မင်း လှည့်စားခံရလိမ့်မယ်
"ကျွန်တော်..."
ထိုအခိုက်အတန့်လေးတွင် ဟန်တာလည်း သူ တကယ်စကားမပြောနိုင်ကြောင်း သဘောပေါက်လိုက်လေသည်။
ဝင်စတန်က ဒီကိုဘာလို့ရောက်လာတာလဲ...
ဝင်စတန်က အဖြူစင်းဂျာကင်နှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသည်။ သူ့တစ်ကိုယ်လုံး ပေါ့ပေါ့ပါးပါး၀တ်စားထားမှန်း သိသာထင်ရှားလှသော်လည်း လူအများက သူ့ဆီသို့ ချဉ်းကပ်လိုစိတ်ဖြစ်ပေါ်လာစေသည့် လေထုကိုလည်း ဖန်တီးပေးနေချေသည်။ သို့သော် သူတို့ ထိုသို့လုပ်နိုင်စွမ်းမရှိကြပေ။
ထိုအမျိုးသမီးက တုံ့ပြန်မှာတစ်စုံတစ်ရာမပြုလုပ်ခင် ဝင်စတန်ကို ငါးစက္ကန့်ကြာစိုက်ကြည့်နေခဲ့သည်။ ဤအမျိုးသားသည် ဤနေရာရှိ အမျိုးသမီးများအားလုံးကို ရူးသွပ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။
"မင်းတို့က သူငယ်ချင်းတွေလား"
ထိုအမျိုးသမီးက ရယ်မောလျက် မတ်တတ်ထရပ်လိုက်သည်။
“မင်းရော တစ်ခွက်လောက်အတူတူသောက်ချင်လား”
ဟန်တာကတော့ စိတ်ထဲတွင် တိတ်တိတ်လေးသက်ပြင်းချလိုက်မိသည်။ ဝင်စတန်ပေါ်လာလိုက်သည့် နေရာတိုင်းတွင် အခြားလူအားလုံး မှေးမှိန်ပျောက်ကွယ်သွားရလိမ့်မည်ဟူသော ရက်စက်လှသည့်အမှန်တရားကို သူကောင်းကောင်းသိထားပြီးသားပင်။
"မင်း ဒီမိန်းမနဲ့ အတူအိပ်ချင်လို့လား"
ဝင်စတန်က မျက်ဝန်းမှေးစဉ်းလျက် ဟန်တာ့ကိုကြည့်လိုက်သည်။
ဟေး.. ခင်ဗျား အခုလိုတိုက်ရိုက်ကြီးမပြောလို့ရမလား..
ဒီလိုသိသာထင်ရှားနေတဲ့ကိစ္စကိုထမေးတာ ဘာသဘောလဲ..
ဟန်တာခမျာ ဆွံ့အနေရဆဲပင်။
သူ့အနေနှင့် သူ့ကိုဦးတည်၍ရန်စလာသော မက်ဂရက်ဒီ၏စကားများကြောင့် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားရပြီး စကားမပြောနိုင်ခဲ့သည့်အဖြစ်ကို နားလည်နိုင်သော်လည်း ယခုကမူ ဘာအတွက်လေလဲ။
သူက ဤမိန်းကလေးကို နမ်းချင်ရုံသက်သက်သာ။ သို့ဖြစ်လေရာ ဝင်စတန်နှင့်ပက်ပင်းတိုးခါမှ ဘာကြောင့်များ စိတ်လှုပ်ရှားနေရလေသလဲ။
"ဒါပေမဲ့ သူက ကိုယ့်ကိုပိုစိတ်ဝင်စားနေတာလေ"
ဝင်စတန်က ထောက်ပြလိုက်သည်။
“ဒီမိန်းမနောက်ကိုလိုက်သွားချင်တာ သေချာလား”
ဟန်တာ ကြက်သေသေသွားရချေသည်။ ဝင်စတန်က ဤမျှတဲ့တိုးဆန်လိမ့်မည်ဟု သူ ထင်မထားပေ။
ထိုအမျိုးသမီးကလည်း ဆက်မဟန်ဆောင်နိုင်တော့ဘဲ ကူကယ်ရာမဲ့စွာဖြင့် ဝင်စတန့်ကိုလှောင်လိုက်လေသည်။
"မင်းက ကြည့်ကောင်းတာတော့ဟုတ်ပါပြီ။ ဒါပေမဲ့ အဲ့ဒီနေရာမှာအရည်အချင်းရှိမရှိ ဘယ်သူကသိမှာတဲ့လဲ"
"ဘယ်လိုဆုံးဖြတ်လိုက်တာလဲ။ စိတ်ကူးယဉ်ပုံဖော်စက်နဲ့လား"
ဝင်စတန်၏အသံမှာ ရေခဲတမျှအေးတိအေးစက်နိုင်လှသည်။
သူ့ထေ့လုံးငေါ့လုံးစကားများထဲရှိ အေးစက်မှုသည် အသွားထက်ထက်ဓားတစ်လက်ဖြင့် ထိုးဖောက်ပြီး သေသေသပ်သပ်ပြန်ဆွဲထုတ်လိုက်သည့်အလားပင်။
ထိုအမျိုးသမီးကလည်း ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားသည်။
"ဟေး… ခင်ဗျားက နာမည်ကြီးအင်္ဂလိပ်လူမျိုးအမျိုးကောင်းသားတစ်ယောက်လေ… ဒါပေမယ့် ခင်ဗျား အခုလုပ်လိုက်တဲ့ပုံစံကတော့..."
"ကြိုက်တာနဲ့မကြိုက်တာကိုဖော်ပြကြတဲ့အခါ အမျိုးကောင်းသားတွေက ချုပ်တည်းထားနိုင်စွမ်းကောင်းရမယ်လို့ လူတွေကသတ်မှတ်ကြတယ်။ ဒီလိုသာဆိုရင် ကိုယ် မင်းအပေါ်ချုပ်တည်းထားနိုင်တာနဲ့တင် တော်တော်လေးယဉ်ကျေးနေပြီ"
ဝင်စတန်က ဟန်တာ့ဘက်ကို မျက်နှာမူပြီး သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ ဟန်တာ၏လက်ချောင်းထိပ်လေးများက တစ်ဖက်လူ၏ နွေးထွေးသောလက်ဖဝါးပြင်ကို ထိတွေ့မိသွားချိန်မှာ ထိုလူ့ထံမှ အဆွဲခံလိုက်ရသည်။
"အဲ့ဒါက ဘာကိုဆိုလိုတာလဲ"
"မင်းနဲ့ပတ်သက်လာရင် ကိုယ်ချုပ်တည်းထားရတာက လိုတာထက်တောင်ပိုနေပြီ"
"ကောင်းပြီလေ... ခင်ဗျားပြောနေတဲ့ပုံက ကျွန်တော့်ကိုပဲ အမြဲရိုက်ပစ်ချင်နေတဲ့ပုံနဲ့"
ဟန်တာ သူ့လက်များကို မြှောက်လိုက်သည်။
ဝင်စတန်က ခန္ဓာကိုယ်ကိုရုတ်တရက်ညွတ်ကိုင်း၍ ဟန်တာ့ဘက်ကို တိုးကပ်လာလေသည်။ ဝင်စတန်၏နှုတ်ခမ်းများက သူ့ကိုထိမိတော့မည်ဖြစ်ကြောင်း သတိပြုမိလိုက်လေရာ ဟန်တာလည်း ပင့်သက်ရှိုက်၍ နောက်ဆုတ်လိုက်သော်ငြား ဝင်စတန်ကမူ သူနှင့် ငါးစင်တီမီတာအကွာတွင် ရပ်တန့်လိုက်သည်။
"မင်း ဘားကိုရောက်နေပေမဲ့ အရက်မသောက်ဘူး"
"အာ... ဟုတ်တယ်။ ကျွန်တော် ကနေဒါမှာ သောက်လို့ရတယ်။ ဒါပေမဲ့... တစ်ငုံတော့သောက်ထားတယ်"
တကယ်တမ်းတွင် သူတစ်ငုံမှမသောက်ထားပေ။ ဘားကိုရောက်နေသည့်တိုင် အရက်လုံးဝမသောက်သည်ကို ဝင်စတန်သိသွားလျှင် ဟန်တာ့အတွက် ရှက်ဖို့ကောင်းနေလိမ့်မည်သာ။
“လူသားတွေက သူတို့မလုပ်ဖူးတဲ့အရာတွေကို အမြဲစိတ်ဝင်စားကြတယ်။ ဒါနဲ့ အရက်ကိုဘယ်လိုထင်လဲ"
"ဒီလိုပါပဲ"
ဟန်တာ ပခုံးတွန့်ပြလိုက်လေသည်။
အထက်တန်းကျောင်းတုန်းက သူ့အတန်းဖော်တော်တော်များများ တိတ်တိတ်လေးအရက်ခိုးသောက်ကြသည်။ သို့သော်လည်း ဟန်တာကမူ Kart ကားမောင်းပြိုင်ပွဲများနှင့် အခြားလေ့ကျင့်ရေးများတွင် ပါဝင်ရန်လိုအပ်သောကြောင့် အရက်ကို နည်းနည်းမှပင်မထိခဲ့ဖူးပေ။ ထို့ပြင် သူ့အဖေက အလွန်စည်းကပ်တင်းကျပ်လှသောကြောင့်လည်း ပါသည်။ ထို့နောက် သူ့အဖေဖြစ်သူက အရက်သမားတစ်ယောက်ဖြစ်လာချိန်မှာ ထိုအရက်ကို သူ ပိုမိုစက်ဆုပ်ရွံရှာလာပြီး ပို၍ပင်ရှောင်ရှားခဲ့သည်။
"ကျွန်တော် အရက်ကိုတော်တော်မုန်းတယ်"
ဟန်တာ သူ့ကိုယ်သူပြန်ရယ်လိုက်သည်။
"ကိုယ်သိတယ်။ ဒီနေ့ မင်း ဒီကိုရောက်လာရတဲ့ရည်ရွယ်ချက်က အရက်သောက်ဖို့မဟုတ်ဘဲ ကောင်မလေးရှာဖို့လေ"
ဟန်တာက လက်မြှောက်အရှုံးပေးလိုက်ချေသည်။
"ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ဖမ်းဖို့အတွက် မားကပ်စ်က ခင်ဗျားကိုလွှတ်လိုက်တာများလားလို့တောင် သံသယဖြစ်မိတယ်"
"မင်း ပထမဆုံးအမှတ်ရတဲ့အထိမ်းအမှတ်နဲ့ အောင်ပွဲခံနေတာလား"
"ဟုတ်တယ်လေ။ အဲ့လိုမျိုးပါပဲ..."
ဟန်တာလည်း အခြားဘာမှအရေးမကြီးတော့ဟုတွေးမိပြီး ခေါင်းငိုက်စိုက်ချထားလိုက်တော့သည်။
"သွားရအောင် ကိုယ်မင်းကိုအရက်ဝယ်တိုက်မယ်"
"ဟင်"
ဟန်တာတစ်ယောက် သူနားကြားမှားသည်ဟုထင်လိုက်မိသည်။
“ဒီနေရာကမင်းနဲ့မသင့်တော်ဘူး။ မိန်းမတွေကိုကြိုက်တယ်ဆိုရင် ဒီ့ထက်ပိုကောင်းတာတွေရှိသေးတယ်”
နေပါဦး.. ဝင်စတန်က သူ့ကို အရက်သောက်ဖို့ ဖိတ်ချင်နေတာလား။ အိုး...မဟုတ်ဘူးပဲ။ မိန်းမသွားပိုးဖို့ ဖိတ်နေတာပဲ..
ရုတ်ခြည်းဆိုသလို ဝင်စတန်လိုက်ပို့မည့် ဘားအကြောင်းကို အလွန်သိချင်မိသွားသည်။
ဟန်တာက ခြေလှမ်းနှစ်လှမ်းစာမျှဖြင့် ဝင်စတန့်နောက်ကို အမီလိုက်လိုက်သည်။
"ခင်ဗျားရွေးထားတဲ့နေရာမှာ မိန်းမလှလေးတွေအများကြီးရှိလား"
“မင်း မိန်းမတွေကိုအာရုံမစိုက်တာ ပိုကောင်းတယ်လို့ ကိုယ်အကြံပေးချင်တယ်"
"ဘာလို့လဲ"
"မင်းက အရမ်းငယ်သေးတယ်"
"ခင်ဗျားကကျတော့ ကျွန်တော့်ထက် အသက်ဆယ်နှစ် အနှစ်နှစ်ဆယ်လောက် ပိုကြီးသလိုကြီးလာပြောနေတာပဲ"
"မင်းက ချုပ်တည်းမှုအားမကောင်းဘူး"
"ဘာလဲ..တစ်ဝက်တစ်ပျက်ကြီး ချန်မထားခဲ့နဲ့လေ။ နောက်ထပ်ပြောမဲ့စကားကို ကျွန်တော်ကဘယ်လိုလုပ်သိမှာလဲ"
"မင်း လှည့်စားခံရလိမ့်မယ်"
"ဟိုမှာလည်း ဘာမိန်းကလေးကိုမှမကြည့်ရဘူးဆိုရင် ကျွန်တော့်ကို ဘားခေါ်သွားတော့ရောဘာထူးမှာလဲ"
"မင်း မိန်းကလေးတွေကို မကြည့်ရဘူးလို့ ကိုယ်မပြောခဲ့ပါဘူး။ ကိုယ်ဆိုလိုတာက မင်းလူပျိုဖော်ဝင်ကတည်းက ထိန်းထိန်းသိမ်းသိမ်းနေတတ်ဖို့ လေ့ကျင့်ရမယ်။ မဟုတ်ရင် ဟိုနေရာကိုထိခိုက်မိလိမ့်မယ်"
“လူပျိုဖော်ဝင်တာတဲ့လား။ ကျွန်တော်က အသက်ဆယ့်ကိုးနှစ်ရှိနေပြီ။ ဘာလူပျိုဖော်ဝင်တာလဲ"
"WTO ရဲ့လူပျိုဖော်ဝင်တဲ့ကာလက အသက်ဆယ်နှစ်ကနေ နှစ်ဆယ်အတွင်းမှာပဲ"
"ဘာကြီး... ခင်ဗျားက WTO ကိုတောင် ဖတ်ထားတယ်ပေါ့။ အောက်နားကနာရမှာလို့ ခင်ဗျားပြောလိုက်တာမလား... အဲ့ဒါက ဘာကိုဆိုလိုတာလဲ"
ဟန်တာ တစ်ဖက်လူ၏စကားကို လိုက်မမီတော့ပေ။
“ပထမဆုံးအကြိမ်ဆိုရင် ထိပ်နားမှာထိခိုက်မိလိမ့်မယ်"
ဝင်စတန်က ထိုသို့ဖြေလိုက်သည်။
"ဒါဆို...ဒါဆို တော်တော်နာမှာပဲ"
"မင်းမှာ ချုပ်တည်းနိုင်စွမ်းသိပ်မရှိဘူး။ ထပ်ခါထပ်ခါလုပ်မယ်ဆိုရင် ထိပ်ပိုင်းနားလေးက ပုပ်သွားနိုင်တယ်"
ဟန်တာခမျာ နေရာမှာတင် ကြက်သေသေသွားပြီး သူ့နားရွက်ကို ကောက်ကိုင်လိုက်သည်။
အကယ်၍ ဝင်စတန့်ပါးစပ်က 'မင်းရဲ့ငှက်ကိုဆွဲဖြုတ်ပြီး ပါးစပ်ထဲထိုးထည့်ပစ်လိုက်မယ်'ဟု ပြောထားဖူးသည့်စကားကို ဟန်တာမကြားဖြစ်ခဲ့ပါက ယခုလေးတင်ပြောလိုက်သည့်စကားကိုလည်း သူ့အရှေ့ရှိ ဝင်စတန်ကပြောလိုက်သည်ဟု ယုံနိုင်မည်မဟုတ်ပေ။
"ဟုတ်သားပဲ။ ကျွန်တော် ခင်ဗျားကိုမေးစရာရှိတယ်"
ဟန်တာက ဝင်စတန်၏လက်မောင်းကို ရုတ်တရက်ဆုပ်ကိုင်ထားလိုက်သည်။
သို့သော် ဝင်စတန်က တခြားသူများ သူ့ကိုလာထိသည်ကို မကြိုက်ကြောင်း သတိရသွားသည့်အခါ သူ့လက်ကို အမြန်ပြန်ရုပ်လိုက်သည်။
"ဘာမေးမှာလဲ"
"အဲ့ဒီနေ့တုန်းက... ခင်ဗျား ကျွန်တော့်ကိုယ်စား မက်ဂရက်ဒီကိုပြောခဲ့တဲ့စကားတွေက ကျွန်တော့်စိတ်ထဲက ဆဲချင်နေတဲ့စကားတွေနဲ့အတူတူပဲ... ဒါကတိုက်ဆိုင်တာလား"
“မင်းက တခြားသူတွေကို ကောင်းကောင်းဆဲတတ်တာမှမဟုတ်တာ။ ဒါတွေက မင်းတစ်သက်လုံးဆဲဖူးသမျှထဲမှာ အထိရောက်ဆုံးစကားသုံးခွန်းပဲ”
"ခင်ဗျားဘယ်လိုလုပ်သိတာလဲ။ ကျွန်တော်ဆဲတာကို ခင်ဗျားတစ်ခါမှမကြားဖူးဘဲနဲ့"
ဝင်စတန်ဟာ အလွန်အံ့သြဖွယ်ရာကောင်းလှသည်ဟု ဟန်တာခံစားမိသည်။
ဝင်စတန်ကတော့ သူ့အမေးကိုပြန်မဖြေဘဲ 'မင်းသွားမှာလား မသွားဘူးလား'ဟု ခပ်တိုးတိုးရေရွတ်လိုက်သည်။
"သွားမှာပေါ့။ သွားမယ်"
ဝင်စတန်က သူ့ကို ဘယ်လိုဘားမျိုးဆီသို့ ခေါ်သွားလေမလဲဟုတွေးလိုက်မိသည်နှင့် ဟန်တာ့စိတ်ထဲ မျှော်လင့်ချက်များပြည့်နှက်သွားရသည်။
ဝင်စတန်သည် ညစ်တီးညစ်ပတ်နိုင်လှသော ဒေါ်နယ်လ်နှင့် သိသိသာသာကွဲပြားလှသည်ဖြစ်ရာ သူ၏လူနေမှုပုံစံမှာ ပိုမိုနူးညံ့ညင်သာနေပေလိမ့်မည်။
"ခင်ဗျား ကျွန်တော့်ကို tuxedo ကော့တေးပါတီကို ခေါ်သွားမလို့လား"
"မဟုတ်ပါဘူး"
ဝင်စတန်က ဖယ်ရာရီကားတစ်စင်းနားသို့ ချဉ်းကပ်သွားလေသည်။ ယခုတစ်ကြိမ်တွင်မူ အနက်ရောင်ပြိုင်ကားသန့်သန့်လေးတစ်စီးဖြစ်သည်။ ပြောင်လက်ပြီး မာန်ဝင့်ထည်နေသောမျဉ်းကြောင်းများက ညဧကရာဇ်၏ပုံရိပ်ကို ဖန်တီးပေးနေလေသည်။
"ဝိုး... ကားအသစ်ပဲ"
ဖယ်ရာရီပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်ရသည်မှာ အလွန်ကောင်းပေသည်။
"မင်းကိုယ်တိုင်ဝင်မလား။ ဒါမှမဟုတ် ကိုယ် မင်းကို ပွေ့တင်ပေးရမလား"
ဝင်စတန်က သူ့မျက်နှာကို စောင်းငဲ့လိုက်သည်။ ဤလူဟာ အဓိပ္ပာယ်မဲ့စကားများကို နားမထောင်နိုင်သလို သူ့အချိန်ကို လာဖြုန်းတီးနေသူများကိုလည်း သည်းမခံနိုင်ချေ။
ဟန်တာ ကားထဲကိုဝင်ထိုင်ပြီးနောက် သူ ဤပြိုင်ကားကို ဘယ်အချိန်လောက်ငှားစီး၍ရနိုင်မလဲဟု တိတ်တဆိတ်စဉ်းစားချင့်ချိန်လိုက်သည်။
"ကြိုက်လား"
ဝင်စတန်က ကားကို ချောချောမွေ့မွေ့မောင်းထွက်လိုက်သည်။
"ကြိုက်တာပေါ့"
"မိန်းမနဲ့ကား ဘယ်ဟာကြိုက်လဲ"
"ကားအမျိုးအစားနဲ့ ဘယ်လိုမိန်းမမျိုးလဲဆိုတာအပေါ် မူတည်တယ်"
ဟန်တာက ကလေးဆန်ဆန်အပြုံးလေးတစ်ပွင့်ကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ပြသလိုက်သည်။
"ခုနတုန်းကမိန်းကလေးနဲ့ ဒီကားဆိုရင်ရော"
"သိပြီ"
ဟန်တာ ခေါင်းမော့လိုက်သည်။
"တကယ်လို့ ကျွန်တော်အိမ်ပြန်လာမဲ့အချိန်ကို သစ္စာရှိရှိစောင့်နေပေးမဲ့မိန်းကလေး... ကျွန်တော်နိုင်နိုင်ရှုံးရှုံး ကျွန်တော့်ကိုစောင့်မျှော်နေမဲ့မိန်းကလေး...အဲ့လိုသာဆိုရင် ကျွန်တော့်ဘဝတစ်ခုလုံးကို အလဲအလှယ်လုပ်ရမယ်ဆိုရင်တောင် ကျွန်တော်မမှုဘူး"
"ဟန်တာ"
"ဟင်"
ညလေညင်းက သူ့ပါးပြင်ကိုဖြတ်သန်းပြီး ဆံပင်စများကို လွင့်ပျံသွားစေသည်။ ဘဝကသာ ဤမျှကျေနပ်စရာကောင်းမည်ဆိုပါက အလွန်ကောင်းမည်ဟု သူ ရုတ်တရက်တွေးလိုက်မိသည်။
"မင်းက တကယ်ဖြူစင်တယ်"
"ဖြူစင်တာတဲ့လား။ သောက်ကျိုးနည်း"
ဟန်တာ မျက်လုံးပြူးသွားရသည်။
သူငယ်ချင်းရေ.. ငါကဖြူစင်လိုက်တာလို့ အဲ့လိုလေသံမျိုးနဲ့ပြောရင် ဘုရားသခင်ကလှောင်နေလိမ့်မယ်ဆိုတာ မင်းသိလား...
"မင်းအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အဆုံးသတ်မျဉ်းမှာ ကိုယ် မင်းကိုစောင့်နေမယ်။ အဲ့လိုဆိုရင် မင်းရဲ့ဘဝကို ကိုယ့်အတွက် လဲလှယ်ပေးဖို့ဆန္ဒရှိလား"
သူ့အသံပင်ဖြစ်စေ အမူအရာပင်ဖြစ်စေ လုံးဝတည်ငြိမ်နေသည်။
သူတို့ ပေါ့ပေါ့ပါးပါးစကားစမြည်ပြောနေကြသလိုပင်။
ဟန်တာ ပြုံးလိုက်ပြီးနောက် တောက်ပသောလမ်းမီးရောင်အောက်တွင် ချောမောလှပနေသော သူ့မျက်နှာကို လှည့်ကြည့်လိုက်သည်။
"ဒါပေါ့။ ကျွန်တော် ခင်ဗျားအတွက် ကျွန်တော့်ဘဝကို အလဲအထပ်လုပ်ပေးမယ်။ ဒါပေမဲ့ ခင်ဗျား မက္ကဆီကန်ဒိန်ခဲ burritos တွေကို ကောင်းကောင်းလုပ်တတ်ရမယ်။ အတူအိပ်တဲ့အခါ ကျွန်တော့်ကိုစိတ်ကျေနပ်အောင်လုပ်ပေးရမယ်။ အသက်သုံးဆယ့်ငါးနှစ်ရောက်လာရင်တောင် ခင်ဗျားရဲ့ရုပ်ရည်က လုံးဝမပျက်စီးရဘူး။ ပြီးတော့ ဟန်တာသေးသေးလေးတွေကိုလည်း ကျွန်တော့်အတွက်မွေးပေးရမယ်"
“ပထမသုံးခုကတော့ ပြဿနာမရှိပါဘူး။ နောက်ဆုံးတစ်ခုကတော့ ကိုယ် နည်းလမ်းတစ်ခုခုရှာလိုက်ပါ့မယ်"
ဝင်စတန်က စတီယာရင်ကိုတွန်းလှည့်ကာ လမ်းကျဉ်းကျဉ်းလေးထဲသို့ ဝင်သွားလိုက်သည်။
ဤအဖြေကြောင့် ဟန်တာ ပိုပျော်ရွှင်သွားရသည်။
“ဟေး ဗန်ဝင်စတန်… ခင်ဗျားက တကယ်ပဲ ကောင်းကင်ဘုံကပို့ပေးလိုက်တဲ့လက်ဆောင်ပဲ”
"ဟမ်"
"ခင်ဗျားက အဲ့ဒီအမြင့်တစ်နေရာမှာ ရှိနေပေမဲ့ ကျွန်တော်နဲ့သူငယ်ချင်းဖြစ်ချင်နေတုန်းပဲ။ ပြီးတော့ တခြားလူတွေမယုံကြည်တဲ့စကားမျိုးတွေပြောပြီး ကျွန်တော့်ကိုအားပေးခဲ့တယ်။ အဲ့ဒါတွေက အေးစက်စက်ဟာသတွေဆိုပေမဲ့ပေါ့"
"ကိုယ် တစ်ခါမှ အေးစက်စက်ဟာသမျိုးမပြောဖူးဘူး"
ကားက ကုန်လှောင်ရုံဘားတစ်ခုမှာ ရပ်သွားသည်။
ဝင်စတန်က ဟန်တာ့ဘက်ကိုလှည့်ပြီး ဟန်တာ၏ထိုင်ခုံကျောမှီပေါ်သို့ လက်ထောက်လိုက်လေသည်။
"မင်း... မင်းရဲ့ကားနဲ့ လမ်းမီးတိုင်ကိုဝင်တိုက်မိပြီး မသေမချင်း ကိုယ် မင်းကို ထာဝရအားပေးနေမှာပါ"
ဟန်တာ၏နှလုံးသားလေးမှာ တစ်ဖက်လူ၏မျက်ဝန်းထဲသို့ ဆွဲငင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထို့နောက် အရူးအမူးစွဲလမ်းမှုတစ်ခု ပေါ်ပေါက်လာသည်။
ထိုအရာမှာ အန္တရာယ်ရှိသည့် သေမင်းနိမိတ်တစ်ခုအလားပင်။
ပျက်စီးဆုံးရှုံးမှုနှင့် အဆုံးသတ်ရမည်ဆိုလျှင်ပင် သူ မနိုးထချင်မိကြောင်း ဟန်တာ သဘောပေါက်သွားချေသည်။
သူ့တစ်သက် 'ထာဝရ'ဟူသောစကားကို သူ့အား ပထမဆုံးပြောလာသူမှာ ဝင်စတန်ပင်တည်း။
"ဆင်းတော့"
ဝင်စတန်က ကားတံခါးကိုဖွင့်ပြီး သူ၏ခြေတံရှည်များကို ဆန့်ထုတ်လိုက်လေသည်။
ဟန်တာလည်း သတိပြန်ဝင်လာသည်။
ဂိုဒေါင်ဘားသည် အပြင်ပန်းကကြည့်လျှင် ထူးထူးခြားခြားမရှိသည့်အပြင် ပေစုတ်စုတ်နိုင်နေလေသည်။ သို့သော် အတွင်းဘက်ကိုဝင်သွားလိုက်သည့်အခါတွင်မူ အိပ်မက်ထဲတွင် ရှင်သန်နေထိုင်ရသည့်ခံစားချက်ကို သူ နားလည်လိုက်ရပြီဖြစ်၏။
မှုန်မှိုင်းမှိုင်းအလင်းရောင်သည် လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်မျိုး ပေးစွမ်းနေသော်လည်း စိတ်ဓာတ်ကျစရာလည်းမကောင်းပေ။
ကောင်တာရှိ အရက်စပ်သမားက အရက်ကို ရောစပ်နေပြီး သူ၏ လှုပ်ရှားမှုများက လုံးဝအမြင်ရိုင်းခြင်းမရှိ။ သူ့လက်ကောက်ဝတ်ကိုခါလိုက်သည့်အခါမျိုးတွင်ဖြစ်စေ ခွက်ကိုလှုပ်ခါလိုက်သည့်အချိန်တွင်ဖြစ်စေ သူဟာ ယုံကြည်မှုအပြည့်နှင့် သက်သောင့်သက်သာရှိနေပေသည်။
ဘားထဲတွင် ဖောက်သည်အများကြီးမရှိပေ။ သို့သော် ဂိုဒေါင်အပြင်ဘက်မှာ ရပ်ထားသည့် ဇိမ်ခံကားများကိုလေ့လာကြည့်ပါက ဤနေရာကိုရောက်လာကြသည့် ဖောက်သည်များက သာမန်လူများမဟုတ်ကြောင်းသိနိုင်သည်။
အချို့က နှစ်ယောက် သို့မဟုတ် သုံးယောက်တွဲထိုင်ကာ စကားစမြည်ပြောနေကြပြီး အချို့ကမူ အချင်းချင်းပွေ့ဖက်ကာ တီးတိုးပြောနေကြသည်။ တချို့ကတော့ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာ ဘလူးစ်ဂီတ၏စည်းချက်အတိုင်း ဖြည်းညင်းစွာယိမ်းနွဲ့နေကြသည်။
ဝင်စတန်ဝင်သွားလိုက်သည်နှင့် ချက်ချင်းပင် သူဟာ အာရုံစိုက်မှု၏ဗဟိုချက် ဖြစ်သွားရပြန်လေသည်။
ဤနေရာရှိလေထုမှာ မတိုင်မီကဘားထက် ပိုမိုတိတ်ဆိတ်နေပြီး ဤငြိမ်းချမ်းမှုမျိုးတွင် မရေရာမှု၏ လျှို့ဝှက်အပ်သောအရိပ်အယောင်တစ်ခု စီးဆင်းနေလေသည်။ လေထုထဲက အရက်နံ့သည်ပင် မျိုသိပ်ထားရသည့်ဆန္ဒတစ်ရပ် ပေါ်ပေါက်လာသည့်အလား ထူးခြားနေချေသည်။
အရက်စပ်သမားက ဝင်စတန်ကိုပြုံးပြလေသည်။
"မင်း သူငယ်ချင်းတစ်ယောက်ကို ဒီကိုခေါ်လာတာရှားတယ်နော်"
ဝင်စတန်က စားပွဲကိုသာ လက်ဖြင့်ခေါက်လိုက်သည်။
"အမှောင်ညတစ်ခွက်ပေးပါ"
–
စာရေးသူမှာ ပြောစရာရှိပါတယ်
ကြက်ဥကြော်နေရင်းဖြင့်...
ဝင်စတန် : ကိုယ် မင်းအတွက် မက္ကစီကန်ဒိန်ခဲ burritos လုပ်ပေးမယ်။ အိပ်ရာထဲမှာလည်း မင်းကိုစိတ်ကျေနပ်အောင်လုပ်ပေးမယ်။ အသက် ၃၅ နှစ်ကျော်လာရင်တောင် ကိုယ့်ရုပ်ရည် မပျက်စီးစေရဘူး။ နည်းပညာနဲ့သိပ္ပံပညာကလည်း တိုးတက်လာပြီ။ ဟန်တာသေးသေးလေးတွေကိုလည်း မင်း လိုချင်သလောက်မွေးလို့ရတယ်။ ဒါပေမဲ့ မွေးတာတော့ မင်းမွေးပေးရမှာ
ဟန်တာ : ဒါပေမဲ့ ကျွန်တော်မှ ခင်ဗျားကိုမလိုချင်တာ
ဝင်စတန် : ကိုယ်နဲ့စိတ်ကူးယဉ်ပုံဖော်စက်...နှစ်ခုထဲကတစ်ခုကိုပဲရွေးရမှာ"
ဟန်တာ : ခင်ဗျားနဲ့ စိတ်ကူးယဉ်ပုံဖော်စက်က ဘာမှမကွာပါဘူး
*****
Aurora Novel Translation Team