အံ့သြစရာကောင်းလောက်အောင်ကို တူတယ် (၂)
"မင်းသားကာလိုင်းက ဒါတွေကိုသိလား။"
"ဟုတ်ကဲ့။"
အယ်လီနာ ကျေနပ်သွား၏။ ကာလိုင်းက သူ(မ) မျှော်လင့်ထားတာထက် ပိုပြီးစွမ်းဆောင်နိုင်သည်။ ကာလိုင်းသာ လုပ်ကြံမခံရလျှင် ဖေးဗလုက ဧကရာဇ်ဖြစ်လာမည်မဟုတ်ဟုဆိုသော သူ(မ)၏အတိတ်ဘဝတုန်းက လူများပြောခဲ့ကြသလိုပင်။ ကံကောင်းစွာဖြင့် ကာလိုင်း၏လက်ကို ဆုပ်ကိုင်ခွင့်ရသူက သူ(မ)ဖြစ်နေသည့်အတွက် သူ(မ)ကံကောင်းသည်ဟု နောက်တစ်ကြိမ်ထပ်ပြီး ခံစားမိလိုက်သည်။ အယ်လီနာက စာရွက်များကို သပ်သပ်ရပ်ရပ်ပြန်စီကာ ဆက်လက်ပြောကြားလိုက်၏။
"ကျွန်မ ဒီအချက်အလက်တွေကို သိမ်းထားပြီး ကျန်တာကို နောက်မှကြည့်လိုက်ပါ့မယ်။ ဒီဟာတွေအားလုံးကိုစုဆောင်းဖို့ ခက်ခဲခဲ့မှာကို ကျွန်မသိပေမဲ့ နောက်ထပ်တစ်ခုလောက် ထပ်ပြီးတောင်းဆိုချင်တာရှိတယ်။"
"ဟုတ်ကဲ့။"
"ခါရက်မိသားစုအကြောင်း ပိုပြီးရှာဖွေပေးပါ။"
ခွန်းက အခိုက်အတန့်တစ်ခုလောက် ရပ်တန့်သွားပြီး ပျော့ပျောင်းစွာ ပြန်ဖြေလာခဲ့သည်။
"မဒမ်ဆန္ဒရှိရင် ကျွန်တော် စုံစမ်းပေးပါ့မယ်၊ ဒါပေမဲ့ ခါရက်တွေအကြောင်းက သတင်းရဖို့ ခက်ခဲပါတယ်။"
"အဲ့လိုလား။ ဒါဆို ရှင်ရှာနိုင်တဲ့ဟာကို ရှာကြည့်ပေးပါ။"
"နားလည်ပါပြီ။"
ခွန်း၏ တိုတိုတုတ်တုတ်စကားပြန်ကြောင့် အယ်လီနာ ပြုံးလိုက်၏။ ထို့နောက် ကိစ္စတစ်ခုက သူ(မ)စိတ်ထဲ ပေါ်ပေါက်လာခဲ့သည်။
"ရှင်သိပြီးသားဖြစ်လောက်မှာဆိုပေမဲ့ ကျွန်မ မကြာခင် မြို့တော်ကိုထွက်ခွာမှာပါ။ ရှင်ရော အနီးနားမှာ ရှိနေမှာမလား။"
"ဟုတ်ပါတယ်။ မဒမ်ကိုကာကွယ်ဖို့က အရေးကြီးဆုံးတာဝန်ပါ။"
"ဒါဆို ကျွန်မတို့ ခရီးနှင်နေရင်တောင် ခါရက်အကြောင်းကို တတ်နိုင်သလောက်မြန်မြန် သတင်းယူခဲ့ပေးပါ။"
"ဟုတ်ကဲ့။ ညွှန်ကြားစရာ ရှိပါသေးလား။"
သူ(မ) ခေါင်းညိတ်တော့မည့်အချိန် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ အယ်လီနာနှင့်ခွန်းက တစ်ချိန်တည်း လှည့်ကြည့်လိုက်ကြ၏။
"မမ ညီမလေး ခဏလောက် ဝင်လာလို့ရမလား။"
အပြင်ဘက်မှ မိုင်ယာဘယ်လာ၏အသံ ထွက်ပေါ်လာ၏။ အယ်လီနာနှင့်ခွန်းက တံခါးဘက်သို့ လှည့်ကြည့်ကာ အလိုလိုပင် အချင်းချင်းပြန်ကြည့်လိုက်မိကြသည်။ သူ(မ) ဤကိစ္စကို အမြန်ဖြေရှင်းဖို့လိုနေပြီ။
"ခဏလောက် စောင့်ပေးဦး၊ မိုင်ယာဘယ်လာ။"
အယ်လီနာ အကြံအိုက်နေ၏။ သူရဲကောင်းများစွာရှိသော ဘလေဆယ်ရဲတိုက်တွင် မိုင်ယာဘယ်လာသာ အပြင်မှာရှိနေလျှင် ခွန်းအတွက် လွတ်မြောက်ဖို့ ခက်ခဲလိမ့်မည်။
ရှူး-
ခွန်းက ပြတင်းပေါက်အား ညွှန်ပြလာ၏။ သူဘာကိုဆိုလိုမှန်း နားမလည်တာကြောင့် အယ်လီနာ သူ့ကို စိုက်ကြည့်နေခဲ့သော်လည်း သူက အိတ်ထဲကနေ ကြိုးဆွဲထုတ်လိုက်သောအခါ ရှင်းလင်းသွားခဲ့သည်။
"အာ..."
အယ်လီနာ ဘာမှမပြောနိုင်ခင် ခွန်းက ပြတင်းပေါက်ဘောင်မှာကြိုးချည်ကာ အကြောက်အလန့်မဲ့စွာ ခုန်ချသွား၏။ ထိတ်လန့်သွားသောအယ်လီနာက သူ့ဆီကို ပြေးသွားခဲ့သည်။ စိတ်မရှည်ဖြစ်လာသော မိုင်ယာဘယ်လာသည် တံခါးဖွင့်ကာ ခေါင်းလေးပြူထွက်၍ ဝင်ကြည့်လာ၏။
"မမ ဘာလုပ်နေတာလဲ။ အလုပ်များနေတာလား။"
"အိုး၊ မဟုတ်ပါဘူး။ ဝင်လာခဲ့လေ။"
အယ်လီနာ၏ခွင့်ပြုချက်ဖြင့် မိုင်ယာဘယ်လာက တံခါးဖွင့်ကာ အခန်းထဲကို ဝင်လာခဲ့သည်။ အယ်လီနာ စိုးရိမ်စွာဖြင့် အခန်းအပြင်ကို တစ်ချက်ကြည့်လိုက်၏။ ခွန်းက မြေပြင်ပေါ်ရောက်သွားပြီး အယ်လီနာ့ကို မော့ကြည့်လာခဲ့သည်။ မျက်လုံးချင်းဆုံသွားခိုက် ခွန်းက ခါတိုင်းလိုပင် ဦးညွတ်ခဲ့ပြီးနောက် တစ်ဖက်လှည့်ကာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားခဲ့လေ၏။ အယ်လီနာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။
'သူက တကယ်ကို ခန့်မှန်းလို့မရတဲ့လူပဲ။'
ဤနည်းဖြင့် ခွန်းက အယ်လီနာ့ထက်တောင် သူ၏အထောက်အထားအား ပို၍ကာကွယ်နေသေးသည်။ မိုင်ယာဘယ်လာက သူ(မ)ဘေးကိုရောက်လာပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်၏။
"အပြင်မှာ တစ်ခုခုရှိလို့လား။"
အယ်လီနာ၏ အကြည့်နောက်ကို လိုက်ကြည့်လိုက်ရာ မိုင်ယာဘယ်လာ၏ အစိမ်းရင့်ရောင်မျက်လုံးများထဲ ခွန်း၏ပုံရိပ်က ထင်ဟပ်လာသည်။ မိုင်ရာဘယ်လာက ထိုလူ့ကို လက်ညှိုးထိုးပြခဲ့သည်။
"အိုး! မမ အဲ့ဒီလူကို ကြည့်လိုက်။"
အယ်လီနာက ပြတင်းပေါက်မှာ ချိတ်နေသော ကြိုးအား တစ်ချက်ကြည့်ကာ သတိထားပြီး ပြန်ဖြေလိုက်၏။
"ဘာဖြစ်လို့လဲ။"
"သူ့ဆံပင်က ညီမလေးရဲ့ဝက်ဝံလေးနဲ့ အရောင်အတူတူပဲ။"
"အိုး၊ ဟုတ်တာပဲ။"
အယ်လီနာ မိုင်ယာဘယ်လာ၏အရုပ်ကို မှတ်မိသွားပြီး ခေါင်ညိတ်ပြလိုက်၏။ ၎င်းအား နက်ပြာရောင် ကတ္တီပါသားဖြင့် ပြုလုပ်ထားပြီး သူ(မ)တို့၏အမေက မိုင်ယာဘယ်လာ မွေးဖွာလာချိန် သူ(မ)ကို ပေးခဲ့တာကြောင့် အလွန်အဖိုးတန်သည်။ သူ(မ) ငယ်ငယ်တုန်းကဆို ထိုအရုပ်လေးမရှိလျှင် အိပ်မပျော်ပေ။
"...သူတို့က အရမ်းတူတာပဲ။"
အယ်လီနာနှင့် မိုင်ယာဘယ်လာက ခွန်း၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသောပုံရိပ်ကို ကြည့်နေကြ၏။ သို့သော် အယ်လီနာသည် ပြတင်းပေါက်ရှိကြိုးကို စိတ်ပူလာပြီး အမြန်အာရုံလွှဲလိုက်သည်။
"ဒါနဲ့ ဘာကိစ္စရှိလို့လဲ၊"
"အိုး၊ ညီမလေးတို့ မြို့တော်ကိုသွားရင် ဘာတွေထုပ်ပိုးရမလဲလို့ မမကို မေးချင်လို့ပါ..."
မိုင်ယာဘယ်လာက စကားပြောနေသော်လည်း သူ(မ)က ခွန်း၏နောက်ကျောကနေ အလွယ်တကူ အကြည့်မခွာနိုင်ခဲ့ပေ။ သူ(မ)၏ဝက်ဝံရုပ်လေးသာ အသက်ရှိမည်ဆိုပါက ထိုကဲ့သို့ဖြစ်လာလိမ့်မည်။
...
"လုံခြုံအောင်နေ။"
ဒဲရက်က နှုတ်ဆက်နေရင်း သူ၏ပုံမှန်တင်းမာသောအမူအရာက ယခု စိုးရိမ်သောအမူအရာဖြင့် အစားထိုးသွား၏။ ရဲတိုက်၏ဝင်ပေါက်၌ ဒဲရက်၊ အိမ်တော်ထိန်းနော်မန်နှင့် အခြားသောအစေခံများအားလုံးက အယ်လီနာနှင့် မိုင်ယာဘယ်လာတို့ မြို့တော်သို့ထွက်ခွာမည်ကို လိုက်ပို့ခဲ့ကြသည်။
"ညီမလေးတို့ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့မှာမို့ စိတ်မပူပါနဲ့။"
သူ(မ)က ဒဲရက်ကို စိတ်အေးစေလိုက်၏။ သူက သူရဲကောင်းများကို ပိုထည့်ပေးထားသော်လည်း စိတ်ပူနေဆဲ။ ထို့နောက် အယ်လီနာက ဒဲရက်၏ဘေးမှာရပ်နေသော နော်မန်ကို ပြောလိုက်သည်။
"ကျွန်မမရှိတုန်း အိမ်တော်ကို စောင့်ရှောက်ထားပေးပါ။"
"စိတ်ချပါ။ ဂရုတစိုက်ရှိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးကို စီစဥ်တကျ ထိန်းသိမ်းထားပါ့မယ်။"
"ဒါဆို ဝမ်းသာပါတယ်။ တစ်ခုခုဖြစ်ရင် ကျွန်မကို စာပို့လိုက်ပါ။"
သူ(မ)၏နှုတ်ဆက်စကားက ရှည်သည်ထက် ပိုရှည်လာသောကြောင့် မိုင်ယာဘယ်လာ အယ်လီနာ့လက်ကို ဆွဲလိုက်၏။
"ရပါပြီ။ ညီမလေးတို့ အခုလိုသာဆို ဒီမှာပဲကြာနေလိမ့်မယ်။ ပြီးတော့ အစ်ကိုကလည်း အရမ်းစိတ်ပူနေသလိုပဲ၊"
"ဒါပေမဲ့..."
"လာပါ၊ သွားကြရအောင်။ ညီမလေးတို့ ပြန်လာရင် လက်ဆောင်ဝယ်လာခဲ့မယ်!"
မိုင်ယာဘယ်လာက အယ်လီနာ့ကို ရထားလုံးထဲထည့်ကာ ချက်ချင်းဆိုသလို အပြင်မှာရပ်နေသော ဒဲရက်ကို လက်ဝှေ့ယမ်းပြလိုက်ရာ သူက ခေါင်းညိတ်ပြလာ၏။
"အရမ်းနောက်မကျခင် သွားသင့်တယ်။"
မိုင်ယာဘယ်လာက ရထားလုံးမောင်းသူအား စိတ်မရှည်စွာပြောလိုက်သည်။
"သွားကြစို့။"
"ဟုတ်ကဲ့ပါ၊ သခင်မလေး။"
ရထားလုံးမောင်းသူက ဇတ်ကြိုးကိုဆွဲကာ ရထားလုံးက ဖြည်းဖြည်းချင်း စတင်ရွေ့လျားလာခဲ့သည်။ မိုင်ယာဘယ်လာက ဒဲရက် မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်အထိ လက်ဝှေ့ယမ်းပြခဲ့ပြီး အယ်လီနာက အသာခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ မြင်းများက အရှိန်ရလာပြီး ရထားလုံးပြတင်းအပြင်ရှိ လှပသောရှုခင်းများက လျင်မြန်စွာ ဖြတ်ပြေးသွားကြ၏။ ဘလေဆယ်ရဲတိုက်မှ အပြင်ထွက်ခဲသည့် မိုင်ယာဘယ်လာတစ်ယောက် ပြတင်းပေါက်အပြင်ကို မျှော်ကြည့်ရင်း သူ(မ)ဘာသာ တီးတိုးရေရွတ်လိုက်သည်။
"ညီမလေးက မမနဲ့တူတူ ခရီးအဝေးကြီးထွက်ချင်နေခဲ့တာ။"
အယ်လီနာသည် ကာလိုင်းကိုကယ်တင်ရန် တစ်ယောက်တည်း အလုပ်များနေခဲ့ရသော်လည်း သူ(မ)နှင့်အတူ မိုင်ယာဘယ်လာရှိနေသောကြောင့် ပျော်ရွှင်နေမိသည်။
"ဒီခရီးက ပျော်စရာကောင်းမယ်ဆိုတာ မမ အတပ်ပြောနိုင်တယ်။ အချိန်ကောင်းလေးတွေ ဖန်တီးကြရအောင်။"
အယ်လီနာတစ်ယောက် မြို့တော်၌ သူ(မ)တို့ကို စောင့်ကြိုနေမည့်အရာအား လျစ်လျူရှုကာ ပြုံးလိုက်သည်။
*****
Aurora Novel Translation Team