ဆေးလိပ်ပေးမသောက်ဘူး
"ဗန်ဝင်စတန်က ဖော်မြူလာဝမ်းရဲ့ဘုရင် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ ဂျာနယ်လစ်တစ်ယောက်က သတင်းရေးခဲ့ဖူးတယ်။"
"အဲ့ဒါပဲလား၊ အဲ့ဒါဆိုရင်တော့ မလုံလောက်ဘူးလေ။" ဟန်တာက 'ဒီဇာတ်လမ်းနောက်ကွယ်မှာ ဘာအဓိပ္ပာယ်မှမရှိဘူး' ဆိုသည့် ပျင်းရိသည့်အမူအရာမျိုးကို ပြသခဲ့သည်။
"သတင်းထောက်တစ်ယောက်က ဗန်ဝင်စတန်ကို ငမန်းဖြူဆိုင်ရယ်နဲ့ အိုဝင်လောရန့်စ်တို့ရဲ့ လောင်းရိပ်အောက်မှာပဲ အမြဲတမ်းရှိနေမှာလို့ ပြောဖူးတယ်။"
ဆိုင်ရယ်နှင့် အိုဝင်တို့ကို F1 ပရိသတ်များက 'သူရဲကောင်းနှစ်ဖော်' ဟု အမည်ပေးခဲ့သည်။ ၎င်းတို့က ဖော်မြူလာဝမ်း၏ ထိပ်တန်းပြိုင်ကားမောင်းသမားများအဖြစ် ဆယ်စုနှစ်ကြာ ယှဥ်ပြိုင်ခဲ့ကြသည်။
ဟန်တာတစ်ယောက် အေးခဲသွား၏။
"တကယ်တော့ ဒါတွေက Mercedes မီဒီယာအသင်းရဲ့ ဗျူဟာတွေဖြစ်နေလို့ ကိုယ် ဘာကိုမှခံစားမနေခဲ့ဘူး။ ဒါပေမဲ့ မင်းကကျ အရမ်းစိတ်တိုပြီး သတင်းထောက်ကို တကယ်ဆဲပစ်ချင်ခဲ့ပေမဲ့လည်း မင်း သူ့ကိုမြင်တော့ အသံမထွက်နိုင်ခဲ့ဘူးလေ။"
ဝင်စတန်၏အမူအရာက အလွန်လေးနက်နေသဖြင့် ဟန်တာ ထိုမြင်ကွင်းကိုတောင် မြင်ယောင်ကြည့်နိုင်ခဲ့သည်။
"ပြီးတော့ ဘာဆက်ဖြစ်လဲ။"
"သတင်းထောက်က လှောင်ပြောင်ပြီး ထွက်သွားတော့ မင်း စိတ်ဓာတ်ကျသွားတာပေါ့။ မင်း သူ့ကိုဆဲချင်တဲ့စကားလုံးတွေကို မင်းရဲ့လက်ဖမိုးမှာ ရေးထားတယ်လို့ ကိုယ့်ကိုပြောခဲ့တယ်။ ဒါပေမဲ့ မင်း သူ့ကိုမြင်လိုက်ရတော့ အရမ်းကိုစက်ဆုပ်နေမိတုန်းပဲတဲ့။ မင်းရဲ့လက်ဖမိုးကို ကိုယ့်ကိုပြခဲ့တယ်၊ ပြီးတော့ ကိုယ် ပြန်ပြောခဲ့တာက..."
"ခင်ဗျားပြောခဲ့တာတာ ခင်ဗျား ဒီ grand prix မှာ ဆိုင်ရယ်ကို ကျော်တက်ပြမယ်?"
ဟန်တာ ထိုသို့ပြောပြီးနောက် ရူးသွားပြီလားဟု ခံစားလိုက်ရ၏။
ဤသည်မှာ သူ၏ 'အတိတ်ဘဝ' ဆိုသည့်အရာအား အမှန်တကယ်ဖြစ်ခဲ့သယောင်ဖော်ပြခဲ့သော ဝင်စတန်ဖန်တီးခဲ့သည့် မြင်ကွင်းများထဲမှ စိတ်ခံစားချက်များကြောင့်ဖြစ်သည်။
"အင်း၊ ကိုယ် ဆိုင်ရယ်ကို ကျော်တက်ပြီး မင်းကို ပုလ္လင်ထက်မှာ စောင့်နေမယ်လို့ပြောခဲ့တာ။" ဝင်စတန်က လက်ဆန့်ထုတ်ကာ ဟန်တာ၏နဖူးအား တောက်လိုက်သည်။
ဟန်တာတစ်ယောက် ပြန်လည်နိုးထလာခဲ့သော်လည်း သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော တစ်စုံတစ်ခုက တိုးထွက်လာနေခဲ့၏။
ဒေသစံတော်ချိန် ၁၇:၃၀ ၌ အမျိုးမျိုးသောအသင်းများမှ ကစားသမားများ Silverstone ပတ်လမ်း၌ လေ့ကျင့်ရေးများ စတင်ခဲ့ကြသည်။
မားကပ်စ်က ဟန်တာ၏အမြန်နှုန်းကို လေ့လာနေပြီး သူ၏ဦးခေါင်းအနောက်အား ထိလိုက်၏။ "ဒီကလေး စိတ်အခြေအနေကောင်းနေတဲ့ပုံပဲ။"
"ခြေစမ်းပွဲအထိ ထိန်းထားနိုင်ဖို့မျှော်လင့်တယ်ကွာ။"
ည ၈ နာရီတွင် လေ့ကျင့်ရေးဒုတိယအသုတ်ကို စတင်ခဲ့သည်။ ဟန်တာက လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ချောင်ကျသောနေရာတစ်ခုဆီ ရောက်လာခဲ့၏။ ထို့နောက် မျက်စိကစားကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
သုံးဖွာလောက်ရှိုက်ပြီးနောက် သူ့ဘေးသို့ တစ်စုံတစ်ယောက် ရောက်လာခဲ့၏။ တစ်ဖက်လူ၏ခြေတံရှည်ကို မြင်လိုက်ရရုံဖြင့် ဟန်တာ ထိုလူ့ကို မော့ကြည့်စရာမလိုဘဲနှင့်တောင် သိပေသည်။
ဟန်တာ၏ဆေးလိပ် တစ်ဝက်ကျိုးသွားချိန်ထိ နှစ်ဦးလုံး စကားမဆိုခဲ့ကြပေ။ နောက်ဆုံးတွင် သူ့ဘေးနားကလူက သူ့အားပြောလာခဲ့၏။ "ကိုယ့်ကို တစ်ဖွာလောက်ပေးသောက်ပါဦး။"
ဟန်တာ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ "ဘာလို့ ခင်ဗျားဟာခင်ဗျား မယူခဲ့တာလဲ!"
ပါးစပ်ကသာ ထိုသို့ပြောနေပြီး ဆေးလိပ်ဖင်ဆီအားလက်ချောင်းများကြားညှပ်ကာ တစ်ဖက်လူအား ပေးနေလေသည်။ ယခုတစ်ခေါက်၌ သူ့မှာ မကောင်းသည့်ရည်ရွယ်ချက်လေးရှိနေပြီး ဆေးလိပ်၏ဖင်ဆီနှုတ်ခမ်းဝနားမှာ တမင်ညှပ်ထားရာ ဝင်စတန်က သူ့ကိုယ်ပိုင်လက်ဖြင့် ယူမှရတော့မည်။
သို့သော်လည်း ဝင်စတန်က ဆေးလိပ်ဖင်ဆီနှင့်အတူ ဟန်တာ၏လက်ချောင်းကိုပါ စုပ်ယူလိုက်မည်ဟု မည်သူက မျှော်လင့်ထားလိမ့်မည်နည်း။
"ဟေး!" ဟန်တာတစ်ယောက် အံ့သြထိတ်လန့်သွားရသည်။
သူ လက်ချောင်းများကို ပြန်လည်ဆွဲယူလိုက်ချင်သော်လည်း တစ်ဖက်လူက သူ၏လက်ချောင်းများကို ကိုက်ချလိုက်လေ၏။ ထို့ပြင် ကိုက်သည့်အားက ဖွဖွလေးဟုတ်မနေ။ သူ့ခမျာ တစ်ဖက်လူက အားပါးတရရှိုက်လိုက်ပြီး ဆေးလိပ်ဖင်ဆီအား လျှာဖျားလေးဖြင့် အသာတွန်းကာ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်အား အသံတိတ်ကြည့်နေခဲ့ရသည်။
"ခင်ဗျား ကျွန်တော့်ကိုကိုက်တယ်!" ဟန်တာ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် သူ့အား စိုက်ကြည့်လိုက်၏။
"ဒါဆို ဘာလို့ အောက်နားလေးထိ တမင်ညှပ်ထားရတာလဲ။" ဝင်စတန်က အေးအေးဆေးဆေးပင် မေးခွန်းပြန်ထုတ်လိုက်သည်။
ဟန်တာတစ်ယောက် ဆွံ့အသွားပြီး သူကပဲ အမှားလုပ်ခဲ့မိသလို... သူ့ရှေ့ကလူသည် ဘုရင်တစ်ပါးလိုပင်၊ ဆေးလိပ်သောက်တာတောင် ခစားပေးရမည့်လူများ လိုအပ်နေလေ၏။
ခြေစမ်းပွဲ၏ ဒုတိယအကျော့ စတင်တော့မည်ဖြစ်၏။ ဟန်တာနှင့် ဝင်စတန်တို့ အတူတူထရပ်ကာ သက်ဆိုင်ရာအသင်းများဆီ ပြန်သွားခဲ့ကြသည်။
မားကပ်စ်က အနည်းငယ် စိုးထိတ်နေပြီး ပြောလာခဲ့၏။ "ဟန်တာသာ အဆုံးထိ ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ရှစ်နေရာ ဒါမှမဟုတ် ကိုးနေရာမြောက်ရဖို့က ဖြစ်နိုင်ခြေရှိသေးတယ်!"
ည ၁၀:၃၀ ၌ လေ့ကျင့်ရေးအကျော့ ပြီးဆုံးသွားသည်။
ဟန်တာ လက်အိတ်များချွတ်ကာ သူ၏လက်ကောက်ဝတ်အား လှုပ်ရှားလိုက်ချိန် ဝင်စတန်ဆီမှ အကိုက်ခံခဲ့ရသော သူ၏လက်ချောင်းအား မမျှော်လင့်ဘဲ ပြန်တွေးလိုက်မိပြီး ရုတ်တရက် ထိုလက်ချောင်းက နာကျင်လာသလို ခံစားလိုက်ရသည်။
သူ တစ်ဖက်လူအား မက်ဆေ့ချ်ပို့လိုက်ချိန် သူ၏နှလုံးသားလေးမှာ တုန်ယင်နေခဲ့၏။ [ခင်ဗျား ကျွန်တော့်လက်ချောင်းကို ကိုက်လိုက်တယ်။ ကျွန်တော် ခြေစမ်းပွဲမှာအခြေအနေမကောင်းရင် ခင်ဗျားတာဝန်ယူရမယ်သာမှတ်။]
တစ်ဖက်လူအား ချက်ချင်းစာပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားရာ ဟန်တာ သူ့အခန်းကိုပြန်ခဲ့ပြီး ရေချိုး၍ အိပ်စက်ရန်ပြင်လိုက်သည်။ မကြာမီ သူ၏ဖုန်းမှာ မဖတ်ရသေးသော မက်ဆေ့ချ်တစ်ခုရှိနေပြီး ဖွင့်ကြည့်လိုက်ရာ ဝင်စတန်ဆီမှ ပြန်စာဖြစ်နေ၏။ [ London Eye ဆီ သွားလည်တဲ့အချိန်ထိစောင့်ပေး၊ အဲ့တော့မှ တကယ့်နာကျင်မှုက ဘယ်လိုလဲဆိုတာကို ကိုယ်မင်းကို ပေးသိမယ်။]
"အာ?" ဟန်တာတစ်ယောက် ခေါင်းကုတ်လိုက်မိ၏။ "ဘာကိုဆိုလိုတာလဲ။"
နှစ်စက္ကန့်ကြာပြီးနောက်မှ London Eye အကြောင်း ဝင်စတန်နှင့်ပြောခဲ့သောစကားများကို ရုတ်တရက် မှတ်မိသွားပြီး ချက်ချင်းဆိုသလို သူ၏နားရွက်များ နီရဲလာခဲ့သည်။
ခင်ဗျားတွေးကြည့်ဖူးလား။ ချန်ပီယံဆုပြိုင်ပွဲပြီးသွားရင် တစ်ရက်ရက်မှာ ခင်ဗျားချစ်ရတဲ့သူကို လန်ဒန်မျက်လုံးဆီကိုခေါ်လာပြီး ရှုခင်းတွေကြည့်ကြမယ်လို့လေ။ ခင်ဗျား သူ့ကိုပွေ့ဖက်ပြီး နမ်းလို့လည်းရတယ်၊ ဆိုတော့ ဘယ်လိုကြောင့် ပျင်းစရာကောင်းတော့မှာလဲ။
ကိုယ်နားလည်ပြီ။ မိနစ်သုံးဆယ်က ချစ်မှုရေးရာတွေဖန်တီးဖို့ လုံလောက်တာပဲ။
ဟန်တာ သူ၏ဖုန်းပေါ်ရှိ စာလုံးများကို အမြန်နှိပ်လိုက်သည်။ [သတိထားဦး၊ ခင်ဗျား အောက်ပိုင်း ပုပ်သိုးဆွေးမြည့်သွားဦးမယ်။]
ထို့နောက် ကျေနပ်ပီတိများက ဟန်တာကိုယ်ထဲ စီးဝင်လာခဲ့ပြီး သူ၏ဖုန်းကိုချကာ အိပ်ပျော်သွားလေတော့သည်။
နောက်တစ်နေ့မနက်တွင် နာရီကြည့်ရန် ဖုန်းဖွင့်လိုက်ရာ ဝင်စတန်၏မက်ဆေ့ချ်အား တွေ့လိုက်ရ၏။ [မင်းသာစုပ်ပေးရင် မပုပ်လောက်ပါဘူး။]
"သောက်ကျိုးနည်း၊ ယုံချင်ယုံ မယုံချင်နေ၊ ခင်ဗျားရဲ့စာတွေကို ကမ္ဘာလုံးဆိုင်ရာမီဒီယာဆီ ဖော်ထုတ်ပစ်မယ်!" ဟန်တာတစ်ယောက် ဒေါသထွက်နေခဲ့လေသည်။
ထားလိုက်ပါတော့... ဒါကို လူတိုင်းက ဝင်စတန်ရဲ့ဖုန်း အဟက်ခံရတာလို့ပဲ ထင်ကြလိမ့်မယ်။
သက်သေများရှိသော်လည်း တစ်ဖက်လူအား ဆွဲချလို့မရသောအဖြစ်သည် ဟန်တာ့ကို ဖော်ပြလို့မရနိုင်လောက်အောင် စိတ်ဓာတ်ကျသွားစေခဲ့သည်။
ညနေခြောက်နာရီတွင် လေ့ကျင့်ရေးတတိယအသုတ် အဆုံးသတ်ခဲ့ပြီး နှစ်နာရီအကြာတွင် ခြေစမ်းပွဲစတင်ခဲ့သည်။
အစောပိုင်းအဆင့်များ၌ ဟန်တာ၏ တည်ငြိမ်သောမောင်းနှင်မှုကြောင့် မားကပ်စ်တစ်ယောက် တော်တော်လေး စိတ်သက်သာရာရခဲ့သည်။
"အဲ့လိုမျိုးလေး... အဲ့တိုင်းလေးပဲ... ကောင်းတယ်ကွာ..."
ခြေစစ်ပွဲ၏အလယ်ပိုင်းတွင် ဟန်တာက ခုနစ်နေရာနှင့် ရှစ်နေရာကြား ကူးလူးနေပေသည်။
ဟန်တာ ကောင်းမွန်သောအဆင့်ကို ရယူနိုင်တော့မည်ဟု မားကပ်စ်တွေးနေတုန်းပဲရှိသေး၏၊ သူ၏အမြန်နှုန်းက ကျဆင်းသွားခဲ့သည်။
"ဘာဖြစ်တာလဲ။" မားကပ်စ်၏တစ်ကိုယ်လုံး တောင့်တင်းသွား၏။
"ဟန်တာရဲ့ဆီတိုင်ကီမှာ ပြဿနာရှိနေတယ်!"
"သူ အခု တစ်ထောက်နားဖို့လာနေပြီ!"
မားကပ်စ် သူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်ဖိကာ အော်လိုက်သည်။ "သောက်ကျိုးနည်း-"
အဆုံးသတ်တွင် ဟန်တာ၏အဆင့်ကာ ဆယ့်သုံးနေရာထိ ကျဆင်းသွားခဲ့ရသည်။
သူပြန်လာသောအခါ လူတိုင်းက သူ့အား နောင်တများပြည့်နှက်နေသောမျက်လုံးများဖြင့် ကြည့်နေခဲ့ကြ၏။
သို့သော် မက်ဂရက်ဒီကတော့ ကြည်နူးသည့်အမူအရာမျိုး တပ်ဆင်ထားလေသည်။
"ဟိုဟာ... ဟန်တာ..." မားကပ်စ်က သူ့ကို နှစ်သိမ့်ပေးချင်သော်လည်း ယခုလိုအချိန်မှာ ဘာပဲပြောပြော အဓိပ္ပာယ်မရှိတော့ချေ။
ဟန်တာက လျှပ်ကာမျက်နှာဖုံးကိုချွတ်ကာ ချွေးစိုနေသောဆံပင်များအား ခါလိုက်၏။ "ဆီတိုင်ကီကို ပြန်ပြင်လို့ရလား။"
"မိန်းပွဲမစခင် ပြင်ပြီးနိုင်တယ်။"
"အိုး၊ ဒါဆို ကျွန်တော် ဆေးလိပ်သွားသောက်လိုက်ဦးမယ်။" ဟန်တာ သူ၏ရေဘူးကိုယူကာ ရေသောက်ရင်း အပြင်သို့ထွက်လာခဲ့၏။
မည်သူကမှ စကားမဆိုခဲ့ကြသလို စက်ပြင်ဆရာကလည်း အလွန်အားနာနေခဲ့သည်။
"ငါတို့ ဆီတိုင်ကီတွေကို စစ်ဆေးခဲ့တာကို၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလိုပြဿနာက ဖြစ်လာခဲ့ရတာလဲ..."
ဤသည်မှာ မိန်းပွဲအတွက် ဟန်တာ၏ရလဒ်များကို တိုက်ရိုက်သက်ရောက်စေနိုင်သည့် စက်ပြင်ဆရာများကြောင့်ဖြစ်လာသော မဟာအမှားကြီးတစ်ခုပင်။
ယခုတစ်ကျော့၌ ဟန်တာ အခြေအနေကောင်းမွန်နေသည်ကို လူတိုင်းခံစားမိကြသော်လည်း ယခုမှာမူ အားလုံး အလဟဿဖြစ်သွားလေပြီ။
ပြိုင်ပွဲဝင်သူက မည်သူပဲဖြစ်နေပါစေ၊ ယခုလိုအခြေအနေမှာ ခေါင်းပေါ်ကနေ ရေအေးများလောင်းချခံလိုက်ရသလို ခံစားကြရမည်။
တံခါးနားကိုရောက်နေသော ဟန်တာက ရုတ်တရက် အနောက်ပြန်လှည့်ကာ ပခုံးတွန့်၍ ပြောလိုက်သည်။ "ဟေး... ကျွန်တော် ဒီအဆင့်ကနေ တာထွက်ဖူးတာ ဒါ ပထမဆုံးအကြိမ်မှမဟုတ်တာ။ ခင်ဗျားတို့ အသက်ရှင်ဖို့ဘာမှမကျန်တော့သလိုမျိုး ခံစားနေစရာမလိုဘူးနော်။"
ဟန်တာက နှုတ်ခမ်းပင့်ကာ ပြုံးလိုက်ပြီး စိတ်ပျက်နေသည့်လက္ခဏာမျိုး လုံးဝရှိမနေခဲ့ပေ။
"ဟေး၊ ငါတို့အားလုံး မိန်းပွဲမှာ မင်းကိုပံ့ပိုးပေးမယ်။"
"ကောင်းပြီလေ၊ ခင်ဗျားရဲ့ တာယာလဲတဲ့အမြန်နှုန်းကို ကြည့်ရသေးတာပေါ့။"
ဟန်တာက မျက်စိမှိတ်ပြလိုက်သည်။ ထို့နောက် သူက ချောင်လေးတစ်ချောင်သို့ မှိုင်တွေ၊ အာ... မဟုတ်ဘူး၊ ဆေးလိပ်သောက်ရန် သွားခဲ့လေသည်။
သူက ပြင်းပြင်းထန်ထန်ရှူရှိုက်ကာ ပြန်လည်ရှူထုတ်လိုက်သည်။
သူ့ဘေးသို့ တစ်စုံတစ်ယောက် ဝင်ထိုင်လိုက်ရာ ဟန်တာတစ်ယောက် မျက်လုံးမှိတ်လျက်သားဖြင့် မကျေနပ်စွာ ညည်းတွားလိုက်သည်။ "ကျွန်တော် ဘာမှာပဲပုန်းပုန်း ခင်ဗျားနဲ့ ဆုံနေရတုန်းပဲ။"
"ကိုယ်တို့က အမှတ်မထင်ဆုံကြတာမဟုတ်ဘူး။ ကိုယ်က မင်းကိုလိုက်ရှာခဲ့တာ။" ဝင်စတန်၏အသံက ထွက်ပေါ်လာခဲ့၏။
"ခင်ဗျားရဲ့ခြေစမ်းပွဲက ဘယ်လိုလဲ။"
"တာထွက်ရှေ့ဆုံးနေရာ။"
"...သေလိုက်တော့!" ဟန်တာ မျက်လုံးများဖွင့်ကာ တစ်ဖက်လူအား ဒေါသတကြီးကြည့်လိုက်၏။ "ကျွန်တော် ခင်ဗျားနဲ့ သူငယ်ချင်းမလုပ်နိုင်တော့ဘူး! ခင်ဗျား ဒီကို ကြွားဖို့ရောက်လာတာလား၊ ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့လား!"
"တစ်ခုမှမဟုတ်ဘူးလေ။"
ရုတ်တရက်ဆိုသလို ဟန်တာ ဆေးလိပ်ကို အပြင်းအထန်ဖွာလိုက်သည်။
"ဘာလို့ ဆေးလိပ်ကို ဒီလောက်မြန်မြန်သောက်နေရတာလဲ။"
"ခင်ဗျားအတွက် တစ်ဖွာလေးတောင် ချန်မထားချင်လို့။"
"အနာဂတ်မှာ မင်းက ပုံမှန်တာထွက်ပထမနေရာမှာ ရှိနေမှာမို့ ကိုယ့်မှာ အဲ့ဒါနဲ့ပတ်သက်ပြီး ကြွားလုံးထုတ်စရာမရှိပါဘူး။"
"ဘယ်လောက်ကြာပြီးရင်လဲ။ ကျွန်တော် ဒီတစ်ခေါက်မှာ တာထွက်ဦးဆုံးနေရာမရရင် သေလိမ့်မယ်... မက်ဂရက်ဒီက ကျွန်တော့်ကို အထစ်လေးဆိုပြီး ထပ်ခေါ်တော့မှာ။"
ပြီးတော့ ခင်ဗျားရဲ့နာမည်ကိုလည်း အပုပ်ချလိမ့်မယ်။
ဟန်တာ ဆွေးဆွေးမြေ့မြေ့ဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
"နှစ်မြို့စရာမရှိတဲ့ အနေအထားကနေစတင်ပြီး မြင့်တက်လာတာက မင်းရဲ့ခွန်အားပဲ။" ဝင်စတန်၏အသံက တည်ငြိမ်နေပြီး ဆယ့်သုံးနေရာကနေ တာထွက်ရသည်က ကြီးမားသောကိစ္စမဟုတ်ဟု ဆိုလိုနေ၏။
"ကျွန်တော် တကယ်ကို ခဏလေးလောက် စိတ်ဆိုးပြီး စိတ်ဓာတ်ကျချင်နေပေမဲ့ ခင်ဗျားက ဒီလိုပြောလိုက်တဲ့အချိန်ဆို ကျွန်တော် နတ်ဘုရားဖြစ်လာသလို ခံစားရတယ်။"
ဟန်တာက ပြုံးပြကာ ဝင်စတန်အား နောက်ထပ်တစ်ဖန် အနီးကပ်ကြည့်ရှုလိုက်ပြီး ဤယောက်ျားက တကယ့်ကို သောက်ကျိုးနည်းဆွဲဆောင်မှုရှိတာပဲဟု ခံစားမိလိုက်လေသည်။
"အာ၊ ဆေးလိပ်ကုန်သွားပြီ။"
ဟန်တာက ဆေးလိပ်ဖင်ဆီခံကို ဆော့ကစားနေရင်း သူ၏နှလုံးသားထဲ တွေးလိုက်မိ၏။ ခင်ဗျားအတွက် ဆေးလိပ်သောက်စရာမကျန်တော့ဘူး။
သို့သော် ဝင်စတန်က မနှေးလွန်းမမြန်လွန်းသည့် လှုပ်ရှားမှုဖြင့် အလူမီနီယံစီးကရက်ဘူးလေးကို ထုတ်ယူကာ ဟန်တာဘက်သို့ လက်ချောင်းကွေးပြလာခဲ့သည်။
"ကျွန်တော့်မှာ မီးခြစ်မရှိဘူး။"ဟန်တာက ထုံးစံအတိုင်း ဖြေပေးခဲ့၏။
ဝင်စတန်က မေးငေါ့ကာ သူ၏အကြည့်များက အေးစက်နေပြီး 'မင်း သေချင်တာလား' ဟု အဓိပ္ပာယ်ဖွင့်ဆိုနေသယောင်။
ဟန်တာ၏နှုတ်ခမ်းများ ကွေးညွတ်သွားရင်း မီးခြစ်ကိုထုတ်ယူလိုက်သည်။ သူ မီးခြစ်အား ဝင်စတန်ကိုပစ်ပေးတော့မည့်အချိန် တစ်ဖက်လူက ဆေးလိပ်ကို နှုတ်ခမ်းကြားမှာကိုက်ထားပြီး တုတ်တုတ်မှမလှုပ်ဘဲ ထိုင်နေလေ၏။
ဆိုလိုသည်မှာ - ကိုယ့်အတွက် မီးညှိပေး။
ငိုး! ယုံလားတော့မသိဘူး၊ ကျွန်တော် ခင်ဗျားရဲ့မျက်ခုံးတွေကို မီးရှို့ပစ်လိုက်မှာ!
ဝင်စတန်၏နှုတ်ခမ်းကြားမှ အချောင်းလေးသည် 'ဘာလို့ ဆေးလိပ်ကို မီးမညှိပေးသေးတာလဲ' ဟု ပြောနေသည့်အလား အပေါ်ကို ပင့်တက်သွား၏။
"ကျွန်တော် F1 ကားကို ခင်ဗျားရဲ့ခေါင်းတည့်တည့်ဆီ ပစ်ဝင်လာမှာလို့ပြောရင် ကျွန်တော့်ကိုယုံလား။" ဟန်တာက ထိုသို့ပြောရင်း စူးစိုက်ကြည့်လိုက်သည်။
ဝင်စတန်၏အမူအရာက ပြောင်းလဲမသွားပေ။
ဤအဆင့်နိမ့်သောရန်စမှုက သူ့အပေါ်ကို လုံးဝသက်ရောက်မှုမရှိချေ။
ဟန်တာ့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူ့ဘက်ကိုတိုးကာ လက်တစ်ဖက်ဖြင့်လေကွယ်၍ ဆေးလိပ်ကို မီးညှိပေးလိုက်ရသည်။
ထို့နောက် ဖုန်းထုတ်ကာ Anipop ကစားရန် စီစဥ်လိုက်သော်လည်း သူ၏ဖုန်းက အားကုန်နေ၏။
"အား... ပျင်းလိုက်တာကွာ..." ဟန်တာတစ်ယောက် ပြိုင်ပွဲဗျူဟာများကိုနားထောင်ရန် ပြန်တော့မည် ပြောတော့မည့်အချိန် ဝင်စတန်က သူ၏ဖုန်းကို ပစ်ပေးလာခဲ့သည်။
"ယူဆော့လိုက်။"
ဟန်တာ၏နှလုံးသားမှာ တုန်ယင်သွားလေ၏။ "ဟေး? ခင်ဗျားဖုန်းထဲမှာ ဘယ်လိုလုပ် Anipop ရှိနေရတာလဲ။"
ဂိမ်းနှင့်ပတ်သက်သော သူ၏အကြိုက်ကြောင့် အသင်းတစ်ခုလုံး သူ့ကို ရယ်မောခဲ့ကြ၏။
သို့သော် ဝင်စတန်ကလည်း ဤဂိမ်းအား ကစားလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ!
"ကိုယ် မဆော့ပါဘူး၊ ဒါပေမဲ့ မင်း ကိုယ့်ဖုန်းထဲကို အဲ့ဒီဂိမ်းထည့်ပေးမဲ့တစ်ရက် ရောက်လာမှာပဲလေ။"
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ကြက်ဥကြော်နေရင်း:
ဟန်တာ: ကျွန်တော်က အောက်ခြေကနေ အပေါ်ရောက်လာအောင် တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တယ်! အောက်ခြေကနေ အပေါ်ရောက်အောင် တိုက်ခိုက်မယ်!
ဝင်စတန်: မင်းကို အပေါ်မှာထားပေးတဲ့တစ်ယောက်က ကိုယ်လေ။
ဟန်တာ: ... ကျွန်တော် ခင်ဗျားနဲ့ စကားမပြောနိုင်တော့ဘူး...
*****
Aurora Novel Translation Team