The Mechanics
မက်ဂရက်ဒီက ဟန်တာ့ကို ဒေါသတကြီးစိုက်ကြည့်နေသည်။
"မင်းကို ငါက ဓားနဲ့ထိုးမယ်ဆိုတာ ဘာသဘောလဲ"
"အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲ။ ငါတို့ပြိုင်ကားမောင်းသမားတွေကြားမှာ အတွင်းရေးပြဿနာတစ်ခုရှိနေပြီး ငါတို့က အသင်းတစ်သင်းအနေနဲ့ သဟဇာတမဖြစ်ဘူးဆိုတဲ့ မီဒီယာတွေရဲ့မှတ်ချက်ကို ငါမကြားချင်တော့ဘူး"
"အဲလိုဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့က အရမ်းရင်းနှီးကြတာပဲကို"
မက်ဂရက်ဒီကိုကြည့်ရင်း ဟန်တာက လှောင်ပြုံးပြုံးလိုက်လေသည်။
"အား"
မက်ဂရက်ဒီက ရုတ်တရက်ကြီးထအော်လေသည်။
"ဘာဖြစ်လို့လဲ"
"အီဗန်ဟန်တာ.. မင်း ငါ့ခြေကျင်းဝတ်ကိုကန်ရဲတယ်ပေါ့လေ"
"အာ.. တောင်းပန်ပါတယ်။ တမင်လုပ်တာမဟုတ်ပါဘူး။ ငါ့မှာ ခြေထောက်နှစ်ချောင်းကို ဆန့်ထုတ်ထားတတ်တဲ့အကျင့်တစ်ခုရှိတယ်"
မတတ်နိုင်ဘူးလေ... ငါ့မှာ ခြေထောက်အရှည်ကြီးတွေရှိနေတာဆိုတော့လည်း....
မက်ဂရက်ဒီက သူ့ပန်းကန်များကို ဘေးသို့ပစ်ချခဲ့ပြီး ဒေါသတကြီး မတ်တတ်ထရပ်ကာ ထွက်ခွာသွားသည်။
ဟန်တာ၏နှလုံးသားလေးလည်း တိတ်တဆိတ်လန်းဆန်းသွားရသည်။
သို့သော် ဤကိစ္စကြောင့် သူ သတိရှိမှဖြစ်ပေလိမ့်မည်။
အလွတ်တမ်းလေ့ကျင့်မှုမှ အရည်အချင်းစစ်ပွဲစဉ်အထိ၊ နောက်ဆုံးတွင်မူ အဓိကပြိုင်ပွဲအထိပါ ခြေလှမ်းတိုင်းကို အထူးသတိထားရန် လိုအပ်ပေသည်။
သို့သော် ပြန်လည်လန်းဆန်းတက်ကြွလာပြီးနောက် သူ့စိတ်များ တစ်ဖန်လေးလံသွားရပြန်သည်။
သူတို့အဖွဲ့သည် UK သို့ထွက်ခွာလာခဲ့ပြီး လန်ဒန်သို့ရောက်ရှိချိန်တွင် မနက်အစောကြီးဖြစ်နေလေပြီ။
လေယာဉ်ပေါ်တွင် အိပ်လာခဲ့သဖြင့် ဟန်တာကတော့ လောလောဆယ် အိပ်ချင်စိတ်အလျဉ်းမရှိပေ။
ဟိုတယ်ခန်းထဲတွင် ပုန်းအောင်းနေသည့် ဟန်တာခမျာ မျက်နှာကြက်ကိုစိုက်ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
Anipop ကို ဆယ်မိနစ်ခန့်ကစားလိုက်သည့်တိုင် အိပ်မငိုက်ပါဘဲ ပိုမိုနိုးကြားတက်ကြွနေလေသည်။
ကြည့်စရာ ဇာတ်လမ်းတစ်ပုဒ်လောက်ရှာကြည့်ရင်ရော...
ဟုတ်သားပဲ... ဖယ်ရာရီထဲမှာ ဝင်စတန် ငါ့ကို ကြောက်အောင်ခြောက်တုန်းက ဘယ်ရုပ်ရှင်ကိုအတုခိုးထားတာပါလိမ့်...
"The Mechanic လို့ခေါ်တာထင်တယ်"
ဟန်တာလည်း အိပ်ယာခေါင်းရင်းကိုမှီ၍ စတင်ရှာဖွေပါတော့သည်။
ဤရုပ်ရှင်သည် အမှီအခိုကင်းမဲ့သော ရုပ်ရှင်ဆုအချို့နှင့် လေးစားစရာဂုဏ်ဒြပ်တချို့ကိုရထားလိမ့်မည်ဟု သူမျှော်လင့်မထားပေ။ ထို့အပြင် အဓိကဇာတ်ဆောင်များမှာ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားနှစ်ဦးဖြစ်နေသည့်အပြင် သူတို့ထဲမှတစ်ယောက်၏နာမည်က ဟန်တာဖြစ်နေသည်မှာ အံ့အားသင့်စရာကောင်းလှသည်။
"အင်း..အဲဒါက စိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ"
ဇာတ်လမ်းသည် ဆယ်နှစ်ကျော်ကြာအောင် ပြိုင်ဘက်များဖြစ်ခဲ့ကြသည့် ပြိုင်ဘက်နှစ်ဦးအကြောင်းဖြစ်သော်လည်း သူတို့သည် ကမ္ဘာပေါ်တွင် တစ်ဦးနှင့်တစ်ဦး နားလည်မှုအရှိဆုံး လူများသာဖြစ်ကြ၏။ သူတို့သည် ပြိုင်ပွဲရာသီအတွင်း၌ အချင်းချင်းအားပေးကြပြီး အနားယူကာလများတွင်လည်း ငါးဖမ်းထွက်ခြင်း၊ ခရီးထွက်ခြင်းနှင့် အတူလေ့ကျင့်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ ရုပ်ရှင်အစပိုင်းရှိ မြင်ကွင်းများက အလွန်တရာတောက်ပပြီး နူးညံ့ညင်သာလှသည်။
ဟန်တာမှာ ကြည့်နေရင်း မပြုံးဘဲမနေနိုင်ချေ။
သူနှင့်ဝင်စတန်တို့၏ဘဝကိုလည်း ယခုလိုဖြစ်လာဖို့ သူမျှော်လင့်ထားပေသည်။
သို့သော် ပြိုင်ကားမောင်းသမားဟန်တာက ပြိုင်ကားမတော်တဆမှုတွင် ဒဏ်ရာရသွားသောအခါ အရာအားလုံးပြောင်းလဲသွားခဲ့ရသည်။ သူဟာ ဖော်မြူလာဝမ်းမှ နုတ်ထွက်ရုံကလွဲ၍ ရွေးချယ်စရာမရှိတော့သဖြင့် အင်ဂျင်ပါဝါများမရှိသောဘဝတွင် နေထိုင်ရန်အတွက် သူ့မိသားစုနှင့်အတူ အိုက်စလန်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲပြေးလမ်းနှင့် အထီးကျန်မှုနှစ်ခုစလုံးကို ကျန်ဇာတ်ကောင်ဖြစ်သူဇီးရိုးထံသို့ ချန်ထားရစ်ခဲ့သည်။
ထိုရာသီအပြီးတွင် ဇီးရိုးက အားလပ်ရက်အပန်းဖြေရန်အတွက် ဟန်တာ့ကို ဆင်ခြေဖုံးရပ်ကွက်ထဲရှိ အပန်းဖြေစံအိမ်သို့ ခေါ်လာခဲ့သည်။ ဤသည်မှာ သူတို့၏ နောက်ဆုံးသောအပန်းဖြေခရီးပင် ဖြစ်ပေလိမ့်မည်။
ညမှောင်လာသောအခါ ဇီးရိုးလျှောက်လှမ်းခဲ့သောလမ်းကြောင်းက ပုံမှန်နှင့်မတူကြောင်း ဟန်တာသတိပြုမိသောအခါ စိုးရိမ်စိတ်ဖြစ်ပေါ်လာရသည်။
"မင်း ငါ့ကိုညင်သာစေချင်လား။ ကြမ်းတာကိုပိုကြိုက်လား"
"လက်ထိတ်အတွက် ဘယ်လိုပစ္စည်းမျိုးကိုကြိုက်လဲ"
"ကြာပွတ်ကိုရော ထူတာကြိုက်လား။ ပါးတာကြိုက်လား"
ဇီးရိုး၏ဘေးတိုက်မျက်နှာအနေအထားက ညှို့မှိုင်းနေသည့်တိုင် ရူးသွပ်နေဟန်ပေါက်ပြီး ထိုအရာကို ဟန်တာ ပိုကြည့်မိလေလေ ပို၍ကြောက်ရွံ့တုန်လှုပ်မိလေလေပင်။
ဇီရိုးက ဟန်တာ့ကို ဟိုးအစကတည်းက ချစ်မိနေခဲ့ခြင်းဖြစ်သည်။ ကြေကွဲဝမ်းနည်းဖွယ်ရာ ခံစားချက်များကို နှစ်ပေါင်းများစွာသိုသိပ်ခဲ့သော်လည်း ဖွင့်ထုတ်ဖို့ရာ မတတ်နိုင်ခဲ့ပေ။ ဟန်တာက သူ့အနားမှ ထွက်သွားတော့မည့်အချိန်တွင်မူ အဆုံး၌ သူ့ရူးသွပ်မှုဟာ ပေါက်ကွဲသွားရလေတော့သည်။ ထို့နောက် သူက လွတ်လွတ်လပ်လပ် မလှုပ်ရှားမသွားလာနိုင်သောဟန်တာကို မြေအောက်ခန်းတစ်ခုတွင် လှောင်ပိတ်ထားလေသည်။
အစကမူ ရုပ်ရှင်ထဲရှိဟန်တာကလည်း သူထိန်းထားနိုင်သရွေ့ ဇီးရိုးတစ်ယောက် ဆင်ခြင်တုံတရားကို ဖြည်းဖြည်းချင်းပြန်ရလာလိမ့်မည်ဟုထင်ခဲ့မိသည်။ သို့သော် ဟန်တာသည်းမခံနိုင်တော့သည့်အတိုင်းအတာအထိ ထိုလူ၏ရူးသွပ်မှုက ပိုမိုပြင်းထန်လာပြီး စက္ကူဓားနှင့် သူ့အား သေအောင်ထိုးသတ်သည်အထိ ဖြစ်သွားခဲ့သည်။
သွေးများအဆက်မပြတ်စီးဆင်းနေသော်ငြား ဟန်တာကတော့ ထွက်မပြေးခဲ့ပေ။ ထိုအစား သူဟာ ဇီးရိုး၏ရင်ဘတ်ကို ခပ်ပြင်းပြင်းဖိထားချေသည်။
“ကောင်းလိုက်တာ... ကောင်းတယ်.. နောက်ဆုံးတော့ မင်းအပေါ်ထားတဲ့ ငါ့အချစ်တွေကိုရပ်တန့်လို့ရပြီ..."
ဇီးရိုးက သူ့မျက်လုံးအစုံကိုမှိတ်ချလိုက်ပြီးနောက် အဆုံးမှာတော့ သူ့အစီအစဉ်က ဟန်တာ သူ့အားသတ်ပစ်ချင်လာအောင် လုပ်နေခြင်းဖြစ်ကြောင်း ဟန်တာနားလည်သွားရသည်။
အဆုံးတွင် ဟန်တာသည် ဇီးရိုးကို သူတို့ခရီးသွားရာတွင်အသုံးပြုသော ကားဆီသို့ ဆွဲခေါ်လာပြီး ထိုင်ခုံခါးပတ်ကို ညင်သာစွာပတ်ပေးလိုက်သည်။ ထို့နောက် သူသည် လမ်းမအဆုံးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ကားကိုမောင်းထွက်လိုက်ချေသည်။
မင်းမရှိရင် ငါတစ်ယောက်တည်းအထီးကျန်တယ်...
အထီးကျန်မှုတစ်ခုတည်း ကျန်တော့တယ်ဆိုမှတော့ ငါလည်းသေလိုက်တာပဲကောင်းပါတယ်...
ဇာတ်လမ်းအဆုံးရှိ တေးဂီတသံကိုကြားသောအခါ ဟန်တာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိသည်။
"သောက်ကျိုးနည်း... ဒါက ဘယ်လိုဇာတ်ကားကြီးလဲ"
ဇာတ်လမ်း၏အစပိုင်းက နွေးထွေးပြီး အလယ်ပိုင်းက ကြောက်စရာကောင်းသည်။ အဆုံးသတ်ကမူ...
သူခံစားမိသည့်အရာမှာ အကြောက်တရားပင်တည်း။
အထီးကျန်ခြင်းကိုကြောက်ရွံ့သည့် စစ်မှန်သောအကြောက်တရားပင်။
ဟန်တာ အသက်ရှူသွင်းလိုက်သည်။
"သွားပြီ။ အခုဆိုရင် ကောင်းကောင်းအိပ်ပျော်ဖို့က ပိုတောင် ခက်ခဲသွားပြီ”
ကံကောင်းထောက်မစွာဖြင့် ဒုတိယနေ့တွင် လေ့ကျင့်ရေးပွဲစဉ်ကိုမစသေးဘဲ အသင်းက ပြင်ဆင်မှုများလုပ်ဆောင်နေဆဲဖြစ်၏။
ဟန်တာလည်း မနက်စာစားသောက်ပြီးနောက် စိတ်ဓာတ်ကျပြီး နုံးချည့်နေသောအသွင်အပြင်ဖြင့် ယခုအထိလေယာဉ်စီးရသည့်ပင်ပန်းမှုဒဏ်ကို ခံစားနေရဆဲဖြစ်သဖြင့် ပြန်အနားယူရန်လိုအပ်ကြောင်း မားကပ်စ်ကို သတင်းပို့လိုက်သည်။
"ဟမ်...ခရီးပန်းနေတုန်းလား"
မားကပ်စ်မှာ အကြီးအကျယ်မယုံနိုင်လောက်အောင် ဖြစ်နေလေသည်။
"မင်းက ဘယ်အချိန်ဘယ်နေရာဖြစ်ဖြစ်ကောင်းကောင်းအိပ်နိုင်ပါတယ်။ ဒီတော့ လေယာဉ်ခရီးပန်းတဲ့ဒဏ်က မင်းအတွက် ဘယ်တုန်းကပြဿနာဖြစ်ဖူးလို့လဲ"
သို့သော် ဟန်တာ အမှန်တကယ်ပင်ပန်းနေကြောင်း သူ အတပ်ပြောနိုင်ပေသည်။
"ဒါဆိုလည်း မင်း ကောင်းကောင်းအနားယူလိုက်တာပိုကောင်းမယ်"
ဟန်တာလည်း သူ့အခန်းသို့ပြန်သွားပြီး ခုတင်ပေါ် လှဲချလိုက်သည်။ သူ့မျက်လုံးပင်မမှိတ်နိုင်ခင်မှာတင် ဖုန်းမြည်လာသည်။
ကြည့်လိုက်သောအခါ အမည်မသိဖုန်းနံပါတ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ အစကမူ ဖုန်းချလိုက်ချင်သော်ငြား သူ့အား ဘယ်သူကများ ဖုန်းခေါ်နေသလဲဆိုသည်ကို သိချင်နေမိသည်။
"ဟယ်လို.. အီဗန်ဟန်တာပါ"
"မင်း ဘယ်ဟိုတယ်မှာလဲ"
လေးနက်ပြီးအေးစက်သောအသံဟာ လျှပ်စစ်လှိုင်းနှင့်အတူ စီးဆင်းလာသည်။
ဟန်တာ၏ပခုံးများ တောင့်ခဲသွားရသည်။
ထိုသူမှာ ဝင်စတန်ပင်။
ခဏနေပါဦး... ဝင်စတန်က သူ့ဖုန်းနံပါတ်ကို ဘယ်လိုရခဲ့တာလဲ။ သူ့ကို ဘယ်တုန်းကမှမပေးခဲ့ဖူးသလိုပဲ...
အင်း... ဘာပဲဖြစ်ဖြစ် ငါ့နံပါတ်ကလည်း လျှို့ဝှက်ထားတာမှမဟုတ်တာ။ မားကပ်စ်အသင်းထဲက ဝန်ထမ်းတွေကို ကြုံရာကျပန်းမေးလိုက်ရုံနဲ့ ဘယ်သူမဆို ဖုန်းနံပါတ်ရသွားနိုင်တာပဲ...
"ဟိုတယ် Luna မှာ။ ဒီနေရာကိုရွေးချယ်ထားတဲ့ တခြားအသင်းတွေလည်း ရှိလောက်တယ်"
"ကိုယ်ရောပဲ။ မင်း အတူတူ မနက်ခင်းအပြေးလေ့ကျင့်ချင်လား"
"မနက်ခင်းအပြေးလေ့ကျင့်မှာလား။ ထားလိုက်ပါတော့... ကျွန်တော် အခုအိပ်ချင်နေတာ”
"မနေ့ညက မင်းဘာလုပ်နေလို့လဲ"
အထင်လွဲနေမိလေသလားမသိသော်ငြား မတိုင်မီက ဝင်စတန်၏အသံကို နူးညံ့သိမ်မွေ့သည်ဟု ယူဆမည်ဆိုပါက လက်ရှိအသံနေအသံထားကို ဖော်ပြရန်အတွက်မူ ရေခဲတမျှအေးစက်သည်ဟု ဖော်ပြရပေလိမ့်မည်။
"ခင်ဗျား အရင်ကပြောခဲ့ဖူးတဲ့ဇာတ်ကား 'The Mechanic' ကို ကြည့်လိုက်တာ။ ဇာတ်သိမ်းကဒီလိုဖြစ်မယ်မှန်းသာသိရင် မကြည့်ပါဘူး"
"ဒါဆို မင်းအခုလိုဖြစ်နေတာ ပြိုင်ကားမောင်းသမားနှစ်ယောက်ကြားက ခံစားချက်ကို မနှစ်မြို့လို့မဟုတ်ဘဲ အဆုံးသတ်ကြောင့်ပေါ့"
“ဘုရားရေ… အဲဒါကို ခံစားချက်လို့ တံဆိပ်ကပ်လို့ရပါ့မလား။ အဲဒါကို အပြန်အလှန်ထိခိုက်စေမှုလို့ခေါ်တယ်။ ပြီးတော့ ဒီရုပ်ရှင်ဝေဖန်ရေးသမားတွေက သောက်ကျိုးနည်းဘာတွေများရေးခဲ့ကြတာလဲ။ လက်တွေ့မှာ ဘယ်သနားစရာကောင်းတဲ့လူတွေကများ ဒီလိုရုန်းကန်နေကြရလို့လဲ။ ဇီးရိုးကသာ ဟန်တာ့ကို 'ငါ့ကိုထားမသွားပါနဲ့။ ငါ့ကိုပဲ အမြဲကြည့်နေပေးပါ။ ငါတို့ အတူတူနေသွားချင်တယ်'လို့ တိုက်ရိုက်ပြောခဲ့မယ်ဆိုရင် အဆုံးသတ်ကလည်း ဒီလိုဖြစ်လာမှာမဟုတ်ဘူးလေ"
ဟန်တာက သွေးရူးသွေးတန်းဖြင့် ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပါတော့သည်။
"အင်း"
ဝင်စတန်က ညင်သာစွာတုံ့ပြန်လာသည်။
"ဒါပေမဲ့ လူတွေကို ကြောက်လန့်စေတာက ဇီးရိုးက ဟန်တာ့ကို မြေအောက်ခန်းထဲမှာ သော့ခတ်ထားခဲ့တဲ့အပိုင်းမဟုတ်ဘူး..."
"ဒါဆိုဘာလဲ"
"အဲ့ဒါက အဓိကအကြောင်းအရာဖြစ်တဲ့ အထီးကျန်ခြင်းပဲလေ။ ဇီးရိုးက အထီးကျန်ခြင်းကို ကြောက်ရွံ့တာကြောင့် ဟန်တာ့ကိုလိုအပ်ပေမဲ့ ဟန်တာက အစပိုင်းမှာ ဇီးရိုးကိုမဆုံးရှုံးချင်တဲ့စိတ်ကြောင့် မတွန်းလှန်နိုင်ခဲ့တာကြောင့်လည်းပါတာပေါ့။ ပြီးတော့ စိတ်အနှောင့်အယှက်အဖြစ်ဆုံးအရာက အဓိကဇာတ်ကောင်ရဲ့နာမည်က ဟန်တာဖြစ်နေတာကိုပဲ။ အဲ့ဒါကြီးကြောင့် ကျွန်တော် မြေအောက်ခန်းထဲမှာ ထပ်ခါထပ်ခါသော့ခတ်ခံထားရတယ်ဆိုပြီး တစ်ညလုံးအိပ်မက်မက်နေခဲ့တာ"
"ဒါက ရုပ်ရှင်တစ်ခုသက်သက်ပါပဲ"
"ဟုတ်တယ်။ ဒါကရုပ်ရှင်တစ်ခုပဲ…"
ဟန်တာ အသက်ရှူသွင်းလိုက်သည်။
"ခင်ဗျားနဲ့ ဒီလိုမျိုးစကားစမြည်ပြောလိုက်ရတာ လန်းဆန်းသွားသလို ခံစားရတယ်။ ကျွန်တော်နဲ့မက်ဂရက်ဒီ ဘယ်လိုလောင်းကြေးမျိုး ထပ်ခဲ့ကြလဲဆိုတာသိလား"
"ဘာလောင်းထားတာလဲ"
"ဗြိတိန် Grand Prix ပြိုင်ပွဲမှာ ကျွန်တော် အနည်းဆုံး အဆင့်ခြောက်နေရာကို ရအောင်ယူရမယ်"
"လောင်းကြေးကဘာလဲ"
“ဘာရယ်မဟုတ်ပါဘူး။ သူ ကျွန်တော့်ကို နောက်တစ်ခေါက်မဟုတ်တမ်းတရားတွေမပြောရတော့ရုံပါ။ ဒါပေမဲ့ အခက်အခဲက ပိုမြင့်လာတယ်လို့ ခံစားရတယ်"
လောင်းကြေးမှာ ဝင်စတန်နှင့်ပတ်သက်နေကြောင်းကိုတော့ ဟန်တာထုတ်မပြောခဲ့ပေ။
"မင်း ဘယ်အခန်းမှာလဲ"
“၁၆၆၅ လေ။ ဘာဖြစ်လို့လဲ"
"တံခါးဖွင့်ပေး"
ဟန်တာခမျာ ခုတင်ပေါ်မှ ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။
မဖြစ်နိုင်တာ..ဝင်စတန်က သူ့အခန်းအပြင်ဘက်မှာရှိနေတာ မဖြစ်နိုင်ပါဘူး..
တံခါးကိုဖွင့်ကြည့်လိုက်သောအခါ ဝင်စတန်က အားကစားဝတ်စုံဝတ်ပြီး အပြင်မှာရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ ယခုလေးတင် မနက်ခင်းအပြေးလေ့ကျင့်ပြီးခြင်း ဖြစ်ရမည်။
ဟန်တာလည်း ကြောင်အအလေးဖြင့် ခြေတစ်လှမ်းနောက်ဆုတ်ပြီး ထိုလူ့ကို ဝင်ခွင့်ပြုလိုက်ရသည်။
အခန်းထဲတွင် နှစ်ယောက်အိပ်ခုတင်တစ်လုံးနှင့် ဆိုဖာတစ်လုံးသာရှိပြီး သူလဲဝတ်ထားသည့်အဝတ်အစားများဖြင့် ရှုပ်ပွနေပေသည်။
ဟန်တာလည်း အနည်းငယ်ရှက်ရွံ့သွားပြီး နောက်စေ့ကိုကုတ်နေမိသည်။
အကယ်၍ ဝင်စတန်ရောက်လာမည်ကိုသာ စောစောကကြိုသိပါက လေအလျင်အလား သူ ထုပ်ပိုးသိမ်းဆည်ထားမည်ဖြစ်၏။
ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း... ထားလိုက်ပါတော့လေ...
သူသည် ဤကဲ့သို့သောလူစားမျိုးဖြစ်လေရာ အခြားလူများအနေနှင့်လည်း ယခုလိုသာအတိအကျသိထားသင့်ပေသည်။
ဝင်စတန်က ဖရိုဖရဲဖြစ်နေသော ဟန်တာ့အခန်းကိုမဝေဖန်ဘဲ ခုတင်ဘေးတွင်သာ ထိုင်နေခဲ့သည်။
"မင်းပုံမှန်အတိုင်းစွမ်းဆောင်နေသရွေ့ ဆဋ္ဌမနေရာကိုရဖို့ဆိုတာ အဲ့လောက်ကြီးကျယ်တဲ့ပြဿနာတော့ မဟုတ်ပါဘူး"
"တကယ်လား"
"အင်း"
ဝင်စတန်က သူ့ဘေးနားရှိနေရာကို ပုတ်ပြပြီး ဟန်တာ့ကို ထိုင်ခိုင်းလိုက်သည်။
"ပြေးလမ်းတစ်ခုလောက်ယှဉ်ကြည့်ရအောင်"
“ကောင်းပြီလေ”
ဝင်စတန်က လမ်းကြောင်းကိုခွဲခြမ်းစိတ်ဖြာပြီး သူ့အတွက် ဗျူဟာခင်းပေးနေချင်ကြောင်း ဟန်တာသိသည်။
သူလည်းမျက်လုံးမှိတ်ပြီး ဝင်စတန်၏အသံကို ယခင်တစ်ခေါက်ကအတိုင်း နားထောင်နေလိုက်သည်။ သူ့အနေနှင့် Silverstone ကို မရောက်ဖူးသည်မှာ အသိသာချည်းပင်ဖြစ်သော်ငြား ယခင်က မရေမတွက်နိုင်အောင် ပြေးလွှားခဲ့ဖူးသည့်အလား ထိုပြေးလမ်းနှင့် အလွန်တရာရင်းနှီးနေသလို ခံစားရသည်။
လမ်းကြောင်းတင်မကဘဲ ဝင်စတန်သည် ဟန်တာ့အတွက် Lotus အဖွဲ့မှ အန်ဇို၊ McLaren အဖွဲ့မှ ဒက်ကိုဗီ၊ Williams အဖွဲ့မှ Kelt နှင့် Sauber အဖွဲ့မှ ဒေါ်နယ်လ်၏နည်းဗျူဟာက မည်သည့်အချိန်မျိုးမှာ သူ့အား ကျော်တက်ရန်ရှုံးနိမ့်နိုင်ကြောင်းတို့ကိုပါ ခွဲခြမ်းစိတ်ဖြာ၍လေ့လာခဲ့သည်။ မည်သည့်ထောင့်ချိုးတွင် မည်သို့ကျော်တက်ရမလဲဆိုသည်ကိုလည်း ပုံဖော်ပြသပေးသည်။
"ဒီအတွေ့အကြုံတွေကို...ခင်ဗျား ကျွန်တော့်ကိုဒီအတိုင်းသင်ပေးမလို့လား"
"ကိုယ် မင်းကို သင်ပေးနေတာမဟုတ်ဘူး။ နောက်ဆုံးကျရင် မင်းရသွားလိမ့်မယ်။ ဒီတော့ ကိုယ့်ကိုစောင့်နေရအောင်မလုပ်နဲ့တော့လေ"
ဝင်စတန် နှုတ်ဟလာချေသည်။
"အာ... ကျွန်တော်သာ ထိပ်ဆုံးခြောက်နေရာကိုသာ မယူနိုင်ရင် ဖော်မြူလာဝမ်းရဲ့အပြစ်သားဖြစ်သွားမလိုခံစားရတယ်"
ဝင်စတန်၏တည်ရှိမှုက သူ့အား ဖော်ပြ၍မစွမ်းသာလောက်အောင် တည်ငြိမ်စေသည်။ ဟန်တာလည်း မျက်ဝန်းကိုမှေးကျဉ်း၍ သမ်းဝေလိုက်သည်။
ထို့နောက် နောက်ကိုမှီတွယ်ကာ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းခွေခေါက်ရင်း ပေါ့ပေါ့ပါးပါးမေးလိုက်လေသည်။
"ဝင်စတန်... ပြောပါဦး.. ခင်ဗျား ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်ကောင်းပေးနေရတာလဲ"
ကမ္ဘာပေါ်မှာ လူတွေမှအများကြီးရှိတယ်။ မယုံနိုင်စရာကောင်းလောက်အောင်တော်တဲ့ ပြိုင်ကားမောင်းသမားတွေလည်း အများကြီးရှိတယ်။ ဒီတော့ ခင်ဗျား ကျွန်တော့်ကိုဘာလို့ရွေးခဲ့ရတာလဲ...
ဝင်စတန်လည်း မွေ့ရာပေါ်တက်လိုက်ပြီး ဟန်တာ့ဘက်ကို ဖြည်းဖြည်းချင်းမှီချကာ သူ့လက်ချောင်းများက သူ့မျက်ခုံးနှစ်ဖက်ကို ညင်သာစွာပွတ်သပ်ပေးနေပေသည်။
"ကိုယ်က မင်းကြောင့်သာဒီမှာရှိနေတာ"
ဟန်တာကား အသက်ရှူသံတည်တည်ငြိမ်ငြိမ်ဖြင့် လျင်မြန်စွာ အိပ်ပျော်သွားလေတော့သည်။
မပီဝိုးတဝါးဖြစ်နေသည့်ကြားမှ နူးညံ့နွေးထွေးသော အရာတစ်ခုက သူ့မျက်ခုံးဖျားမှသည် နှုတ်ခမ်းထောင့်စွန်းနားအထိ နူးညံ့သိမ်မွေ့စွာ ထိတွေ့သွားကြောင်း သူခံစားလိုက်ရသည်။
–
စာရေးသူမှာပြောစရာရှိပါတယ်
ကြက်ဥကြော်နေရင်း
ဟန်တာ : ဒီလောက်အံ့သြဖို့ကောင်းတဲ့ ပြိုင်ကားမောင်းသမားတွေအများကြီးထဲကမှ ခင်ဗျား ဘာလို့ကျွန်တော့်ကိုရွေးရတာလဲ
ဝင်စတန် : အနားတိုးလာခဲ့။ ကိုယ် မင်းကိုပြောပြမယ်
ဟန်တာ : သောက်ကျိုးနည်း... ခင်ဗျား ကျွန်တော့်ကို ဘယ်နေရာလာထိနေတာလဲ။ သောက်ကျိုးနည်း.. ဘယ်နေရာကိုလာလျက်နေတာလဲ။ ဝေးဝေးသွားစမ်းပါ
*****
Aurora Novel Translation Team