no

Font
Theme

ယောကျ်ားတစ်ယောက်၏ကိုယ်သင်းရနံ့ (၂)


အဓိကပွဲအခမ်းအနားကို မကြေညာခင်မှာ စပွန်ဆာများက ပေါက်ကရလေးဆယ်စကားအမြောက်အများကို ပြောလိုက်ကြသေးသည်။


"ဒီနေ့လေလံပွဲမှာရတဲ့ အမြတ်ငွေတွေအားလုံးကို သွေးကင်ဆာလူနာတွေအတွက်ထောင်ထားတဲ့ ဖယ်ရာရီဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ပထမဆုံးပစ္စည်းကတော့'ငါးမန်းဖြူ'လို့ နာမည်ပြောင်ရထားတဲ့အမျိုးသားရဲ့ပစ္စည်းဖြစ်ပြီး အားလုံးကိုကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ သူကတော့ ပြိုင်ကားမောင်းနတ်ဘုရားဆိုလည်းဟုတ်သလို F1 ပြိုင်ပွဲတွေမှာ နှစ်ကြိမ်ဆက်တိုက်အနိုင်ရရှိထားတဲ့ ချန်ပီယံဆိုင်ရယ်ပဲဖြစ်ပါတယ်။ ဒီပစ္စည်းလေးကတော့ သူ့ရဲ့ပထမဆုံးကားမောင်းပြိုင်ပွဲမှာ ဝတ်ခဲ့တဲ့လက်အိတ်ပါ"


အခန်းထဲတွင် သောင်းသောင်းဖြဖြလက်ခုပ်သြဘာပေးသံများနှင့် ပြည့်နှက်သွားရသည်။


"ကြမ်းခင်းဈေးကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ ကနေ စတင်ပါ့မယ်"


ဟန်တာ ကျိတ်ရယ်ပြီး လီမွန်အဆာသွတ်မုန့်ကို တစ်ကိုက်ကိုက်ချလိုက်သည်။


အမေရိကန်ဒေါ်လာ ၅၀၀၀...


မသိရှာသူများကတော့ ထိုအရာကို ခေတ်သစ်အနုပညာလက်ရာတစ်ခုဟု ထင်နေကြပေတော့မည်။


သေစမ်း...


ကြည့်ရပုံထောက်သော် မားကပ်စ်၏အကြံပေးချက်အတိုင်း လိုက်နာပြီး ကြိုးကြိုးစားစားလေ့ကျင့်သင့်သည်။ သူ နာမည်ကြီးသွားသည်နှင့် သူသုံးခဲ့သည့်လက်အိတ်က အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ မရလျှင်ပင် အနည်းဆုံးတော့ ဒေါ်လာ ၅၀၀ ရနိုင်သည်မဟုတ်ပါလား။


အချိန်ကျလာလျှင် ပြိုင်ပွဲတိုင်းမှာ လက်အိတ်တစ်စုံစီလဲလိုက်ရုံပင်။


အဆုံးမှာ 'ငါးမန်းဖြူ'ဆိုင်ရယ်၏လက်အိတ်က အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့လေသည်။


ဟန်တာကား သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ F1 ပြိုင်ပွဲမှာ စင်စစ်ကမ္ဘာ့တန်ဖိုးအကြီးဆုံးအားကစားတစ်ခုဖြစ်ပြီး မည်သည့်အားကစားကမှ အနိုင်မယူနိုင်ပေ။


"ဒုတိယမြောက်ပစ္စည်းကတော့ ဖယ်ရာရီပြိုင်ကားမောင်းအသင်းက ဗန်ဝင်စတန် ပြိုင်ပွဲတွင်းမှာဝတ်ဆင်ခဲ့တဲ့ တီရှပ်ပဲဖြစ်ပါတယ်" 


ဟန်တာ၏ဘေးနားမှ စိတ်လှုပ်ရှားစွာအော်ဟစ်သံများ ညံစီသွားလေသည်။


"ကြမ်းခင်းဈေးက ဒေါ်လာ ၅၀၀၀ ကနေ စတင်မှာပါ"


ပွဲတင်ဆက်သူ ကြေညာ၍မဆုံးသေးခင်မှာပင် အပြိုင်ဈေးခေါ်သံများ ထွက်ပေါ်လာလေသည်။


"ဒေါ်လာ ၆၀၀၀"


"ဒေါ်လာ ၇၀၀၀"


"ဒေါ်လာ ၈၀၀၀"



လေလံပွဲစစ်ပွဲကြီး ဖြစ်ပွားနေသည်ကို စိတ်ရှုပ်စွာနားထောင်ရင်း ဟန်တာ ခေါင်းတညိတ်ညိတ်လုပ်နေမိသည်။


ဤသည်မှာ တီရှပ်လေးတစ်ထည်မျှသာ ဖြစ်သည်။ ထိုတီရှပ်လေးကို ဝင်စတန်တစ်ခါဝတ်လိုက်ရုံမျှဖြင့် ဈေးနှုန်းက အဘယ်ကြောင့် မိုးထိမြင့်သွားရလေသလဲ။


အဆုံးတွင် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကိုပင် ကျော်သွားသည်။


ဟန်တာခမျာ သူ ယခုလေးတင်စားလိုက်သော လီမွန်အဆာသွတ်မုန့်နင်သွားသလို ခံစားလိုက်ရသဖြင့် ရေနည်းနည်းသောက်ချင်လာရသည်။


တစ်ဖက်ကို သူလှည့်လိုက်ချိန်ဝယ် မျက်ရည်အဝဲသားဖြစ်နေသော မိန်းမငယ်လေးအား သူ့အဖေက နှစ်သိမ့်နေသည့်မြင်ကွင်းကို မြင်လိုက်ရလေသည်။


သို့သော် ထိုမိန်းကလေးကတော့ အငိုမတိတ်တော့ချေ။


အမှန်အတိုင်းပြောရပါလျှင် မတိုင်ခင်က လေလံဝင်ဆွဲကြသော အမျိုးသမီးပရိသတ်များအကြားတွင် F1 ကားမောင်းပြိုင်ပွဲကို အမှန်တကယ်နားလည်သူ ဘယ်လောက်များများပါလေသလဲ။


"သမီးလေး… အဖေပြောတာယုံစမ်းပါ ဟုတ်ပြီလား"


အဖေဖြစ်သူက သူ့သမီးကို မျက်ရည်ကူသုတ်ပေးနေရှာသော်လည်း သူ(မ)ကတော့ တစ်ဖက်ကိုလှည့်သွားချေသည်။


ဟန်တာလည်း ကရုဏာသက်မိသွားသဖြင့် သူ့နက်ခ်တိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် စည်းနှောင်ပြီး သူတို့ဆီသို့ ချဉ်းကပ်သွားလိုက်သည်။


"ဟေး.. မင်း ဗန်ဝင်စတန်ကို တော်တော်သဘောကျတာပဲလား"


"…"


မိန်းမငယ်လေးမှာ ဟန်တာရုတ်တရက်ပေါ်လာသောကြောင့် ပဟေဋ္ဌိဖြစ်သွားရသော်လည်း ခေါင်းတော့ညိတ်ဆဲသာ။


"ဟုတ်တယ်"


"F1 ကားမောင်းပြိုင်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုက မာရသွန်ပြေးတာနဲ့အတူတူပဲဆိုတာ မင်းသိလား"


ကောင်မလေးက ဟန်တာ သူ(မ)ကို ဤအကြောင်း ဘာလို့ပြောပြသလဲဆိုသည်ကို နားမလည်ပါဘဲ ခေါင်းညိတ်ပြလိုက်သည်။


"အဲ့ဒါကြောင့် ပြိုင်ကားမောင်းသမားတွေက ပြိုင်ပွဲဝင်နေတဲ့အချိန်အတွင်းမှာ သူတို့ခန္ဓာကိုယ်ထဲက ရေဓာတ်သုံးပုံတစ်ပုံကို ဆုံးရှုံးကြတယ်။ သူ့ရဲ့အဖြူရောင်တီရှပ်ကလည်း အဲ့ဒီချွေးတွေအကုန်လုံးကို စုပ်ယူထားတာ.. ဒါက တကယ့်ကိုချွေးခံရှပ်အင်္ကျီအစစ်ပဲ။ နာမည်ကတင် ချွေးခံဖြစ်နေတာမဟုတ်ဘဲ တကယ်တမ်းမှာလည်း ချွေးရွှဲနေတာ။ ခန့်မှန်းကြည့်ရမယ်ဆိုရင် ဝင်စတန်ရဲ့ကိုယ်သင်းရနံ့ဆိုးတွေကလည်း တော်တော်ပြင်းလောက်မှာ"


ဟန်တာက ပခုံးတွန့်ပြပြီး ကောင်မလေးကို ဆက်ကြည့်နေမိသည်။


"ရှင်..ရှင်ရူးနေတာလား"


ကောင်မလေးခမျာ ဒေါသထွက်ပြီး လှည့်ထွက်သွားချေသည်။ ဟန်တာလည်း သူ့နှာခေါင်းသူပွတ်ပြီး တစ်ကိုယ်တည်းရေရွတ်နေမိသည်။


"ငါကရူးနေတာတဲ့လား။ အနည်းဆုံးတော့ ယောကျ်ားတစ်ယောက်ရဲ့ချွေးခံရှပ်အင်္ကျီကို ဒေါ်လာ ၅၀၀၀၀ ပေးပြီးဝယ်တဲ့လူထက်စာရင်တော့ စိတ်မှန်ပါသေးတယ်"


"ကိုယ့်မှာ ဘာချွေးနံ့မှမရှိဘူး။ မင်းကိုစိတ်ပျက်အောင်လုပ်မိတဲ့အတွက်တော့ စိတ်မကောင်းပါဘူး"


ဗလာကျင်းနေသော အခန်းလွတ်ထဲ ပဲ့တင်ထပ်လာသည့် သတ္တုမြည်သံနှင့် အလားသဏ္ဌာန်တူသော အေးစက်စက်အသံကိုကြားလိုက်ရသည့်အခါ ဟန်တာ့ကျောပြင်မှာ တောင့်ခဲသွားရလေသည်။ တစ်ဖက်လူက စကားနည်းသည်ဟု ယခင်ကသူကြားဖူးထားလျှင်ပင် ထိုအသံမှာ ဝင်စတန်၏အသံဖြစ်ကြောင်းကိုမူ သူ အလွယ်တကူရိပ်စားမိဆဲသာ။


သူ ဘယ်..ဘယ်တုန်းကပေါ်လာတာလဲ…


ဤလူက ပွဲစီစဉ်သူ သို့မဟုတ် ကြော်ငြာအပ်သူများနှင့် စကားပြောဆိုနေရမည်မဟုတ်လား။


……


စာရေးသူမှာ ပြောစရာရှိပါတယ် :


ကြက်ဥကြော်နေရင်း…


ဟန်တာ : အာ..ခင်ဗျားက အင်္ဂလန်က မဟုတ်ဘူးလား။ ဘာလို့ နယူးယော့က စူပါမားကတ်မှာ ကျွန်တော်နဲ့ခင်ဗျား ပက်ပင်းတိုးရတာလဲ


ဝင်စတန် : ဘာလို့လဲဆိုတော့ အရင်ဘဝတုန်းက ပြိုင်ပွဲကနေ အိမ်ပြန်လာပြီးရင် မင်းမှာပိုက်ဆံမလောက်တော့လို့ စူပါမားကတ်ကိုလာရတာဆိုပြီး ကိုယ့်ကိုပြောပြခဲ့တယ်လေ


ဟန်တာ : အတွင်းခံကရော ဘယ်လိုဖြစ်တာလဲ


ဝင်စတန် : ကိုယ် မင်းကို ပိုကောင်းတာတစ်ခုဝယ်ပေးမယ်


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment