no

Font
Theme

ဖယ်ရာရီက မင်းနဲ့မသင့်တော်ဘူး (၂)


ကားမောင်းရသည့်ခံစားချက်ကို သူသဘောကျနှစ်ခြိုက်ခဲ့သည်။ Kart ကားမောင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စဉ်ကလည်း ပွဲစဉ်တိုင်း လန်းဆန်းတက်ကြွနေခဲ့ရသည်။ သူအပါအဝင် ဖော်မြူလာဝမ်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့တာ သက်တမ်းကြာလှချေပြီဖြစ်သော ဖော်မြူလာရီနော့နှင့် kart ပြိုင်ကားမောင်းသမားများစွာရှိသည်။


သို့သော် အဆုံး၌ သူကိုယ်တိုင်ဝင်ခွင့်ရလိုက်ချိန်တွင် ဘာကြောင့်များ နိုင်ချင်စိတ်မပေါ်ပေါ်က်ခဲ့ရလေသလဲ။


"ဟန်တာ ဟန်တာ.. မင်း ဘာတွေတွေးနေတာလဲ"


နည်းပညာဒါရိုက်တာက အလိုမကျမှုကို သိသိသာသာထုတ်ပြရင်း သူ့အား လှမ်းကြည့်နေပေသည်။


အသင်းထဲရှိလူတိုင်းက သူ့ကို ပြဿနာကောင်လေးအဖြစ် တံဆိပ်ကပ်ထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ပွဲစဉ်သုံးခုလုံးတွင် အသင်းဗျူဟာကို အကောင်အထည်ဖော်ဖို့ သူကျရှုံးခဲ့ပြီး မက်ဂရက်ဒီကို ထိပ်ဆုံးရှစ်ယောက်ထဲမဝင်နိုင်အောင် ပိတ်ကာထားသည့် ဒက်ကိုဗီကိုပါ မကိုင်တွယ်နိုင်ခဲ့ပေ။


"သူက အသင်းထဲကနေကန်ထုတ်ခံရတဲ့အချိန် Kart ကားမောင်းအသင်းကို ပြန်ဝင်လို့ရနိုင်မလားလို့ တွေးနေတာလေ"


မက်ဂရက်ဒီက သူ့အား အထင်သေးဟန်ဖြင့်ကြည့်လာလေသည်။


"မက်ဂရက်ဒီ.. မင်း ငါ့ကိုကြိုက်နေတာလား"


ဟန်တာကလည်း မျက်လုံးအပြူးသားနှင့် ပြန်မေးခွန်းထုတ်လိုက်သည်။


"ငါက မင်းကိုကြိုက်ရမှာလား။ မင်းရူးနေပြီလား"


"ဒါဆိုရင် ငါတွေးတဲ့အတွေးတွေကအစ ဘယ်လိုလုပ်ပြီးသိနေတာလဲ"


မက်ဂရက်ဒီကား မျက်ဆန်လည်ပြလာသည်။ ဤလူကို သူဘယ်လောက်အရှက်ခွဲခွဲ တစ်ဖက်လူကတော့ အရေထူလွန်းလှသဖြင့် အသုံးမဝင်ပေ။


မားကပ်စ်ကလည်း ခေါင်းတခါခါလုပ်၍ သက်ပြင်းချနေရုံသာ တတ်နိုင်လေသည်။


အသင်းဖော်လုခ်က ဟန်တာ့ကို ပခုံးပုတ်၍ နှစ်သိမ့်လေသည်။


"ဒီလိုမလုပ်စမ်းပါနဲ့။ နောက်ပွဲစဉ်ကျရင် မင်း အခွင့်အရေးတစ်ခုခုရချင်ရမှာပေါ့"


"ကျေးဇူးပဲ။ မင်းကိုယ်မင်းလည်း ကျိန်ဆဲမနေနဲ့ဦး"


လုခ်သာ နောက်ပွဲစဉ်တွင် အဆင့် ၁၅ နေရာမရခဲ့ပါလျှင် အသင်းကလည်း သူ့ကိုလူစားထိုးမည်မဟုတ်။


အရည်အချင်းစစ်ပြိုင်ပွဲကား စတင်တော့မည်။ တစ်သင်းလုံးက အလုပ်ရှုပ်နေကြသော်ငြား ဟန်တာတစ်ယောက်တည်းသာ Anipop ဂိမ်းကို ပျော်ပျော်ကြီးကစားရင်း နေရာစုံကို လျှောက်သွားနေသည်။


F1 ကထွက်လိုက်သည်နှင့် ဘယ်လမ်းကြောင်းကိုလျှောက်ရမလဲဆိုသည်ကို သူတွေးတောချိန်တန်ပြီထင်သည်။ သူ့အနေနှင့် ဘာရမှတ်မှမယူနိုင်သဖြင့် အသင်းသေးသေးလေးများကပင် သူနှင့်စာချုပ်ချုပ်မည်မဟုတ်ပေ။ kart ကားမောင်းပြိုင်ပွဲများကို သူပြန်ဝင်ပြိုင်လျှင်ပင် သူ့အား လှောင်ပြောင်သရော်ကြမည့် ခန့်မှန်းခြေအရေအတွက်က မက်ဂရက်ဒီ၏လှောင်ပြောင်မှုများထက်ပင် သည်းခံဖို့ခက်ခဲမည်ဖြစ်၏။ 


ယခုလိုအဖြစ်မျိုးကို သူတကယ်လိုလားရဲ့လား…


သို့သော် သူမလိုလားလည်း ဘာမှအရေးမပါချေ။ ဘယ်သူကမှလည်း သူ့အပေါ် မျှော်လင့်ချက်မထားကြပေ။


ရုတ်ခြည်းဆိုသလို သူ လူတစ်ယောက်ကိုဝင်တိုက်မိလိုက်သည်။ ဟန်တာက နောက်ကိုခြေတစ်လှမ်းယိုင်သွားသော်ငြား တစ်ဖက်လူကတော့ ထိုက်တောင်တန်းလို မယိမ်းမယိုင်မတ်မတ်ရပ်နေဆဲသာ။


သူ့ဖုန်းကပြုတ်ကျသွားသဖြင့် တစ်ဖက်လူက လျင်မြန်စွာတုံ့ပြန်လာပြီး သူ့ဖုန်းကို အေးအေးလူလူဖမ်းလိုက်လေသည်။


"မင်း ဒီဂိမ်းကိုကစားတုန်းလား" 


"ဟင်"


ဟန်တာ ခေါင်းမော့၍ကြည့်လိုက်သောအခါ တည်ငြိမ်အေးဆေးသောမျက်ဝန်းတစ်စုံနှင့် ပက်ပင်းတိုးမိချေသည်။


ထိုလူမှာ ဝင်စတန်ပင်။

 

"ဟုတ်တယ်။ ဒီဂိမ်းက တကယ်ပျော်ဖို့ကောင်းတယ်"


ဟန်တာကလည်း အပြုံးလေးဖြင့် သူ့ဖုန်းကိုပြန်ယူလိုက်သည်။


"မင်းစွဲလမ်းတဲ့အရာတွေကလည်း အများသား"


"ဘာကိုလဲ"

 

"မင်း ဒီဂိမ်းကိုဆော့လာတာ ငါးနှစ်တောင်ရှိသွားပြီလေ"


"အာ.. ခင်ဗျားဘယ်လိုလုပ်သိတာလဲ"


ဖီလာအားဖြင့် သူသည် ဘယ်အရာကိုမဆို လွယ်လင့်တကူစိတ်ဝင်စားနိုင်သည်ဟု တွေးနေမိသည်။


သို့သော် ဝင်စတန်ကတော့ Anipop အကြောင်း ဆက်ဆွေးနွေးရန် ရည်ရွယ်ချက်မရှိပေ။


"အရည်အချင်းစစ်ပွဲစဉ်ကျရင် တာယာဘယ်နှလုံးကျန်သေးလဲဆိုတာမျိုးကို စိတ်ပူမနေဘဲ ထိပ်ဆုံးအဆင့်တွေထဲ မြင့်နိုင်သမျှခပ်မြင့်မြင့်ကိုရောက်အောင်သာ ကြိုးစား"


"ခင်ဗျား.. ခင်ဗျားသိပြီးပြီမဟုတ်လား။ ကျွန်တော် လေ့ကျင့်ရေးပွဲစဉ်မှာတုန်းက ဝင်မပြိုင်ခဲ့ဘူးလေ။ အသင်းကလည်း ဒီပွဲစဉ်အတွက် မက်ဂရက်ဒီနဲ့လုခ်ကိုလွှတ်ဖို့ ရွေးချယ်ထားပြီးသား"


"ဟန်တာ.. မင်း F1 ကထွက်ဖို့ စဉ်းစားနေတာလား"


ဝင်စတန်က မေးလာလေသည်။


ဟန်တာ ခဏမျှတုံ့ခနဲဖြစ်သွားပြီး ပခုံးတွန့်ပြရင်း ဂရုမစိုက်ဟန်ဖြင့်ဆိုလာချေသည်။


"တခြားဘာရှိသေးလို့လဲ။ ကျွန်တော် နောက်ဆုံးပွဲစဉ်သုံးခုမှာတုန်းက ထိပ်ဆုံး ၁၂ နေရာကိုမဝင်ခဲ့ဘူးလေ။ နောက်လာမဲ့ပွဲစဉ်ပြီးရင် အသင်းက လုခ်ကိုပဲအာရုံစိုက်တော့မှာ။ ကျွန်တော်က အခွင့်အရေးတစ်ခုတောင်ရမှာမဟုတ်ဘူး။ ဒီနှစ်ကုန်သွားရင် မားကပ်စ်ရဲ့အသင်းက ကျွန်တော်နဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်သလို တခြားအသင်းတွေကလည်း ကျွန်တော့်ကိုလိုချင်မှာမဟုတ်ဘူး။ ခင်ဗျားသာ ဖယ်ရာရီအသင်းကို ကျွန်တော်နဲ့စာချုပ်ချုပ်ဖို့ ဖျောင်းဖျနိုင်ရင်တော့တစ်မျိုးပေါ့"


"ဖယ်ရာရီက မင်းနဲ့မလိုက်ဖက်ပါဘူး"


ဝင်စတန်က ပြန်ဖြေ၏။


ဟန်တာ သူ့မျက်ဝန်းများကို စိုက်ကြည့်လိုက်မိသည်။ တည်ငြိမ်နေဟန်တူသော်လည်း နောက်ကွယ်တွင် လှိုင်းထနေသောခံစားချက်များစွာ ရှိနေလေသည်။ ခန့်မှန်းဖို့ရာအတွက်လည်း အလွန်နက်ရှိုင်းလွန်းလှသည်။


သူနားမလည်နိုင်ပေ။ ဝင်စတန်က အဘယ်ကြောင့်များ အဖိုးတန်ရတနာတစ်ပါးကို စိုက်ကြည့်နေသူတစ်ယောက်အလား သူ့ကိုကြည့်နေရပါသလဲ။


"ဒါဆိုရင်.. ဘယ်အသင်းက ကျွန်တော်နဲ့လိုက်ဖက်တာလဲ"


"ကောင်းပြီ ကောင်းပြီ။ ကျွန်တော်တို့က မကြာသေးခင်ကမှ သူငယ်ချင်းဖြစ်တာဆိုတော့ ခင်ဗျား ကျွန်တော့်ကိုဆုံးရှုံးရလိမ့်မယ်လို့ တွေးနေတာမလား။ စိတ်ချ… ခင်ဗျား ပြေးလမ်းပေါ်မှာရှိနေသရွေ့ ကျွန်တော် ခင်ဗျားကို နှလုံးသားထဲကနေအားပေးနေမှာ"


"မင်းက အထူးချွန်ဆုံးပါဝါယူနစ်ဒီဇိုင်နာတွေ ဆိုင်းထိန်းစနစ်အင်ဂျင်နီယာတွေနဲ့ မင်းအကြောင်းကိုနားလည်တဲ့ နည်းဗျူဟာဆန်းစစ်သူတွေနဲ့ဖွဲ့စည်းထားတဲ့ အကောင်းဆုံးအဖွဲ့တစ်ခုကို ပိုင်ဆိုင်ရမှာ။ အဲ့ဒါက မင်းနဲ့လိုက်ဖက်သင့်တော်မဲ့အသင်းပဲ"

 

ဤသည်မှာ နှစ်သိမ့်စကားသက်သက်မျှသာဆိုသော်ငြား ဤအတော်ဆုံးအသင်းကို မကြာခင်ပိုင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရသည်။


"ကျေးဇူးတင်ပါတယ်"


ထိုအခိုက်အတန့်လေးတွင် မားကပ်စ်၏အော်သံက အနောက်ဘက်ဆီမှ ထွက်ပေါ်လာလေသည်။


"ဟန်တာ…ဟန်တာ… မင်းဘယ်ကိုပျောက်သွားပြန်တာလဲကွ"


"ဟင်"


ဟန်တာ တစ်ဖက်ကိုလှည့်ကြည့်လိုက်သည်။


မားကပ်စ်၏မျက်နှာထက်တွင် သောကရောက်နေဟန်အမူအရာများ ထင်ဟပ်နေပြီး ဝင်စတန်က ဟန်တာ့နောက်တွင်ရှိနေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ်မှင်တက်သွားရှာလေသည်။


ဝင်စတန်က အသာခေါင်းဆတ်ပြလိုက်သည်။ ထိုအမူအရာမှာ နှုတ်ဆက်သည်ဟု သတ်မှတ်၍ရနိုင်သည်။


"အဆင်သင့်ပြင်ထား။ မင်းကို အခုချက်ချင်း အရည်အချင်းစစ်ပွဲစဉ်မှာ ဝင်ပြိုင်ခိုင်းဖို့လိုတယ်"



စာရေးသူမှာပြောစရာရှိပါတယ်


ကြက်ဥကြော်နေရင်းဖြင့်…


ဟန်တာ : ကျွန်တော်က ပြိုင်ပွဲမစခင် စီးကရက်သောက်ရတာကို သဘောကျတယ်။ အဲ့ဒါက ဦးနှောက်ကိုလန်းဆန်းသွားစေတယ်လေ… ခင်ဗျားကရော


ဝင်စတန် : ကိုယ်ကတော့ စီးကရက်သောက်ရင်း မင်းကိုဖက်ထားရတာ သဘောကျတယ်


ဟန်တာ : ဟင်


ဝင်စတန် : ဒါပေမဲ့ မင်း အိပ်ရာထဲကတောင် ထနိုင်မှာမဟုတ်ဘူး


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment