ကားလ် (၁)
"ကိုယ် ကိုယ်တို့နှစ်ယောက်ကို အိပ်ရာတစ်ခုတည်းမှာပဲ အိပ်စေချင်တယ်။"
အယ်လီနာတစ်ယောက် သတိမထားမိဘဲ ပြန်တုံ့ပြန်လိုက်မိ၏။
"ကျွန်မ သဘောမတူဘူး။"
"ဘာလို့လဲ။"
"ဘာလို့လဲဆိုတော့..."
အယ်လီနာ သူ(မ)၏နှုတ်ခမ်းကို ကိုက်လိုက်၏။ ၎င်းမှာ သူ(မ) မတွေးခဲ့ဖူးသည့်အရာမဟုတ်ပေ။ နိုင်ငံရေးလက်ထပ်မှုတစ်ခုဖြစ်ရုံဖြင့် ၎င်းတို့ တစ်အိပ်ရာတည်း အတူတူမအိပ်ရဟု မဆိုလိုပေ။ သူ(မ)၏အာဏာကို ပိုမိုခိုင်မြဲစေရန် အနာဂတ်၌ ထီးနန်းဆက်ခံနိုင်မည့် မင်းသားတစ်ပါးကို ဖွားမြင်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
သူ(မ)သည် ၎င်းအား ကောင်းကောင်းသိပေ၏။ ပြဿနာမှာ အယ်လီနာ၏ရည်ရွယ်ချက်များက ဧကရီအဖြစ် သူ(မ)၏အာဏာကို မဖြစ်မနေ ခိုင်မာစေရန် မလိုအပ်ပေ။ သူ(မ)၏ပန်းတိုင်က ကာလိုင်းကို သူ(မ)ဘေးမှာထားပြီး သူ(မ)၏မိသားစုကို ကာကွယ်ရန်ဖြစ်သည်။ ထိုသို့လုပ်ရန်အတွက် ဧကရီဖြစ်လာသည်က အကောင်းဆုံးနည်းလမ်းဖြစ်နေရုံသာ။
အရှုပ်အထွေးသတင်းများက မကြာခဏ အမှန်ဖြစ်တတ်သော မင်းမျိုးမင်းနွယ်အဖွဲ့အစည်း၌ အယ်လီနာသည် ရှားရှားပါးပါး ဖြူစင်မှုနှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူ(မ)၏မိသားစု သေဆုံးသွားပြီးနောက် သူ(မ)၏တစ်ဘဝလုံး လက်စားချေရန် ကြိုးစားခဲ့သည့်အတွက် ယောက်ျားတစ်ယောက်နှင့်အတူရှိနေရန် အချိန်မရှိသလို ဘာအတွေ့အကြုံမှလည်း မရှိခဲ့ပေ။ သာမန်အချစ်ရေးကိစ္စများသာမက သူ(မ)သည် တစ်စုံတစ်ယောက်နှင့် အိပ်စက်မည့်အတွေးလည်း လုံးဝမရှိခဲ့ချေ။
အယ်လီနာ စားပွဲအောက်တွင် လက်သီးဆုပ်ထားလျက် သူ(မ)ကိုယ်သူ(မ) အကျိုးကြောင်းသင့်တွေးတောရန် ကြိုးစားနေသည်။ သူ(မ)က ဤလက်ထပ်ပွဲကို အဆိုပြုခဲ့သူဖြစ်ပြီး ကာလိုင်းက ရင်ဆိုင်ဖြေရှင်းဖို့လိုသည့် ပြဿနာကို ထုတ်ပြောနေခြင်းသာ။
ယခု စိတ်ပိုင်းဆိုင်ရာခံစားချက်များမပါဘဲ တည်ငြိမ်သော အကဲဖြတ်မှုကို ပြုလုပ်ရမည်။
"... ဒါက ရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး။ အချက်ကျကျ စဥ်းစားကြည့်မယ်ဆိုရင် အခုက အချိန်မှန်ဖြစ်မယ်လို့ ကျွန်မမထင်ဘူး။"
"ဘာကိုဆိုလိုတာလဲ။"
"အဲ့ဒါ... အဲ့ဒါက ကျွန်မ ရှင့်ရဲ့အမျိုးသမီးအဖြစ်နဲ့ပဲ မနေနိုင်ပါဘူး။ ရှင် ကျွန်မကိုလက်ထပ်ဖို့ ဘာလို့သဘောတူခဲ့လဲဆိုတာ ကျွန်မ မသိပေမဲ့ ကျွန်မကတော့ ဧကရီဖြစ်ချင်လို့ ဒါကို အဆိုပြုခဲ့တာ။ အဲ့ဒီအချိန်ထိ ကျွန်မရဲ့ ဓားရေးကျွမ်းကျင်မှုကို မစွန့်လွှတ်လိုက်ချင်ချင်ဘူး။"
ကာလိုင်းက အယ်လီနာ၏ပြောစကားကို တိတ်တိတ်လေး နားထောင်နေခဲ့သည်။ သူ(မ)သည် သူ၏မျက်နှာအမူအရာကနေ မည်သည့်ခံစားချက်ကိုမှ မဖတ်နိုင်သောကြောင့် သူ့ကို ထပ်မံဖျောင်းဖျရန် ကြိုးစားလိုက်၏။
"ကျွန်မ ဧကရီဖြစ်လာတဲ့အချိန်ထိ ရှင့်ရဲ့ကြင်ယာတော်ဆိုတာထက် လျှို့ဝှက်လက်နက်အဖြစ် လုပ်ဆောင်ပေးချင်တယ်။ ကျွန်မ ဒီဆုံးဖြတ်ချက်ကြောင့် မကျေမနပ်ဖြစ်မှာမဟုတ်သလို နောက်ပိုင်းမှာ ရှင် အခြားအမျိုးသမီးတစ်ယောက်နဲ့ ကလေးရခဲ့ရင်တောင် သူ့ကို အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်ပေးလို့ရတယ်။ ရှင် ဆန္ဒရှိတယ်ဆိုရင် ကျွန်မ သဘောတူညီချက်မှာ ထည့်ရေးပေးပါ့မယ်။"
သူ(မ)သည် အတိတ်ကိုပြန်ရောက်လာပြီးနောက် နေ့တိုင်း လေ့ကျင့်ခဲ့သည်။ အယ်လီနာက ကာလိုင်း၏ အထက်ဆုံးဓားတစ်လက် ဖြစ်လာလိမ့်မည်။ သူ၏လမ်းမှာ ပိတ်ရပ်နေသော ရန်သူများအား သတ်ဖြတ်ပြီး စစ်ပွဲတိုင်းမှာ မားမားမတ်မတ်ရပ်နေသူက အယ်လီနာဖြစ်လာနိုင်၏။
သူ့အတွက် ဝတ်စားဆင်ယင်ပြီး ညအချိန် အိပ်ရာထဲမှာ သူပြန်အလာကို စောင့်နေရသည့် သာမန်ဘဝမျိုးက အယ်လီနာနှင့် မလိုက်ဖက်ပေ။ သူ(မ)က ဧကရီဖြစ်လာရန် ရည်ရွယ်ချက်မရှိချေ။* တစ်ချိန်လုံး တိတ်တဆိတ်နားထောင်နေခဲ့သော ကာလိုင်းက ပထမဆုံး စကားစပြောလာ၏။
(TN/အယ်လီနာက ဧကရီဆိုတဲ့အာဏာကိုပဲလိုချင်တာ၊ ဧကရီတစ်ပါးလို နေထိုင်ရတာမျိုးကို အလိုမရှိဘူးလို့ပြောချင်တာပါ။)
"... မင်းက တကယ်ပဲ ဧကရီဖြစ်ချင်တာလား။"
ထိုမေးခွန်း၌ သူ(မ)သည် ကာလိုင်း၏အမြင်မှာ သူ(မ)က မည်သည့်ပုံစံဖြစ်နေမလဲဆိုသည်အား သိချင်မိသွား၏။ သူ(မ)သည် ဖြူစင်သော မင်းမျိုးမင်းနွယ်ဖြစ်သော်လည်း အာဏာအတွက်ဆို သူ(မ)၏ဘဝကို စွန့်စားဖို့ သို့မဟုတ် ရူးသွပ်နေသော အမျိုးသမီးတစ်ယောက်လို ဖြစ်နေလျှင်တောင် သူ(မ)၏မိသားစုအား အန္တရာယ်ကင်းအောင် ထားနိုင်သရွေ့ သူ(မ)ဂရုမစိုက်ပေ။
"ဟုတ်ကဲ့၊ ကျွန်မ ဧကရီဖြစ်ချင်ပါတယ်။"
ကာလိုင်းက သူ(မ)၏အဖြေကိုနားထောင်ပြီး တိတ်ဆိတ်သွားပြန်သည်။ အယ်လီနာ ခြောက်ကပ်စွာ တံတွေးမျိုချလိုက်၏။ မည်သည့်သဘောတူညီချက်မဆို အပြန်အလှန်လိုက်လျောမှုလိုအပ်ပြီး အယ်လီနာက အားနည်းသည့်နေရာမှာ ရှိနေသော်လည်း သူ(မ)၏အခြေအနေများကို ခိုင်ခိုင်မာမာ ပြောဆိုနေဆဲဖြစ်သည်။ ကာလိုင်း၏ရှုထောင့်ကကြည့်လျှင် ၎င်းမှာ ကျေနပ်စရာမဟုတ်ပေ။ ထို့နောက် သူက လုံးဝမထင်မှတ်ထားသောအရာကို ပြောလာခဲ့သည်။
"မင်းကြောင့် ကိုယ် ဧကရာဇ်ဖြစ်ချင်တဲ့ အကြောင်းပြချက်တစ်ခု ပိုလာခဲ့တာ။"
"ဆိုလိုတာက..."
"အဲ့ဒါက မင်းရဲ့ဆန္ဒဆိုရင် ကိုယ်လက်ခံပါတယ်။ ကိုယ်တို့ အတူတူမအိပ်တော့ဘူး။"
"အိုး၊ ကျေးဇူးတင်ပါတယ်၊ အရှင့်သား။"
သူ(မ)၏မျက်နှာက ဝင်းပလာ၏။ ကာလိုင်းဘက်ကသာ ငြင်းဆန်လိုက်လျှင် သူ(မ) ဘာလုပ်သင့်သလဲဟု စိုးရိမ်နေခဲ့တာပင်။
'... ဘုရားသခင်၊ ကျေးဇူးပါ။'
အယ်လီနာ သက်ပြင်းချနိုင်သည့် အလိုက်အတန့်ရောက်တော့မှ ကာလိုင်းက ထပ်ပြောလာခဲ့သည်။
"မင်း ဧကရီဖြစ်လာတဲ့အချိန်ထိပဲ။ အဲ့ဒီနောက်ပိုင်း မပါဘူး။ မင်းရဲ့ဆန္ဒအတိုင်း ဧကရီဖြစ်လာတာနဲ့ ကိုယ့်ရဲ့ဇနီးအဖြစ်ပဲ နေထိုင်ရမယ်။"
"အာ..."
အယ်လီနာ သူပြောလိုက်သည့်စကားကို ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ပေ။
သူ(မ)က လက်ထပ်နိုင်သောအနေအထားမှာရှိနေပြီး သူ(မ)အတွက် အကျိုးအရှိဆုံးဖြစ်မည့်သူကို ရွေးချယ်ခဲ့၏။ အမှန်မှာ ဤအိမ်ထောင်ရေးက ကာလိုင်း ဧကရာဇ်ဖြစ်လာပြီးနောက်ပိုင်းအတွက် သူ(မ) ဆေးမခြယ်ခဲ့ဖူးသော အနာဂတ်ဖြစ်သည်။ ထိုနောက်ပိုင်းတွင် သူက အခြားသောအမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံနိုင်ပြီး အယ်လီနာ့ကို လျစ်လျူရှုလိုက်နိုင်သည်။ သူ(မ)က ဧကရီအဖြစ် လွတ်လပ်သောဘဝမှာ နေထိုင်နိုင်ပြီး သူ(မ)၏ဘဝကို တိတ်တဆိတ်သာ ကုန်ဆုံးသွားလိမ့်မည်။ သို့မဟုတ် ကာလိုင်းက သူ(မ)အား ဧကရီရာထူးမှ ဖယ်ရှားခြင်း သို့မဟုတ် ကာလိုင်းကသာ သစ္စာမဲ့အစိုးရကို ဦးဆောင်ခဲ့လျှင် အယ်လီနာက သူ့ကိုနန်းချကာ သူ့နေရာမှာ အခြားတစ်ယောက်ကို နန်းတင်နိုင်၏။
သူ(မ)သည် အနာဂတ်က မည်သို့ဖြစ်လာမလဲဆိုသည်အား ဂရုမစိုက်ပေ။ သို့သော် ကာလိုင်း ယခုပြောလာသည့်အရာက သူ(မ) တစ်ခါမှမတွေးခဲ့ဖူးသည့် အနာဂတ်ဖြစ်နေ၏။ သူ၏ဇနီးအဖြစ် နေထိုင်ရမည်ဆိုသော စကားလုံးများက သူ့အတွက် အဓိပ္ပာယ်အပြည့်အဝပါရှိနေဟန်။
ကာလိုင်းသည် သူ(မ)တွေးနေသောအရာကို သိရှိသလို ပြောလာခဲ့၏။
"မင်း သဘောမတူဘူးလား။ မင်းက ဧကရီဖြစ်လာဖို့ ကိုယ့်ကို အသုံးချ-"
"မဟုတ်ပါဘူး၊ ကျွန်မ ဆန္ဒရှိပါတယ်။ ကျွန်မ ရှင့်ရဲ့ဇနီးအဖြစ် နေပါ့မယ်။"
သူ(မ)က သူ့ကို'အသုံးချ'နေသည်ဆိုသော စွပ်စွဲချက်ထွက်ပေါ်လာသည်နှင့် အယ်လီနာတစ်ယောက် စဥ်းစားမနေတော့ဘဲ မြန်မြန်ပြန်ဖြေလိုက်၏။ ကာလိုင်းက လိုက်လျောမှုများစွာ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ သူ(မ)၏အသိစိတ်က သူ(မ)အပြစ်ရှိစိတ်ကို ထိုးနှက်နေသော်လည်း သူ(မ)သည် တခြားအဖြေကို ပေးလို့မရပေ။ ကာလိုင်းမှာ ၎င်းက တွန့်ဆုတ်နေသောအဖြေ ဟုတ်မဟုတ်ကို သတိမပြုမိဘဲ သူ၏မျက်နှာထက် ကျေနပ်သောအမူအရာတို့ ဖြစ်တည်လာ၏။
ထို့နောက် သူ၏အပြာရောင်မျက်ဝန်းထဲမှ အပြုံးများက မှေးမှိန်သွားခဲ့သည်။
"ကိုယ်ပြောပါတယ်၊ မင်းက တစ်ခါတလေဆို ကိုယ့်ကို လောဘကြီးလာစေတယ်လို့။"
"..."
"မင်း ကိုယ့်ရဲ့ကလေးကို မွေးဖွားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့က မင်းလိုမျိုး ရွှေရောင်ဆံပင်ရယ်၊ မျက်လုံးနီနီလေးတွေနဲ့ဆို ချစ်စရာကောင်းနေမှာပဲ။"
"...ဘာ?"
အယ်လီနာ အံ့သြသွားသည်။ ၎င်းမှာ သူ(မ)နှင့်တူသော ကလေးမဟုတ်လျှင် သူက သူ၏ကလေးကို မချစ်နိုင်သည့်အလား။
ကာလိုင်းက ရှင်းပြဖို့ရည်ရွယ်ချက်မရှိဘဲ ချောမွေ့စွာဖြင့် အကြောင်းအရာပြောင်းလဲလိုက်သည်။
"မင်းသိလား၊ ကိုယ် မင်းရဲ့အမြင်တွေကို အများကြီးနားထောင်ပေးခဲ့ရတာ။"
"အိုး၊ ဟုတ်ကဲ့။ အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်။"
"အခုကစပြီး ကိုယ်လိုချင်တာကို ပြောပြမယ်။"
"ကျေးဇူးပြုပြီး ပြောပါ။"
အိမ်ထောင်ရေးသဘောတူညီချက်အတွက် ကာလိုင်းအနေနှင့် သူ့ဘက်ကအခြေအနေများကို တောင်းဆိုရန်အချိန်ပင်။
လေထုထဲမှာရစ်ပတ်နေသော တင်းအားကြောင့် အယ်လီနာ ခြောက်ကပ်စွာ တံတွေးမျိုချလိုက်မိသည်။
"ကိုယ့်ကို ကားလ်လို့ခေါ်။"
*****
Aurora Novel Translation Team