အရင်ဆုံးတော့ မင်း ကိုယ့်ကိုသူငယ်ချင်းလိုပဲဆက်ဆံလို့ရတယ် (၂)
"ခင်ဗျား ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်ချင်နေတာပါ။ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ လူတစ်ယောက်က တအားထူးချွန်နေတယ်ဆိုတဲ့အချက်ကြီးက ကောင်းတဲ့အရာပါလို့ တစ်ထစ်ချကြီးပြောလို့ရတာမှမဟုတ်တာ။ ဒါပေမဲ့ အဲ့ဒီအစား ခင်ဗျား ငါးမန်းဖြူဆိုင်ရယ်နဲ့ မိတ်ဆွေဖွဲ့လိုက်ပါ့လား။ ခင်ဗျားတို့က လယ်ဗယ်တူတွေပဲလေ။ အာ.. ကျွန်တော်နားလည်ပြီ။ ခင်ဗျားလို တော်တတ်ထက်မြက်နေတဲ့လူတစ်ယောက်က ကျွန်တော့်လိုအမှိုက်ကောင်ဘေးမှာ ရပ်နေမှ ခင်ဗျားရဲ့အရှိန်အဝါတွေကို ထုတ်ကြွားလို့ရမှာကိုး"
ဟန်တာ့တွင် စိတ်ကူးစိတ်သန်းကောင်းကောင်းကတော့ သေချာပေါက်ရှိသည်။
ဝင်စတန်၏အမူအရာမှာ အေးစက်သွားပြီး တစ်ဖက်ကိုလှည့်သွားလေသည်။
"ကိုယ်က မင်းနဲ့သူငယ်ချင်းဖြစ်ချင်တာမဟုတ်ဘူး"
"…"
ဟန်တာလည်း သူ့ကိုအချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လျက် သင်္ကာမကင်းဟန်ဖြင့် မေးလိုက်သည်။
"ခင်ဗျားက ကျွန်တော်နဲ့သူငယ်ချင်းဖြစ်ချင်တာမဟုတ်ဘူးဆိုတာက ကျွန်တော်နဲ့သူငယ်ချင်းကောင်းတွေဖြစ်ချင်လို့လား
အမှန်ပင်တည်း။ ဉာဏ်ကြီးရှင်တစ်ယောက်၏ အတွေးရထားကြီးမှာ သာမန်လူတစ်ယောက်နှင့် ကွာခြားလှသည်။ သူ့ခံစားချက်ကို ပိုမိုနက်နဲလေးနက်စေရန်အတွက် 'သူငယ်ချင်း'အဖြစ်မှ 'သူငယ်ချင်းကောင်း'အဖြစ်ကိုပင် ခုန်ကူးလိုက်ချေသည်။ ဗန်ဝင်စတန်ကား အလွန်တရာကြိုးစားအားထုတ်သူတစ်ဦးပင်။
"ကောင်းပြီလေ။ ကိုယ့်ရဲ့ရည်ရွယ်ချက်က မင်းကို အိပ်ရာပေါ်ခြေတော်တင်ဖို့လို့ပြောမယ်ဆိုရင် မင်း ငိုယိုရင်းထွက်ပြေးသွားပြီး ကိုယ့်ကိုထပ်တွေ့မှာမဟုတ်တော့ဘူး"
"ဟမ်"
ဟန်တာ၏ဦးနှောက်လေးကား ပေါက်ကွဲလုနီးပါးပင်။
ငိုယိုရင်းဘာကိစ္စထွက်ပြေးရမှာလဲ။ သူ့ကိုပါထပ်မတွေ့တော့ဘူးတဲ့လား…
ပြီးတော့ အဲ့ဒီလိုအမူအရာမျိုးနဲ့ ဒီလိုစကားမျိုးပြောတာရပ်လိုက်ပါတော့….
"ဒီတော့ မင်း ကိုယ့်ကို သူငယ်ချင်းအနေနဲ့ပဲ အရင်ဆက်ဆံလို့ရပါတယ်"
ဝင်စတန်၏အမူအရာမှာ အလွန်အေးတိအေးစက်နိုင်လှပြီး ဟန်တာ့ရှေ့မှောက်တွင် သူ့ဒေါသကိုဖုံးကွယ်ဖို့ရာအတွက် နည်းနည်းလေးမျှပင် မကြိုးစားချေ။
နှစ်စက္ကန့်မျှတိတ်ဆိတ်နေပြီးနောက် ဟန်တာ သူ့ဗိုက်ကို ရုတ်တရက်ကြီးပွတ်သပ်ပြီး ရယ်လိုက်လေသည်။
"ကျွန်တော်ပြောသားပဲ…အဆင်ပြေပါတယ်လို့။ ကျွန်တော်ကသာ ခင်ဗျားနဲ့သူငယ်ချင်းဖြစ်ချင်နေတာပါဗျာ။ ခင်ဗျားကဖြစ်ချင်တာမဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော့်ကို F1 ပြိုင်ကားမောင်းသမားတစ်ယောက်အနေနဲ့ အရှုံးသမားမဖြစ်စေချင်လို့ အင်တင်တင်နဲ့ကူညီပေးချင်နေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်"
ခင်ဗျားက ဗန်ဝင်စတန်ဖြစ်နေတဲ့အတွက် ခင်ဗျားအတွက် ထွက်လမ်းတစ်လမ်းချန်ထားပေးလိုက်ပါ့မယ်…
သူငယ်ချင်းဖြစ်ဖို့တောင်းဆိုနေတဲ့လူက ကျွန်တော်လို့သာ သဘောထားပြီး ဒီအခွင့်အရေးကိုအရယူလိုက်ပါတော့…
"မင်းက ဘယ်တော့မှအရှုံးသမားဖြစ်မှာမဟုတ်ဘူး။ မဝေးတော့တဲ့အနာဂတ်မှာ မင်းက ထူးချွန်တဲ့ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်လာမှာ"
ဝင်စတန်က ထိုသို့ဆို၏။
ဤကဲ့သို့သောနှစ်သိမ့်စကားမျိုးဟာ သကြားလုံးအပြည့်ပါသော သေတ္တာတစ်လုံးနှင့်တူပြီး ထိုသေတ္တာက သူများနှင့်သက်ဆိုင်သောအရာသာဖြစ်သော်ငြား ဟန်တာကတော့ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါသည်။
"နှမြောစရာပဲ။ ကျွန်တော်က ကနေဒါမှာကျင်းပမဲ့ နောက်ပွဲစဉ်မှာ ဝင်ပြိုင်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်က နောက်ဆုံးပွဲစဉ်သုံးပွဲဆက်တိုက် ထိပ်ဆုံး ၁၅ ယောက်ထဲကိုမဝင်ဘူးလေ။ ဒီတော့ မားကပ်စ်က ကျွန်တော့်နေရာမှာ လုခ်ကိုအစားထိုးဖို့ စဉ်းစားနေတယ်"
မူလကမူ သူကိုယ်တိုင်က တကယ်အရည်အချင်းမပြည့်မီခဲ့သောကြောင့် ဟန်တာ့အနေနှင့် လွဲချော်သွားသော ဤအခွင့်အရေးအတွက် များစွာမဝမ်းနည်းမိပေ။
သို့သော် ယခုမူ သူ ရုတ်တရက်ကြီးနှမြောစိတ်ကို ခံစားလိုက်ရသည်။
ဤပြိုင်ကားလေးက အကြောင်းမဲ့သက်သက်ပျက်စီးသွားသောကြောင့် ဖြစ်နိုင်ပေသည်။
"အချိန်မရွေး ပြေးလမ်းပေါ်တက်နိုင်အောင် အဆင်သင့်ပြင်ထား။ နောက်ပြိုင်ပွဲကျရင် မင်းနဲ့ထိုက်တန်တဲ့အမှတ်ကို သေချာပေါက်ရလိမ့်မယ်"
ဟန်တာ ခေါင်းငုံ့လျက် ရယ်လိုက်မိသည်။
"ဒီလိုသမားရိုးကျမဆန်တဲ့နှစ်သိမ့်စကားမျိုးက ခင်ဗျားနဲ့မလိုက်ဘူး။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်"
"ကိုယ်မင်းကိုနှစ်သိမ့်နေတာလို့ထင်တယ်ဆိုရင် ကိုယ်မင်းကိုလုပ်လို့ရလားလို့ မေးချင်တယ်"
ဝင်စတန်၏အမူအရာကား ပေါ့တန်တန်ပြောနေခြင်းမျိုးမဟုတ်။
သူ့အကြည့်နှင့် အမူအရာမှာ သူ့ဘက်ကလေးလေးနက်နက်ရှိကြောင်း ဟန်တာအားပြောပြနေသလိုပင်။
သို့သော် ဟန်တာကတော့ ရယ်လိုက်လေသည်။
"ခင်ဗျားခေါင်းကိုသွားလုပ်လေ။ ဘာလို့အော်ရီယိုကို သွားမလုပ်လိုက်တာလဲ။ ခင်ဗျားရဲ့ချာတူးလန်နေတဲ့စကေးတွေနဲ့ဆိုရင် သူငယ်ချင်းရှာလို့ရမှာမဟုတ်ဘူး။ ခင်ဗျား ကျွန်တော်ဆိုတဲ့ အီဗန်ဟန်တာနဲ့တွေ့တာကံကောင်းတယ်။ မဟုတ်လို့ကတော့ ခင်ဗျားရဲ့မျက်နှာလှလှလေး ဝက်ခေါင်းဖြစ်တဲ့အထိ အရိုက်ခံရပြီးလောက်ပြီ"
သူ့ကိုလုပ်ချင်သတဲ့လား။ ဤသည်မှာ ဟန်တာကြားဖူးသမျှထဲ အဓိပ္ပာယ်မရှိဆုံးစကားပင်။
သူတို့ ဘယ်နှကြိမ်များဆုံဖူးသေးလို့လဲ…
ကောင်းပြီလေ…
သူတို့က သူငယ်ချင်းများဖြစ်သွားကြပြီဖြစ်လေရာ အေးတိအေးစက်နိုင်ပြီး သီးခြားနေတတ်သော ဤလူက သူ့ကို အသိအမှတ်ပြုရလောက်သည့် တစ်စုံတစ်ရာတော့ရှိရပေမည်။
ပထမဆုံးအမြင်အနေနှင့် ဆိုးဝါးလှသော ထိုအီစီကလီစကားများနှင့်ယှဉ်ပါက ဟန်တာ့ဘက်က ဝင်စတန်ကိုတုံ့ပြန်ခဲ့သည့် ဆက်ဆံပုံများမှာ အလွန်ပင်သာမန်ဆန်လှသော စတင်မှုတစ်ခုဟု မှတ်ယူနိုင်ပေသည်။
"ဟိုင်း နေကောင်းရဲ့လား။ ကျွန်တော်က အီဗန်ဟန်တာပါ။ ကျွန်တော့်ကို သူငယ်ချင်းအဖြစ် အင်တင်တင်နဲ့လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းကျရင် ကားအတူတူမောင်းပြီး ဆေးလိပ်လည်းအတူသောက်ရအောင်။ ကျွန်တော် အသက်၂၁ နှစ်ပြည့်တဲ့အချိန်ကျရင် ကျွန်တော်တို့အတူအရက်သောက်လို့ရပါပြီ။ ဒါပေမဲ့ မိန်းမတစ်ယောက်တည်းနဲ့တော့ အတူအိပ်လို့မရဘူးဗျ"
ဟန်တာ ဝင်စတန်ဆီသို့ လက်တစ်ဖက်ဆန့်ထုတ်ပေးလိုက်သည်။
ပြိုင်ကားမောင်းခြင်း၌ဖြစ်စေ စီးကရက်သောက်ခြင်းအမှု၌ဖြစ်စေ သို့မဟုတ် အရက်သောက်သည့်ကိစ္စနှင့်ပတ်သက်၍ဖြစ်စေ ဝင်စတန်က သူ့ထက် ပိုတော်လေသည်။ ထိုအရာများကို သူတို့သာအတူလုပ်ကြလျှင် သူ့ဘက်က ဘာမှဆုံးရှုံးစရာမရှိပေ။
မိန်ကလေးကိစ္စကရော အတူတူပဲလား..
အဆုံးနားတွင် သူပြောလိုက်မိသောစကားကြောင့် ဟန်တာ နောင်တရသွားရသည်။
ကျွန်တော့်ကိုလည်း မိန်းကလေးတွေမျှပါဦး...
ဝင်စတန်ကတော့ ခွန်းတုံ့ပြန်ခြင်းမရှိသော်ငြား ဟန်တာနှင့် လက်ဆွဲနှုတ်ဆက်လေသည်။
ဤသကောင့်သားမှာ သူနှင့်သူငယ်ချင်းဖြစ်ဖို့အရေး အလွန်ဒုက္ခများရှာခဲ့ရသည်ဟု ဟန်တာ တွေးမိနေသည်။
"ကားမောင်းအသင်းက ဘယ်လောက်ပဲကြီးကြီး ခင်ဗျားနောက်မှာ လူဘယ်နှယောက်ပဲရှိနေနေ... ခင်ဗျား ပြိုင်ကွင်းထဲရောက်သွားပြီဆိုတာနဲ့ ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်း အကွေ့တစ်ခုချင်းစီတိုင်းနဲ့ ခင်ဗျားမောင်းမဲ့အရှိန်ကို ခင်ဗျားဘာသာပဲဆုံးဖြတ်ချက်ချခဲ့ရတာ။ ခင်ဗျား တကယ်အထီးကျန်ခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်"
ဟန်တာ တစ်ဖက်လူကိုကြည့်ရင်း ရယ်မောလိုက်ချေသည်။
ဝင်စတန်ဘက်က တုံ့ပြန်မှုမရှိသော်လည်း သူနှင့် ရိုးရိုးရှင်းရှင်းအကြည့်ချင်းဆုံလာလေသည်။
ဤအဖြစ်ကြောင့် ဟန်တာ စိတ်ကျေနပ်သွားရသည်။
အကြောင်းမှာ ဝင်စတန်က သူပြောသည့်စကားများကို လေးလေးနက်နက်နားထောင်နေကြောင်း သူသိသောကြောင့်ပင်။
"ဘာလို့လဲဆိုတော့ ကျွန်တော်လည်းအဲ့ဒီလိုပဲမို့လို့..."
ကျွန်တော်က ခင်ဗျားလောက်တော့ မထူးချွန်ဘူးပေါ့...
ထိုအခိုက်အတန့်လေးမှာ ကူကယ်ရာမဲ့လေဟန် အသံတစ်သံက မလှမ်းမကမ်းဆီမှ ထွက်ပေါ်လာလေသည်။
"အာ.. ဝင်စတန်ရေ.. မင်းဘာလုပ်လိုက်တာလဲ။ ညသန်းခေါင်ကြီး ကားကိုဖျက်ဆီးပစ်ဖို့ ဒီကိုရောက်လာတာလား"
ထိုပုဂ္ဂိုလ်မှာ အသက်လေးဆယ်နားနီးနေပြီဖြစ်သည့် သက်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဆံပင်များကိုလည်း ရှုပ်ပွနေအောင်စုချည်ထားလေသည်။ သူ(မ)ခမျာ အလျင်စလိုပြေးထွက်လာခဲ့သည်မှာ သိသာလှ၏။
"ဒါက..."
ထိုအမျိုးသမီးက ဟန်တာ့နံဘေးသို့ရောက်လာသောအခါ မျက်ဝန်းများမှေးကျဉ်းလိုက်ပေသည်။
"ကျွန်တော်က အီဗန်ဟန်တာပါဗျ.. မားကပ်စ်ရဲ့အသင်းထဲက အဖွဲ့ဝင်တစ်ယောက်ပါ"
"မင်းက ဒီမှာဘာလုပ်နေတာလဲ"
ဟန်တာ တဒင်္ဂမျှတွေးတောကြည့်လိုက်သော်လည်း ဘာပြန်ဖြေရမှန်းမသိချေ။
"ကျွန်တော် သူ့ကိုခေါ်လာတာ"
ဝင်စတန်က ဝင်ဖြေလိုက်သည်။
"မင်းလား။ ဘာလို့လဲ"
ဝင်စတန်က သူ့လက်ထောက်၏ သင်္ကာမကင်းဟန်အကြည့်ကို လျစ်လျူရှု၍ ဟန်တာ့ဘက်ကို လှည့်လိုက်သည်။
"သွားရအောင်။ ကိုယ် မင်းကိုပြန်လိုက်ပို့ပေးမယ်"
"ဟင်... အိုး"
—
စာရေးသူမှာ ပြောစရာရှိပါတယ်
ကြက်ဥကြော်နေရင်းဖြင့်
အံ့သြမှင်တက်နေသောလက်ထောက် : ဘုရားရေ မင်း သူ့ကိုတကယ်ကြီးဖယ်ရာရီကားမောင်းကွင်းကို ခေါ်လာတယ်ပေါ့
ဝင်စတန် : ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ကိုလုပ်ချင်လို့လေ
ကူကယ်ရာမဲ့နေသောလက်ထောက်လေး : ဒါဆိုလည်း ငါ့ကို ညသန်းခေါင်ကြီးဖုန်းဆက်ခေါ်မနေနဲ့လေ။ လူခြေတိတ်ပြီး မီးမှိန်မှိန်နဲ့ပြိုင်ကွင်းအကျယ်ကြီးထဲ သူ့ကိုလုပ်ပစ်လိုက်ပါ့လား
ဝင်စတန် : သူ့ကို တစ်ခါထက်ပိုပြီးလုပ်ချင်တာမို့လို့လေ
ဉာဏ်အလင်းပွင့်သွားသောလက်ထောက် : ဪ အဲ့ဒါကြောင့် သူနဲ့သူငယ်ချင်းဖြစ်ချင်တယ်လို့ပြောလိုက်တာကိုး။ အဲ့ဒါမှ မင်း သူ့ကို အချိန်မရွေးစလို့ရမှာလေ။ သနားစရာဟန်တာလေးကတော့ ဘာမှန်းမသိတဲ့အကြောင်းပြချက်လေးတစ်ခုအတွက်နဲ့ ခံစားနေရရှာတာ။ သူ မင်းကိုလက်ခံနိုင်တဲ့အချိန်အထိ စောင့်နေလိုက်။ ပြီးရင်တော့ မင်းလုပ်ချင်တာလုပ်လို့ရပြီ
ရက်အနည်းငယ်ကြာသော်...
ဟန်တာတစ်ယောက် သူ့ရင်ဘတ်သူဖိရင်း မယုံနိုင်လေဟန်ဖြင့်...
ငါ့သူငယ်ချင်းကောင်းက ငါ့ကိုနေ့တိုင်းစနောက်နေတာ။ အဲ့ဒါက သူ့ရဲ့ထူးဆန်းတဲ့အာသီသပဲလို့ ငါထင်ခဲ့မိလို့ ငါ့သူငယ်ချင်းရဲ့ထူးဆန်းတဲ့အကြိုက်ကို မဝေဖန်ခဲ့တာ။ ဒါပေမဲ့ သူက ငါ့ကိုတကယ်ကြီးလုပ်ချင်နေလိမ့်မယ်လို့တော့ ငါလုံးဝထင်မထားဘူး
*****
Aurora Novel Translation Team