ကိုယ် နောက်တစ်ကွေ့မှာ မင်းကိုစောင့်နေမယ်
"မားကပ်စ်ရဲ့အသင်းထဲမှာ အတွင်းရေးပြဿနာတစ်ခုရှိနေတာလား"
"ဘာဖြစ်လို့လဲ။ လျှာလိပ်နေပြန်ပြီလား"
မက်ဂရက်ဒီက ခေါင်းကိုစောင်းငဲ့ရင်း ဟန်တာကို ရန်စလိုက်ချေသည်။
ရုတ်ခြည်းဆိုသလို ဟန်တာကရှေ့တိုးလာပြီး သူ့လက်သီးကို မက်ဂရက်ဒီ၏မျက်နှာကိုရွယ်ကာ ထိုးဟန်ပြင်လိုက်သည်။
"အိုး.."
ပတ်ပတ်လည်ရှိလူအုပ်ကြီးမှာ အံ့ဩမှင်တက်သွားလေသည်။
မားကပ်စ်က ဟန်တာကိုတားချင်ပါသော်ငြား သူက အလွန်မြန်လွန်းလှသည်။
ယခုအချိန်မှာ ဟန်တာ့ခေါင်းထဲတွင် မက်ဂရက်ဒီ၏မျက်နှာကို စုတ်ပြတ်သွားအောင်ထိုးပစ်ချင်စိတ်များသာရှိသည်။ သို့သော် သူ့ခါးတစ်ဝိုက်ကို အင်အားတစ်ရပ်က ဖိနှိပ်လိုက်ပြီး သူ့အား နောက်ပြန်ဆွဲခေါ်သွားသည်။
သူလည်း နောက်ပြန်ပါသွားပြီး ထိုလူနှင့် ဝင်တိုက်မိပါတော့သည်။
ထိုဖမ်းချုပ်ထားမှုမှ လွတ်မြောက်အောင်ကြိုးစားလိုက်ပါသော်ငြား လက်များဟုဆိုရလေမလား ပွေ့ဖက်ထားသောအင်အားဟု ပြောရလေမလားမသိသည့်အရာက အလွန်သန်မာလှပြီး သူ့အား အလွန်တရာတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသဖြင့် ခြေတစ်လှမ်းလေးပင် မတိုးနိုင်ဖြစ်နေရသည်။
ပြိုင်ကားမောင်းသမားတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ အလွန်ကြံ့ခိုင်သန်မာလှသည်ဖြစ်ရာ ဟန်တာကို ယခုလိုမလှုပ်နိုင်လောက်အောင် မြဲမြဲမြံမြံပွေ့ဖက်ထားနိုင်သူမှာ များများစားစားမရှိပေ။ သို့သော် ဟန်တာကတော့ အံတင်းတင်းကျိတ်လျက် သူ့ကိုယ်သူဒေါသထွက်နေရင်းက ရှေ့ကိုလည်း တိုးသွားချင်နေဆဲသာ။
မတိုင်ခင်က သန့်စင်ခန်းထဲတွင် မက်ဂရက်ဒီ သူ့အား မည်မျှစော်ကားမော်ကားပြောဆိုထားသည်ဖြစ်စေ မမှုခဲ့သော်လည်း ယခုတော့ဖြင့် ဤပွေ့ဖက်မှုက ပိုမြဲမြံလာလေလေ သူ ပိုပြီးရှက်မိလေလေပင်။
ထိုအဖြစ်မှာ သူဟာ အားကြီးသူကိုသာ ကပ်တွယ်နေနိုင်သည့် အားနည်းသူလေးတစ်ယောက်အလားပင်။
သို့သော် ထိုသို့မဟုတ်ချေ။ လုံးဝမဟုတ်ခဲ့ပေ။
သူ့အနေနှင့် ဝင်စတန်၏အင်အားကို ငှားသုံးဖို့လည်း တစ်ခါမျှပင်မတွေးဖူးခဲ့ပေ။
ဖော်မြူလာဝမ်းတွင် သူတို့သည် အရည်အချင်းကွာခြားကြသော ပြိုင်ကားမောင်းသမားများဖြစ်ကြသော်လည်း ဟန်တာကတော့ သူ့အတွေးများဟာ အမှီအခိုကင်းပြီး လွှမ်းမိုးမှုကင်းမဲ့သည်ဟုထင်သည်။ သူနှင့်ဝင်စတန်တို့နှစ်ယောက်လုံးက အခြေခံတူညီမှုရှိသည်ဟု ထင်ထားသည်။
သို့သော် မက်ဂရက်ဒီက ဤစကားများကို လူအများရှေ့ ထုတ်ပြောလာသောအခါ အထူးသဖြင့် ဝင်စတန့်ရှေ့တွင် ပြောလာလေရာ အရာအားလုံးပြောင်းလဲသွားချေပြီဖြစ်၏။
"မင်း…"
ဟန်တာ၏အသံကြိုးများမှာ ပြတ်တောက်သွားပြီဖြစ်ရာ စကားကို ကောင်းကောင်းမွန်မွန်ပြောနိုင်ဖို့ရာ လမ်းမမြင်တော့ပေ။
မည်သည့်စကားမဆို အဆင်ပြေသည်။ သူ တစ်ခုခုဆဲပစ်လိုက်ချင်ရုံသာ။
နွေးထွေးမှုတစ်ဖုံက ဟန်တာ၏မျက်နှာကို လွှမ်းခြုံပစ်လိုက်သည်။ ဝင်စတန်၏ထွက်သက်လေဟာ သူ့နားရွက်နားမှ ဖြတ်သွားပြီး သူ့ခေါင်းထဲကိုဝင်ရောက်ကာ သူ့စိတ်အစဉ်ကိုဖြေလျှော့ပေးချင်နေသည့်အလားပင်။
"စိတ်လျှော့ထား ဟန်တာ.. ကိုယ်ဒီမှာရှိတယ်။ စိတ်အေးအေးထား"
ဝင်စတန်၏အသံမှာ အလွန်ညင်သာလွန်းလှပြီး သူ့အနေအထားကိုပင် ဂရုမစိုက်သည့်အလား လူအာရုံစိုက်ခံရလည်းမမှုပါဘဲ သူ့ကိုသာချော့မော့နေလေသည်။
"ဒါကို ကိုယ့်တာဝန်ထားလိုက်..ကိုယ့်ကိုသာအပ်ထားလိုက်…"
ဝင်စတန်၏ပါးပြင်မှာ ဟန်တာ့ပါးပြင်ကို ညင်သာစွာဖိကပ်ထားပြီး သူ့ဝင်သက်ထွက်သက်ကလည်း ဟန်တာ၏နှုတ်ခမ်းထောင့်စွန်းပေါ် ကျရောက်နေချေသည်။
"ဘာဖြစ်တာလဲ။ ဗန်ဝင်စတန်တောင် မင်းကိုမကယ်နိုင်ဘူးလား အထစ်ရ.."
မက်ဂရက်ဒီက လှောင်ပြုံးပြုံးလျက် ရယ်လိုက်လေသည်။
နောက်တစ်စက္ကန့်လေးအတွင်းမှာ ဟန်တာ့စိတ်ထဲ သူ့ခန္ဓာကိုယ်ဟာ အနောက်ဘက်ရှိ စကျင်ကျောက်နံရံဆီသို့ ကိုင်ပေါက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့လည်ပင်းများအစ်နေသည့်အလား ထင်မှတ်မှားသွားရသည်။
"မင်း နောက်တစ်ခွန်းထပ်ပြောလို့ကတော့ ငါ မင်းခေါင်းကို အိမ်သာထဲထိုးထည့်ပစ်မယ်"
အလွန်တရားအေးတိအေးစက်နိုင်လှသော အသံတစ်သံထွက်ပေါ်လာချေသည်။ ဝင်စတန်က သူ့ပါးပြင်ကို ဟန်တာ့နဖူးထက် ဖိထားသော်လည်း မော့ကြည့်လာသော သူ့အကြည့်ကတော့ဖြင့် လူသတ်လိုဟန်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
ဟိုတယ်လော်ဘီထက်ဝယ် တိတ်ဆိတ်ခြင်းအတိပြီးသွားချေသည်။
ဖြတ်လျှောက်သွားသော သတင်းထောက်များမှာလည်း နေရာမှာတင် ကြက်သေသေသွားရသည်။
မားကပ်စ်လည်း သူတို့နည်းတူ အံ့အားသင့်သွားပေသည်။
မက်ဂရက်ဒီခမျာ မျက်လုံးအပြူးသားဖြစ်သွားရပြီး နားကြားမှားလိုက်သည်ဟု ထင်မှတ်မှားသွားချေသည်။
ယခင်က ဗန်ဝင်စတန်၏ဆဲဆိုသံကို မည်သူမျှမကြားဖူးခဲ့ပေ။ ဤစကားကို ဆဲဆိုစကားဟုတော့ နာမည်တပ်၍မရနိုင်ပေ။
သူဟာ အမြဲလိုလိုတသီးတသန့်နေတတ်သော်ငြား သူ့စကားများကတော့ လေးစားဖွယ်ရာကောင်းနေမြဲသာ။ ဤနယ်ပယ်ထဲသို့ဝင်လာခါစ အစပိုင်းတွင် ဝေဖန်မှုအများအပြားကို ကြုံတွေ့ခဲ့ရသော်လည်း သူကတော့ ထိုဝေဖန်သူများကို မသိကျိုးကျွန်ပြုထားပြီး ထိုလူတို့ကို မတူမတန်သလိုသာ သဘောထားခဲ့သည်။ သို့ဖြစ်လေရာ တန်ပြန်တိုက်ခိုက်ရန်အတွက် ထိုစကားလုံးများကို သူ ဘယ်အချိန်ကများ သုံးခဲ့ဖူးလေသလဲ။
ဒေါသူပုန်ထနေသော ဟန်တာကတော့ ဝင်စတန်၏ခြိမ်းခြာက်စကားကို မတုံ့ပြန်ပေ။ ဝင်စတန်ကိုတွန်းထုတ်ပြီး သူ့ကိုယ်သူလွတ်မြောက်အောင်လုပ်ရန်အတွက် ခွန်အားကုန်ထုတ်သုံးရင်း သူ့မျက်ဝန်းအစုံမှာ ကျိန်းစပ်လာရလေသည်။ သူဟာ စွမ်းအားမဲ့လေကြောင်း သူသိသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက ခံစားခဲ့ရသည့် ကူကယ်ရာမဲ့မှုနှင့် ထိန်းချုပ်မှုကင်းမဲ့သည့်ခံစားချက်များဟာ သူ့အား တစ်ဖန်ရိုက်ခတ်လာပြန်သည်။ သူ့ခမျာ သောကပွေနေလေသဖြင့် မျက်ရည်များပင်ကျလာသည်။
"မင်း... မင်း..."
ဟန်တာ ယခုထိတိုင် စကားမပြောနိုင်သေးပေ။ သူ့ခန္ဓာကိုယ်ကလည်း တောင့်ခဲနေဆဲပင်။
ဝင်စတန်က လက်တစ်ဖက်တည်းကိုသုံး၍ ဟန်တာ၏ခေါင်းကို ဖိချထားလိုက်ပြီး သူ့အား အသာလေးထိန်းချုပ်ထားပေသည်။
"မင်းက ပေါက်ကရပြောတာကလွဲရင် ဘာများလုပ်တတ်သေးလို့လဲ"
ဝင်စတန်က မက်ဂရက်ဒီကို အထင်အမြင်သေးဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ မီဒီယာများကလည်း တစ်ဖန်ထိတ်လန့်သွားရပြန်သည်။ Sauber အသင်းမှ ဒေါ်နယ်လ်ပင်လျှင် လေမချွန်ဘဲမနေနိုင်ပေ။
"မင်း စိတ်မထိန်းနိုင်လည်းရပါတယ်။ လူတိုင်းရှေ့မှာတင် ကိုယ့်ကို စကားတစ်ခွန်းကောင်းကောင်းမပြောနိုင်ခင်အထိ မင်းကို နမ်းပစ်မယ်"
ဟန်တာ၏နားထဲသို့ တီးတိုးဆိုလာသော ဝင်စတန်၏စကားလုံးများမှာ မတိုင်ခင်ကလို ညင်သာမနေတော့ဘဲ လွှမ်းမိုးမှုအားကောင်းလှပြီး ဟန်တာ၏အတွေးများကိုပင် လွင့်ပျောက်သွားစေသည်။
ဟန်တာလည်း သက်ပြင်းနက်နက်ရှိုက်လိုက်ပြီးနောက် ဝင်စတန်၏အေးတိအေးစက်အကြည့်များကိုငေးရင်း သူ့နှလုံးခုန်နှုန်းကို ငြိမ်ကျသွားအောင် ထိန်းချုပ်နေလေသည်။
ငါ စိတ်ထိန်းနိုင်ပါတယ်...
စိတ်ထိန်းထား...
ဒါပေမဲ့ ငါအော်ဟစ်ပြီး ဒေါသတွေကိုဖွင့်ထုတ်ပစ်လိုက်ချင်သေးတယ်...
"သတိထားနေ..."
ဟန်တာ၏စကားမဆုံးခင်မှာပင် ဝင်စတန်က ကျန်နေသေးသည့်စကားကို ဆက်ပေးခဲ့သည်။
"သတိထားနေ.. မဟုတ်လို့ကတော့ မင်းရဲ့အောက်ကကောင်ကို ဆွဲဖြဲပစ်ပြီး လည်ချောင်းထဲကို ထိုးသွပ်ထည့်ပေးလိုက်မယ်"
ဝင်စတန်ကိုသိထားကြသူအပေါင်းမှာ အံ့သြမှင်တက်သွားချေသည်။
ဟန်တာခမျာလည်း ကြက်သေသေသွားပြီး သူ့အား ငေးစိုက်ကြည့်နေမိ၏။
ဟန်တာ အံ့သြရခြင်းအကြောင်းအရင်းမှာ အခြားလူများနှင့် မတူချေ။ သူ့အနေနှင့် အားမလိုအားမရဖြစ်မှုကို ဖော်ထုတ်နိုင်ခြင်းမရှိဘဲ စကားများဆွံ့အနေသည့်တိုင် ဝင်စတန်ကတော့ သူပြောချင်နေသည့်စကားများကို အယုတ္တအနတ္တဆဲရေးစကားများအပါအဝင် တိတိကျကျပြောသွားခဲ့ပေသည်။
"ပထမစကားသုံးခွန်းကတော့ ဟန်တာပြောချင်နေတဲ့စကားတွေပဲ"
ဝင်စတန်က ဟန်တာကိုလွှတ်လိုက်ပြီး စကားဆိုလာလေသည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်၍ မက်ဂရက်ဒီဆီသို့ လျှောက်လာလေသည်။
သူ့အကြည့်မှာ အမြင့်တစ်နေရာမှ တစ်ဟုန်ထိုးစီးဆင်းလာပြီး ကမ္ဘာမြေကြီးကို ထိုးဖောက်လုမတတ်ပြင်းထန်လှသော အင်အားတစ်ရပ်ကို သယ်ဆောင်လာပါသည့် ရေတံခွန်တစ်ခုအလားပင်။
မက်ဂရက်ဒီခမျာ ထိုအင်အားကြောင့် လွှမ်းမိုးခံလိုက်ရပြီး ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"အခုကတော့ ငါပြောချင်နေတဲ့စကားတွေပဲ။ မင်းရဲ့ခြေကျင်းဝတ် ဘယ်တော့မှပြန်ကောင်းမလာပါစေနဲ့လို့ ဆုတောင်းနေလိုက်တာ ပိုကောင်းမယ်။ ပြန်ကောင်းလာခဲ့ရင် ငါ မင်းကို ပြေးလမ်းပေါ်ကနေ ကန်ထုတ်ပစ်မှာမို့"
ဤသည်မှာ ခြိမ်းခြောက်မှုသက်သက်မဟုတ်ချေ။ ဝင်စတန်ထံတွင် ထိုသို့တကယ်လုပ်နိုင်သည့်အစွမ်းမျိုး ရှိ၏။
ထို့နောက် ဝင်စတန်က ဟိုတယ်ဝင်ပေါက်ဆီသို့ ဦးတည်သွားလေသည်။ တွေဝေမိန်းမောနေသော ဟန်တာ့အနားကဖြတ်သွားချိန်ဝယ် ခေါင်းကိုငုံ့လျက် သူ့လက်ဆစ်ဖြင့် ဟန်တာ၏မျက်တောင်လေးများကို ညင်သာစွာဖိပွတ်ပြီး မျက်ရည်များကို သုတ်ဖယ်ပေးလိုက်ချေသည်။
တည်ငြိမ်စပြုသွားသော ဟန်တာ၏နှလုံးခုန်သံမှာ တစ်ဖန်အရှိန်မြင့်သွားရပြန်သည်။
"မင်းဘာတွေတွေးနေတာလဲ။ ကိုယ်က မင်းကို လူတွေအများကြီးရှေ့မှာ တကယ်နမ်းလိမ့်မယ်လို့ ထင်နေတာလား"
ဝင်စတန်က ဟန်တာနှင့်အကြည့်ချင်းဆုံပြီး မေးလိုက်သည်။
မည်သူမှသတိမထားမိလျှင်ပင် ဟန်တာကတော့ နေရောင်အောက်ရှိ ပဲစေ့လေးတွင် အက်ရာသေးသေးလေးဖြစ်သွားသည်နှင့် အလားသဏ္ဍာန်တူလှသော ထိုလူ၏မျက်ဝန်းထောင့်ရှိ အပြုံးသေးသေးလေးကို မြင်လိုက်ရသည်။
ထိုအပြုံးမှာ စစ်မှန်လွန်းလှပြီး သူ့အတွက်သာ ရည်ရွယ်နေသည့်အလားပင်။
ဟန်တာလည်း ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်သည်။ သူ့လျှာနှင့် အသံကြိုးများမှာ အဆင်ပြေသွားပြီဆိုသော်ငြား စကားတော့မပြောနိုင်သေးပေ။
ဝင်စတန်က သူ့နားကိုညွတ်ကိုင်းပြီး တီးတိုးဆိုလာချေသည်။
"ကိုယ် မင်းကိုနောက်တစ်ကွေ့မှာစောင့်နေမယ်"
ထို့နောက် ဝင်စတန်တစ်ယောက် ဟိုတယ်၏ဆုံလည်တံခါးဆီသို့ လျှောက်လှမ်းသွားသည့်ပုံစံမှာ လူအများ၏အာရုံကို ဖမ်းစားလိုက်လေသည်။
နှစ်စက္ကန့်အကြာတွင် ဟိုတယ်လော်ဘီကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားပါတော့သည်။
"ဘုရားရေ.. အဲ့ဒါက တကယ်ပဲဝင်စတန်လားဟင်။ သူအခုလေးတင်ပြောသွားတဲ့စကားတွေက အင်တာဗျူးတစ်ခုလုံးစာထက်တောင် များသေးတယ်"
"သူ မားကပ်စ်ရဲ့အသင်းက မက်ဂရက်ဒီကိုရန်စလိုက်တာလား။ နင် သူပြောတာကိုမကြားလိုက်ရဘူးလား။ ဘုရားရေ"
ခံစားချက်များအကြား ပိတ်မိနေလေသော ဟန်တာလည်း ယခုတော့ တည်ငြိမ်သွားရလေပြီ။
ဝင်စတန်က သူ့ဘက်က ရပ်တည်ပေးသွားတာလား...
ဝင်စတန်ဟာ သူ့ကိုကာကွယ်ပေးနေသည့်အလား မြဲမြဲမြံမြံပွေ့ဖက်ထားပြီး နှစ်သိမ့်ပေးခဲ့လေသည်။
ဟန်တာက စိတ်လှုပ်ရှားသည့်အချိန်မျိုးတွင် စကားမပြောနိုင်ကြောင်း ဝင်စတန်က သိထားသောကြောင့် သူမပြောနိုင်သည့်စကားများကို ထိုလူက ပြောပေးသွားခဲ့ခြင်းဖြစ်၏။ သို့သော် သူပြောချင်နေသည့်စကားများကို ဝင်စတန်က ဘယ်လိုသိလေသလဲ။
ထိုလူဟာ သူ့စိတ်ကိုဖတ်နေသည့်အလားပင်။
ဤသည်မှာ တသီးတသန့်နေတတ်သော ဝင်စတန့်ပုံရိပ်၏နေဝင်ချိန်လေလား။
ဟန်တာလည်း ဝင်စတန်ပြောလိုက်သည့်စကားများကို တစ်ယောက်ယောက်က မှတ်တမ်းတင်သွားမည်ကိုစိုး၍ ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာငဲ့ကြည့်လိုက်သည်။
"အား..ငါတအားလန့်သွားလို့ မှတ်တမ်းတင်ဖို့မေ့သွားတယ်"
"ဒါပေမဲ့.. သူ့ပုံစံက တအားအင်အားကြီးလွန်းတယ်လို့မထင်ဘူးလား။ ဘုရင်တစ်ပါးလိုမျိုးလေ"
"အရင်တုန်းက သူ့ရဲ့အင်တာဗျူးတွေနဲ့ ယှဉ်ကြည့်လို့တောင်မရဘူး"
"နေဦး.. ပထမစကားသုံးခွန်းက ဟန်တာပြောချင်နေတဲ့စကားတွေလို့ သူပြောလိုက်တယ်လေ။ မားကပ်စ်ရဲ့အသင်းက အီဗန်ဟန်တာ"
မီဒီယာ၏အာရုံစိုက်မှုက လမ်းပြောင်းသွားပြီဖြစ်ကြောင်း မားကပ်စ် လျင်မြန်စွာသဘောပေါက်လိုက်သဖြင့် ဟန်တာကို ဆွဲခေါ်သွားပါတော့သည်။
"ငါတို့သွားကြမယ်။ အခုချက်ချင်းသွားမယ်"
မားကပ်စ်က ဟန်တာ့ကို ကားရှိရာဆီသို့ဆွဲခေါ်သွားပြီး ဟန်တာ သတိမဝင်ခင်မှာပင် သူတို့နှစ်ယောက်မှာ ပြေးလမ်းဆီသို့ ရောက်လာခဲ့သည်။
တစ်သင်းလုံးမှာ စိတ်လှုပ်ရှားနေကြပြီး စက်ပြင်ဆရာများကလည်း နောက်ဆုံးအကြိမ်စစ်ဆေးမှုကို လုပ်နေကြပေသည်။
ဖရိုဖရဲဖြစ်နေသော ဟန်တာ၏အတွေးများလည်း ငြိမ်ကျသွားပြီး အင်ဂျင်သံက သူ့အာရုံကို ပစ္စုပ္ပန်သို့ဆွဲခေါ်လိုက်ချေသည်။
ဝင်စတန်ပြောသွားသော စကားများကိုသာ သူတွေးနေမိတော့သည်။
'ကိုယ် မင်းကို ပထမဆုံးအကွေ့မှာစောင့်နေမယ်"
သူ့နှလုံးသားလေးမှာ ရိုက်နှက်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။
ဝင်စတန်က မည်သူ့အတွက်မှ အရှိန်လျှော့ပေးမည်မဟုတ်။ သူ့အနေနှင့် မြန်မြန်မောင်းပြီး အမီလိုက်ရုံသာရှိ၏။
သို့သော် ဝင်စတန့်ကို သူ အကွေ့တစ်ခုခုမှာ အမီလိုက်နိုင်ကြောင်း သိထားသည်။ ဝင်စတန်က သူ့အား ထိုသို့ပြောခဲ့ခြင်းပင်။
အဓိကပြိုင်ပွဲကား စတင်ပေတော့မည်။ ဝင်စတန်၏အကြောင်းများကို ဆက်တွေးနေရန် အချိန်မရှိတော့ပေ။
ဟန်တာက သူ၏မီးခံမျက်နှာဖုံးကိုတပ်၍ မျက်လုံးမှိတ်ပြီး ရယ်လိုက်မိသည်။
"ဟေး.. မင်းဘာဖြစ်နေတာလဲ"
စက်ပြင်ဆရာက စိတ်ပူဟန်ဖြင့် မေးလာလေသည်။
"မင်း ဒီနေ့ နည်းနည်းထူးဆန်းနေတယ်"
"ဘာမှမဟုတ်ပါဘူး... လူတစ်ယောက်က ကျွန်တော့်ကို အရမ်းယုံကြည်ပေးနေတာကြီးက တကယ်ကိုစုံလုံးကန်းနေတာကြီး"
"ဒါဆိုလည်း ဒီပြိုင်ပွဲကိုအသုံးချပြီး သူ့ရဲ့ယုံကြည်မှုက စုံလုံးမကန်းကြောင်း သက်သေပြလိုက်လေ"
စက်ပြင်ဆရာက သူ့ပခုံးကိုပုတ်၍ စကားဆိုလာချေသည်။
ကောင်းပြီလေ.. ငါစထွက်တာနဲ့ ဒီအင်အားက ငါ့ကို ဘယ်အချိန်အထိခေါ်သွားမလဲဆိုတာ သိချင်သေးတယ်...
ပြိုင်ကားမောင်းသူများမှာ နေရာယူလိုက်ကြသည်။
မာစီးတီးအသင်းမှ 'ငါးမန်းဖြူ'ဆိုင်ရယ်က ရှေ့ဆုံးတန်းနေရာတွင် နေရာယူထားပေသည်။
သူ့နောက်တွင် Red Bull အသင်းမှ အိုဝင်ရှိပြီး အနောက်တွင်မူ ဖယ်ရာရီအသင်းမှ ဝင်စတန်က တတိယနေရာ၌ နေရာယူထား၏။
ထိပ်ဆုံးသုံးယောက်၏စစ်ပွဲမှာ အလွန်ပြင်းထန်ပေလိမ့်မည်။
ဆိုင်ရယ်မှာ နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုရရှိထားပြီး အိုဝင်ကတော့ ဤရာသီအပြီး၌ အနားယူရန်မျှော်မှန်းထားသော ဝါရင့်ကစားသမားတစ်ယောက်ဖြစ်၏။ သို့သော် အိုဝင်ကလွဲလျှင် အသက် ၂၂ နှစ်မျှသာရှိသေးသော ဝင်စတန်မှာ ဆိုင်ရယ်၏နန်းမြင့်ပလ္လင်ကို အပြင်းအထန်ခြိမ်းခြောက်လျက်ရှိသည်။
ဤသည်မှာ ဝင်စတန်၏စတုတ္ထမြောက်ဖော်မြူလာဝမ်းပြိုင်ပွဲ ဖြစ်သည်။ နှစ်တိုင်းလည်း သူသည် ထိပ်ဆုံးသုံးယောက်စာရင်းဝင် ဖြစ်၏။ မနှစ်ကမူ သူဟာ ဆိုင်ရယ်ကို နှစ်မှတ်အကွာမျှဖြင့်သာ ရှုံးနိမ့်ခဲ့သည်။
မီဒီယာအများအပြားက ယခုနှစ်တွင် ဝင်စတန်အနိုင်ရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
ပြိုင်ပွဲ စတင်တော့မည့်အချိန်တွင် ဟန်တာက အရှေ့ဘက်ကိုမျှော်ကြည့်လိုက်သည်။
ဝင်စတန်ပြောခဲ့သည့်အကွေ့နှင့် သူဝေးကွာနေသေးသည်ကို သူသိပါသော်ငြား ယနေ့တော့ သူ ပိုနီးကပ်လာလိမ့်မည်ဖြစ်၏။
စမှတ်မီးရောင်ငါးခု လင်းလာသောအခါ အင်ဂျင်သံများ ဆူညံသွားပြီး လူအုပ်ကြီးကလည်း အရူးအမူးအော်ဟစ်အားပေးကြပါတော့သည်။
ဟန်တာ ရှေ့ကိုမောင်းထွက်သွားလိုက်ချိန်မှာ သူ့အနောက်ရှိ ပြိုင်ကားမောင်းသမားများမှာ သူ့ကိုဖြတ်ကျော်ရန် စိတ်လောနေကြကြောင်း သတိထားလိုက်မိသည်။
–
စာရေးသူမှာပြောစရာရှိပါတယ်
ဟန်တာ : ဝိုး... ခင်ဗျား ကျွန်တော့်အတွက် မက်ဂရက်ဒီကို ပစ်ပစ်နှစ်နှစ်ဝေဖန်ပစ်လိုက်တာ လန့်ချင်စရာကြီးပဲ။ ကျွန်တော့်မှာ ခုန်ပေါက်ပြီးပတ်ပြေးမိတော့မလို့
ဝင်စတန် : အဲ့ဒါကသာ မင်းကို ပတ်ပြေးချင်စိတ်ပေါက်အောင် လုပ်လိုက်နိုင်တယ်ဆိုရင် ကိုယ် မင်းကိုတကယ်လန့်အောင်လုပ်လိုက်တဲ့အခါ မင်း ကမ္ဘာကြီးကို ဘယ်နှပတ်လောက်များ ပတ်ပြေးနိုင်မှာပါလိမ့်
ဟန်တာ : ခင်ဗျားက တခြားဘာလုပ်ဦးမှာမလို့လဲ
ဝင်စတန် : မင်းကိုဖက်ထားမယ် နမ်းပစ်မယ် ပြီးတော့ မီဒီယာတွေရှေ့မှာတင် ကိုယ့်ကိုချစ်တယ်လို့ ဝန်ခံခိုင်းပစ်မယ်
ဟန်တာ : ...
*****
Aurora Novel Translation Team