no

Font
Theme

ယောကျ်ားတစ်ယောက်၏ကိုယ်သင်းရနံ့ (၁)


ဟန်တာလည်း သူ့နှာခေါင်းသူပွတ်သပ်လိုက်မိသည်။


"ငါ့ပုံံစံက တအားသိုသိပ်လွန်းမနေဘူးလား"


သူ စင်မြင့်ထက်သို့ လျှောက်လာလိုက်သည့်အခါ Sauber Motorsport AG အသင်းမှ ဒေါ်နယ်နှင့် တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရသည်။


ဤကစားသမားမှာ ပြီးခဲ့သည့်ပွဲစဉ်တုန်းက တတိယနေရာကို ရရှိခဲ့ပြီး သူ၏အကောင်းဆုံးအချိန်လေးမှာ အောင်မြင်မှု၏အရသာကို ခံစားနေချေသည်။ သူ့ဘေးတွင် လက်ချင်းချိတ်ထားသော မိန်းကလေးကလည်း အလှပဂေးလေးတစ်ယောက်ဖြစ်၏။


ဝန်ထမ်းတစ်ယောက်က ကားသော့ယူရန်အတွက် ရှေ့ကိုထွက်လာနေခိုက်မှာပင် ဒေါ်နယ်က သော့များကို ဟန်တာဆီသို့ လှမ်းပစ်လိုက်သည်။


ဟန်တာကတော့ အိတ်ကပ်ထဲကိုလက်ထည့်လျက် နောက်ကိုမှီချလိုက်လေရာ ကားသော့များက သူ့ဖိနပ်ရှေ့မှောက်တွင် သေသေသပ်သပ်လေးကျလာချေသည်။


"ဟေး"


ဒေါ်နယ်က မျက်ခုံးပင့်လျက် ဟန်တာကိုကြည့်လိုက်လေသည်။ သူဆိုလိုချင်သည့် အဓိပ္ပာယ်ကား သိသာပေသည်။ 


မင်း ဘာလို့ ကားသော့တွေကို မဖမ်းလိုက်တာလဲ…


ဟန်တာလည်း လက်နှစ်ဖက်စလုံးကို အိတ်ကပ်ထဲထည့်ထားရင်း သူ့ကိုဆက်စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူ့ဖိတ်စာကို ဖြည်းဖြည်းချင်းထုတ်ယူလိုက်ပြီး အရှေ့ရှိလုံခြုံရေးကို ပေးလိုက်လေသည်။


ထိုအချိန်မှာ ဝန်ထမ်းလေးကလည်း ဟန်တာကို ပျာပျာသလဲတောင်းပန်လာပြီး ကားသော့ကို‌ ကောက်ယူလိုက်သည်။


ဟန်တာကတော့ သူ့ကိုယ်သူကြည့်လိုက် ဧည့်ကြိုဝန်ထမ်းကိုကြည့်လိုက်လုပ်နေမိသည်။ နှစ်ယောက်စလုံးက အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသော်ငြား သူက ဧည့်ကြိုဝန်ထမ်းအုပ်စုထဲကဟုတော့ မဆိုလိုပေ။


"မင်းရဲ့အရှိန်အဝါက အဲ့ဒါပဲ"


အသင်းဖော်ဖြစ်သူ..သို့မဟုတ်ပါက ရန်သူဟုပင်ခေါ်သင့်လေသလား။ မက်ဂရက်ဒီဟာ သူ့ဘေးကဖြတ်သွားရင်း သူ့ကို လှောင်ပြောင်ရယ်မောသွားပေသည်။


ဟန်တာလည်း ထိုစကားကို နားမလည်သဖြင့် ခေါင်းကုတ်လိုက်မိသည်။ သူ့အရှိန်အဝါက ဧည့်ကြိုဝန်ထမ်းတစ်ယောက်နှင့် ဘယ်လိုများသွားတူနေလေသလဲ။


ပရဟိတညစာစားပွဲအတွင်း၌ ဝိုင်ခွက်များနှင့် လောင်းကစားတိုကင်ပြားများက ခြေချင်းလိမ်နေလေသည်။ နာမည်ကြီးသရုပ်ဆောင်အများအပြားလည်း ရှိပါသော်လည်း မန်နေဂျာများနှင့်အတူ ပါလာသော ပြိုင်ကားမောင်းသမားများကသာ အာရုံစိုက်မှု၏ဗဟိုချက် ဖြစ်နေပေသည်။


ဤဧည့်ခံပွဲရှိ အစားအသောက်များက မဆိုးလှပေ။


ဟန်တာကတော့ အနှောင့်အယှက်မခံရဘဲ သူစားချင်ရာကို စားနေနိုင်သည့် ခံစားချက်ကို သဘောကျနှစ်ခြိုက်မိသည်။


အခြားနာမည်ကြီးပြိုင်ကားမောင်းကစားသမားများလို မျက်နှာပေါ်ကို ခရင်မ်သုတ်ခံရမည်ကို စိုးရိမ်ပူပန်နေစရာမလိုပါဘဲ သတင်းထောက်များ၊ ဤနယ်ပယ်ထဲမှ အခြားကစားသမားများနှင့် ရင်ဆိုင်ရန်ကြိုးစားနေစရာမလိုပေ။ 


ဘဝက တိုတိုလေးပင်။ သူ့ဘာသာလည်း ပျော်ရွှင်နေနိုင်သည်ဖြစ်ရာ ဘာလို့များ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ အချိန်ဖြုန်းနေရမလဲ။


အချိုပွဲတစ်ပန်းကန်ကို လက်စသတ်လိုက်ပြီးနောက် ဟန်တာတစ်ယောက် အခြားတစ်ဖက်သို့ စိတ်ကျေနပ်မှုအပြည့်ဖြင့် လျှောက်သွားလိုက်သည်။ ထိုအခိုက်အတန့်တွင် စားပွဲထိုးလေးတစ်ယောက်က သူ့လက်ထဲကို လင်ပန်းတစ်ခုထိုးထည့်ပေးလာလေသည်။


"ငါတကယ်တောင်းပန်ပါတယ်။ ကြီးကြပ်ရေးမှူးက ငါ့ကိုလှမ်းခေါ်နေလို့။ ငါ့ကို ခဏလောက်ကူညီပေးပါဦး။ ကျေးဇူးပဲနော်"


ဟန်တာ၏မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရပြီး ထွက်ခွာသွားပြီဖြစ်သော ပုံရိပ်လေးကိုတစ်လှည့် သူ့လက်ထဲရှိလင်ပန်းကိုတစ်လှည့် ကြည့်လိုက်မိသည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် မက်ဂရက်ဒီကလည်း ထိုဖြစ်ရပ်တစ်ခုလုံးကို မြင်သွားပြီး ဟန်တာကိုင်ထားသော လင်ပန်းပေါ်ကို ဝိုင်ခွက်အလွတ်တစ်လုံး တင်လိုက်ချေသည်။


"ဒုက္ခများသွားပါပြီ စားပွဲထိုးလေးရေ"


ထိုသို့ပြောရင်း သူက လင်ပန်းပေါ်ကို တစ်ဒေါ်လာပင် တင်ပေးသွားသေးသည်။

ဟန်တာကတော့ သူ့မျက်ဝန်းကိုမှေးကျဉ်းလိုက်မိသည်။ ပြီးခဲ့သည့်ပွဲစဉ်တုန်းက ဒက်ကိုဗီကို သူ ပိတ်မတားပေးနိုင်ခဲ့သည့်အတွက် သူ့အပေါ် ရန်ငြှိုးထားနေဆဲဖြစ်ဟန်တူ၏။


ခဏနေပါဦး…


ပြီးခဲ့သည့်ပြိုင်ပွဲတုန်းက သန့်စင်ခန်းထဲ သူပက်ချလိုက်သည့်ရေကြောင့်များလား။


ထိုသို့တွေးရင်း ဟန်တာလည်း တစ်ဒေါ်လာတန်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး တစ်ဖက်လူကိုပြုံးပြရင်း "ကျေးဇူးပဲ"ဟု ပါးစပ်လှုပ်ရုံလေးပြောလိုက်သည်။


ထင်ထားသည့်အတိုင်းပင် မက်ဂရက်ဒီ၏မျက်နှာကား ဒေါသကြောင့် ရှုံ့မဲ့သွားလေတော့သည်။


ဟန်တာ အလွန်အမင်းလန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရသည်။


ထိုအချိန်မှာပင် လူတစ်ယောက်ရောက်လာသောကြောင့် ဤနေရာရှိလူများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ ရှိသမျှလူတိုင်းက တည်နေရာတစ်ခုတည်းကိုသာ ဦးတည်ပြီး ကြည့်နေကြသည်။


ဟန်တာလည်း လိုက်ကြည့်မိသည်။ မော့ကြည့်မိလိုက်ချိန် ဖယ်ရာရီပြိုင်ကားမောင်းအသင်း၏မန်နေဂျာကိုမြင်လိုက်ရသည်။ သူ့အနောက်ကလိုက်လာသူမှာကား ဖုံးကွယ်၍မစွမ်းသာသော အရှိန်အဝါများပိုင်ဆိုင်ထားသည့် ဗန်ဝင်စတန်ပင်။


ယနေ့တွင် သူဟာ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ပြောပလောက်စရာဟူ၍ မရှိပါသော်ငြား သူ၏ ရိုးရှင်းသောဝတ်စားဆင်ယင်ပုံမှာ သွယ်လျသောခါးနှင့် ယောကျ်ားဆန်လှသောအငွေ့အသက်တို့ကို သယ်ဆောင်ထားသည့် ပခုံးပြင်ကျယ်ကျယ်တို့ကို ပေါ်လွင်နေစေသည်။


ထို့ပြင် ထိုခြေထောက်တစ်စုံကမူ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းက ကြည့်ရှုနေသူတိုင်းကို မျက်စိပသာဒတင့်တယ်စေသည်။


ဤပရဟိတညစာစားပွဲတွင် မည်သူက အာရုံစိုက်မှု၏အလယ်ဗဟိုချက် ဖြစ်နေလေမလဲဆိုသည်ကို အတည်ပြုရန်ပင် မလိုချေ။


သူ့အား မည်သူက စကားလာပြောသည်ဖြစ်ပါစေ၊ ဝင်စတန်ကမူ ရည်ရည်မွန်မွန်တုံ့ပြန်၍ ယဉ်ကျေးပျူငှာသောစကားကိုသာ ဆို၏။ လုံးဝမပြုံးချေ။


ယနေ့ညဧည့်ခံပွဲ၏ စီစဉ်သူကိုယ်တိုင်ရောက်လာပြီး သူနှင့်လက်ဆွဲနှုတ်ဆက်သည့်တိုင် သူကတော့ ခေါင်းသာညိတ်ပြလေသည်။ 


"ဒီလူက botox ဆေးထိုးထားလို့များ မျက်နှာကြွက်သားတွေတင်းပြီး ရယ်လို့မရတာများလား"


သူ့ဘက်က မည်မျှပင်လျစ်လျူရှုနေပါစေ မည်သူကမှ သူ့အား အဖက်မတန်သလိုဆက်ဆံနေသည်ဟု မထင်ကြချေ။ ပိုးဖလံမျိုး မီးကိုတိုးကြသည့်အလား ဗန်ဝင်စတန်၏အမူအရာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း သူတို့သိနေကြသည့်တိုင် သူ့အနားမှာ ပျော်ပျော်ပါးပါးဝိုင်းအုံနေကြဆဲပင်။ 


ဤအခိုက်အတန့်တွင် အခြားလူတစ်ယောက်က သူ့နံဘေးရှိ လင်ပန်းပေါ်သို့ ဖန်ခွက်အလွတ်များကိုလာတင်ပြီး 'မင်းက ဘာလို့ရေသာခိုနေရတာလဲ'ဟု မေးခွန်းထုတ်ဟန်တူသောအကြည့်မျိုး စွန့်ကြဲလာလေသည်။


ဟန်တာ၏နှုတ်ခမ်းအစုံကား တွန့်လိမ်သွားရသည်။ ကိတ်မုန့်နောက်တစ်တုံး ထပ်စားချင်စိတ်ပေါ်လာသောကြောင့် သူ ထွက်လာခဲ့လိုက်သည်။


အစားအသောက်ယူရန်အတွက် သူ့နေရာကိိုထားခဲ့ပြီး သွားရန်ပြင်နေခိုက် သူ့အကြည့်များက ဝင်စတန်ရပ်နေသောနေရာကို ဆိုက်ရောက်သွားလေသည်။ ဝင်စတန်က ဝိုင်ခွက်ကိုကိုင်ပြီး ပွဲစီစဉ်သူပြောနေသောစကားကို တိတ်တဆိတ်နားထောင်နေပုံပေါက်သော်လည်း သူ့အကြည့်ကမူ အနောက်ကလူ၏ပခုံးကိုကျော်၍ ဟိုသည်နေရာအနှံ့၌ရှိနေသော ဧည့်သည်များကြားရှိ နေရာလွတ်အဟလေးများကြားမှတစ်ဆင့် သူ့ဆီကို ဆိုက်ရောက်လာချေသည်။ 


ထိုအကြည့်မှာ ခံစားချက်တစ်စုံတစ်ရာမပါရှိပေ။ ဟန်တာအနေနှင့်လည်း ဤသည်မှာ ပွဲစီစဉ်သူပြောနေသောစကားများကို ပျင်းလာသောကြောင့် ဟိုဟိုသည်သည်ကြည့်ရင်း ပေါ်ပေါက်လာသော အကြည့်တစ်ချက်မျှသာဟု တွေးလိုက်မိသည်။ သို့သော် မကြာခင်မှာပင် ထိုသို့နှယ်မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။


ဝင်စတန်၏အကြည့်က သူ့မျက်လုံးမှတစ်ဆင့် နှာတံထက်သို့ ဖြည်းဖြည်းချင်းလျှောဆင်းသွားပြီး သူ့ညှပ်ရိုးဆီသို့ သက်ဆင်းကာ တဖြည်းဖြည်းနှင့် အောက်ကိုရောက်ရောက်လာသည်။


ဟန်တာလည်း လှည့်ပြေးပါတော့သည်။


ဤသည်မှာ သူ့အား စိတ်မသက်မသာဖြစ်အောင်လုပ်နေသော ဤခန်းမကြီးထဲရှိ မူးနောက်ရီဝေစေသောလေထုကြောင့် ဖြစ်နိုင်ပေသည်။


သူ ခေါင်းကိုစောင်းငဲ့ပြီး နက်ခ်တိုင်ကို လက်ချောင်းတစ်ချောင်းဖြင့်ချိတ်၍ ဖြေလျှော့ပစ်လိုက်သည်။


ထိုလှုပ်ရှားမှုလေးတစ်ခုမျှဖြင့် သူ့လည်ပင်း မီးမြှိုက်ခံထားရသလို ခံစားလိုက်ရသည်။ ဝင်စတန်ရှိရာဆီသို့ သူ အလိုလိုလှည့်ကြည့်လိုက်မိပြန်သည်။


အာ.. သူ့ကိုလူတွေကွယ်နေပြီပဲ...


ဟန်တာ နောက်တစ်နေရာသို့ ထွက်လာခဲ့လိုက်လေရာ လီမွန်အဆာသွတ်မုန့်အသေးလေးများကို တွေ့လိုက်ရသည်။


"ကောင်းပြီ။ ငါ မင်းတို့ကိုစားတော့မယ်"


သူမော့ကြည့်လိုက်သည့် အခိုက်အတန့်လေးမှာပင် ဝင်စတန်၏အကြည့်နှင့် အမှုမဲ့အမှတ်မဲ့ပက်ပင်းတိုးမိလေရာ မမြင်နိုင်သောဖိအားတစ်ရပ်က သူ့ဆီသို့ကျရောက်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ အညှာအတာကင်းမဲ့စွာ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ့ကိုဖုံးအုပ်ပေးထားသော အပေါ်ယံအလွှာများလည်း ရုတ်ခြည်းခွာချခံလိုက်ရပြီး အစိတ်စိတ်အမြွှာမြွှာကြေမွသွားရလေတော့သည်။


သူ့ခန္ဓာကိုယ်က အကြောင်းမဲ့သက်သက် ပူလောင်လာပြီး သွေးများကလည်း ခန္ဓာကိုယ်အောက်ပိုင်းသို့ ထိုးဆင်းသွားချေသည်။


ဟန်တာ အကြည့်လွှဲလိုက်ချင်ပါသော်ငြား ထိုအခိုက်အတန့်လေးမှာ တစ်ဖက်လူ၏အာဏာစက်အတွင်း ပိတ်မိနေသလိုခံစားလိုက်ရပြီး လွတ်မြောက်ခြင်းငှာ မစွမ်းသာတော့ချေ။ 


"အခုအချိန်မှာ ပရဟိတလေလံပွဲကြီး စတင်တော့မှာပဲဖြစ်ပါတယ်"


ဝင်စတန်အပါအဝင် ကြည့်ရှုသူများ၏အာရုံမှာ စင်မြင့်ထက်ဆီသို့ ပြောင်းရွှေ့သွားလေသည်။


အဆုံးမှာတော့ ဟန်တာခမျာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိတော့သည်။


မတိုင်မီကဖြစ်ခဲ့သော အဖြစ်အပျက်မှာ ပုံရိပ်ယောင်သက်သက်မျှသာ ဖြစ်ပေလိမ့်မည်။ သူနှင့်ဝင်စတန်ဆိုသည်မှာ အများဆုံးရှိလှ သူတို့တွေ့ဆုံဖြစ်သည့်အကြိမ်တိုင်းမှာ စကားအနည်းငယ်ပြောဖူးရုံမျှသာ။


တစ်ခါက သန့်စင်ခန်းထဲတွင်ဖြစ်ပြီး နောက်တစ်ခေါက်ကတော့ စူပါမားကတ်ထဲတွင်ဖြစ်၏။ ထိုလူ့အနေနှင့် သူ့အား ရန်သူတစ်ယောက်လို ကြည့်နေစရာလည်း အကြောင်းမရှိပါချေ။


*****


Aurora Novel Translation Team wp

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment