no

Font
Theme

အနာဂတ်ကပြောင်းလဲသွားပြီ (၂)


ဖိတ်ကျသွားသောရေများကို ပြန်လည်စုစည်းဖို့ မဖြစ်နိုင်တော့ပေ။ သူ(မ)သာ ဆန္ဒရှိလျှင် ဆိုဖီယာ့ကို နှိပ်စက်နိုင်သော်လည်း သူ(မ) ဆိုဖီယာ့ကို သတ်လိုက်လျှင်တောင် ပျံ့နှံ့ပြီးသား အတင်းအဖျင်းများကို ပြန်ရုပ်သိမ်းလို့မရနိုင်ပေ။ သို့သော်လည်း ယခုအဖြစ်အပျက်ကြောင့် သူ(မ)တစ်ယောက်တည်း ကိုင်တွယ်နေရတာ မည်မျှခက်ခဲကြောင်း သတိပြုမိခဲ့သည်။ သူ(မ) အင်အားတစ်ခုလိုအပ်၏။ ၎င်းအား အရေးတကြီးလိုအပ်နေသည်။ မြို့စား၏သမီးအဖြစ် သူ(မ)လုပ်နိုင်သည့်အရာမှာ နည်းပါးလွန်းသည်။


"ကျွန်မတောင်းပန်ပါတယ်။ ဒီတစ်ခါတည်းပါ။ ကျေးဇူးပြုပြီး တစ်ခါလောက် ခွင့်လွှတ်ပေးပါ။ အခုက ဒီလောက်အေးနေတာ ကျွန်မကို နှင်ထုတ်လိုက်ရင် လမ်းမှာ အေးခဲပြီးသေသွားပါလိမ့်မယ်။"


"ဒါက ငါမင်းအတွက်လုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းလို့ ပြောခဲ့တယ်နော်။ ငါ ရွှေဒင်္ဂါးကို ပြန်မယူတာကိုပဲ ကျေးဇူးတင်သင့်တယ်။ နောက်ထပ်တစ်နေရာ သွားရှာလိုက်။ အခု မင်းက ငါ့ယုံကြည်မှုကို ချိုးဖျက်လိုက်တာမို့ ဒီအိမ်တော်မှာ မင်းကို ဆက်မထားနိုင်တော့ဘူး။


အယ်လီနာသည် ထိုသို့ပြောပြီးနောက် ဆိုဖီယာ့ကို ဖြတ်လျှောက်သွားခဲ့၏။ ဆိုဖီယာ၏ ဝမ်းနည်းပင်လက်ငိုသံက လေထုထဲမှာ ပဲ့တင်ထပ်နေသော်လည်း ဆိုဖီယာကတော့ ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်လျှောက်သွားခဲ့လေသည်။


...


နောက်တစ်နေ့၌။


အယ်လီနာ အိပ်ရာထထချင်း ပြတင်းပေါက်၌ အနီရောင်လက်ကိုင်ပဝါကို ချည်နှောင်လိုက်သည်။ သူ(မ)သည် ဆင့်ခေါ်ခံလိုက်ရသည့်ခွန်းအား မြန်မြန်ရောက်လာဖို့ မမျှော်လင့်ခဲ့ပေ။ သို့သော် မနေ့ညကအဖြစ်အပျက်ကြောင့် သူ(မ) တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။


'... အနာဂတ်က ပြောင်းလဲသွားပြီ။'


ဆိုဖီယာ၏ ကနဦးလမ်းကြောင်းက ၎င်းတို့သေတဲ့အထိ ဤမိသားစုအတွက် အလုပ်လုပ်ပေးခြင်းဖြစ်သော်လည်း အယ်လီနာ အတိတ်ကို ပြန်ရောက်လာပြီးနောက် ရံရွေတော်က ပြောင်းလဲသွားခဲ့သည်။ အယ်လီနာမှတ်မိသော အတိတ်နှင့် အနာဂတ်က တစ်ထပ်တည်းမတူတော့ပေ။ ထို့ပြင် သူ(မ)သိသော အကြီးမားဆုံးသောအပြောင်းအလဲက သူ(မ) ကာလိုင်း၏အသက်ကို ကယ်လိုက်နိုင်ခြင်းပင်။ 'အဲ့ဒါ ဘယ်နှနှစ်လောက် ပြောင်းလဲသွားမှာလဲ။' သူ(မ) သိဖို့လိုအပ်သည်။


မှတ်ဉာဏ်များကို အားကိုးနေတာထက် တော်ဝင်မိသားစုအကြောင်း ခွဲခြမ်းစိတ်ဖြာမှုကို အသစ်ပြုလုပ်ရန်လိုအပ်သည်။ သူ(မ)ဘာသာ အချက်အလက်စုဆောင်းနိုင်သော်လည်း မနေ့ညကအဖြစ်အပျက်ကြောင့် သူ(မ)ဆန္ဒရှိသလိုလှုပ်ရှားဖို့ ခက်ခဲသွား၏။ ထို့ပြင် ထိုလမ်းထဲတွင် ဟယ်လင်၏လူများက သူ(မ)အနောက်သို့လိုက်လာခဲ့ပြီး ၎င်းတို့၏ ရည်ရွယ်ချက်ကို မသိရသေးချေ။ သူ(မ) တတ်နိုင်သလောက် ခေါင်းငုံ့နေတာက ပိုပြီးလုံခြုံလိမ့်မည်။


ထို့ပြင် အိမ်ထဲမှာနေတာက ကောလာဟလများကို အသံတိတ်သွားစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့ကြောင့် ခွန်းကို ဆင့်ခေါ်တာက မှန်ကန်ပေ၏။ သူ(မ)သည် အပြင်ကအချက်အလက်များကို စုဆောင်းဖို့ သူ့ကို အသုံးချရမည်။


'သူက ကားလ်ပြောသလို စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်...'


ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်ပြီးနောက် အယ်လီနာ သူ(မ)၏ဦးခေါင်းကို ပြန်လှည့်ခဲ့သည်။ သူ(မ)မှာ ယနေ့လည်း လုပ်စရာများစွာရှိနေဆဲပင်။


သူ(မ)၏ မနက်ခင်းလေ့ကျင့်ခန်းကို အပြီးသတ်ပြီးနောက် အယ်လီနာ အစေခံများအားလုံးကို ဆင့်ခေါ်လိုက်သည်။ ၎င်းတို့အားလုံး အကျယ်ဆုံးဗဟိုခန်းမဆောင်ထဲ စုဝေးခဲ့ကြ၏။ အယ်လီနာက ရှေ့တက်ကာ အလုပ်သမားများ၏မျက်နှာများကို တစ်ယောက်ချင်းလိုက်ကြည့်ပြီးနောက် မယိမ်းယိုင်သောလေသံဖြင့် ပြောလိုက်သည်။


"မနေ့တုန်းက မယုံကြည်နိုင်လောက်တဲ့ကောလာဟလတစ်ခုကို ကြားခဲ့ရတယ်။"


ကောလာဟလဟု ပြောလိုက်သောအခါ အစေခံများက အချင်းချင်း၏အကြည့်များကို ရှောင်ခဲ့ကြသည်။ ၎င်းတို့၏တုံ့ပြန်ချက်အရ အယ်လီနာဆိုလိုသည်ကို လူတိုင်း သိလောက်ပုံပင်။ အယ်လီနာက အချိန်ဆွဲပြီး စကားမပြောတတ်ရာ ချက်ချင်းဆိုသလို လိုရင်းကိုသာပြောလိုက်သည်။


"ငါ့အကြောင်း အဲ့လိုစကားတွေဖြန့်တဲ့သူကို မနေ့က နှင်ထုတ်လိုက်ပြီ။"


အစေခံများဆီမှ တီးတိုးပြောသံများ ထွက်လာသော်လည်း အယ်လီနာက လက်မြှောက်ကာ အသံတိတ်ဖို့ အမိန့်ပေးလိုက်၏။


"ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်မယ်။ တကယ်လို့ ဘလေဆယ်အိမ်တော်မှာ အလုပ်ဆက်လုပ်ဖို့စီစဥ်ထားရင် ဒီအတင်းအဖျင်းကြောင့် အရူးလုပ်မခံနဲ့။ ဒီလိုဇာတ်လမ်းတွေသာ ငါ့နားထဲရောက်လာခဲ့ရင် ထွက်သွားဖို့သာ ပြင်ထားလိုက်။"


၎င်းမှာ သတိပေးချက်ဖြစ်သော်လည်း သူ(မ) ပြောကြားလိုက်သည့်နည်းလမ်းက ဂုဏ်သရေရှိနေဆဲပင်။ လူတိုင်း တိတ်ဆိတ်သွားသည့်အခိုက်အတန့်မှာ အိမ်တော်ထိန်းကြီးက ပြန်ဖြေလာခဲ့သည်။


"နားလည်ပါပြီ၊ သခင်မလေး။ ဒီကိစ္စကို သခင်မလေးဆီ လာပြောတော့မလို့ပါပဲ။ ဒါပေမဲ့ သခင်မလေးက ကောင်းကောင်းကိုင်တွယ်ခဲ့ပါတယ်။ ဒီလိုကိစ္စမျိုး တစ်ခုခုတွေ့ခဲ့မယ်ဆိုရင် ချက်ချင်း အသိပေးပါ့မယ်။"


"အင်း၊ ကျေးဇူးပြုပြီး ကျွန်မကို သတင်းလာပို့ပေးပါ။ ကျွန်မ သူတို့ကို ချက်ချင်း အလုပ်ထုတ်လိုက်ပါ့မယ်။"


ထို့နောက် အယ်လီနာ သူ(မ)ကို စိုးရိမ်ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည့် အစေခံများအား ရှင်းရှင်းလင်းလင်း ထပ်ပြောလိုက်သည်။


"အခု အားလုံးကို သတိပေးပြီးပြီမို့ သနားညှာတာနေမှာ မဟုတ်တော့ဘူး။"


အစေခံများက တညီတညွတ်တည်း ခေါင်းညိတ်ကာ ပြန်ဖြေခဲ့ကြသည်။


"နားလည်ပါပြီ၊ သခင်မလေး။"


သံပြိုင်အဖြေကို ကြားလိုက်ရသော် အယ်လီနာ ခေါင်းညိတ်ပြလိုက်၏။ သူ(မ)က ခြိမ်းခြောက်မှုများကို မပြုလုပ်ချင်သော်လည်း ထိုသို့မလုပ်ပါက ၎င်းတို့နှင့်စကားပြောရန် ခက်ခဲပေသည်။ ထို့ပြင် ပါးစပ်ပိတ်လိုက်ဖို့က လူများစွာရှိနေ၏။ အပြင်သို့သတင်းမထွက်ခင် သူ(မ) တတ်နိုင်သလောက် ကိုင်တွယ်ဖြေရှင်းရပေမည်။ အစေခံများက ဦးညွတ်ထားဆဲဖြစ်ပြီး အယ်လီနာက ၎င်းတို့ကို ပြောလိုက်သည်။


"အားလုံး သွားလို့ရပြီ။"


သူ(မ) ထိုသို့ပြောလိုက်သောအခါ အစေခံများအားလုံး သက်ဆိုင်ရာတာဝန်များဆီ ပြန်သွားခဲ့ကြ၏။ မည်သူကမှ တီးတိုးမပြောကြသလို မည်သူကမှ နေရာကနေ မထွက်ခဲ့ကြပေ။


တိတ်တဆိတ်ကြည့်နေသော အိမ်တော်ထိန်းက အယ်လီနာ့ကို ပြောလာ၏။


"သခင်မလေး ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။"


"ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကူညီပေးတဲ့အတွက်လည်း ကျေးဇူးပါ။ အကယ်၍ တစ်ယောက်ယောက်က တစ်ခုခုပြောလာခဲ့ရင် ရှင်ပြောခဲ့သလို လုပ်ပေးပါ။ ဒါဆို အဲ့ဒီအကြောင်းမပြန့်သွားဖို့ ရှင့်ကိုပဲ အပ်ခဲ့ပါ့မယ်။"


"ဟုတ်ကဲ့ပါ၊ သခင်မလေး။"


ဤသည်မှာ လေဒီဘလေဆယ်၏ သူ(မ)၏နေ့ရက်ကို စတင်ပုံဖြစ်သည်။ ရိုးရှင်းသော မနက်စာပြီးနောက် အယ်လီနာ သူ(မ)၏ထိုင်ခုံမှာထိုင်ကာ လုပ်စရာရှိသော စာရွက်စာတမ်းများကို ကြည့်နေခဲ့၏။ မိုင်ယာဘယ်လာက လက်ဝတ်ရတနာဆိုင် သွားချင်နေသောကြောင့် သူ(မ)တို့၏ငွေရေးကြေးရေးကို စစ်ကြည့်ဖို့လိုအပ်သည်။


ပြီးလျှင် ဤလောကကြီးအကြောင်းနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို ပိုပြီးတူးဆွရမည်။ ဘလေဆယ်အိမ်တော်က မြို့တော်နှင့် အလှမ်းဝေးရာ စာရွက်စာတမ်းများ၌ တော်ဝင်မိသားစုနှင့်ပတ်သက်သည့် အချက်အလက်များ မပါဝင်သော်လည်း တောင်ပိုင်းနယ်ရှိ ၎င်းတို့၏ ကြွယ်ဝမှုစာရင်းတို့ ပါဝင်ပေသည်။ ထိုစာရွက်စာတမ်းများထဲကနေ အရင်ဘဝက ဘယ်တုန်းကမှမသိခဲ့သော တောင်ပိုင်းရှိ ကိစ္စအသစ်များကို သိရှိနိုင်သည်။


ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရ၏။ ယခုအချိန်၌ သူ(မ)ဆီကို မည်သည့်ဧည့်သည်ရောက်လာကြောင်း စဉ်းစားမရသည့်အတွက် ပဟေဠိဖြစ်နေသောအသံဖြင့် ပြန်ဖြေခဲ့သည်။


"ဝင်ခဲ့ပါ။"


သူ(မ) ပြောလိုက်ပြီးနောက် တံခါးပွင့်သွားပြီး အခန်းထဲသို့ အမျိုးသားတစ်ယောက် ဝင်ရောက်လာခဲ့သည်။ သူ့မှာ နက်ပြာရောင်ဆံနွယ်နှင့် ဖြူဖျော့နေသော အသားအရေတို့ရှိ၏။ ၎င်းမှာ ခွန်းပင်။


သူ(မ)က သူ့ကိုဆင့်ခေါ်ထားတာဖြစ်သော်လည်း သူဝင်လာသည်ကို မြင်လိုက်ရသော် အယ်လီနာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူ(မ) လက်ကိုင်ပဝါချိတ်လိုက်သည်မှာ နာရီအနည်းငယ်သာရှိသေးသည်။ ထို့ပြင် သူက ဘလေဆယ်ရဲတိုက်ထဲကို ရောက်နေခဲ့သည်အား သူ(မ) မယုံကြည်နိုင်ခဲ့ပေ။


"ဘယ်လို... ဘယ်လိုလုပ်ပြီး ဝင်လာခဲ့တာလဲ။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment