ဘယ်လောက်ကြာပြီလဲ (၁)
အယ်လီနာက ရထားလုံးကို ဘလေဆယ်ရဲတိုက်သို့မရောက်ခင် ရပ်တန့်ခိုင်းလိုက်သည်။ သူ(မ)ကို တစ်စုံတစ်ယောက်မြင်သွားလျှင် ထူးဆန်းသည်ဟု တွေးနေမှာကို စိုးရိမ်မိ၏။ မြို့ထဲကိုသွားချိန်က သူ(မ)ကို လိုက်ပို့ပေးခဲ့သော ရထားလုံးမောင်းသူအား ညနေခင်းတွင် လာရောက်ခေါ်ဆောင်ရန် ညွှန်ကြားခဲ့သော်လည်း သူ(မ)က မတူညီသောရထားလုံးဖြင့် အိမ်ပြန်ရောက်နေသည်ကို တွေ့လိုက်ရလျှင် အံ့အားသင့်သွားလိမ့်မည်။ သူ(မ)သည် ခွန်းအား သူ(မ)မိသားစုနှင့် မိတ်ဆက်ပေးရမည့်အရေးကိုလည်း ရှောင်ချင်ခဲ့၏။
အယ်လီနာက ရထားလုံးကို ရပ်တန့်ခိုင်းလိုက်သောအခါ ခွန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ကျွန်တော့်ကို ဆင့်ခေါ်ချင်တယ်ဆိုရင် ပြတင်းပေါက်မှာ အနီရောင်လက်ကိုင်ပဝါကို ချည်ထားလိုက်ပါ။"
"အဲ့လိုလုပ်ရင်?"
"ကျွန်တော် အရောက်လာခဲ့ပါ့မယ်။"
အယ်လီနာ၏ အလိုလိုတုံ့ပြန်မှုက သံသယဝင်ခြင်းဖြစ်သည်။ သူ(မ)၏အခန်းက မည်သည့်နေရာမှာရှိကြောင်း သူသိလေသလားဟု သူ(မ) စဥ်းစားနေမိ၏။ သူ၏တုံ့ပြန်မှုကိုရရန် အချိန်မည်မျှကြာမလဲဆိုသည်ကိုလည်း သူ(မ) မသိပေ။ ၎င်းကသာ ရက်အတော်ကြာမည်ဆိုပါက အသုံးမကျချေ။ သို့သော်လည်း ကာလိုင်းက သူ့ကို အရည်အချင်းရှိသူဟု အာမခံခဲ့သည့်အတွက် ခွန်း၏အရည်အချင်းများကို အယ်လီနာ သိချင်မိသည်။
"ကောင်းပါပြီ။ ကျွန်မ တစ်ခုခုလိုအပ်ရင် ပြတင်းပေါက်မှာ လက်ကိုင်ပဝါ ချည်လိုက်မယ်။"
သူ သူ(မ)ဆီကို မည်ကဲ့သို့ လာမှာလဲဟု အယ်လီနာ စစ်မမေးခဲ့ပေ။ တစ်စုံတစ်ယောက်က သူ(မ)၏ရည်ရွယ်ချက်များကို စပ်စုချင်စပ်စုနိုင်၏။ သို့သော် ခွန်းကတော့ မပြောင်းလဲသောအမူအရာဖြင့် သူ(မ)ကို တိတ်တဆိတ်ကြည့်နေလိမ့်မည်။ ကာလိုင်းနှင့်ယှဥ်လိုက်လျှင် ဤလူက ခံစားချက်တို့ လုံးဝမရှိသည့်နှယ်။
သူ(မ)က ခေါင်းကိုခါယမ်းကာ ရထားလုံးထဲက ထွက်လာခဲ့၏။ ခွန်းက သူ(မ)ကို ဦးညွတ်ကာ နှုတ်ဆက်ခဲ့သည်။
ရှပ်၊ ရှပ် (ခြေသံ) -
အယ်လီနာ ဘလေဆယ်ရဲတိုက်ဆီသို့ တစ်ယောက်တည်း လမ်းလျှောက်လာခဲ့၏။ အမှောင်လမ်းမ၌ သူ(မ)၏ခြေသံတစ်ခုတည်းကသာ ပဲ့တင့်ထပ်နေသည်။ သူ(မ)သည် ခြေလှမ်းများကိုတောင် မရေတွက်နိုင်တော့သည်အထိ လမ်းလျှောက်လာခဲ့ပြီးနောက် နေ့ခင်းအချိန်လို လင်းထိန်အောင် မီးများထွန်းညှိထားသည့် ဘလေဆယ်ရဲတိုက်ကို မြင်လိုက်ရ၏။ သူ(မ) တဖြည်းဖြည်းနီးလာသောအခါ အပြင်ဘက်၌ သူ(မ)၏အစ်ကို ဒဲရက်အပါအဝင် လူတစ်စုကို မြင်လိုက်ရသည်။
"...အစ်ကို?"
ဒဲရက်က သူ(မ)ကိုမြင်မြင်ချင်း အယ်လီနာ့ဆီ အပြေးရောက်လာခဲ့သည်။
"အဆင်ပြေရဲ့လား။"
"ဟုတ်။ အခုက ဘာဖြစ်နေတာလဲ။"
ဒဲရက်က သူ(မ)ကို ဒဏ်ရာအနာတရရှိမရှိ စုန်ချည်ဆန်ချည်ကြည့်ကာ မျက်ခုံးများ တွန့်ချိုးသွား၏။
"မင်း ဘယ်တွေလျှောက်သွားနေတာလဲ။ ပြီးတော့ ဘယ်လိုပြန်လာတာလဲ။ သူရဲကောင်းတွေက မင်းကိုပျောက်သွားတော့ ငါ ဘယ်လောက်ထိစိတ်ပူနေလဲဆိုတာ မင်းသိလား။"
"အာ..."
ထိုအခါမှ စုနေသောလူများက သူ(မ)နောက်သို့လိုက်ခဲ့သောသူများဖြစ်ကြောင်း သတိပြုမိလိုက်၏။ အယ်လီနာ သင့်တော်သော ဆင်ခြေတစ်ခုကို အမြန်တွေးလိုက်သည်။ သူ(မ)သည် အိမ်မှာ တစ်စုံတစ်ယောက်က သူ(မ)ကို စိတ်ပူနေလောက်သည်ဟု တွေးခဲ့သော်လည်း သူ(မ)၏အစ်ကိုက ယခုလို လင်းထိန်းနေအောင် မီးများထွန်းထားပြီး သူ(မ)ကိုစောင့်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ(မ)သာ နည်းနည်းလောက်နောက်ကျမှ ပြန်လာခဲ့လျှင် ဤနေရာတစ်ခုလုံး အထက်အောက် ပြောင်းပြန်ဖြစ်သွားနိုင်သည်။
"ကျွန်မ... ကျွန်မ လေကောင်းလေသန့်ရချင်လို့ လမ်းမတွေတစ်လျှောက် လမ်းလျှောက်ထွက်ခဲ့တာပါ။ ကျွန်မနောက်ကို သူရဲကောင်းတွေလိုက်နေမှန်းတောင် မသိခဲ့ဘူး။ အဲ့ဒါကြောင့် သူတို့ ကျွန်မကိုပျောက်သွားတာကိုလည်း မသိလိုက်မိဘူး။"
"မင်းက လမ်းလျှောက်ထွက်ရုံပဲဆို သူတို့က ဘယ်လိုလုပ်ပြီး မင်းကိုပျောက်သွားရတာလဲ။"
"ဘာလို့ဆို အဲ့နေရာက လူအရမ်းစည်တယ်လေ၊ ဟုတ်တယ်မလား။ ဘယ်လိုဖြစ်သွားတာလဲတော့ ကျွန်မလည်းမသိဘူး။"
သူ(မ)က ဒဲရက်ကို အပြစ်ကင်းစင်သောမျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ ဒဲရက်က အယ်လီနာ့ကို ထပ်ပြီးမေးခွန်းမထုတ်တော့ဘဲ သူ့နောက်မှာရပ်နေသော သူရဲကောင်းများကို စိုက်ကြည့်လိုက်၏။ တချို့သူရဲကောင်းများက သူ(မ)ကို ကြည့်နေကြသော်လည်း အကြောင်းစုံကို မေးမြန်းလို့မရနိုင်ပေ။
"ကျွန်မကိုစိတ်ပူလို့ ဒီထိထွက်လာတာလား။"
"မဟုတ်ပါဘူး။ ငါတို့ ဒီည အထူးလေ့ကျင့်ရေးဆင်းမလို့။"
သူရဲကောင်းများ၏ အမူအရာများက မှုန်မှိုင်းသွားကြသည်။ အယ်လီနာမှာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။
ဒဲရက်က အယ်လီနာ့ကို စိတ်ပူနေကြောင်း ဝန်ခံဖို့ကို ရှက်ရွံ့နေဟန်။ လေ့ကျင့်ခန်းလုပ်ရတော့မည့် သူရဲကောင်းများအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ဒဲရက်က သူ(မ)အတွက် တွေးပေးသောကြောင့် အယ်လီနာ့ရင်ထဲ နွေးထွေးသွားခဲ့၏။
"... ကျေးဇူးတင်ပါတယ်၊ အစ်ကို။"
ဒဲရက်၏တင်းမာနေသောအမူအရာက ပျော့ပျောင်းသွား၏။ သူက တစ်ဖက်လှည့်ကာ ရဲတိုက်ထဲဝင်သွားပြီး အယ်လီနာ့အား အေးဆေးသောလေသံဖြင့် ပြောလာခဲ့သည်။
"အပြင်မှာအေးတယ်။ အရေးမပါတာတွေပြောမနေဘဲ အိမ်ထဲဝင်တော့။"
ဒဲရက်နှင့် မိသားစုသူရဲကောင်းများအားလုံး ရဲတိုက်အနောက်သို့ ချီတက်သွားကြ၏။ ၎င်းတို့၏ ကျောပြင်များကိုကြည့်ရင်း အယ်လီနာ ပြုံးနေမိခဲ့သည်။
အယ်လီနာ သူ(မ)အခန်းထဲသို့ ရောက်သောအခါ မိုင်ယာဘယ်လာကို တွေ့လိုက်ရသည်။
"မိုင်ယာဘယ်လာ၊ ညီမလေးကရော မမကို စိတ်ပူနေတာလား။"
"ဟမ်? ဘာလို့ စိတ်ပူရမှာလဲ။ တစ်ခုခုဖြစ်ခဲ့လို့လား။
မိုင်ယာဘယ်လာ၏ ရှုပ်ထွေးသွားသောလေသံကြောင့် ဒဲရက်က ကျန်မိသားစုဝင်များကို မပြောပြရသေးကြောင်း အယ်လီနာသိလိုက်၏။ ၎င်းမှာ စိတ်သက်သာရာရစရာပင်။ သူ(မ) ၎င်းတို့အားလုံးကို စိတ်ပူမနေစေချင်ပေ။
"ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး။ မမ နည်းနည်းနောက်ကျနေလို့မို့ သိချင်ရုံတင်ပါ။"
"အင်း၊ နောက်ကျနေပြီဆိုပေမဲ့ အရမ်းကြီးလည်း နောက်ကျမနေပါဘူး။ ပြီးတော့ အိမ်မှာရှိနေလည်း ဘာလုပ်စရာရှိလို့လဲ။ မမလည်း တစ်ခါတလေ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ အပြင်လေးဘာလေးထွက်ဖို့လိုတယ်လေ။ ညီမလေးကိုပါ ခေါ်သွားရင်တော့ အကောင်းဆုံးပဲပေါ့။"
မိုင်ယာဘယ်လာက နောက်ဆုံးအပိုင်းကို ဝမ်းနည်းသလို ပြောလာခဲ့သည်။ မိုင်ယာဘယ်လာ၏ အားနည်းသောဖွဲ့စည်းပုံကြောင့် သူ(မ)အား ရဲတိုက်အပြင်သို့ သိပ်ပြီးထွက်ခွင့်မပေးချေ။ ထိုစဥ် အယ်လီနာက ဂျလင်း၏မင်္ဂလာပွဲမှစကာ ယနေ့အထိ ကာလိုင်းနှင့်တွေ့ဖို့ ဆင်ခြေအမျိုးမျိုးရှာကာ အပြင်ခိုးထွက်ခဲ့သည်။
၎င်းတို့၏ ယခင်ဘဝ၌ နှစ်ဦးသားမှာ တော်တော်ကြာအောင် ခွဲမနေခဲ့ဖူးသော်လည်း အတိတ်ကို ပြန်လည်ရောက်ရှိလာပြီးနောက် မိုင်ယာဘယ်လာက မကြာခဏဆိုသလို တစ်ယောက်တည်း ကျန်နေခဲ့ရသည်။ အယ်လီနာသည် သူ(မ)၏ညီမကို သိပ်ချစ်၏။ သူ(မ)၏နှလုံးသားက ညီမလေးနှင့်အတူ ရှိနေချင်သော်လည်း ယခု အယ်လီနာက အမှောင်ရိပ်ထဲကို တွန်းပို့ခံနေရသည်။ ကာလိုင်းနှင့် လက်ထပ်လိုက်လျှင် သူ(မ)နှင့်အတူရှိရန် အချိန်သိပ်ပေးနိုင်တော့မှာမဟုတ်ပေ...
အယ်လီနာ နောင်တတရားများ ပြည့်နှက်နေသောလေသံဖြင့် မိုင်ယာဘယ်လာ့ကို ပြောခဲ့သည်။
"နောက်တစ်ခေါက်ကျရင် အတူတူသွားကြမလား။"
"မမ၊ ညီမလေးကစနေတာကို အတည်ကြီးထင်သွားတာလား။ ညီမလေးက မမနဲ့အတူရှိရတာကို သဘောကျပေမဲ့ အဲ့ဒါကြောင့်နဲ့တော့ ညီမလေးတို့ ရင်ချင်းဆက်နေရမယ်လို့ မဆိုလိုဘူးလေ။ ညီမလေးပြောတာကို သိတယ်ဟုတ်?"
"... အင်း၊ မမသိပါတယ်။"
အယ်လီနာက မိုင်ယာဘယ်လာထိုင်နေသောနေရာဆီသွားကာ သူ(မ)ကို ပွေ့ဖက်လိုက်သည်။ မိုင်ယာဘယ်လာ၏ သေးငယ်သောပုံရိပ်လေးက အယ်လီနာ၏ပွေ့ဖက်မှုထဲ နစ်မြုပ်သွား၏။
"မမ ညီမလေးကို ဘယ်လောက်ထိချစ်လဲဆိုတာ ပြောပြဖူးလား။"
"အိုး၊ တော်ပါပြီ။ ရှက်စရာကြီး..."
*****
Aurora Novel Translation Team