no

Font
Theme

အတောမသတ်နိုင်သောလောဘ (၂)


ရံရွေတော်၏အကူအညီနှင့် အိပ်ရာပြင်ဆင်ပြီးနောက် အယ်လီနာ သူ(မ)၏လက်ထဲ၌ ချောကလက်ခွက်ကိုကိုင်ကာ သူ(မ)၏အိပ်ခန်းရှေ့မှာ ရပ်နေခဲ့သည်။ အခန်းထဲ၌ တစ်စုံတစ်ယောက်ရှိနေကြောင်း အာရုံခံမိလိုက်ပြီး မည်သူဖြစ်နိုင်ကြောင်းကိုလည်း ခန့်မှန်းမိပေသည်။ အယ်လီနာ အခန်းထဲကို လျှောက်ဝင်သွားချိန်တွင် တစ်စုံတစ်ယောက်က ဘွားခနဲပေါ်လာခဲ့၏။


"ဝါး!"


အယ်လီနာ သူ(မ)၏ဦးခေါင်းကိုလှည့်ကာ ကြောက်လန့်နေသော မျက်နှာထားဖြင့် မိုင်ယာဘယ်လာဘက်သို့ ကြည့်လိုက်သည်။ သူ(မ)၏ညီမလေးက ထိုနေရာ၌ အချိန်တစ်ခုကြာအောင် စောင့်နေခဲ့သည်မို့ အယ်လီနာ အံ့သြသွားသလို သရုပ်ဆောင်သင့်သလားဟူ၍ တွေးနေခဲ့သော်လည်း အချိန်ကိုက်က လွဲသွားခဲ့သည်။ အယ်လီနာ သူ(မ)၏ချောကလက်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။


"ဒီမှာ ဘာလုပ်နေတာလဲ။ မမအခန်းထဲကို ခွင့်ပြုချက်မရှိဘဲ မဝင်ဖို့ မမပြောထားတယ်လေ။"


"အိုး၊ ဘာဖြစ်မှာကျနေတာလဲ... တစ်ခါလေးပဲကို။"


မိုင်ယာဘယ်လာ၏အသံက တီးတိုးပြောသံလို ပျော့ပျောင်းနေရာ အယ်လီနာတစ်ယောက် နှုတ်ခမ်းများ ကွေးညွတ်သွားခဲ့၏။ မိုင်ယာဘယ်လာက အယ်လီနာ့ထံ ခေါင်းအုံးတစ်လုံး ပစ်ပေးလိုက်သည်။


"ဒီနေ့ မမနဲ့ အတူတူအိပ်ချင်လို့ စောင့်နေတာ။"


"ဘာလို့ ရုတ်တရက်ကြီး အတူတူအိပ်ချင်လာရတာလဲ။ ကလေးလည်း မဟုတ်တော့ဘဲနဲ့။"


"ဒါပေမဲ့ ... ဒီနေ့ ဖေဖေပြောခဲ့တာတွေကြောင့် မမ စိတ်ထိခိုက်သွားခဲ့ရတယ်မလား။"


မိုင်ယာဘယ်လာက စိတ်ပူနေသောလေသံဖ့င့် ပြောလာခဲ့၏။ အယ်လီနာက ခေါင်းယမ်းပြကာ သူ(မ)ညီမ၏ဆံပင်လေးကို ပွတ်သပ်ပေးလိုက်သည်။


"မဖြစ်ပါဘူး။"


"ဖေဖေက တစ်ခါတလေကျ မမအပေါ်ကို အတင်းကျပ်ဆုံးပဲလို့ ညီမလေးထင်တယ်။ သူက ဒဲရက်ကိုလည်း လွှတ်ထားပေးပြီး ညီမလေး တစ်ချိန်လုံး ပြန်ခံပြောနေတာတောင် ဘာမှမပြောဘူး။"


"ဖေဖေလုပ်တာ ဘာမှမမှားပါဘူး။"


"မှားတာပေါ့! ဖေဖေ အဲ့လိုမျိုးတွေပြောနေတဲ့အချိန်ဆို ညီမလေး မကြိုက်ဘူး။"


မိုင်ယာဘယ်လာ၏ဒေါသက အယ်လီနာ၏စိတ်ဆင်းရဲမှုတို့ကို နှင်းပွင့်လေးလို အရည်ပျော်သွားစေခဲ့၏။ အယ်လီနာသည် သူ(မ)အား အတိတ်ဘဝတုန်းကတောင် အမြဲတမ်း ကြင်နာစွာဆက်ဆံပေးဖို့ မျှော်လင့်နေမိသည့် သူ(မ)ကို အမြဲတမ်းထောက်ပံ့ပေးခဲ့သော သူ(မ)တို့၏အဖေအပေါ် မည်သည့်အမုန်းတရားမှမရှိကြောင်း မိုင်ယာဘယ်လာသိရဲ့လားဆိုတာကို သူ(မ) မပြောတတ်ပေ။ သူ(မ)သည် သူ(မ)၏အဖေအား သူ(မ)၏ညီမလေးအပေါ် နွေးထွေးသလို သူ(မ)အပေါ် နွေးထွေးပေးပြီး သူ(မ)အစ်ကိုအပေါ် မျှော်လင့်ချက်တို့ထားသလို သူ(မ)အပေါ်ကိုလည်း မျှော်လင့်စေချင်ရုံသာ။


အချိန်ကို နောက်ပြန်ရစ်လိုက်သော်လည်း ခံစားချက်များကတော့ ပြောင်းလဲမသွားချေ။ အယ်လီနာ ၎င်းအား ပြန်လည်ခံစားမိပေသည်။ သူ(မ)က အတိတ်ကို အမှန်တကယ် ရောက်ရှိလာခဲ့ပြီ။ သွေးအေးသော အမျိုးသမီးသူရဲကောင်းတစ်ယောက်အနေဖြင့် မြို့စားမင်း၏သမီးက မည်သို့မည်ပုံဖြစ်ကြောင်း သူ(မ) မေ့လျော့နေခဲ့သည်။ တံငါနားနီးတံငါဆိုသလို သူ(မ)က နှစ်ပေါင်းနှစ်ဆယ်လောက် အခြားသောဘဝတစ်ခုမှာ နေထိုင်ခဲ့ရပြီး နေ့ရက်တိုင်း သူ(မ)၏စိတ်ခံစားချက်တို့က ဖြည်းဖြည်းချင်း သေဆုံးခဲ့ရသည်။ သူ(မ) သူ(မ)၏အဖေကို အသက်ရှင်လျက် ပြန်တွေ့လိုက်ရချိန်မှာ စိတ်ပျက်သွားမိမည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ...


သို့သော်လည်း လက်ရှိအခိုက်အတန့်၌ ထိုခံစားချက်များသည် လွင့်စဥ်သွားခဲ့၏။ သူ(မ) လက်ခံရရှိခဲ့သော ချောကလက်အပူတစ်ခွက်နှင့် မိုင်ယာဘယ်လာ၏ နွေးထွေးသောစကားတို့က အရာအားလုံးကို ပြန်လည်ထိန်းညှိပေးခဲ့သည်။ သူ(မ)၏မိသားစုက သူ(မ)ဘေးနားမှာရှိနေသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိသည်။


အယ်လီနာ အိပ်ရာပေါ်တက်သွားပြီး သူ(မ)ဘေးနားကို ပုတ်ပြလိုက်၏။


"ဒီနားလာခဲ့၊ အိပ်ကြရအောင်။"


မိုင်ယာဘယ်လာ၏မျက်နှာက တောက်ပသွားပြီး သူ(မ)၏ခေါင်းအုံးကိုဆွဲယူကာ အိပ်ရာထဲ ခုန်တက်လိုက်၏။ အယ်လီနာအတွက် ၎င်းက ချိုမြိန်သောအကြံဉာဏ်ဖြစ်သလို သူ(မ)၏အစ်မနှင့် အတူတူမအိပ်ရတာ ကြာနေပြီဖြစ်သော မိုင်ယာဘယ်လာအတွက်လည်း ထိုနည်းလည်းကောင်းပင်။ အယ်လီနာ အတိတ်ကိုပြန်ရောက်လာကတည်းက သူ(မ) မျက်စိဖွင့်လိုက်လျှင် အိပ်မက်ဖြစ်နေမှာကို စိုးရိမ်ပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ချေ။ သူ(မ)သည် သူ(မ)၏နံဘေးရှိ မိုင်ယာဘယ်လာ၏နွေးထွေးမှုတို့ကို ခံစားရင်း သူ(မ)၏ညီမကို တီးတိုးပြောလိုက်သည်။


"မိုင်ယာဘယ်လာ။"


"အမ်။"


မိုင်ယာဘယ်လာ၏အသံက ငိုက်မြည်းမှုတို့နှင့် မသဲမကွဲဖြစ်နေ၏။ အယ်လီနာ သူ(မ)၏လက်တို့ဖြင့် သူ(မ)၏ညီမလေးအားပွေ့ဖက်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်ချလိုက်သည်။


"မမဘေးမှာ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"


"ဘာတွေပြောနေတာလဲ။"


"အခု ဘယ်မှမသွားတော့ဘူး။ မမ... မမ အရမ်းအထီးကျန်တယ်။"


"ဟီးဟီး၊ ညီမလေးက မမ'မပါဘဲ ထွက်သွားတော့မှာ။"


မိုင်ယာဘယ်လာ၏စနောက်သံကို နားထောင်လိုက်ပြီး အချိန်အတော်ကြာ မခံစားခဲ့ရသော သက်သောင့်သက်သာရှိမှုတို့ကို ခံစားလိုက်ရပေ၏။ သူ(မ)သည် လက်စားချေရန်ရည်ရွယ်၍ နှစ်ပေါင်းများစွာ ဓားကိုကိုင်မြှောက်ခဲ့ရာ အတိတ်ကိုပြန်ရောက်တာတောင် သူ(မ)၏ဗီဇက ပြောင်းလဲမသွားခဲ့ပေ။


သူ(မ) မကြာခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။ အယ်လီနာ မှတ်မိသလောက်ဆိုလျှင် ဤသည်က ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံး အိပ်စက်မှုပင်။


...


"တစ်၊ နှစ်၊ ...၊ လေးဆယ့်ကိုး၊ ငါးဆယ်။"


အယ်လီနာတစ်ယောက် အိပ်ရာတိုင်လုံးများကို တွယ်ဆက်ထားသော ဘားတန်းအားခိုစီးကာ ဘားဆွဲသည့်လေ့ကျင့်ခန်းကို ပြုလုပ်နေ၏။ ယခု မနက်အစောကြီးပဲရှိသေးပြီး နေမထွက်သေးသော်လည်း ဘလေဆယ်ရဲတိုက်ကို ပြန်ရောက်ပြီးနောက်ပိုင်းမှာ သူ(မ)က နေ့တိုင်း လေ့ကျင့်ခန်းလုပ်ခဲ့သည်။ သူ(မ) ယခုတစ်ကြိမ်၌ ကာလိုင်း၏အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း အနာဂတ်ကို မှန်းဆလို့မရပေ။ ဖေးဗလုကို ဆွဲချရန် အရာအားလုံးကို ပြင်ဆင်ထားရမည်။ ထိုထဲတွင် ဓားရေးအခြေခံကို ကျွမ်းကျင်နေဖို့က အရေးကြီးဆုံးပင်။


သူ(မ)၏ယခင်ဘဝ၌ သူ(မ)၏မိသားစု ဖျက်ဆီးခံခဲ့ရပြီးနောက် သူ(မ)သည် လွတ်မြောက်ဖို့ကိုသာ အာရုံစိုက်ခဲ့ပြီး ၎င်းအား ချက်ချင်း မသင်ယူနိုင်ခဲ့ချေ။ သူ(မ)သာ ယခုစတင်ပြီး လေ့လာမည်ဆိုလျှင် ယခင်ဘဝတုန်းကထက် ပိုပြီးအဆင့်မြင့်မြင့်သို့ ရောက်နိုင်ပေ၏။ အယ်လီနာ ထိုပန်းတိုင်ကို အရောက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။


"ဟာ့။"


နောက်ဆုံးတွင် သူ(မ)သည် လက်ရှိ၌ ဘားတန်းခိုနေပြီး အမောတကော အသက်ရှူနေရကြောင်း အမှတ်ရသွား၏။ ကြမ်းပြင်ပေါ် ဆင်းသက်လိုက်ပြီးနောက် အနားမယူဘဲ ချက်ချင်းဆိုသလို အပြင်ကို ထွက်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ဘလေဆယ်မိသားစုမှာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည့် နေရာတော်တော်များများရှိပေ၏။ အယ်လီနာသည် မည်သူမှ သံသယမဖြစ်နိုင်သည့် အထိရောက်ဆုံးသော အပြေးလေ့ကျင့်ခန်းကို ရွေးချယ်ခဲ့လေသည်။


ဒုန်း၊ ဒုန်း၊ ဒုန်း။


မိသားစု၏ သူရဲကောင်းများသည် လေ့ကျင့်ရေးကွင်းကို ချီတက်နေရာ ညီညာသောခြေသံများ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့ထဲက တချို့သည် သူ(မ) သုံးရက်ဆက်တိုက် မနက်တိုင်းပြေးနေသည့်အတွက် လှည့်ကြည့်လာကြသော်လည်း နောက်ဆုံးတွင် သူ(မ)၏လုပ်ရိုးလုပ်စဥ်နှင့် ရင်းနှီးလာခဲ့ကြသည်။


အယ်လီနာ ပြေးနေရင်း အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူနေစဥ် သူ(မ)အနောက်ကနေ အရိပ်တစ်ခု လိုက်ပါလာခဲ့သည်။ အယ်လီနာ သူ(မ)ဘေးကို ချဥ်းကပ်လာသောသူအား တစ်ချက်ကြည့်လိုက်၏။ အရပ်ရှည်ပြီး ကျန်းမာသောခန္ဓာကိုယ်၊ အေးစက်သောအမူအရာ၊ သူရဲကောင်းတစ်ဦး၏ ပြီးပြည့်စုံသောပုံစံဖြင့် ပြေးနေသော ခံ့ညားသည့်အမျိုးသားတစ်ယောက်ပင်။ ၎င်းမှာ သူ(မ)၏အစ်ကို ဒဲရက်ဖြစ်သည်။


အယ်လီနာ ခေါင်းညိတ်ကာ သူ့ကိုနှုတ်ဆက်လိုက်ပြီး သူ(မ)ပြေးရမည့်အပတ်ရေ ပြည့်တော့မှ ရပ်တန့်ခဲ့သည်။ သူ(မ)ဘေးကနေ လိုက်ပြေးနေသော ဒဲရက်ကလည်း ရပ်တန့်ကာ သူ(မ)ဘေးနားမှာ လေးလံစွာ အသက်ရှူနေခဲ့၏။


"ဘာလို့ ရုတ်တရက်ကြီး လေ့ကျင့်ခန်းတွေလုပ်နေတာလဲ။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment