အဲလ်ပ်တောင်တန်းနှင့် မြေပြိုမှု (၁)
အန်နီဟုအမည်ရသော ဤအမျိုးသမီးဟာ ဝင်စတန်၏နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖယ်ရာရီက တာဝန်ခန့်အပ်ထားသော လက်ထောက်ဖြစ်သည်။
"ဟင်း… ကံကောင်းလိုက်တာ…"
ဟန်တာ အလွန်ပင်မနာလိုဖြစ်ရသည်။
သူလည်း လက်ထောက်တစ်ယောက်လိုချင်မိသည်။
ကားက သူနေထိုင်ရာလမ်းထိပ်နားသို့ ရောက်သောအခါမှသာ သူ့အိမ်၏တည်နေရာကို အစမှအဆုံးအထိ မပြောပြခဲ့ဖူးကြောင်း ရုတ်တရက်သတိရလိုက်ချေသည်။ ဝင်စတန်က ဘယ်လိုသိလေသလဲ။
"မင်းနဲ့ မွန်ထရီရယ်ကျမှပြန်တွေ့မယ်"
ဝင်စတန်က ဆို၏။
မီဒီယာများရှေ့တွင် သူသုံးတတ်သော အေးစက်စက်လေသံပင်ဖြစ်သော်ငြား ဟန်တာ၏နားထဲမှာတော့ တစ်မူကွဲပြားနေပေသည်။
“ကောင်းပါပြီ။ ကောင်းသောညပါ"
ဟန်တာလည်း အပေါ်ထပ်ကိုတက်သွားလိုက်သည်။
မွန်ထရီရယ်တဲ့လား။ ထိုအချိန်ကျလျှင် ဝင်စတန်က ပြေးလမ်းထက်တွင်ရှိနေမည်ဖြစ်ပြီး သူကတော့ ပွဲကြည့်သူသက်သက်သာ။
သူ ရုတ်တရက်နောင်တရသွားချေသည်။ ယခင်ပွဲစဉ်များတွင် သူ ဘာကြောင့်များ ပိုကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့လေသလဲ။
လက်ထောက်အန်နီဟာ ကားမောင်းနေရင်း နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ကာ ဝင်စတန်၏အမူအရာကို အကဲခတ်လိုက်လေသည်။
သူ့အမူအရာမှာ အလွန်တရာအေးတိအေးစက်နိုင်နေပြီး ခံစားချက်ဟူ၍ အရိပ်အခြည်လေးမျှပင် မမြင်ရပေ။ သူတို့နှစ်ယောက်သားက ကားတစ်စီးတည်းပေါ်တွင်ရှိနေကြသော်လည်း သူတို့ကြားတွင် မကျော်ဖြတ်နိုင်သော အကွာအဝေးတစ်ခု ရှိနေဟန်တူ၏။
အီဗန်ဟန်တာ... သူသည် ယခုနှစ်မှ F1 တွင်ပါဝင်ယှဉ်ပြိုင်လာခဲ့သော လူသစ်လေးမဟုတ်လား။ ထိုသူမှာ နောက်ဆုံးပွဲစဉ်သုံးပွဲတွင် တစ်မှတ်လေးမျှပင် ရခဲ့ခြင်းမရှိ။ သို့ဖြစ်လေရာ သူက ဝင်စတန်နှင့် ဘယ်လိုသိကျွမ်းကြလေသလဲ။
သူတို့ဆီသို့လာခဲ့ရန် ဝင်စတန်က သူ(မ)ကို ဖုန်းလှမ်းဆက်သည့်အချိန်တုန်းက ကားတစ်စီးသာယူလာခဲ့ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့သည်။
သို့သော် သူ(မ)၏ ယခင်အတွေ့အကြုံများအရဆိုလျှင် ဝင်စတန်ဟာ သူ့ကားပေါ်သို့ အခြားလူကို တက်ခွင့်ပေးတတ်သူ မဟုတ်ပေ။ ထိုဧည့်ခံပွဲများကိုတက်ရောက်သည့်အခါမျိုးတွင်လည်း သူသည် အမျိုးသမီးအဖော်ဟူ၍ တစ်ယောက်မှခေါ်မသွားတတ်ချေ။ သူဟာ တသီးတခြားနေတတ်လွန်းသဖြင့် အခြားသူများအနေနှင့် သူက လူမှုရေးခေါင်းပါးသူများဖြစ်လေမလားဟုပင် ထင်မှတ်မိစေသည်။
"မင်း အီဗန်ဟန်တာ့ကိုသဘောကျလား"
ထိုသို့မေးလိုက်မိသည့်အခိုက်အတန့်မှာပင် အန်နီနောင်တရသွားရသည်။
သူ(မ)ကို အလုပ်ခန့်ခဲ့သည့် အသင်းမန်နေဂျာက ဝင်စတန်၏ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ ဘယ်လိုအခြေအနေမျိုးမှာမဆို မမေးမြန်းမိဖို့ သတိပေးခဲ့ဖူးသည်။
သို့သော်လည်း သူ(မ) ဝင်စတန့်ကို စောင့်ကြည့်လေ့လာနေခဲ့သည့် တစ်နှစ်ကျော်အချိန်အတွင်းတွင် ဝင်စတန်သည် ကိုယ်ပိုင်ဘဝဟုခေါ်ထိုက်သော အရာတစ်ခုမျှ မရှိခဲ့ပေ။ ပြိုင်ပွဲကြီးများတွင် ပါဝင်ယှဉ်ပြိုင်ဖို့ နေရာအနှံ့ပျံသန်းသွားလာနေရသည့် သူ့အကြောင်းကား ပြောနေစရာပင် လိုမည်မဟုတ်။ သို့တိုင် သူသည် ပြိုင်ပွဲမရှိသည့်ကာလမျိုးတွင်လည်း လေ့ကျင့်ရေးဆင်းတိုင်း အလွန်စည်းကမ်းရှိသူဖြစ်၏။ သူဟာ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရန် မလိုအပ်သလိုပင်။
"အင်း..."
ဝင်စတန်က သဘောတူလိုက်လေသည်။
အန်နီမောင်းနေသောကားမှာ ဘေးကိုချော်သွားချေသည်။
ဝင်စတန်က "အင်း"ဟု ပြောလိုက်သတဲ့လား။
ထိုသဘောမှာ သူ(မ)ပြောလိုက်သည့်စကားကို လက်ခံလိုက်ခြင်းပေလား။
သူသည် 'အီဗန်ဟန်တာ'ဟုခေါ်သော ထိုလူငယ်လေးအပေါ် ခံစားချက်ကောင်းများ ရှိနေသည်တဲ့လား။
အိမ်ပြန်ရောက်သွားပြီဖြစ်သည့် ဟန်တာကတော့ အလွန်စိတ်လှုပ်ရှားနေလေသည်။
ဘယ်သူကများယုံနိုင်မှာတဲ့လဲ။ ဗန်ဝင်စတန်က သူ့သူငယ်ချင်းဖြစ်သွားပြီတဲ့လေ...
အခန်းတစ်ပတ်ပတ်ပြေးနေရင်း သူနှင့်ဝင်စတန်တို့၏ ပထမဆုံးတွေ့ဆုံမှုမှစတင်၍ ယနေ့အချိန်အထိ သူတို့နှစ်ကိုယ်ကြားစကားပြောဖြစ်ခဲ့ကြသည့် အခိုက်အတန့်များကို ပြန်ပြောင်းအောက်မေ့နေမိသည်။
ထို့နောက် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းလေးစောင်းငဲ့လိုက်မိသည်။
ဝင်စတန်က သူ့ကို ဘာကြောင့်များ ရုတ်တရက်သတိထားမိသွားရလေသလဲ။ ထို့ပြင် "ငါမင်းကို လုပ်ချင်တယ်"ဟူသောစကားနှင့် “မင်းရဲ့အတွင်းခံသာဆိုရင် ဒေါ်လာတစ်သန်းပေးရရင်တောင် မမှုပါဘူး"ဟူသည့်စကားများလည်းရှိသေးသည်။ သူ့အမူအရာမှာ အေးဆေးတည်ငြိမ်လှသော်လည်း မီဒီယာရှေ့တွင် သူဖော်ထုတ်ပြသတတ်သောစရိုက်နှင့် ကွဲပြားလွန်းလှသည်။
ဘေးအခန်းရှိစုံတွဲကတော့ လုပ်ငန်းစနေကြပြန်လေပြီ။
ဟန်တာမှာ သူ့ခုတင်ကို အခြားဘက်သို့ ပြောင်းလိုက်ချင်သည်။ မဟုတ်သေးပေ။ သူနှင့်အတူ အိပ်ရာခင်းပေါ်၌ နေ့နေ့ညညညလူးလိမ့်ပေးမည့် ကောင်မလေးတစ်ယောက်ကို ရှာချင်မိသည်။ ပြီးလျှင်တော့ အိပ်မပျော်နိုင်သူက ဘယ်သူဖြစ်ရလေမလဲဆိုသည်ကို ကြည့်ချင်စမ်းပါဘိ။
မည်သို့ပင်ဖြစ်စေ သူအိပ်မပျော်နိုင်မှတော့ တခြားလူကိုလည်း နှောင့်ယှက်ရပေလိမ့်မည်။
ထို့နောက် ဟန်တာ အထက်တန်းကျောင်းတုန်းက သူ့သူငယ်ချင်းဘလူးဆီကို ဖုန်းခေါ်လိုက်၏။
"ဟယ်လို.. ဘလူးပြောနေပါတယ်"
ဘလူး၏အသံကား နှေးတိနှေးကန်နိုင်နေပေသည်။ ကြည့်ရပုံထောက်သော် သူ အိပ်ပျော်နေခြင်းဖြစ်ရပေမည်။
သို့သော် ဟန်တာကတော့ အပြစ်ရှိသလိုခံစားရခြင်း အလျဉ်းမရှိ။ မည်သို့ပင်ဖြစ်စေ တစ်ပါးသူအား အိပ်မရအောင်နှောင့်ယှက်ရခြင်းမှာ သူအကြိုက်ဆုံးအရာတစ်ခုသာ ဖြစ်၏။
"ဟေး ဘလူး.. ငါမင်းကိုပြောချင်တာလေးတစ်ခုရှိလို့"
"ဟန်တာ...မင်း နိုင်ငံခြားရောက်နေတာလား။ ဒီအချိန်ကြီးကျမှ ငါ့ကိုဘာလို့ဖုန်းခေါ်ရတာလဲ"
"ငါက နယူးယော့မှာ"
"ချီးပဲ.. မင်း အခုဘယ်အချိန်ရှိနေပြီလဲဆိုတာ မသိဘူးလား။ ပြောစမ်းပါဦး။ မင်းဘာဖြစ်တာလဲ။ F1 ကနေ နှုတ်ထွက်ဖို့ပြင်နေတာများလား။ ဒါဆို စိတ်မပူနဲ့တော့။ မင်း ငါ့ရဲ့ဟစ်ဟော့ကလပ်ကို အချိန်မရွေးလာခဲ့လို့ရတယ်"
"ငါ အခုထိမဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ငါမင်းကိုပြောချင်တာလေးတစ်ခုရှိလို့... ငါ စပိန်ပြိုင်ပွဲမှာတုန်းက တော်တော်နာမည်ကြီးတဲ့ပြိုင်ကားမောင်းသမားတစ်ယောက်နဲ့တွေ့ခဲ့တယ်"
"သြော်.. ပြီးတော့ရော"
ဘလူး၏အသံမှာ စိတ်ဝင်စားမှုလျော့နည်းသွားချေသည်။
"ငါ သန့်စင်ခန်းထဲကထွက်ဖို့ပြင်တော့ သူက ငါ့ဘောင်းဘီဇစ်မဆွဲရသေးဘူးလို့သတိပေးပြီး ကိုယ်တိုင်တောင်ဇစ်ဆွဲပေးခဲ့သေးတယ်"
မက်ဂရက်ဒီအပေါ် ရေလောင်းချခဲ့သည့်အပိုင်းကိုတော့ သူမပြောဘဲချန်ထားခဲ့လိုက်သည်။
"ဟမ်.. သူက မင်းရဲ့ဘောင်းဘီဇစ်ကိုဆွဲတင်ပေးခဲ့တယ်ပေါ့။ မင်းတို့ တခြားဘာထပ်လုပ်ကြသေးလဲ"
ဘလူးက ထထိုင်လိုက်လေရာ သူ့အသံထဲရှိ အိပ်မှုန်စုန်မွှားလေသံမှာ ပျောက်ကွယ်သွားဟန်တူသည်။
"ဘာရယ်မဟုတ်ပါဘူး။ သူ ငါ့နာမည်ကိုခေါ်ခဲ့ရုံပဲရှိတာပါ"
"ဒီတော့ မင်းက ငါ့ကိုဒီအကြောင်းပြောဖို့ ဖုန်းဆက်တာပေါ့လေ"
ယခုအချိန်တွင် ဘလူးတစ်ယောက် ဟန်တာ၏မျက်နှာကို ဖုန်းနှင့်ပစ်ပေါက်လိုက်ချင်မိသည်။
"အဲ့ဒါပြီးတော့ ငါ ဈေးဝယ်ထွက်တုန်းကလည်း ငါ့အကြွေးဝယ်ကတ်က သတ်မှတ်ပမာဏကိုကျော်သွားလို့ သူက ငါ့အတွက်ပိုက်ဆံကူရှင်းပေးခဲ့သေးတယ်။ ပြီးတော့ စူပါမားကတ်မှာရောင်းတဲ့အတွင်းခံက ကုန်ကြမ်းမကောင်းတဲ့အတွက် မဝယ်ဖို့တောင် အကြံပေးသေးတယ်"
"အဲ့ဒါမကောင်းဘူးလား။ မင်းတို့က အချင်းချင်းမရင်းနှီးကြပေမဲ့ မင်းက ပြိုင်ကားမောင်းသမားမှန်း သူတပ်အပ်သိတယ်လေ။ မင်းကို ငွေရှင်းပေးတာက ကျိုးကြောင်းသင့်တဲ့ကိစ္စပါပဲ။ ပြီးတော့ရော ဘာဆက်ဖြစ်သေးလဲ"
"အဲ့ဒီနောက်တော့.. ငါတို့ ပရဟိတညစာစားပွဲမှာဆုံကြရော။ သူက ငါ့ရဲ့ဘေ့စ်ဘောဦးထုပ်ကို ဒေါ်လာတစ်သောင်းပေးဝယ်ခဲ့တယ်"
"အဲ့ဒါကြီးက...သူက မင်းကိုတကယ်ကြီးမျက်နှာသာပေးနေတာပဲကွ။ သူက မင်းထက်ဝင်ငွေများတဲ့လူပဲ"
"သူက တကယ်လည်း ငါ့ထက်ဝင်ငွေများပါတယ်။ ဒါပေမဲ့ သူဘာထပ်ပြောသေးလဲဆိုတာ မင်းသိလား။ ငါ့အတွင်းခံသာဆိုရင် ဒေါ်လာတစ်သန်းပေးရလည်းမမှုဘူးတဲ့။ အဲ့ဒါကြီးကထူးဆန်းတယ်လို့ မထင်ဘူးလား"
"မင်းတို့နှစ်ယောက်က မရင်းနှီးတော့ အဲ့ဒါကြီးကတကယ်ထူးဆန်းတာတော့အမှန်ပဲ။ ဒါပေမဲ့ ငါသာ မီလျံနာတစ်ယောက်ဖြစ်လာခဲ့ရင် မင်းကိုရန်စဖို့အတွက် ဒီလိုလှည့်ကွက်မျိုးကို သေချာပေါက်သုံးမှာပဲ ဟားဟားဟား"
"ပြီးတော့ ငါ့ဂျစ်ကားက အိမ်ပြန်လမ်းမှာပျက်သွားရော"
"အဲ့ဒီကားစုတ်ကြီးကို မြန်မြန်လဲပါတော့လို့ ငါမင်းကိုပြောနေတာကြာလှပြီ။ အဲ့ဒီကားက လမ်းလယ်ကြီးမှာ မင်းကို အနှေးနဲ့အမြန်သစ္စာဖောက်မှာ.. ကြည့်နေ"
"နောက်တော့ ငါ သူနဲ့ထပ်တွေ့ပြန်ရော။ သူက ငါ့ကို ဖယ်ရာရီပြိုင်ကွင်းကိုတောင် ခေါ်သွားပေးပြီး သူ့ကားကို ပေါက်ကွဲတဲ့အထိ မောင်းခိုင်းခဲ့တယ်"
"သေလိုက်ပါတော့... သူ့ပြိုင်ကားက ဘာကားလဲ"
"သေချာပေါက်ဖယ်ရာရီပေါ့ကွ"
"ဒါဆိုရင် မင်း အဲ့ဒီကားကိုလျော်ပေးလိုက်သေးလား"
"မလိုဘူးတဲ့"
"ဒီညီအစ်ကိုက တအားသူရဲကောင်းဆန်တာပဲ။ မင်း ခွေးချေးတက်နင်းမိလို့များ ကံကောင်းနေတာလား"
"ကံကောင်းတာတင်ပဲလား။ ငါ့ကို ဘာလို့ ကောင်းကောင်းမွန်မွန်ဆက်ဆံနေရတာလဲလို့ သူ့ကိုမေးလိုက်သေးတယ်"
"ဘာလို့တဲ့လဲ"
ဘလူးကလည်း သိချင်စိတ်ဖြစ်ပေါ်လာသည်။
"သူက ငါ့ကိုအကြောင်းပြချက်သုံးခုပေးတယ်ကွ။ ပထမတစ်ခုက တစ်နေ့ကျရင် ငါကသူ့လိုမျိုးထိပ်တန်းပြိုင်ကားမောင်းသမားဖြစ်လာမှာမို့လို့တဲ့။ ဒုတိယတစ်ခုက သူငါ့ကိုလုပ်ပစ်ချင်လို့တဲ့"
"ဟားဟားဟား... အကြာကြီးနေမှ ယောကျ်ားတစ်ယောက်က မင်းကိုမျက်စိကျလာခဲ့ပြီပဲ။ မင်းဖင်ကိုသတိသာထားပေတော့"
"ဒါဆို သူက ငါ့အပေါ် အဲ့လိုရည်ရွယ်ချက်မျိုးရှိနေတယ်လို့ မင်းလည်းထင်တယ်ပေါ့ ဟုတ်တယ်မလား"
ဝင်စတန် သူ့အားပြောခဲ့သည့်စကားများကို ပြန်တွေးကြည့်ရင်း ဟန်တာတစ်ယောက် စိတ်ဖိစီးသွားရသည်။ တစ်ဖက်လူတွင် သူ့အပေါ် လျှို့ဝှက်ထားသောရည်ရွယ်ချက်များ ရှိနေခြင်းမျိုးလေလား။
"အကြောင်းပြချက်သုံးခုရှိတာလို့ မင်းပြောလိုက်တာမဟုတ်ဘူးလား။ နောက်ဆုံးတစ်ခုကဘာလဲ"
"ငါနဲ့သူငယ်ချင်းဖြစ်ချင်လို့တဲ့"
"အဟားဟားဟား... ဒီညီအစ်ကိုရဲ့မိတ်ဖွဲ့တဲ့နည်းလမ်းကတော့ လှည့်ကွက်တွေနဲ့ပါလားဟေ့။ သိပ်ကိုထူးခြားတဲ့တီထွင်ဖန်တီးမှုပဲ။ မင်း အသည်းတွေ
နှလုံးတွေပြုတ်ကျမတတ်ခုန်သွားမှာပဲ ဟုတ်တယ်မလား"
"မင်းပြောတဲ့သဘောက သူက တကယ်ပဲ ငါနဲ့သူငယ်ချင်းဖြစ်ချင်နေတာပေါ့"
*****
Aurora Novel Translation Team