မင်း L ဆိုဒ်မလိုပါဘူး (၁)
သတင်းထောက်၏ မျက်နှာသွင်ပြင်မှာ ထင်ရှားပေါ်လွင်လှပြီး သူ(မ)၏ ခပ်ထူထူမျက်ခုံးတစ်စုံက ချမ်းသာကြွယ်ဝသော လက်တင်အမေရိကန်သရုပ်ကို ဖော်ညွှန်းပြသနေချေသည်။ ပုံပန်းသဏ္ဌာန်ကလည်း ရင်သပ်ရှုမောဖွယ်ကောင်းပြီး သူ(မ)၏အကြည့်ထဲတွင် ဝင်စတန်အပေါ်ထားသည့် စိတ်ဝင်စားမှုများကိုလည်း ဖုံးကွယ်ထားသေးသည်။ ထိုမေးခွန်းမှာ အခြားသတင်းထောက်များ၏အာရုံကိုသာမက ဟန်တာ၏အာရုံစူးစိုက်မှုကိုပါဖမ်းစားထားသည်။
"အာ… ငါ့ကိုသာ အဲ့လိုမိန်းမလှလေးတစ်ယောက်က အင်တာဗျူးတယ်ဆိုရင် ပြိုင်ကားမောင်းသမားဖြစ်ရကျိုးနပ်ပါတယ်ကွာ"
ဟန်တာက နောက်စေ့ကိုထိန်းကိုင်၍ သက်ပြင်းချလိုက်လေသည်။
"ကျွန်တော်က ဘယ်သူ့ရဲ့အတားအဆီးမှမဟုတ်ပါဘူး။ အခုဆိုရင် ပွဲစဉ်သုံးခုကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးပါပြီ"
ဝင်စတန်၏စကားများမှာ အလွန်ရိုးရှင်းလှသည်ဖြစ်ရာ သတင်းထောက်များအားလုံးလည်း ရုတ်ခြည်းအသံတိတ်ကျသွားရသည်။
"မင်းပြောချင်တာက မင်းအနေနဲ့ ချန်ပီယံဆုကိုအရယူနိုင်တယ်ပေါ့။ အဲ့လိုလား"
"ဟုတ်ပါတယ်"
သူ့အမူအရာပင်ဖြစ်စေ သူ့အသံပင်ဖြစ်စေ မည်သူမှမုန်းနိုင်မည်မဟုတ်။ ထိုအစား လေးစားခံရမည်သာဖြစ်၏။
"ငါမကြည့်တော့ဘူး…"
ဟန်တာတစ်ယောက် လေယာဉ်ပေါ်မှာတုန်း အိပ်မပျော်ခဲ့သည့်အတွက် ယခု ကောင်းကောင်းမွန်မွန်အနားယူဖို့ ဆုံးဖြတ်လိုက်သည်။
သူ စောင်ခြုံလိုက်သည့်အချိန်မှာပင် ဘေးအခန်းရှိစုံတွဲက သူတို့လုပ်ငန်းသူတို့လုပ်နေကျသံကို ကြားလိုက်ရသည်။ ထို့နောက် နံရံထက်ရှိမီးအိမ်က ယမ်းခါလာပြီး သူ့မျက်နှာပေါ်သို့ တည့်တည့်ပြုတ်ကျလာချေသည်။
"ချီးပဲ"
ဟန်တာလည်း မီးအိမ်ကို မြန်မြန်ကောက်ယူလိုက်ပြီး ဘေးအခန်းသို့ အပြေးသွားပါတော့သည်။ ထို့နောက် ဒေါသတကြီးဖြင့် တံခါးဘဲလ်မတီးခင်လေးမှာ ထိုအခန်းတံခါးကို အားကုန်သုံး၍ ထုရိုက်ပစ်လိုက်သေးသည်။
သို့သော် တိုက်ခန်းထဲမှ လေးလေးပင်ပင်အသက်ရှူရှိုက်သံနှင့် အမျိုးသမီးတစ်ယောက်၏ ညည်းတွားသံများကို ဆက်ကြားနေရဆဲပင်။ ဟန်တာခမျာ ဒေါသထွက်လွန်း၍ ပေါက်ကွဲပစ်လိုက်ချင်နေရှာသည်။
"ခင်ဗျားတို့က နေ့ရောညရောလုပ်နေကြတာပဲ။ သောက်ကျိုးနည်း ဘယ်အချိန်ကျမှများ ရပ်မှာလဲဆိုတာ ပြောကြပါဦး.. ကျွန်တော်အိပ်ချင်လာပြီ"
ဟန်တာ၏အော်ဟစ်သံမှာ ကော်ရစ်ဒါတစ်လျှောက် ပဲ့တင်ထပ်သွားပြီး အပေါ်ထပ်ရော အောက်ဘက်ကပါ သူ့အော်သံကို သေချာပေါက်ကြားကြလိမ့်မည်သာ။
သို့သော် တံခါးတစ်ဖက်ခြမ်းရှိ စုံတွဲကတော့ ပြင်ပကမ္ဘာကြီးကို လျစ်လျူရှုထားသည့်အခြေအနေသို့ ဆိုက်ရောက်နေချေသည်။ ဟန်တာက သူတို့အခန်း၏ အပြင်ဘက်မှာရပ်၍ သူတို့မရပ်မချင်း တံခါးဘဲလ်ကို မိနစ်နှစ်ဆယ်နီးပါးမျှ နှိပ်နေလိုက်သည်။
တံခါးဖွင့်လာချိန်တွင်မူ အလွန်တရာပျင်းရိပြီး စိတ်ကျေနပ်နေဟန်တူသော အညိုရောင်ဆံနွယ်နှင့် မိန်းမလှလေးတစ်ယောက် ထွက်ပေါ်လာသည်။ သူ(မ)က အတွင်းဝတ်ပါးလျလျလေးကိုသာ ဝတ်ဆင်ထားသဖြင့် သူ(မ)၏ခန္ဓာကိုယ်ကောက်ကြောင်းများက အထင်းသားပေါ်လွင်နေသည်ဖြစ်ရာ ဟန်တာခမျာ နားရွက်များပင် နီရဲသွားရလေသည်။
တစ်ဖက်လူက ရယ်ကျဲကျဲဖြင့် စကားဆိုလာသည်။
"နောက်တစ်ခေါက် မင်းအိမ်ပြန်ရောက်လာရင် ငါတို့ကိုပြောလေ"
"ဒီလိုပဲဖြစ်ရမှာပေါ့"
သူတို့က အပြစ်ရှိသလိုခံစားနေရသောကြောင့် သူ့အား အနှောင့်အယှက်မပေးမိစေရန် ဆုံးဖြတ်ချက်ချလိုက်သည်ဟု ဟန်တာလည်းထင်လိုက်မိသည်။
"ငါတို့ မင်းကို ငါတို့အခန်းတံခါးဘဲလ်ကို နှိပ်ခိုင်းမယ်။ ပြီးရင် ဆယ်မိနစ်ကို ငါးဒေါ်လာပေးမယ်လေ။ ကောင်စုတ်လေးရဲ့… မင်း တံခါးဘဲလ်ကိုနှိပ်လေလေ ငါတို့က ပိုစိတ်လှုပ်ရှားလေပဲဆိုတာ သိရဲ့လား"
ဟန်တာမှာ မယုံကြည်နိုင်ဟန်အမူအရာဖြင့် မျက်လုံးအပြူးသားဖြစ်သွားရသည်။
ဒါက သောက်ကျိုးနည်းဘာလဲ…
ဆံညိုအမျိုးသမီးကတော့ ညင်သာစွာရယ်မောလိုက်ပြီး သူ(မ)၏မျက်တောင်လေးများကို ဆွဲဆောင်မှုအပြည့်ဖြင့် တဖျပ်ဖျပ်လှုပ်ခါပြသည်။
"မင်းမျက်နှာလေးက တော်တော်ချစ်စရာကောင်းတာပဲ။ အောက်ကရော ဖွံ့ဖွံ့ဖြိုးဖြိုးရှိရဲ့လားတော့မသိဘူး"
ဟန်တာကား အနည်းငယ်ဒေါသထွက်သွားရလေသည်။ မဟုတ်ချေ။ သူ အလွန်ဒေါသူပုန်ထသွားခြင်းပင်။
သူ့ညီလေး ယခုလိုသံသယဝင်ခံရသည်မှာ ဤတစ်ပတ်အတွင်းမှာပင် နှစ်ကြိမ်တိတိရှိသွားချေပြီ။ ပထမတစ်ခေါက်မှာမူ စပိန်၌ ချန်ပီယံဗိုလ်လုပွဲကျင်းပသည့်အချိန် သန့်စင်ခန်းထဲ၌ ဖြစ်ပွားခဲ့သည်။ ဒေါသူပုန်ထနေသည့် မက်ဂရက်ဒီက သူ့အား အမွေးအတောင် စုံလင်အောင်ပေါက်ပြီးလေပြီလားဟု မေးခွန်းထုတ်ခဲ့သည်။
"ငလူး…"
ဟန်တာလည်း နောက်တစ်ဖန် အားမာန်တက်ကြွစွာဖြင့် တံခါးဘဲလ်ကို နှိပ်ပါတော့သည်။
ဤတစ်ခေါက်တွင်မူ တံခါးဖွင့်ပေးလာသူမှာ အမျိုးသားတစ်ဦးဖြစ်၏။
ဤပုဂ္ဂိုလ်၏ ကြွက်သားအဖုအထစ်များနှင့် ဝမ်းဗိုက်ပိုင်းက ကာယဗလမောင်တစ်ယောက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ သူက ဟန်တာကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။
"မင်း ဘာလိုချင်တာလဲ"
သို့သော် ဟန်တာကတော့ ခပ်တည်တည်ဖြင့် လက်ဝါးဖြန့်လျက် ပြောလိုက်လေသည်။
"ခင်ဗျားရဲ့အမျိုးသမီးက ကျွန်တော် တံခါးဘဲလ်ကိုလာခေါက်ပေးတဲ့အတွက် ဆယ်မိနစ်ကို ငါးဒေါ်လာပေးမယ်လို့ပြောထားတယ်။ ခုနတုန်းက စက္ကန့်ပိုင်းလေးတွေကိုပါထည့်တွက်ရင် မိနစ်နှစ်ဆယ်ရှိတယ်။ ကျွန်တော့်ကို ဆယ်ဒေါ်လာပေးပါ"
မစ္စတာကာယဗလမောင်ခမျာ ကြက်သေသေသွားလေသည်။
သူ့အနောက်ရှိအမျိုးသမီးက ရယ်မောလျက် ပိုက်ဆံအိတ်ကိုထုတ်လိုက်လေသည်။ ထို့နောက် ဆယ်ဒေါ်လာကို ဟန်တာ့လက်ထဲ ထည့်ပေးလိုက်၏။
"မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ"
"ကျွန်တော့်ဘာသာ ချစ်ဖို့ကောင်းကောင်းမကောင်းကောင်း ခင်ဗျားအလုပ်မဟုတ်ဘူး"
ပိုက်ဆံကို အိတ်ကပ်ထဲသို့ထိုးထည့်လိုက်ပြီးနောက် တိုက်ခန်းနှင့်မျက်နှာချင်းဆိုင်ရှိ စူပါမားကတ်ကိုသွား၍ ဒိန်ချဉ်နည်းနည်းဝယ်ပြီး သူ့ကိုယ်သူနှစ်သိမ့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဤစူပါမားကတ်မှာ နာမည်ကြီးစူပါမားကတ်ကြီးတစ်ခုဖြစ်ပြီး မိဘအများစုကလည်း သူတို့သားသမီးများကို ဈေးဝယ်တွန်းလှည်းပေါ်တင်တွန်းကာ ပစ္စည်းတင်စင်တန်းများအကြား သွားလာကြသည်ကို မကြာခဏတွေ့မြင်ရသည်။
ဟန်တာအဖို့တော့ ထိုကဲ့သို့သောမြင်ကွင်းမျိုးကို မြင်လိုက်ချိန်တိုင်း အားကျမိသည်။ ယခုအချိန်မှာ သူ့မိဘများက သက်ရှိထင်ရှားမရှိတော့သောကြောင့်တင်မဟုတ်ဘဲ သူတို့သာ သက်ရှိထင်ရှားရှိနေသေးပါကလည်း သူ့ဘက်က မည်မျှပင်လိုလားလိုလား သူ့ကို ထိုဈေးဝယ်တွန်းလှည်းထဲကို ထည့်ထားပေးမည်မဟုတ်သောကြောင့်ပင်။
ဒိန်ချဉ်နှစ်ဘူးကို ကောက်ယူလိုက်ပြီးနောက်တွင် ဟန်တာ ရုတ်တရက်ကြီး ဘီစကစ်စားချင်သော အာသီသပေါ်လာ၏။
ကွတ်ကီးများတင်ထားသော စင်တန်းဆီသို့ ရောက်လာသောအခါ သူအကြိုက်ဆုံးမုန့်ဖြစ်သည့် ဆွစ်ဇာလန်ထုတ် သကြားညိုဘီစကစ်ကိုမြင်လိုက်ရသည်။ ထိုအထဲကမှ တစ်ဘူးကိုထုတ်ယူလိုက်သည့်အခါ ဟသွားသောနေရာလွတ်လေးမှတစ်ဆင့် တစ်ဖက်ရှိ အမျိုးသားတစ်ယောက်၏ ဘေးတိုက်မျက်နှာကို ရုတ်ခြည်းသတိပြုမိလိုက်သည်။
ဤသည်မှာ အဟသေးသေးလေးမျှသာဖြစ်သော်ငြား နတ်ဘုရားအပေါင်းတို့က ဟန်တာ၏ကမ္ဘာကြီးကို ရှုပ်ထွေးပွေလီအောင် တမင်လုပ်ချင်နေသည့်အလား တစ်ဖက်လူ၏နဖူးပြင်နှင့် နှာတံတို့ဟာ မျက်စိပသာဒဖြစ်ဖွယ်အငွေ့အသက်တို့ကို ဖြန့်ကြက်နေချေသည်။ မျက်ဝန်းတစ်စုံဟာ သူစိမ်းတစ်ယောက်၏အကြည့်ဆိုသည့်တိုင် နက်နဲသောနွေးထွေးမှုကိုသယ်ဆောင်ထားသည်။ ထိုသူမှာ အမျိုးသားတစ်ယောက်ပင်။ သို့သော် ဟန်တာ၏အမြင်တွင်မူ သူ့အလှတရားက လိင်အမျိုးအစားကို ကျော်လွန်သွားသော အရာမျိုးဖြစ်၏။
ဤလူ၏ရုပ်ရည်က သူ့အတွက် မျက်စိပသာဒရှိလှသည်ဖြစ်ရာ စက္ကန့်အနည်းငယ်မျှ ထပ်ငေးနေမိသည်။ မည်သို့ပင်ဖြစ်စေ သူငေးကြည့်မိရုံဖြင့် တစ်ဖက်လူက ဘာမှဆုံးရှုံးသွားစရာမရှိ။
သို့သော်ငြား တစ်ဖက်လူ၏ မျက်လုံးအကြည့်က ထိုအဟလေးမှတစ်ဆင့် သူ့ဆီသို့ကျရောက်လာသည့်အခါ ဟန်တာ အသက်ရှူမှားသွားရသည်။
သူငေးကြည့်နေမိသော အမျိုးသားသည် အခြားလူမဟုတ်။ ဗန်ဝင်စတန်ဖြစ်နေချေသည်။
သူ့အပေါ်ကျရောက်နေသော ရှုတည်တည်အကြည့်တို့က သူ့စိတ်ဝိညာဉ်ကို ထိုးဖောက်သွားဟန်တူကာ ဦးနှောက်ကို စွမ်းဆောင်မှုကျဆင်းပြီး ယိုယွင်းသွားစေခဲ့သည်။
ဤသည်မှာ ခံစားချက်ကင်းမဲ့သော အကြည့်တစ်ချက်ဖြစ်သော်လည်း ဟန်တာကတော့ လောင်မြိုက်သွားသလိုခံစားလိုက်ရပြီး အမှုမဲ့အမှတ်မဲ့ဖြင့် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
စပိန်တွင်ကျင်းပခဲ့သည့် တံခွန်စိုက်ပြိုင်ပွဲတုန်းက သန့်စင်ခန်းထဲမှာ ဖြစ်ပျက်ခဲ့သည့်မြင်ကွင်းကို သူ ရုတ်တရက်ပြန်အမှတ်ရလိုက်မိသည်။ ဝင်စတန်က သူ့ဘောင်းဘီဇစ်ကို ဆွဲတင်ပေးခဲ့ပြီး ထိုအရာမှာ သည်တစ်သက် သူဆေးကြောမရနိုင်တော့သော အစွန်းအထင်းတစ်ခုပင်။
သူတို့က ပရော်ဖက်ရှင်နယ်ကစားသမားများဖြစ်ကြသော်လည်း ဝင်စတန်နှင့်သူ့ကြားရှိ ကွာဟချက်က အလွန်ကြီးမားလှသည်ဟု သူအမြဲယုံကြည်ထားခဲ့သည်။ ထို့ကြောင့်လည်း သူတို့အချင်းချင်း တွေ့ဆုံကြုံကြိုက်ဖို့ရော ပြောဆိုဆက်ဆံဖို့ပါ အခွင့်အရေးရှိလိမ့်မည်မဟုတ်။ သို့သော် သူတို့ ယခုလိုပုံစံမျိုးဖြင့် စူပါမားကတ်တွင် တွေ့ဆုံရလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ချေ။
ဟန်တာ မဝံ့မရဲဖြင့် အကြည့်လွှဲဖို့ ကြိုးစားပါသော်လည်း လူမိခံလိုက်ရသည့်ခံစားချက်ကြီးကိုတော့ဖြင့် ဖျောက်မရပေ။
ဝင်စတန်က ငေးကြည့်ခံရခြင်းကို သဘောမကျပုံပေါ်နေသောကြောင့် ဖြစ်နိုင်လောက်ပေသည်။
သူ ဒေါသများထွက်သွားလေသလား….
ဟန်တာ သက်ပြင်းရှိုက်လိုက်မိသည်။ ထို့နောက် သူ့ဈေးဝယ်ခြင်းကိုသယ်၍ အခြားပစ္စည်းတင်စင်တန်းများကို လျှောက်သွားလိုက်တော့သည်။
ကိုးရိုးကားရားနိုင်ပြီး ရှက်စရာကောင်းလှသော အခြေအနေမျိုးတွင် ဘာမှမဖြစ်သယောင်ဟန်ဆောင်တတ်သော အလွန်အသုံးဝင်လှသည့်အရည်အချင်းမျိုး သူ့မှာရှိသည်။
ထို့ကြောင့် သူနှင့်ဗန်ဝင်စတန်တို့က သန့်စင်ခန်းမှာလည်း မတွေ့ခဲ့ဖူးသလို စူပါမားကတ်မှာလည်း မတွေ့ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဝင်စတန်ကလည်း သူ့ကိုမှတ်မိမည်မဟုတ်ချေ။
*****
Aurora Novel Translation Team