက် သူ(မ)မှာ ထိုသို့သောအရည်အချင်းရှိလားကို မသိသော်ငြား အယ်လီနာပျော်နေသည်ကို မြင်လိုက်ရသောအခါ သူ(မ)အတွက် ထပ်ပြီးဖန်တီးပေးချင်၏။ သူ(မ)၏နှလုံးသားထဲမှာ အရည်အချင်းသစ်တစ်ခုကို ရှာတွေ့သွားတာကြောင့် ပျော်ရွှင်နေခဲ့သည်။


မိုင်ယာဘယ်လာ၏အကြည့်က ရုတ်တရက် အယ်လီနာ၏ပြောင်ရှင်းနေသောလည်ပင်းပေါ် ကျရောက်သွား၏။


"မမ၊ မမမှာ လည်ဆွဲရှိလား။ ညှပ်ရိုးဆီကို အာရုံဆွဲဆောင်ဖို့ တစ်ခုခုရှိရင် ပိုကောင်းတယ်။"


"မမမှာ ရှိပေမဲ့ လိုက်မလားတော့ မပြောတတ်ဘူး။"


အယ်လီနာ အပြုံးလေးဖြင့် ပြောလိုက်သည်။ အယ်လီနာ၏ ရတနာသေတ္တာထဲမှာ ရှိသောအရာများကို မိုင်ယာဘယ်လာက ပိုသိပေ၏။ သူ(မ)မှာ သူ(မ)အမေ၏လက်ဝတ်လက်စားအနည်းငယ်သာရှိသည်။ မိုင်ယာဘယ်လာတစ်ယောက် ၎င်းတို့မိသားစုက ငွေကြေးပြတ်လပ်မသွားတာတောင် အမြဲတမ်း ပိုက်ဆံခြွေတာနေသော အယ်လီနာ့အတွက် စိတ်မကောင်းဖြစ်မိ၏။


'...မမ နည်းနည်းလောက်ဖြစ်ဖြစ် ပိုသုံးလို့ရပါတယ်။'


အယ်လီနာက အဆင်တန်ဆာအနည်းငယ်ဖြင့် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း လက်ဖက်ရည်ပါတီ၌ အခြားသောမိန်းကလေးများထက် ပိုပြီးလှနေပေလိမ့်မည်။ မိုင်ယာဘယ်လာ အရင်က တစ်ကြိမ်သာမြင်ဖူးသော ဟယ်လင်ကိုတွေးလိုက်ရင်း သူ(မ)ဘာသာသူ(မ) တိတ်တိတ်လေးပြုံးလိုက်မိ၏။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment