အခြေအနေတစ်ရပ်ရှိတယ် (၂)
"အနာဂတ်မှာ ကိုယ်အပါအဝင် ဘယ်သူ့ကိုမှ ဦးညွတ်စရာမလိုဘူး။"
ထိုအခါမှာသာ အယ်လီနာ သူ(မ)ရှေ့မှာရှိနေသူက ရုဖို့ဒ်အင်ပါယာ၏ အမြင့်မြတ်ဆုံး တော်ဝင်သွေးသားဖြစ်ကြောင်း အမှတ်ရလိုက်၏။ သူက ဧကရာဇ်ဖြစ်လာမည့်သူပင်။ ထိုသူက သူ၏မာနကို အဆောင်အယောင်ဝတ်ဆင်ထားသလို ပေါ့ပေါ့ပါးပါး တပ်ဆင်ထားသည်။
အယ်လီနာ သူ၏ပူနွေးသောလက်ထဲကနေ သူ(မ)၏မျက်နှာအား ပြန်ဆုတ်ခွာလိုက်ပြီး သူ(မ)ကိုယ်သူ(မ) တည်ငြိမ်အောင် ကြိုးစားလိုက်၏။
"... သိပါပြီ။"
"မင်းမိသားစုရဲ့ သူရဲကောင်းတွေအပြင် အဲ့ထဲမှာ ကိုယ့်လူတွေနဲ့ မြို့စားရှယ်ဘီရဲ့လူတွေလည်း ရှိနေတယ်။"
အယ်လီနာ သူ(မ)၏ခန့်မှန်းချက်က မှန်ကန်ကြောင်း သိပေ၏။ သို့သော် ဟယ်လင်က ထိုလူများကို မည်သည့်ရည်ရွယ်ချက်ဖြင့် ငှားရမ်းခဲ့ကြောင်း ပြောဖို့မှာ ခက်ခဲသည်။ အယ်လီနာ မည်သူ့ကိုမှ လွယ်လွယ်အရှုံးပေးမှာမဟုတ်သော်လည်း ၎င်းတို့၏ရည်ရွယ်ချက်က သူ(မ)၏အသက်ကိုယူဖို့လား သို့မဟုတ် စောင့်ကြည့်ဖို့လားဆိုတာ မခန့်မှန်းနိုင်ခဲ့ပေ။ တစ်ခွန်းတည်းပြောရလျှင် စိတ်အနှောင့်အယှက်ဖြစ်ရသည်။
'... သူ(မ)က အမှားလုပ်ခဲ့တဲ့သူဖြစ်နေပေမဲ့ လက်စားတောင်ချေရဲသေးတယ်။'
ဟယ်လင်ကသာ သူ(မ)ကို ရန်စခဲ့သူဖြစ်၏။ တစ်စုံတစ်ယောက်က လုပ်ချင်တဲ့အတိုင်းဖြစ်မလာ၍ အငြိုးထားခံရခြင်းမှာ ရယ်စရာကောင်းပေသည်။
အခိုက်အတန့်တစ်ခုလောက်ထိ အယ်လီနာ အတွေးလွန်နေခဲ့သည်။ ကာလိုင်းက သူ(မ)ကိုကြည့်ကာ ငြိမ်သက်သောအသံဖြင့် ပြောလာ၏။
"တခြားရော မေးစရာရှိသေးလား။"
"ဘယ်လိုမျိုးလဲ။"
"မင်းမှာ မေးစရာတွေရှိနေရင် ကိုယ့်ကို မေးလို့ရပါတယ်။"
"...ကျွန်မ မသိဘူး။ အခုလောလောဆယ်တော့ စိတ်ထဲမှာ ဘာမှပေါ်မလာသေးပါဘူး။"
အယ်လီနာ၏စကားပြန်ကြောင့် ကာလိုင်း၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
"မင်းရဲ့ အနာဂတ်ခင်ပွန်းနဲ့ပတ်သက်ပြီး ဘာမှမေးစရာမရှိဘူးလား။"
"အိုး! ကျွန်မ မေးချင်တာတစ်ခုရှိတယ်။ ကျွန်မတို့ အရင်က တစ်ခါမှမတွေ့ဖူးဘဲနဲ့ ရုတ်တရက် လက်ထပ်လိုက်မယ်ဆိုရင် ကျွန်မဘေးကလူတိုင်း ထူးဆန်းတယ်လို့ ထင်နေကြလိမ့်မယ်။ သူတို့ကိုလှည့်စားဖို့ ဇာတ်လမ်းတချို့ကို ဖန်တီးဖို့လိုတယ်။"
လက်ထပ်ပွဲနှင့်ပတ်သက်ပြီး ကာလိုင်းစိတ်မပြောင်းသွားသောကြောင့် သူ(မ) စိတ်သက်သာရာရသွား၏။ ယခု ၎င်းတို့ လက်ထပ်ဖို့ကို ခပ်မြန်မြန်လုပ်ဆောင်သင့်သည်။ သူ(မ) သူနှင့်လက်ထပ်ပြီး တော်ဝင်ရုံးတော်၌ ပါဝင်နိုင်သည့်အတွက် ပိုကောင်းသည်ဟု သူ(မ)ခံစားမိသည်။
"အင်း။ အဲ့ဒါအပြင်... ဘာမေးခွန်းမှ မရှိတော့ဘူးပေါ့။"
"မရှိတော့ဘူး။ အခုလောလောဆယ်အတွက်ပေါ့။"
ကာလိုင်း၏မျက်ခုံးတို့ တွန့်ချိုးသွား၏။ အယ်လီနာ သူ့စိတ်အခြေအနေပြောင်းလဲသွားသည်ကို သတိပြုမိသော်လည်း အကြောင်းအရင်းအား ရှာမတွေ့ခဲ့ချေ။ သူက သူ့အကြိုက်၊ သူ့စရိုက်နှင့် သူသဘောမကျသည့်အရာများ အစရှိသည့် အသေးအမွှားမေးခွန်းများကိုမေးရန် မျှော်လင့်မနေကြောင်းကိုတော့ သူ(မ) သေချာပေသည်...
ကာလိုင်းက အခိုက်အတန့်တစ်ခုလောက် ပြောစရာများ ပျောက်ရှသွားရာ အယ်လီနာက စကားစလိုက်သည်။
"အရင်ဆုံး၊ ကျွန်မတို့ရဲ့လက်ထပ်အတွက် သဘောတူညီချက်တွေ ပြင်ဆင်ထားချင်တယ်။ ကျွန်မကို လိုက်နာစေချင်တဲ့အကြောင်းအရာမျိုး ရှိလား။"
"... ကိုယ် မင်းကို မြင်တွေ့နေရရင် ဘာမှမလိုအပ်တော့ဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ တစ်ခါတလေကျ မလုံလောက်ဘူးဆိုပြီး လောဘကြီးလာမိတယ်။"
"အာ..."
အယ်လီနာ မည်သို့တုံ့ပြန်ရမှန်း မသိခဲ့ပေ။ ၎င်းတို့ ပထမဆုံးတွေ့ဆုံချိန်ကတည်းက ကာလိုင်းသည် အယ်လီနာ့အား ထူးဆန်းသောစကားတို့ကို ဆိုခဲ့၏။ ၎င်းတို့ အရင်တုန်းက တွေ့ခဲ့ဖူးသလားဟု သူ(မ) ထပ်မေးချင်ခဲ့သော်လည်း သူက နောက်ဆုံးအကြိမ်ကလို ငြင်းဆန်မည်ကို သူ(မ)ခံစားမိသည်။
ထို့ကြောင့် ၎င်းတို့အချင်းချင်း သိတယ်ဟုပဲ ယူဆလိုက်လျှင် ကွဲပြားမှု ရှိနိုင်သည်လော။ ကာလိုင်းက ယခုမှတွေ့ဖူးသည့် တစ်စုံတစ်ယောက်အား လက်ထပ်ရန်အထိ မြင်မြင်ချင်းချစ်ကြိုက်မိသွားဖို့ နည်းလမ်းမရှိပေ။ သူ(မ)၏အတွေးထဲ လက်တွေ့အကျဆုံး ခွဲခြမ်းစိတ်ဖြာမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
'... သူက မိန်းမရှုပ်တဲ့သူလား။'
ကာလိုင်းသည် ကလေးဘဝကတည်းက စစ်မြေပြင်မှာ နေထိုင်ခဲ့သည်ဟု သိထားကြသော်လည်း လက်တွေ့တွင် သူက အမျိုးသမီးများ၏နှလုံးသားကို ခိုးယူသည့်လူစားမျိုး ဖြစ်နိုင်ပေ၏။ ကာလိုင်း၏ပုံစံက ၎င်းနှင့်တူသည်။ သူ၏မျက်နှာတစ်ခုတည်းနှင့်ပင် အမျိုးသမီးများကို ငိုကြွေးသွားစေနိုင်သည်။ ရုပ်ရည်ကို ဂရုမစိုက်တတ်သော အယ်လီနာတောင် ရံဖန်ရံခါ သူ့ကိုမြင်လိုက်ရချိန်ဆို ကြောင်အမ်းသွားတတ်၏။ သူ ဧကရာဇ်ဖြစ်လာလျှင် အမျိုးသမီးများစွာ ရှိလာလိမ့်မည်။ သို့သော် သူ(မ) ဝင်မစွက်ဖက်ချင်ပေ။
၎င်းတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်သွားမလားဟု သူ(မ) သိချင်မိ၏။ ၎င်းတို့၏ လက်ထပ်ပွဲက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်အတွက်ဖြစ်ရာ အယ်လီနာက တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ထိပါးဖို့ ရည်ရွယ်ချက်မရှိချေ။ သို့သော်လည်း ၎င်းတို့ လက်ထပ်လိုက်သည်နှင့် သူ(မ)၏ခင်ပွန်းကို အခြားအမျိုးသမီးများနှင့် တွေ့ဆုံခွင့်ပေးလို့မဖြစ်ချေ။ မည်သည့်မိသားစုမှာမဆို အမျိုးသမီးတစ်ဦး၏အာဏာက သူ(မ)ခင်ပွန်း၏ အပြည့်အဝထောက်ခံမှုကို လိုအပ်ပေ၏။ အိမ်ရှေ့စံမင်းသားက သူ(မ)ကို မျက်နှာသာမပေးလျှင် သူ(မ)၏ဘွဲ့ထူးက နာမည်သာရှိလိမ့်မည်။ အတတ်နိုင်ဆုံး သူ(မ) အိမ်ရှေ့စံမင်းသမီးအဖြစ် အာဏာရရှိဖို့ လိုအပ်သည်။
၎င်းအား တွေးတောပြီးနောက် အယ်လီနာသည် ကာလိုင်းကိုစိုက်ကြည့်ကာ ထပ်ပြောလိုက်၏။
"အခု ရှင့်စိတ်ထဲမှာ ဘာမှပေါ်မလာသေးရင် စဥ်းစားပြီးတော့မှ ပြောလို့ရပါတယ်။ အခု ကျွန်မလိုချင်တာကို ပြောလိုက်မယ်။"
ကာလိုင်းက လက်ပိုက်ကာ သူ(မ)၏စကားကို အာရုံစိုက်လိုက်၏။
"ပြောပါ။"
သူ၏ အပြာရောင်မျက်ဝန်းများကို တိုက်ရိုက်စိုက်ကြည့်ရင်း အယ်လီနာ ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ရှင် ဧကရာဇ်ဖြစ်လာတာနဲ့ ကျွန်မတစ်ယောက်တည်းကိုပဲ ချစ်သလိုမျိုး ဟန်ဆောင်ပေးပါ။"
"...ဟား။"
ကာလိုင်းက ရယ်လိုက်၏။ သူသည် ယခုလိုအခြေအနေကို လုံးဝ မတွေးခဲ့ဖူးလောက်ပေ။ အယ်လီနာက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ အခုကစပြီး သူ(မ) စာချုပ်ချုပ်ဆိုရမည်ဆိုပါက သူ(မ)ရနိုင်သလောက် အကျိုးအမြတ်များကို ရယူရမည်။ အာဏာကို နှစ်အနည်းငယ်လောက်သာ ရရှိခြင်းက မလုံလောက်ပေ။ သူ(မ) ရေရှည်ထိန်းချုပ်ဖို့လိုအပ်သည်။ သူ(မ)မှာ ညှိနှိုင်းဖို့လည်း ရည်ရွယ်ချက်မရှိချေ။
"ဘာလို့ အဲ့ဒီအခြေအနေကို လိုအပ်တာလဲ။"
"ကျွန်မ အရင်ကတည်းက မပြောခဲ့ဘူးလား။ ကျွန်မ ရှင့်ကို ဧကရာဇ်ဖြစ်လာစေချင်တယ်။ အဲ့လိုပဲ ကျွန်မ ဧကရီဖြစ်လာမှာနဲ့ပတ်သက်ပြီး ရှင့်မှာ ငြင်းစရာမရှိဘူးလို့ ပြောခဲ့တယ်မလား။"
"ဆိုလိုတာက အာဏာလိုချင်တာလား။"
"ဟုတ်ပါတယ်။"
အယ်လီနာသည် သူ(မ)၏ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့မကြိုးစားခဲ့ပေ။ သူ(မ)သည် သူ(မ)၏လက်တွဲဖော်ကို အမြင့်ကိုတွန်းတင်ကာ ဖေးဗလုအား ဆွဲချရမည်။
"... ကောင်းပြီ၊ ကိုယ်သဘောတူတယ်။"
ကာလိုင်း၏အဖြေက အယ်လီနာ့အား ပျော်ရွှင်သွားစေ၏။
"ဒါပေမဲ့ ကိုယ့်မှာ အခြေအနေတစ်ခုရှိတယ်။"
သဘောတူညီချက်အားလုံးက တစ်ခုဆို တစ်ခုအတွက် လဲလှယ်ခြင်းပင်။ ကာလိုင်းက အယ်လီနာ၏တောင်းဆိုချက်ကို လက်ခံခဲ့ရာ သူ ဘာကိုပဲတောင်းဆိုပါစေ အယ်လီနာ လက်ခံဖို့အားသာနေကြောင်း ခံစားမိ၏။ အယ်လီနာက နားထောင်နေပြီး ကာလိုင်းက ပျော့ပျောင်းသောအသံဖြင့် ဆက်ပြောလာခဲ့သည်။
"နိုင်ငံရေးကြောင့် လက်ထပ်လိုက်ရတဲ့သူတွေက အမြဲတမ်း အတူတူမနေကြဘူး။"
"အဲ့ဒါ ဟုတ်ပါတယ်။"
"ကိုယ်က အပြင်ပိုင်းမှာ ဟန်ဆောင်နေတာအပြင် တကယ့်အစစ်အမှန်ကို လိုချင်တာ။"
အယ်လီနာ အံ့သြသွား၏။ ဤစကားဝိုင်း၏ဦးတည်ရာက ထူးထူးဆန်းဆန်း စီးဆင်းနေခဲ့သည်။
ကာလိုင်းက ဆက်ပြောလာသည်။
"ကိုယ် ကိုယ်တို့နှစ်ယောက်ကို အိပ်ရာတစ်ခုတည်းမှာပဲ အိပ်စေချင်တယ်။"
*****
Aurora Novel Translation Team