no

Font
Theme

အဆုံးအထိ သူ မိုက်ရူးရဲဆန်နေမယ်ဆိုရင်အကောင်းဆုံးပဲ


ငါ့နေရာကိုထိန်းထားရမယ်... ငါ့နေရာကိုထိန်းထားရမယ်...


ဤတစ်ခေါက် သူ ရှေ့ကိုချီတက်ပြီး အခြားလူများကိုဖြတ်ကျော်မည်။ မည်သူ့ကိုမှ ကျော်တက်ခွင့်မပေးနိုင်ချေ။ 


ပထမဆုံးအကွေ့သည် စမှတ်မျဉ်းနှင့်နီးသောကြောင့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။ 


မားကပ်စ်နှင့် နည်းပညာဒါရိုက်တာတို့မှာ ခေါင်းမော့လျက် သူတို့၏ကစားသမားများ အခက်အခဲမရှိပါဘဲ ချောချောမွေ့မွေ့ဖြတ်ကျော်နိုင်ရန်သာ တိတ်တိတ်လေးဆုတောင်းနေကြသည်။


အေးတိအေးစက်နိုင်သော ဝင်စတန်၏အသံကား ဟန်တာ၏နားထဲ ပဲ့တင်ထပ်သွားချေသည်။


"ဒုတိယဂီယာထိုးလိုက်"


ဟန်တာ့ပြိုင်ကားက ပြိုင်ကွင်း၏ ပထမဆုံးအကွေ့ကို လှလှပပကြီးကျော်ဖြတ်သွားသောအခါ သူ့အနောက်ရှိကားများက ပရမ်းပတာဖြစ်၍ ကျန်ရစ်နေခဲ့လေသည်။


ဟန်တာသည် ပြေးလမ်းငါးပတ်ထက်မနည်းထိန်းရင်း သူနှင့်သူ့ပြိုင်ဘက်ကြားရှိအကွာအဝေးကို အဆက်မပြတ်ထိန်းသိမ်းထားသည်။ သူ့အားကျော်တက်ရန် မဖြစ်နိုင်ပေ။


ထောင့်ချိုးကွေ့ကိုကျော်လွန်လာပြီးနောက် လမ်းဖြောင့်ပေါ်သို့ ရောက်သောအခါ ရှေ့ကိုအပြင်းနှင်ရန်အတွက် ကုပ်အားကို အသုံးချလိုက်သည်။ သူ့ပြိုင်ဘက်က အရှိန်လျှော့ချလိုက်ချိန်ဝယ် သူလည်း လမ်းကြောင်းပြောင်းလိုက်ပြီး ထိုလုပ်ရပ်ကြောင့် ဆွဲငင်အားကင်းမဲ့သည့် အနေအထားကို ဆိုက်ရောက်သွားလေသည်။ သူကျော်တက်လိုက်သည့်အဖြစ်က သိပ်မသိသာသော်လည်း ၎င်းမှာ လျှာဖျားထက် စွန်းထင်းသွားသော ဝိုင်နီအလားပင်။ လက်ဆုပ်လက်ကိုင်ပြ၍မရဘဲ သေသပ်လှပေသည်။


ထို့နောက် ဟန်တာလည်း ခြောက်ယောက်မြောက်နေရာတွင်ရှိနေသူ ဒက်ကိုဗီ၏အနောက်ကို အသည်းအသန်အမီလိုက်ပါတော့သည်။


မားကပ်စ်ခမျာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ပါးစပ်ကိုအုပ်ကာ ထားလိုက်မိတော့သည်။


"တစ်သက်လုံးကျော်ပဲကျော်တက်ခံနေရတဲ့ဟန်တာက...အခုလေးတင်... သူအခုလေးတင် Lotus အသင်းက ပြိုင်ကားမောင်းသမားကို ကျော်တက်လိုက်တာလား"


"သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက ငါတို့ထင်ထားတာထက် ပိုကောင်းတယ်"


ဟန်တာလည်း ပင့်သက်ရှိုက်လိုက်ချေသည်။


စိတ်ရှည်ရှည်ထား ဟန်တာ... စိတ်မပူနဲ့...


ဒက်ကိုဗီလည်း သူ့နောက်မှလိုက်လာသူဟာ ရုတ်တရက်ကြီး ဟန်တာဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။


ဤလူငယ်ကြယ်ပွင့်အားကစားလေးမှာ အတွေ့အကြုံလည်းမရှိသလို ပြေးလမ်းပေါ်တွင် စိတ်လှုပ်ရှားဖွယ်အလှည့်အပြောင်းများကို စွမ်းဆောင်ဖူးခြင်းလည်းမရှိပေ။ ထို့ကြောင့် ဒက်ကိုဗီက သူ့လက်ရှိနှုန်းလေးအတိုင်းသာ ထိန်းထားရန် ဆုံးဖြတ်လိုက်သည်။


သို့သော် ပြေးလမ်းသုံးလေးပတ်မျှကျော်သောအခါ ဒက်ကိုဗီတစ်ယောက် ဖော်ပြ၍မစွမ်းသာသော အကျပ်အတည်းတစ်ခုကို ရုတ်ခြည်းခံစားလိုက်ရသည်။


အကြောင်းအရင်းကား သူ့အနောက်တွင် ဟန်တာကို မည်သူကမှ ကျော်တက်နိုင်ခြင်းမရှိသောကြောင့်ပင်။ ပိုအရေးကြီးသောအချက်မှာ သူ့အရှိန်ဟာ မြန်သည်ထက်ပိုမြန်လာပေသည်။ ယခုလို အခြေအနေမျိုးတွင် တစ်ဖက်လူက ပိုပြီးကျော်တက်ချင်နေမည်သာ ဖြစ်၏။


"ခွေးမသား..."


ဒက်ကိုဗီက လှောင်ပြုံးပြုံး၍ အရှိန်တင်လိုက်လေသည်။


သို့သော် သူ့အား အံ့အားသင့်သွားစေသောကိစ္စမှာ ဟန်တာက ပြေးလမ်းခုနှစ်ပတ်ရှစ်ပတ်အကွာဖြင့် အမီလိုက်နေသော်ငြား ကျော်တက်မည့်အရိပ်အယောင်မရှိပေ။ ဘယ်ဘက်အကွေ့နားသို့ရောက်သော် ဟန်တာက ပြေးလမ်းအတိုင်း လှလှပပကြီးလျှောတိုက်လိုက်ပြီး အကွေ့ထောင့်စွန်းနေရာ၌ ကားဘီးချင်း ပွတ်ကာသီကာဖြတ်တိုက်သွားလေရာ ဒက်ကိုဗီ၏အာရုံကြောများ ပြတ်ထွက်သွားမတတ်ပင်။


"အိုး.. အိုး...."


မားကပ်စ် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။


သို့သော် ဒက်ကိုဗီကလည်း ဝါရင့်ကစားသမားတစ်ယောက် ဖြစ်၏။ အကွေ့ကိုကျော်လွန်ချိန်တွင် သူ့အနေအထားကို အောင်မြင်စွာထိန်းသိမ်းထားနိုင်လိုက်သည်။ ထို့နောက် ပြေးလမ်းပေါ်သို့ အရှိန်တင်၍ ဟန်တာကို တိုက်ချရန်ကြံရွယ်လိုက်သည်။


"ငါတို့ရဲ့စွမ်းအင်ယူနစ်သာ နည်းနည်းလောက်ပိုပြီးများရင် အောင်အောင်မြင်မြင်ကျော်တက်လိုက်နိုင်မှာ"


နည်းပညာဒါရိုက်တာက နောင်တတကြီးဖြင့် သက်ပြင်းချလိုက်လေသည်။


"စိတ်မပူနဲ့ စိတ်မပူနဲ့... ဟန်တာက အခုထိလက်မလျှော့သေးပါဘူး"


အကြောင်းအရင်းကို မသိသော်ငြား မားကပ်စ်၏စိတ်ထဲတွင် ဟန်တာတစ်ယောက် ယနေ့တွင် ယခင်ပွဲစဉ်များနှင့်မတူဘဲ ကွဲပြားနေသလိုခံစားနေရသည်။


နောက်ထပ်လာသည့် ပြေးလမ်းအပတ်များတွင် ဒက်ကိုဗီခမျာ ဆက်တိုက်ချွေးစေးပြန်နေရလေသည်။


ထိုအခိုက်အတန့်မှာပင် ဟန်တာက ကားတစ်ထောက်ရပ်နားရန် ပြင်ဆင်လိုက်ချေသည်။


"ချက်ချင်းအသင့်ပြင်ထားကြ။ ဟန်တာက ကားနားချင်နေတယ်။ မင်းတို့ မြန်မြန်လုပ်ထားကြ။ မြန်မြန်...မြန်မြန်"


မားကပ်စ်၏ပုံစံမှာ အရူးတစ်ယောက်အလားပင်။


ကားပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့သားများက လျင်မြန်စွာလူစုလိုက်ကြသည်။ ဟန်တာပြန်ထွက်လာသောအခါ ကား၏မြင်းကောင်ရေအားကို မြှင့်တင်လိုက်ပြီး ဒက်ကိုဗီကို အမီလိုက်လေတော့သည်။ သူ့အမြန်နှုန်းမှာ သူ့အသင်းအတွက် ရာသီတစ်ခုတာအမြန်ဆုံးစံချိန်ချိုးသွားခဲ့သည်။


"ဒီကောင်လေးက မိုက်ရူးရဲဆန်လိုက်တာ"


နည်းပညာဒါရိုက်တာက မျက်လုံးအပြူးသားဖြစ်သွားပြီး ဟန်တာ့ကိုတားရန် ဖွင့်လိုက်သောပါးစပ်ကိုပင် ပြန်မစေ့နိုင်လောက်အောင် ဖြစ်သွားရသည်။


"မိုက်ရူးရဲဆန်တာကကောင်းပါတယ်... အဆုံးအထိ မိုက်ရူးရဲဆန်ရင်တော့ အကောင်းဆုံးပေါ့"


ဤအခိုက်အတန့်လေးတွင် မားကပ်စ်၏နှလုံးခုန်သံကား ပြင်းထန်စွာခုန်လှုပ်နေပေသည်။


သုံးပတ်ကျော်သွားသောအခါ ဟန်တာက ထိုအကွေ့နားမှာပင် နောက်တစ်ကြိမ်ကျော်တက်ရန် စီစဉ်လိုက်ပြီး ကားဘီးချင်းထပ်မံတိုက်ခိုက်ရန် ကြံရွယ်လိုက်ပြန်သည်။


မားကပ်စ်ကတော့ ပါးစပ်ကိုအုပ်ထားမိပြန်သည်။


"ဘုရားရေ.. ဒီကောင်စုတ်လေးက ဒီအကွေ့ကို ဘာလို့ဒီလောက်တောင်သဘောကျနေတာလဲ"


သို့သော် ထိုအချိန်လေးမှာ ဟန်တာက ဤပြိုင်ပွဲကို သူ၏နောက်ဆုံးပွဲစဉ်လို သဘောထားပြီး အခြားအရာများကို လုံးဝဂရုမစိုက်တော့ပေ။


အကုန်ဖွင့်ထုတ်ပစ်လိုက်တော့ ဟန်တာ....


ထိုအကွေ့ဆီသို့ သူ တစ်ဟုန်ထိုးမောင်းသွားလိုက်သည်။


"ကြည့်လိုက်ဦး.. သူ ဒက်ကိုဗီကို ကျော်တက်သွားပြီ။ သူ ဒက်ကိုဗီကို ကျော်တက်သွားပြီ"


နည်းပညာဒါရိုက်တာက ထအော်လေသည်။


မားကပ်စ် မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ဟန်တာက ပြေးလမ်းမျဉ်းဖြောင့်၏ အဆုံးနားကိုရောက်နေပြီး ထောင့်ချိုးကွေ့ကို ဖြတ်တက်သွားလေကြောင်း သိလိုက်ရသည်။


ဒက်ကိုဗီကတော့ သူ့နောက်တွင်သာ ရှိနေဆဲပင်။ ထောင့်ချိုးကွေ့ကို ဖြတ်ကျော်လိုက်ပြီးနောက် သူမြင်လိုက်ရသည့်အရာမှာ ဟန်တာ ချန်ထားရစ်ခဲ့သည့် ဖုန်မှုန့်များပင်။


"ဘုရားရေ...သူက တခြားပြိုင်ကားမောင်းသမားတွေကို ကျော်တက်ဖို့ပြင်နေတုန်းပဲ"


ယုတ္တိဗေဒကျကျပြောရမည်ဆိုပါက အသင်းအတွက် ဆဋ္ဌမနေရာဆိုသည်ကပင် မနှစ်ကနှင့်ယှဉ်ပါက ကြီးမားလှသောတိုးတက်မှုကြီးတစ်ခု ဖြစ်နေလေပြီ။ ထို့ပြင် ဤနေရာကိုထိန်းသိမ်းထားနိုင်လျှင်ပင် ပထမတန်းစားပြိုင်ကားမောင်းသမားများအတွက်တောင် ဂုဏ်ပြုဖို့ထိုက်တန်နေပြီဖြစ်၏။


သို့သော် သူ့နှလုံးသားအောက်ခြေတွင် အော်ဟစ်အားပေးသံလေးတစ်သံ ကိန်းအောင်းနေလေသည်။ 


သွားထား သူမြန်မြန်သွားနိုင်သေးတယ်…


နောက်ပြေးလမ်းတစ်ပတ်တွင် ဟန်တာက သူနှင့် ပဉ္စမနေရာရှိလူအကြားရှိ အကွာအဝေးကို ချုံ့နိုင်လိုက်သည်။


ထိုသူမှာ Sauber အသင်းမှ ဒေါ်နယ်ပင်တည်း။


ထိုအချိန်တွင် ဒေါ်နယ်က ကားရပ်နားပြီးသွားပြီဖြစ်ပြီး သူ့ပန်းတိုင်ကတော့ ရီနော့အသင်းမှ ပန်နီကို ကျော်တက်ရန်ဖြစ်၏။


သို့သော် သူ့ကိုအံ့အားသင့်စေသောကိစ္စမှာ သူ့နောက်တွင် လူတစ်ယောက်က သူ့ကိုအမီလိုက်နေသည့်အပြင် ထိုသူမှာ သူမရင်းနှီးသည့် ပြိုင်ကားမောင်းသမားတစ်ယောက် ဖြစ်နေချေသည်။


"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့ဒီကောင်ဒက်ကိုဗီ ကျော်တက်ခံလိုက်ရပြီလား"


ဟန်တာက ဘယ်ဘက်အကွေ့နားတွင် ဒေါ်နယ်ကိုအမီလိုက်တော့မည်ဖြစ်ရာ ဒေါ်နယ်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိပါဘဲ ပြိုင်ဆိုင်တော့မည်ဖြစ်၏။


"ဘာလို့ဒီအကွေ့ပဲဖြစ်နေရတာလဲ"


မားကပ်စ်ခမျာ ဟန်တာ့ကြောင့် နှလုံးဖောက်မတတ်ပင်။


ဒေါ်နယ်ကတော့ ခံစစ်အနေအထားဖြင့် ဖြည်းဖြည်းမှန်မှန်မောင်းနေပြီး ဟန်တာကို ပင်မလမ်းကြောင်းမှ ပိတ်ကာထားလိုက်သည်။


သို့သော် ဟန်တာကတော့ မတိုင်ခင်ကအတိုင်း သူ့နောက်ကကပ်လိုက်နေဆဲပင်။


ဒေါ်နယ်၏နောက်ကျောပြင်မှာ ချွေးစေးပြန်နေချေသည်။ 


ဒီကောင်ကဘယ်သူလဲဟ…


ဤကဲ့သို့နည်းစနစ်များနှင့် သတ္တိရှိသူတစ်ယောက်ကို ဒေါ်နယ် မည်မျှစဉ်းစားစဉ်းစား တစ်ဖက်လူ၏သရုပ်မှန်ကို မဖော်ထုတ်နိုင်ချေ။


ယခုတော့ သူ့အရှေ့ရှိ ပန်နီကိုအာရုံမရောက်တော့ဘဲ လက်ရှိပြေးလမ်းအပတ်တွင် သူ့နေရာကို ထိန်းသိမ်းထားဖို့သာ အာရုံစိုက်နေရလေတော့သည်။


ပြေးလမ်းအပတ်အနည်းငယ်နှင့် အကွေ့ပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ဒေါ်နယ်ခမျာ သူ့အနောက်ကလိုက်နေသူကြောင့် စိတ်ဓာတ်ကျလုနီးပါးဖြစ်သွားရသည်။


"ဟန်တာရောက်လာတော့မယ်ဟ။ ငပျင်းကောင်တွေ…မြန်မြန်လုပ်ကြ မြန်မြန်လုပ်"


မားကပ်စ်က ကျယ်လောင်စွာဟိန်းဟောက်လိုက်ချေသည်။

 

အသင်းကလည်း တာယာလဲခြင်းအမှုတွင် ရာသီတစ်ခုလုံးစာ စံချိန်သစ်တင်လိုက်ပြီးနောက် ဟန်တာက ဒေါ်နယ်လ်ဆီသို့ အပြင်းနှင်လေတော့သည်။


တစ်ချိန်လုံးခုခံကာကွယ်နေရပြီးနောက် ဒေါ်နယ်လ် အံတင်းတင်းကျိတ်ထားလိုက်မိသည်။ တစ်ဖက်လူက သူ့အား ထောင့်ဘက်သို့ တစ်စထက်တစ်စတွန်းပို့နေသလို ခံစားလိုက်ရသည်။ သူ့အနောက်ရှိလူက ပြေးလမ်းအပတ်ပေါင်းများစွာတိုင်အောင် သူနှင့်တွန်းတွန်းတိုက်တိုက်လုပ်နေခဲ့သည်ကို သူမယုံကြည်နိုင်ပေ။ 


သူ နည်းနည်းတောင်မလန့်ဘူးလား….


စိတ်မလှုပ်ရှားနဲ့ ဟန်တာ… စိတ်မလှုပ်ရှားနဲ့…


ဒါကို အနမ်းတစ်ပွင့်လို့ သဘောထားလိုက်… မင်းရဲ့ကားနဲ့ပြေးလမ်းတို့က မင်းပြောချင်တဲ့စကားကို သူ့အလိုလိုနားလည်သွားလိမ့်မယ်…


အစပိုင်းတုန်းက ဆိုင်ရယ်၊ အိုဝင်နှင့် ဝင်စတန်တို့ ထိပ်ဆုံးသုံးယောက်နေရာကို လုနေကြသည့်မြင်ကွင်းကို အာရုံစိုက်နေကြသည့်လူအုပ်ကြီးမှာ ဒေါ်နယ်လ်နှင့်ဟန်တာကြားတွင် ဖြစ်ပျက်နေသောတိုက်ပွဲကို တဖြည်းဖြည်းသတိထားမိသွားကြသည်။


"သေစမ်း… Sauber ကဒေါ်နယ်လ်ကို နောက်ဆုံးပတ်လမ်းဆယ်ခုစာလုံး လိုက်ကပ်နေတာ ဘယ်သူလဲဟ။ အဲ့ဒါကြီးက သောက်ရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ"


"ငါမမှတ်မိဘူး။ ဘယ်သူလဲဆိုတာ ကြည့်ကြသေးတာပေါ့"


"သူဘယ်သူလဲဆိုတာ ဘယ်သူကဂရုစိုက်မှာလဲ။ ဒေါ်နယ်လ်ကတော့ သူ့ကို စိတ်ထဲကနေ အကြိမ်ပေါင်းများစွာဆဲနေလောက်ပြီ"


"အဲ့ဒါ အီဗန်ဟန်တာပဲ။ မားကပ်စ်အသင်းထဲက ဟန်တာ"


"ဘာ… သူက.. သူကအဲ့လောက်အထင်ကြီးဖို့ကောင်းတယ်လား"


ဒေါ်နယ်လ် အံတင်းတင်းကြိတ်ထားလိုက်သည်။ သူ့မှာ အနောက်ကလူကြောင့် ဖိအားများလွန်းသွားသဖြင့် ကားတစ်ထောက်ရပ်နားရန် အခွင့်အရေးကိုပင် လွဲချော်သွားရသည်။


သူ့အနေနှင့် ယခုလိုအမှားမျိုးကို ရာသီသုံးခုဆက်တိုက် မလုပ်ခဲ့ဖူးပေ။


သူ နောက်ဆုံးပတ်လမ်းကိုရောက်လာသောအခါ ဟန်တာက တုံ့ဆိုင်းခြင်းမရှိပါဘဲ ကိုးခုမြောက်အကွေ့တွင် ကျော်တက်ရန် လက်ဦးမှုရယူလိုက်သည်။ ဖြတ်တက်သည့်အချိန် သူ့အရိုင်းဆန်မှုနှင့် မောင်းနှင်မှုကြောင့် ဒေါ်နယ်လ်တစ်ယောက် သူတော့အဆုံးသတ်လေပြီဟု တွေးလိုက်ချေသည်။


ငါ့ကိုလျှော့မတွက်နဲ့နော် ချာတိတ်လေး…


ဟန်တာ၏မဆုတ်မနစ်သောဇွဲလုံ့လကြောင့် ဒေါ်နယ်လ်လည်း ရှေ့ဆက်တိုးရချေသည်။ ဤတစ်ခေါက်သာ ဟန်တာ့ကိုလွှတ်ထားပေးလိုက်ပါက နောက်တစ်ချီတွင် သူ ဤကောင်လေးကို အမီပြန်လိုက်နိုင်တော့မည်မဟုတ်ဟု ထင်နေမိသည်။


ကားနှစ်စင်းက နောက်ဆုံးအကွေ့ကိုဖြတ်ကျော်သွားပြီးနောက် လမ်းဖြောင့်အတိုင်း ကသုတ်ကရက်အရှိန်တင်လိုက်လေတော့သည်။


အရာအားလုံးမှာ ထိန်းချုပ်မှုကင်းလွတ်သွားတော့ပေမည်။


ပွဲကြည့်ပရိသတ်အားလုံး မတ်တတ်ထရပ်လာကြပြီး ထိုကားနှစ်စင်း အဆုံးသတ်မျဉ်းကို အတူဖြတ်ကျော်သွားသည့်မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။


"ဒီတော့ ရလဒ်ကဘာတဲ့လဲ"


"ဘယ်သူကပိုမြန်တာလဲ"


"ရလဒ်ထွက်လာပြီ။ ဒေါ်နယ်လ်က ၀.၃စက္ကန့်ပိုမြန်သွားတယ်"


"အိုး...နှမြောစရာကြီး"


"ဒါပေမဲ့… တော်တော်အထင်ကြီးဖို့ကောင်းနေတုန်းပါပဲ"


ပြိုင်ပွဲပြီးဆုံးသွားသည့်တိုင် ဟန်တာက ကားကိုဆက်မောင်းနေဆဲပင်။


အားပေးသံအမြောက်အများကြောင့် သူ့နှလုံးသားလေးက ပြင်းထန်စွာခုန်လှုပ်နေပြီး အတော်ကြာသည့်တိုင် ငြိမ်ကျမသွားပေ။


သူ့မျက်လုံးကိုမှိတ်ထားလိုက်သည်။


ဒီတော့ အားကုန်ထုတ်သုံးလိုက်ရတဲ့ခံစားချက် ဒီလိုကိုး…


ကားရပ်နားကွင်းသို့ ကားကိုပြန်မောင်းလာလိုက်သည့်အချိန် အနီရောင်ဖယ်ရာရီတစ်စီးက သူ့နံဘေးမှလိုက်ပါလာလေသည်။


သူ့လှည့်ကြည့်လိုက်လေရာ တစ်ဖက်လူက ကားထဲကတစ်ဆင့် လက်ကိုဆန့်ထုတ်လိုက်ချေသည်။


ဟန်တာလည်း ပြုံးလိုက်မိသည်။ ထိုလူမှာ ဝင်စတန်မှန်း ဟန်တာသိသည်။


တစ်ဖက်လူကို သူမျက်နှာမူလိုက်ပြီးနောက် သူ့လက်ကိုလည်း အပြင်ကို ဆန့်ထုတ်လိုက်သည်။


လက်ချင်းမထိသွားသော်ငြား လက်ချင်းတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ရသည့်အလား ကျေနပ်မှုတစ်မျိုးကို ခံစားလိုက်ရလေသည်။


ဝင်စတန် ခင်ဗျားမြင်လား…


ကျွန်တော် အမှတ်ရပြီ…


ကျွန်တော့်တစ်သက် ပထမဆုံးရဖူးတဲ့ F1 အမှတ်…


ဟန်တာ ကားရပ်နားကွင်းသို့ ပြန်မောင်းသွားလိုက်သည့်အခါ မားကပ်စ်က သူ့အား အားပါးတရပွေ့ဖက်ကြိုဆိုချေသည်။


သူ့ပခုံးများမှာ အနည်းငယ်တုန်ယင်နေသည်။ ဟန်တာ၏ဆဋ္ဌမနေရာကား အသင်းတစ်ခုလုံးအတွက် မည်သည့်အဓိပ္ပာယ်ဆောင်လေသလဲဆိုသည်မှာ ရှင်းနေချေသည်။


ပတ်ပတ်လည်တွင်လည်း လက်ခုပ်ဩဘာသံများဖြင့် ညံနေလေသည်။


ဟန်တာကတော့ အနည်းငယ်နဝေတိမ်တောင်ဖြစ်နေချေသည်။


အရာအားလုံးမှာ လက်တွေ့မဆန်ဘဲ အိပ်မက်အလားခံစားနေရသည်။


"ဘုရားရေ.. မင်း ဒီနေ့ တော်တော်စကားနားမထောင်တာပဲ။ ငါက မင်းကို အဆင့်ရှစ်နေရာကိုပဲထိန်းခိုင်းထားတာလေ။ မင်းကတော့ Lotus နဲ့ Mclaren ကိုပါ ကျော်တက်ပစ်လိုက်တယ်ပေါ့"


"ဒါပေမဲ့ မင်းတကယ်တော်ပါတယ်"


"ထိပ်ဆုံးရှစ်နေရာဆိုတာက အခြေခံအားဖြင့်တော့ ပြိုင်ကားမောင်းသမားတွေရဲ့အိပ်မက်တစ်ခုပဲ။ ဒီတော့ မင်း ဒီနေ့တော်တော်လေးသတ္တိရှိခဲ့တာပဲကွ"


"ဟေး.. မင်း ဘာလို့ဘာမှမပြောတာလဲ။ ကြောင်တောင်တောင်ဖြစ်နေတာလား"


"ကျွန်တော်..ကျွန်တော်…"


ဟန်တာ ပါးစပ်ဟလိုက်သော်လည်း သင့်လျော်သည့်စကားတစ်ခွန်းသော်မှ ထွက်မလာချေ။


မားကပ်စ်လည်း နားလည်သွားပြီး အားရပါးရရယ်လိုက်လေသည်။


"မင်း အခုလောလောဆယ် စိတ်ခံစားချက်လွန်ကဲနေလို့ စကားကောင်းကောင်းမပြောနိုင်သေးတာများလား"


"မဟုတ်ပါဘူး။ ကျွန်တော် ဗိုက်ဆာနေတယ်လို့ပြောချင်ရုံပါ"


ဘေးပတ်ပတ်လည်ရှိလူများမှာ နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ကျယ်လောင်စွာအော်ရယ်ပါလေတော့သည်။


F1 ပြိုင်ကားမောင်းသမားတစ်ယောက်၏ စွမ်းအင်ကုန်ဆုံးမှုနှုန်းမှာ မာရသွန်အပြေးသမားတစ်ယောက်နှင့် အတူတူပင်။


ဟန်တာလည်း အသင်းဘက်က ကြိုတင်ပြင်ဆင်ပေးထားသော အစားအသောက်များကိုယူပြီး ပါးစပ်ထဲသို့ သွပ်ထည့်လိုက်သည်။


"ဖြည်းဖြည်းစား..ဖြည်းဖြည်း.. မင်း နင်လိမ့်မယ်"


မားကပ်စ်၏စကားအဆုံးမှာတင် ဟန်တာလည်း ချက်ချင်းနင်ပါတော့သည်။


"ဘုရားရေ… ဒီကို ရေမြန်မြန်ယူလာခဲ့ပေးဦး။ ဒီကောင်လေးကတော့ နင်သေတော့မှာပဲ"


ဤပြိုင်ပွဲတွင် Red Bull မှ အိုဝင်က နောက်ဆုံးပြေးလမ်းနှစ်ပတ်တွင် 'ငါးမန်းဖြူ'ဆိုင်ရယ်ကို ကျော်တက်သွားပြီး ချန်ပီယံကိုဆွတ်ခူးခဲ့သည်။ ဝင်စတန်ကတော့ ဆိုင်ရယ်ကို ၀.၃စက္ကန့်အကွာဖြင့် ရှုံးနိမ့်ခဲ့ပြီး တတိယနေရာဖြင့် ပန်းဝင်ခဲ့သည်။ သို့သော် ပြိုင်ပွဲလေးခုမှ အမှတ်များကိုတွက်ချက်ကြည့်လိုက်ပြီးနောက်တွင် ဝင်စတန်က ဒုတိယနေရာကိုရရှိသွားသည်။ ဤသည်မှာ သူ့အား လူအများက လေးစားရလောက်သောစွမ်းဆောင်မှုမျိုးပင်။


ပြိုင်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မားကပ်စ်က ပြုံးပန်းဝေနေလေသည်။ မီဒီယာကလည်း ဤတစ်ခေါက် ဟန်တာ၏လုပ်ဆောင်မှုကို စိတ်ဝင်စားနေသည်မှာ သိသာလှသည်။


"ဟန်တာ.. မင်းနဲ့ဖယ်ရာရီအသင်းရဲ့ဝင်စတန်က ပြိုင်ပွဲပြင်ပမှာ ပတ်သက်ဆက်ဆံမှုတစ်ခုရှိထားတယ်ဆိုပြီး ကောလာဟလထွက်နေတယ်။ ဒီတော့ ဝင်စတန်နဲ့မင်းရဲ့ပတ်သက်မှုကြောင့် ဖော်မြူလာဝမ်းမှာ နေရာတစ်ခုအရယူနိုင်ခဲ့တာလား"



စာရေးသူမှာ ပြောစရာရှိပါတယ် : 


ကြက်ဥကြော်နေရင်းဖြင့်…


ဟန်တာ : ကျွန်တော်က အရမ်းတော်တာပဲ.. ဆုလိုချင်တယ် ဆုလိုချင်တယ်


ဝင်စတန် : ဘယ်လိုဆုမျိုးကို လိုချင်တာလဲ


ဟန်တာ : ရင်သားကြီးကြီး တင်ကြီးကြီးနဲ့ကောင်မလေးတွေဆီက အနမ်းနဲ့ပွေ့ဖက်မှုလေးလိုချင်တာလေ


ဝင်စတန် : နမ်းတာဖက်တာကတော့ ရပါတယ်.. ဒါပေမဲ့ ရင်သားကြီးကြီး တင်ကြီးကြီးနဲ့ကောင်မလေးတွေကိုတော့ မျှော်လင့်မနေနဲ့


ဟန်တာ : ….


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment