no

Font
Theme

သင်ခန်းစာ (၁)


မာရီဆာက ချဥ်းကပ်လာသောအယ်လီနာအား နှုတ်ဆက်လိုက်၏။


"ကြိုဆိုပါတယ်၊ လေဒီဘလေဆယ်။ မင်းကို အချိန်ခဏလောက် မတွေ့ခဲ့ရတော့ နေမကောင်းများဖြစ်နေမလားလို့ တို့က စိတ်ပူနေတာ။ ဒီနေ့ ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"


မာရီဆာ၏စကားထဲက စိတ်ပျက်မှုတို့ကို အယ်လီနာသတိထားမိလိုက်သောအခါ အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရ၏။ ထို့နောက် သူ(မ)က နှိမ့်ချသောအပြုံးတစ်ခု ပြုံးပြလိုက်သည်။


"ကျွန်မ မဒမ်ရဲ့ပါတီတွေကို တက်ရောက်ချင်နေတာပါ။ ဒါပေမဲ့ မဒမ်သိတဲ့အတိုင်းပဲ အိမ်အလုပ်တွေစီမံရတာနဲ့ အချိန်ကုန်နေတာကြောင့်ပါ။ အခုလို အချိန်အကြာကြီးနေမှ ပြန်တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။"


အယ်လီနာက ဘလေဆယ်မိသားစု၏ အိမ်မှုကိစ္စတို့ကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ကြောင်း သတိထားမိသော်လည်း အယ်လီနာက သူ(မ)၏ပါတီပွဲများကို တက်ရောက်ဖို့အချိန်မရှိဘူးဆိုသည်ကို သူ(မ) မယုံကြည်ပေ။ မာရီဆာကိုယ်တိုင်ကလည်း သူ(မ)၏ဆုံးပါးသွားသောခင်ပွန်းကိုယ်စား တာဝန်ယူထားရသော်လည်း ပါတီများတက်ရောက်ဖို့ အချိန်မရှိလောက်သည်အထိ အလုပ်ရှုပ်မနေချေ။ သို့သော် မာရီဆာက ပြုံးရုံသာပြုံးလိုက်ပြီး အသေးစိတ်ပြောမနေတော့ပေ။


"ဒါနဲ့ ဒီချစ်စရာကောင်းတဲ့မိန်းကလေးက ဘယ်သူလေးလဲ။ မင်းရဲ့ညီမလေးလား။"


"ဟုတ်ပါတယ်၊ မဒမ်။"


အမျိုးသမီးနှစ်ဦးကြားက စကားဝိုင်းကို နားထောင်နေသော မိုင်ယာဘယ်လာက မာရီဆာ့ကို နှုတ်ဆက်လိုက်၏။


"မင်္ဂလာပါ၊ မဒမ်။ ကျွန်မနာမည်က မိုင်ယာဘယ်လာ ဘလေဆယ်ဖြစ်ပါတယ်။ ကျွန်မရဲ့အစ်မနဲ့အတူ တက်ရောက်လာတာပါ။"


မိုင်ယာဘယ်လာက ငယ်ရွယ်သေးသော်လည်း သေချာပေါက် လှပစွာကြီးပြင်းလာလိမ့်မည်။ သူ(မ)က သူ(မ)၏အစ်မလို တင်းမာသောအလှတရားမျိုးမရှိဘဲ သူ(မ)၏ တက်ကြွသောအရှိန်အဝါက အနာဂတ်မှာ ပြောစမှတ်တွင်လာပေမည်။


"အိုး၊ ဘလေဆယ်မိသားစုရဲ့ကလေးတွေက အလှလေးတွေချည်းပါပဲလား။ တွေ့ရတာ ဝမ်းသာပါတယ်ကွယ်။"


အယ်လီနာသည် တစ်နည်းနည်းဖြင့် သူ(မ)ကိုပါ ချီးကျူးခံလိုက်ရသလို ခံစားလိုက်ရ၏။ အပြန်အလှန် နှုတ်ဆက်ပြီးနောက် အဖြူရောင်ဆံပင်များနှင့် အိမ်တော်ထိန်းက မာရီဆာနား ချဥ်းကပ်လာပြီး တီးတိုးပြောလာ၏။


"ခွင့်ပြုပါ၊ အရှင်မ။ ဧည့်သည်တွေအားလုံး ရောက်ပြီမို့ ပါတီစဖို့ အဆင်သင့်ဖြစ်ပါပြီ။"


"ကျေးဇူးပါ၊ ဂျက်ဖရေး။"


မာရီဆာက အယ်လီနာနှင့် မိုင်ယာဘယ်လာတို့ကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လာ၏။


"ဒါက ရိုးရှင်းတဲ့လက်ဖက်ရည်ပါတီဆိုပေမဲ့ ပျော်ပျော်ပဲ နေကြနော်။ တို့တွေ နောက်တစ်ခေါက်ကျ ကပွဲကြီးကျင်းပမှာမို့ အဲ့ကျရင်လည်း တက်ရောက်ပေးကြပါဦး။"


"ဟုတ်ကဲ့ပါ၊ မဒမ်။"


မာရီဆာက မျက်နှာပေါ်၌ အပြုံးတစ်ခုဆင်မြန်းပြီး စားပွဲ၏ထိပ်ဆုံးကို နေရာရွှေ့လိုက်၏။ ဤသည်က ရင်းနှီးသောမိတ်ဆွေများစုဝေးရာ လက်ဖက်ရည်ပါတီအသေးစားလေးကို ဆိုလိုသလားတော့ အယ်လီနာ မသိသော်လည်း ယခု တက်ရောက်လာသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် သခင်မလေးများမှာ အယောက်နှစ်ဆယ်ကျော်ရှိ၏။ ဤပွဲစဥ်က မည်မျှသေးငယ်နေပါစေ၊ မာရီဆာက လူ့အဖွဲ့အစည်း၏ အရေးပါသူတစ်ယောက်ဖြစ်ရာ တက်ရောက်သူဦးရေက သာမန်နှင့် သေချာပေါက်ကွဲပြားနေပေလိမ့်မည်။


မာရီဆာက အားလုံးကို နှုတ်ဆက်လိုက်သည်။


"အားလုံးကို ကြိုဆိုပါတယ်။ အရင်ဆုံး တို့ရဲ့ဖိတ်ကြားမှုကို လက်ခံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ရာသီဥတုကလည်း သာယာနေတဲ့အတွက် ကြည်နူးမိပါတယ်။ အားလုံးပဲ အခုထိုင်နိုင်ပါပြီရှင်။ အရသာရှိတဲ့ သောက်စရာတွေကို သုံးဆောင်လိုက်ကြပါဦး။"


အမျိုးသမီးအများစုက မာရီဆာ၏နိဒါန်းကို ပြုံးပြခဲ့ကြ၏။ အပြင်လူများအတွက် ၎င်းက ထွေထွေထူးထူးမဟုတ်သော်လည်း ထိုပါတီ၏အရေးကြီးဆုံးသော အသေးစိတ်အချက်အလက်တစ်ခုမှာ နေရာချထားခြင်းဖြစ်၏။ ပွဲကျင်းပသူနှင့် နီးကပ်လေ နေရာထိုင်ခင်းက ပိုမိုကောင်းမွန်လေဖြစ်သည်။


အယ်လီနာက ပန်းခြံ၏ထောင့်စွန်းနားမှာ မိုင်ယာဘယ်လာနှင့်အတူ နေရာယူခဲ့သည်။ မတတ်နိုင်ပေ။ ထိုင်ခုံများအား ဧည့်သည်အရေအတွက်အလိုက် ပြင်ဆင်ထားပြီး ဘလေဆယ်မိသားစုမှ တစ်ယောက်သာတက်ရောက်မည်ဟု တွက်ချက်ထားချိန် မိုင်ယာဘယ်လာက ရုတ်တရက် လိုက်ပါလာခဲ့သည်။ ယခုလိုအခြေအနေကို ကာကွယ်ရန်အတွက် ပွဲကျင်းပသူကို ပါတီမတက်ရောက်ခင် တက်ရောက်မည့်သူအရေအတွက်ကို ကြိုပြောရသော်လည်း အယ်လီနာ၏တုံ့ပြန်ချက်က နောက်ကျသွားခဲ့၏။


မိုင်ယာဘယ်လာက အခြားသူ၏ထိုင်ခုံမှာ ထိုင်လို့မရသည့်အတွက် ၎င်းတို့က တခြားနေရာမှာသာ ထိုင်ဖို့ဖြစ်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အယ်လီနာကလည်း လူမှုရေးပွဲများ၌ တက်ကြွသူမဟုတ်ရာ သူ(မ) ပါတီမတက်ရောက်နိုင်ခြေလည်း ရှိပေ၏။ သူ(မ)ကသာ အာဏာရှိသောမိန်းကလေးဖြစ်လျှင် ယခုလိုအခြေအနေမျိုးမှာ အတွင်းကျသောနေရာထိုင်ခင်းကို ရနိုင်သော်လည်း ဘလေဆယ်မိသားစု၏အနေအထားက လူ့အဖွဲ့အစည်းမှာ အလွန်မြင့်မားမနေချေ။


အယ်လီနာ စိတ်မပျက်မိပေ။ သူ(မ) မျှော်လင့်ထားပြီးသားဖြစ်၏။ သူ(မ) အရင်တုန်းက များများစားစား မတက်ရောက်ဖြစ်တာတောင် မာရီဆာက သူ(မ)ကို ကြိုဆိုပေးခဲ့၏။ မိုင်ယာဘယ်လာနှင့်အတူ သင့်တော်သောလေထုကို ပျော်ရွှင်ခံစားဖို့ ယခုလိုထောင့်ကျသောနေရာက ပိုကောင်းသည်ဟု အယ်လီနာတွေးမိပေသည်။


သို့သော်လည်း စောစောက ဟယ်လင်သည် အယ်လီနာနှင့် မာရီဆာတို့ကို စိတ်ပျက်သောအမူအရာဖြင့် ကြည့်နေခဲ့ပြီး ယခုထိလည်း အယ်လီနာထိုင်နေသောနေရာသို့ စူးစူးရဲရဲ စိုက်ကြည့်နေဆဲပင်။


မြို့စားဂျီနာ၏သမီးဖြစ်သူ ဆာရာက ဟယ်လင်တစ်ယောက် စိတ်အခြေအနေမကောင်းသည်ကို သတိပြုမိသွားပြီး သူ(မ)ကို ကျေနပ်စေဖို့ တစ်စုံတစ်ခုကို အလျင်အမြန်ပြောလိုက်၏။


(TN/ မြို့စားဂျီနာက မြို့စားဘလေဆယ်ထက် တစ်ဆင့်နိမ့်ပါတယ်။)


"အိုး၊ ကြည့်လိုက်ပါဦး။ လေဒီဘလေဆယ်က ရန်သူနဲ့ပေါင်းဖို့ ကြိုးစားနေတာလား။ အဲ့ဒီလို ဖက်ရှင်ရေစီးကြောင်းကြောင့် မြို့တော်က တောင်ပိုင်းလူ့အဖွဲ့အစည်းကို လျစ်လျူရှုထားတာ အံ့သြစရာမရှိတော့ပါဘူး။"


အတိုချုပ်ရသော် အယ်လီနာက တောင်ပိုင်းလူ့အဖွဲ့အစည်းအတွက် အရှက်တကွဲအကျိုးနည်းဖြစ်စေသည်ဟူ၍။ ဟယ်လင်က သူ(မ)၏ယားယံမှုကိုကုတ်ခြစ်ဖို့ အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်သည်။


"ဟုတ်တယ်။ အဲ့ဒါက ကာသီနာနိုင်ငံကိုရောက်တော့မှ ဝတ်ရမဲ့ ပုံစံလေ။"


ကာသီနာနိုင်ငံက တိုက်ကြီး၌ အဆင်းရဲဆုံးနိုင်ငံဖြစ်၏။ ဖက်ရှင်အကြောင်း သိကြသောသူများသည် သူ(မ)ဆိုလိုသည်က အယ်လီနာ၏ဂါဝန်မှာ ဖက်ရှင်မကျဟုပြောနေကြောင်း ချက်ချင်းသဘောပေါက်ကြပေလိမ့်မည်။


ပုံမှန်အားဖြင့် ဟယ်လင်၏နှာခေါင်းက အလွန်မြင့်မားပြီး သူ(မ)ထက်အဆင့်နိမ့်သော မိန်းမပျိုများကို လျစ်လျူရှုတတ်၏။ သို့သော် ဟယ်လင်၏ အနေအထားနှင့် လှပသောအဆင်းသဏ္ဌာန်ကြောင့် သူ(မ)နှင့် အဆင်ပြေချင်ကြသူများ ရှိကြပေသည်။ ဆာရာကလည်း ထိုထဲက တစ်ဦးပင်။ သူ(မ)က ဟယ်လင်၏နှစ်ခြိုက်မှုကိုရရှိရန် အလျင်အမြန် ပါးစပ်ဖွင့်ဟတော့၏။


"သူ(မ)က လေဒီရှယ်ဘီလို အစိမ်းရောင်ဝတ်ထားပေမဲ့ ယှဥ်လိုက်ရင် သူ(မ)က မှိန်သွားရော။"


ဟယ်လင်က သူ(မ)၏ပါးစပ်ကိုအုပ်ကာ ပျားသကာလို ချိုမြိန်စွာ ရယ်မောလေ၏။ မြို့စားကြီးလောရင့်၏သမီးဖြစ်သူ မာဂရက်က ၎င်းတို့ပြောနေသည်များကို တိတ်တဆိတ်နားထောင်နေခဲ့သည်။


"ရှင်တို့ပြောနေတာ လေဒီဘလေဆယ်ရဲ့ဂါဝန်လား။ အဲ့ဒါက အသစ်နဲ့မတူပေမဲ့ လှနေတာပဲမဟုတ်ဘူးလား။ တို့လည်း အသစ်ဝယ်မဲ့အစား အိမ်မှာ တို့ရဲ့ဂါဝန်တွေကို ပြင်ဆင်ကြည့်ရမယ်ထင်တယ်..."


(TN/ မာဂရက်ကလည်း ဘလေဆယ်နဲ့ အဆင့်တူပါတယ်။)


ဟယ်လင်၏မျက်ခုံးများက မာဂရက်၏ အူကြောင်ကြောင်နိုင်သောမှတ်ချက်ကြောင့် တွန့်ချိုးသွားသည်။ ဟယ်လင်သည် မာဂရက်ကို ရုပ်ဆိုးသည်ဟုထင်သော်လည်း မြို့စား၏သမီးဖြစ်သည့် သူ(မ)၏ဂုဏ်ပုဒ်ကိုတော့ သဘောကျပေ၏။ ထို့ပြင် မာဂရက်၏မျက်နှာက ပြောင်ရှင်းနေရာ ဟယ်လင် သူ(မ)နှင့်ရှိနေလျှင် မိမိ၏အလှက ပို၍ထင်ပေါ်နေသည်ဟု ခံစားရသည်။


သို့သော် ယခု ၎င်းကအရေးမကြီးတော့ပေ။ ဟယ်လင်က သူ(မ)၏မနှစ်မြိုမှုတို့ကို ဖုံးကွယ်ကာ အပြုံးရေးရေးလေးဖြင့် ပြန်ပြောလိုက်၏။


"လေဒီလောရင့်က ဖက်ရှင်ကို ဒီလောက်အထိ လျစ်လျူရှုထားလိမ့်မယ်လို့ တို့မသိခဲ့ပါလား။"


"ဟမ်?"


"အဲ့ဒါက ဘာတွေများလှနေလို့လဲ။ ရှင့်ရဲ့မျက်လုံးအမြင်ကို စစ်ဆေးသင့်တယ်နော်။ တခြားသူတွေသာသိသွားရင် ရှင်နဲ့အတူ ဝတ်စုံဆိုင်ကို ဘယ်သူကမှမသွားချင်ဘဲနေလိမ့်မယ်။"


"က-ကောင်းပြီလေ... တို့ဆိုလိုတာက..."


မာဂရက်က စိတ်လှုပ်ရှားနေချိန် သို့မဟုတ် ဒေါသထွက်ချိန်တိုင်း စကားထစ်တတ်သည့်အကျင့်ရှိ၏။ ဟယ်လင်က ပြုံးလိုက်သည်။ မာဂရက်မှာ တောင်ပိုင်းဖက်ရှင်ရေစီးကြောင်း၏ ဦးဆောင်သူတစ်ယောက်ဖြစ်သော ဟယ်လင့်ကြောင့် ပိုပြီးထိတ်လန့်သွားခဲ့၏။


ဆာရာက ဟယ်လင်၏ ကွေးညွတ်နေသောနှုတ်ခမ်းများကိုကြည့်ကာ စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်။ အထက်တန်းလွှာလောက၌ အမှန်အမှားက အရေးမကြီးပေ။ လေဒီရှယ်ဘီက အင်အားကြီးသော အမျိုးသမီးတစ်ဦးဖြစ်၏။


မြို့စားဘလေဆယ်က လျစ်လျူရှုလို့ရသည့်သူမဟုတ်သော်လည်း မြို့စားရှယ်ဘီနှင့်ယှဥ်လိုက်လျှင် သူ၏ရာထူးနှင့် ကြွယ်ဝချမ်းသာမှုတို့က လုံးဝကွဲပြားပေ၏။ ထို့ပြင် ဘလေဆယ်မိသားစုက သူရဲကောင်းမိသားစုဖြစ်ပြီး ရှယ်ဘီမိသားစုက နိုင်ငံရေးထဲ၌ စီးပွားရေးကို လုပ်ကိုင်ကြလေသည်။


(TN/ အစိုးရရဲ့တာဝန်တွေကို ခွဲဝေယူရတဲ့ အထက်တန်းလွှာထဲကသူတွေကို duke, marquess, count, viscount, baron ဆိုပြီး ဘွဲ့ထူးငါးမျိုးခွဲခြားထားပါတယ်။ အဲ့ထဲမှာ ရှယ်ဘီတွေက marquess ဖြစ်ပြီး ဘလေဆယ်နဲ့ လောရင့်တို့က count ပါ။ ဆာရာကကျ viscount ပါ။ ကြုံတုန်းလေးပြောရရင် ဗီလိန်ကောင် ဖေးဗလုကကျ duke ပါနော်။)


ဆာရာ၏မိသားစုဖြစ်သော ဂျီနာမိသားစုက ရှယ်ဘီ၏လွှမ်းမိုးမှုအောက်တွင် ရှိ၏။ ဆာရာက မာဂရက်၏ကြောက်လန့်နေသောအမူအရာကို မြင်လိုက်ရသောအခါ အမြန်လျှာသပ်လိုက်သည်။


"လေဒီဘလေဆယ်က ဒီလိုဝတ်စားပြီး လက်ဖက်ရည်ပါတီပွဲတက်လာရတာကို ရှက်ရကောင်းမှန်းတောင် သိမှာမဟုတ်ဘူးထင်တယ်။"


"ကောင်းပြီလေ။ သူ(မ)က ရှက်ရကောင်းမှန်းမသိရင်... တို့တွေ သူ(မ)ကို သင်ခန်းစာပေးသင့်တာပေါ့။"


"သင်ခန်းစာ?"


မမျှော်လင့်ထားသော အကြုံပြုချက်ကြောင့် ဆာရာ၏မျက်လုံးများက ပြူးကျယ်သွား၏။ သို့သော် ဟယ်လင်က ဆုံးဖြတ်ပြီးသွားလေပြီ။ တိတ်တဆိတ်နားထောင်နေသော မာဂရက်က တုန်ယင်နေသောအသံဖြင့် ပြောလာခဲ့သည်။


"သူ-သူ(မ)က လေဒီဟိုလန်နဲ့ စကားပြောနေတာ။ သူ(မ)တို့က မိတ်ဆွေဖြစ်နိုင်-"


ဟယ်လင်၏ ခိုင်မာသောအသံက မာဂရက်၏အသံကို ဖြတ်တောက်လိုက်၏။


"လေဒီဘလေဆယ်က မှူးမတ်ကတော်ဟိုလန်နဲ့ တို့လောက် ရင်းနှီးမှာလား။"


လူမှုရေးပွဲများ၌ ပေါ်လာခဲသော အယ်လီနာနှင့် အင်အားကြီးသော မြို့စားရှယ်ဘီ၏သမီးဖြစ်သူ ဟယ်လင်တို့အား နှိုင်းယှဥ်စရာမရှိချေ။


မာဂရက်၏မျက်နှာက ဖြူဖျော့သွား၏။


"အ-အိုး၊ မဟုတ်ပါဘူး။ တို့ပြောချင်တာက အဲ့လိုဆို..."


"ပြောစရာရှိရင် တည့်တည့်ပြောလိုက်။ ဒီနေ့ ရှင့်ရဲ့ ထစ်ထစ်ငေါ့ငေါ့စကားကို နားထောင်ဖို့ အချိန်မရှိဘူး။"


"... အစ်!" (ကြို့ထိုး)


မာဂရက်၏လက်များက သူ(မ)၏ပါးစပ်ကိုအုပ်ထား၏။ သူ(မ)က အယ်လီနာနှင့် မာရီဆာတို့ ရင်းနှီးနေမည်ကို စိုးရိမ်နေသော်လည်း ဟယ်လင်၏တုံ့ပြန်မှုက သူ(မ)အား တိတ်ဆိတ်သွားစေခဲ့သည်။ သို့သော် မာဂရက်က အယ်လီနာ့ဘက်ရောက်သွားသောကြောင့် ဟယ်လင် ပို၍စိတ်တိုလာခဲ့သည်။


'ငါကရော...'


ဟယ်လင်တစ်ယောက် အယ်လီနာ့ကို လျစ်လျူရှုဖို့ကြိုးစားနေသော်လည်း သူ(မ)၏ဦးခေါင်းက ပေါက်ထွက်တော့မလို ခံစားနေရသည်။ ၎င်းတို့မှာ တူညီသောဆံပင်အရောင်ရှိ၍ နှိုင်းယှဥ်ခံရခြင်းအား သူ(မ) မနှစ်သက်ပေ။ သို့သော် ယနေ့တွင် ဝတ်ဆင်ထားသော ဂါဝန်အရောင်ကပါ တူညီနေသည့်အတွက် ထိုနှိုင်းယှဥ်ချက်များက ပို၍ထင်ရှားလာခဲ့သည်။


ဟယ်လင်၏ဂါဝန်က ပို၍လှပသော်လည်း အယ်လီနာ၏အလှတရားက ပို၍ပြည့်စုံနေသည်။ ဟယ်လင် ၎င်းကို ဝန်မခံချင်ပေ။ သူ(မ)တွေးနေသည်ကတော့ အယ်လီနာက သူ(မ)ကို အရှက်ခွဲချင်သောကြာင့် ဂါဝန်အရောင်တူကို တမင်ဝတ်လာသည်ဟူ၍ပင်။ အယ်လီနာ သူ(မ)၏ဝတ်စုံကို ကြိုသိနေဖို့ မဖြစ်နိုင်သော်လည်း ထိုကိစ္စက ဟယ်လင်အတွက် အရေးမကြီးပေ။ သူ(မ) အစော်ကားခံလိုက်ရသည့်အတွက် ခွင့်မလွှတ်နိုင်ချေ။


ဟယ်လင် သူ(မ)၏အပြုံး၌ ဓားသွားတစ်ခုကို ကွယ်ဝှက်လိုက်၏။ ထို့နောက် ဆာရာက သူ(မ)ဘက်ကနေ ချဥ်းကပ်လာခဲ့ပြန်သည်။


"ကျွန်မတို့ ဘယ်လိုသင်ခန်းစာပေးကြမှာလဲ။"


"ဒါကို ကြိုးစားကြည့်ရင်ရော။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment